ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ ပွဲစဉ် (၁၄) တွင် လိဒ် ယူနိုက်တက်အသင်းအား အဲလန် ရုတ်ဒ် ကစားကွင်းအတွင်း ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်ကို ယနေ့.. အင်္ဂါနေ့တွင် စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ ပြန်လည်လက်စားချေရန် အခွင့်အရေး ရှိနေခဲ့သည်..။ အထူးသဖြင့် ပက်ဒရို နက်တို မှာ ချယ်လ်ဆီးကစားသမားများထဲတွင် လိဒ် ယူနိုက်တက်အသင်း ဆိုရှယ်မီဒီယာအဖွဲ့အား ပြန်လည်ပေးဆပ်ရမည့် အကြွေးတစ်ခုရှိနေခဲ့သည်။ ပေါ်တူဂီ တောင်ပံ ကစားသမားမှာ အဆိုပါပွဲစဉ်၊ ဒုတိယပိုင်းအစတွင် အက်စ်တီဗာအို ၏ နေရာသို့ လူစားဝင် ကစားခဲ့ပြီး လန်ဒန်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးခဲ့သူဖြစ်သည်။
သို့သော်လည်း ထိုပွဲအပြီး နောက်တစ်နေ့မနက်တွင် လိဒ် ယူနိုက်တက် အသင်း မှာ နက်တို ၏ပုံကို အသုံးပြု၍ ဆိုရှယ်မီဒီယာပေါ်တွင် ကြွားလုံးထုတ်ခဲ့သောကြောင့်ဖြစ်သည်။ နက်တို၏ နားနှစ်ဖက်ကို လက်ဖြင့်ပိတ်ထားသည့် အောင်ပွဲခံဟန်ပုံကို အသုံးပြု၍ လိဒ်စ်အသင်းက 'ကော်မန့်တွေထဲက ချယ်လ်ဆီးပရိသတ်အားလုံးအတွက် ငါတို့တွေရဲ့ တုံ့ပြန်စကား..' ဟု ရေးသားကာ လှောင်ပြောင်ခဲ့သည်။

နက်တို မှာ X ဆိုရှယ်မီဒီယာပေါ်မှ အဆိုပါပို့စ်အား မြင်တွေ့ခဲ့ခြင်း ရှိ၊ မရှိ မသေချာပေ။ အသက် (၂၅) နှစ်အရွယ် ပေါ်တူဂီသားအနေဖြင့် စိတ်ဓာတ်ကျစရာ သတင်းဆိုးများကို တကူးတက လိုက်ဖတ်လိုသည့် အကျင့်မရှိပါက ဆိုရှယ်မီဒီယာအသုံးခြင်းမှ ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဒီဇင်ဘာလအစောပိုင်းက လိဒ်စ်အသင်း၏ စောင်းမြောင်းမှုမှာ မကြာသေးမီက မိမိအသင်းပရိသတ်များထံမှ ရရှိနေသည့် ဝေဖန်မှုများနှင့် ယှဉ်လျှင် အပျော့စားမျှသာ ရှိပါသေးသည်။
ချယ်လ်ဆီးပရိသတ်များ (အထူးသဖြင့် အွန်လိုင်းပေါ်မှ ပရိသတ်များ) မှာ နက်တိုအပေါ် သိပ်ပြီးအမြင်မကြည်ကြပေ။ အထူးသဖြင့် ပရိသတ်အချစ်တော် ဘရာဇီးလ် လူငယ်တောင်ပံ ကစားသမား အက်စတီဗာအို ဝီလီယံ အမြဲတမ်း ပွဲထွက်ခွင့်မရခြင်းမှာ ညာတောင်ပံတွင် နက်တို ပုံမှန်ကစားနေခြင်းကြောင့် ဖြစ်သည် ဟူသော ကောက်ချက်က နက်တို ၏ အခြေအနေကို ပိုဆိုးစေခဲ့သည်။
နက်တိုသည် တိုက်စစ်မှူး အများစု၏ အကျင့်စရိုက်အတိုင်း တခါတရံတွင် တစ်ကိုယ်ကောင်းဆန်တတ်သည်။ သူတို့သည် ဂိုးသွင်းခွင့်ရခဲ့လျှင် အခြားသူများကို ဖန်တီးပေးဖို့ထက်စာလျှင် မိမိဘာသာ ဂိုးသွင်းနိုင်ရန် ဦးစားပေး၊ ကြိုးစားတတ်ကြပါသည်။ ထို့အပြင် ပေါ်တူဂီ တောင်ပံ ကစားသမားမှာ ဘေးပတ်ဝန်းကျင်ကို သတိမထားပဲ တကမ္ဘာလုံးတွင် တစ်ယောက်တည်း ရှိနေသကဲ့သို့ တခြားသူများ၏ ပြေးထွက်မှုကို လျစ်လျူရှုကာ မြင်းကိုမျက်စိအကာ တပ်ထားသလို ခေါင်းကြီးငုံ့ကာ ကစားတတ်ခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာခြင်းမှာလည်း တရားမျှတမှုရှိသည်ဟု ဆိုရပါမည်။
စနေနေ့က ဝုလ်ဗ် အသင်းကို ၃ဂိုး- ၁ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲအပြီး နက်တို အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသူများမှာ ချယ်လ်ဆီးအသင်း ရရှိခဲ့သည့် ဂိုးများ၏ အစပျိုးပုံကို ပြန်လည်ကြည့်ရှုသင့်ပါသည်။ ပွဲချိန် (၁၃) မိနစ်တွင် ရရှိခဲ့သော ပင်နယ်တီအဖွင့်ဂိုးမတိုင်မှီ ပီဒရို နက်တို ၏ ညာတာင်ပံမှ ပါးနပ်စွာ ကျော်ဖြတ်၊ ဆွဲပြေးမှုတွင် သူ၏ကြံ့ခိုင်မှု၊ လျှငမြန်နှုနှင့် ဖြတ်တင်ဘော ကောင်းမွန်၊ တိကျမှုတို့ကြောင့်သာ ပင်နယ်တီ ရရှိခဲ့ခြင်းဖြစ်သည်။ နောက်ထပ် (၁၂) မိနစ်အကြာတွင် ရရှိခဲ့သည့် ဒုတိယပင်နယ်တီတွင်လည်း နက်တို က မာလို ဂူစ်တို ထံသို့ ဘောလုံးပြန်ပေးကာ သွယ်ဝိုက်သောနည်းဖြင့် ပါဝင်ခဲ့ပါသည်။

သို့သော်ပွဲချိန် (၃၈) မိနစ်တွင် ရရှိခဲ့သော ချယ်လ်ဆီးအသင်း၏ တတိယမြောက်ဂိုးတွင်မူ နက်တို မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ နောက်တန်းမှ ဝက်စ်လေ ဖိုဖားနား ၏ ပေးပို့မှုကို ကွင်းလယ်တွင် ထိန်းထားပေးပြီးနောက် အင်ဇို ဖာနန်ဒက်စ် ထံသို့ ပေးပို့ခဲ့ကာ၊ ထိုမှတဆင့် ကူကူရယ်လာ က ကိုးလ် ပါးမား ဂိုးသွင်းနိုင်ရန် ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။
Follower (၄) သိန်းခန့်ရှိသော ချယ်လ်ဆီးအသင်း ပရိသတ်တစ်ဦး၏ ဆိုရှယ်မီဒီယာ အကောင့်တစ်ခုတွင် ပါးမား ၏ ဟက်ထရစ်သွင်းဂိုးတွင် နက်တို က ပါးမား နှင့်အတူ သွားရောက်အောင်ပွဲခံခြင်း မပြုလုပ်ခဲ့သည်ကို အသားပေးဖော်ပြကာ သူ့အားပိုမိုမုန်းတီးလာအောင် လှုံ့ဆော်ခဲ့သည်။ အဆိုပါမှာ ပို့စ်၏ရည်ရွယ်ချက်မှ ဝင်ရောက်ကြည့်ရှုသူများပြားအောင် ပြုလုပ်သည့် (Clickbait) နည်းလမ်းသက်သက်သာ ဖြစ်ပြီး အကြောင်းရင်းကိုမူဖော်ပြရန် ပျက်ကွက်ခဲ့သည်။
နက်တို မှာ ပါးမား ၏ ပထမနှစ်ဂိုးတွင် အတူတူ အောင်ပွဲခံခဲ့သလို တတိယဂိုးတွင်လည်း နောက်တန်းမှစ၍ ဂိုးရအောင် အစပျိုးပေးခဲ့သော နောက်ခံလူများကို အရင်ဆုံး သွားရောက်၊ ဖက်လဲတကင်း ပြုလုပ်ခဲ့ပြီးမှ အုပ်စုလိုက် အောင်ပွဲခံရာသို့ သွားရောက်ပူးပေါင်းခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် သင့်တော်၊ မှန်ကန်သော ဝေဖန်မှုတစ်ချို့ကိုတော့ လက်ခံရပေမည်။ ဖာနန်ဒက်စ် ၏ ဖန်တီးပေးမှုမှတစ်ဆင့် ခေါင်းတိုက်သွင်းဂိုး ရရှိမည့် အခွင့်အရေးကောင်း တစ်ကြိမ်ကို လွဲချော်ခဲ့သလို ။ နောက်ထပ် အခွင့်အရေး တစ်ကြိမ်တွင်လည်း ဝုလ်ဗ်အသင်း နောက်ခံလူ ဟူးဂို ဗျူနို နှင့် လုံးထွေးနေရသောကြောင့် ပါးမား ထံသို့ ဘောလုံးပေးရန် ပျက်ကွက်ခဲ့ပါသည်။ အဆိုပါအခိုက်အတန့်များတွင် သူ၏စွမ်းဆောင်ရည်မှာ စိတ်ပျက်စရာကောင်းခဲ့သော်လည်း အသင်းဟောင်းဖြစ်သည့် မိုလီနော့ ကစားကွင်းတွင် သူ၏စွမ်းဆောင်မှု အသင်းအတွက် အကျိုးသက်ရောက်မှု အနည်းငယ်မျှပင်မရှိ… ဟု ပြောဆိုခြင်းမှာမူ မျှတမှုရှိမည် မဟုတ်ပေ..။

ထို့အပြင် နက်တို နှင့် ပါးမား တို့မှာ တစ်ဦးနှင့်တစ်ဦး ဘောလုံးပေးရန် ဝန်လေးကြသည် ဟူ၍ ချယ်လ်ဆီးပရိသတ်အချို့က စွပ်စွဲချက်ကလည်း ရှိနေသေးသည်..။ သို့သော် ကိန်းဂဏန်း၊ အချက်အလက်များအရ နက်တို ၏ ယခုရာသီတွင် ပြုလုပ်ခဲ့သည့် ဘောလုံးပေးပို့မှု (၅၈၅) ကြိမ်တွင် ပါးမား ထံသို့(၄၃) ကြိမ် ပေးပို့ခဲ့ပြီး အသင်းဖော်များထဲတွင် ပဉ္စမအများဆုံးဖြစ်သည်။ ပါးမား ၏ ဘောလုံးပေးပို့မှု (၃၂၇) ကြိမ်တွင် (၃၉) ကြိမ်မှာ ပီဒရို နက်တို ထံသို့ ဖြစ်ခဲ့ပြီး အသင်းဖော်အားလုံးထဲတွင် အများဆုံးဖြစ်သည်။ သူတို့နှစ်ဦးမှာ ဒဏ်ရာပြဿနာများကြောင့်သာ ယခုရာသီတွင် မျှော်မှန်းထားသလောက် အတူတူတွဲကစားခွင့် မရရှိခဲ့ကြခြင်း ဖြစ်ပါသည်။
လာမည့်နွေရာသီတွင် စပို့တင်း လစ္စဘွန်းအသင်းမှ ဂျီယိုဗာနီ ကွင်ဒါ ရောက်ရှိလာတော့မည် ဖြစ်သောကြောင့်၊ ၂၀၂၄ ခုနှစ်က ဝုလ်ဗ်အသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၄) သန်းဖြင့် ခေါ်ယူထားသည့် နက်တို ၏ အနာဂတ်မှာ မည်သို့ဖြစ်လာမည်ကို တွေးတောစရာ ဖြစ်လာခဲ့သည်။ နက်တို မှာ ယခုဘောလုံးရာသီတွင် ဂိုးပါဝင်ပတ်သက်မှု (၈) ကြိမ်ရှိထားပြီး ဂျာ အိုပက်ဒရို ၏ (၁၃) ကြိမ် နှင့် ဖာနန်ဒက်စ် ၏ (၁၀) ကြိမ်ပြီးလျှင် အသင်း၏ တတိယမြောက် ဂိုးပါဝင်ပတ်သက်မှု အများဆုံးပြုလုပ်ထားသော ကစားသမား ဖြစ်ခဲ့သည်။
လာမည့်ရာသီတွင် ချယ်လ်ဆီးအသင်း၏ ညာတောင်ပံ၌ ကွင်ဒါ၊ အက်စတီဗာအို နှင့် နက်တို ဟူသော ရွေးချယ်စရာသုံးခု ရှိလာပါတော့မည်။ သက်တမ်းတိုးစာချုပ်၏ အပိုဆောင်းအချက်အလက်များ (add-ons) အပါအဝင် အသက် (၁၈) နှစ်အရွယ် ကွင်ဒါ မှာ သက္ကရာဇ် ၂၀၃၄ ခုနှစ်အထိ၊ အသက် (၁၈) နှစ်အရွယ် အက်စတီဗာအို မှာ ၂၀၃၃ ခုနှစ်အထိ၊ အသက် (၂၅) နှစ်အရွယ် နက်တို မှာ ၂၀၃၁ ခုနှစ်အထိ အသီးသီး စာချုပ်သက်တမ်း ရှိနေကြသည်။ ထို့အပြင် အသက် (၂၃) နှစ်ရှိပြီး ၂၀၃၃ အထိ စာချုပ်သက်တမ်းတိုးထားသည့် ပါးမား ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
သူတို့လေးယောက်စလုံးမှာ အခြားနေရာများတွင်လည်း ကစားနိုင်စွမ်းရှိကြပြီး၊ ပီဒရို နက်တို မှာ ဘာစီလိုနာကို အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ကစားခဲ့သည့်အတိုင်း ဘယ်တောင်ပံ သို့မဟုတ် 'False Nine' နေရာများတွင်လည်း ကစားနိုင်သူဖြစ်သည်။

ထို့ကြောင့်လာမည့်အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းမှာ နက်တို အတွက် ကမ်းလှမ်းမှုများကို စဉ်းစားလာနိုင်သလို၊ ညာတောင်ပံ တိုက်စစ်တွင် ကွင်ဒါနှင့် အက်စတီဗာအိုတို့ နှစ်ဦးတည်းအပေါ် လွှဲမထားဘဲ နက်တို ၏ အတွေ့အကြုံကို အသုံးချရန်လည်း ဆုံးဖြတ်နိုင်ပါသည်။ အက်စတီဗာအို မှာ လာမည့်နွေရာသီတွင် အင်္ဂလန်မြေ၌ တစ်နှစ်တာ အတွေ့အကြုံ ရရှိပြီးသားလည်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ချယ်လ်ဆီးအသင်းဘက်က ထည့်သွင်းစဉ်းစားရမည့် အခြားအချက်များလည်း ရှိနေပါသေးသည်။ အင်ဇို မာရက်စ်ကာ ချယ်လ်ဆီးနည်းပြအဖြစ် ရှိနေစဉ်က နက်တို အား အလုပ်ကြိုးစားသည့် (grafter) အကြမ်းခံ ကစားသမားတစ်ဦးအဖြစ် သဘောကျခဲ့သည်။ ပေါ်တူဂီ တောင်ပံ ကစားသမား၏ ဘောလုံးခြေထဲမရှိသည့်အချိန် (without the ball) လှုပ်ရှားမှုများမှာ ဘောလုံးခြေထဲရှိနေချိန် (with the ball) ကဲ့သို့ပင် အရေးကြီးသည်ဟု ပြောပြခဲ့ဖူးသည်။ မာရက်စ်ကာ မှာ တိုက်စစ်မှူးများကို သွင်းဂိုးများ၊ ဂိုးဖန်တီးမှုများဖြင့်သာ ဆုံးဖြတ်လေ့ရှိသူ မဟုတ်ဘဲ ၎င်းတို့၏ ခံစစ်တာဝန်များကို မည်မျှအထိ ပေးဆပ်လိုစိတ် (Sacrifice) ရှိသနည်းဟူသည့် အချက်အပေါ်တွင်လည်း မူတည်၍ ပွဲထွက်ခွင့်ကိုဆုံးဖြတ်လေ့ရှိသည်။

လက်ရှိနည်းပြ လီယမ် ရိုဆီနာ ကလည်း နက်တို ကို သဘောကျသူဖြစ်သည်။ ပေါ်တူဂီသားမှာ နည်းပြသစ် ရောက်ရှိလာပြီးကတည်းက ဝက်စ်ဟမ်းအသင်းနှင့် အိမ်ကွင်းပွဲစဉ် တစ်ပွဲမှလွဲ၍ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းတွင် ပွဲထွက်ကစားခွင့် ရရှိခဲ့သည်။ အဆိုပါဝက်စ်ဟမ်းနှင့် ပွဲတွင်လည်း ဂျေမီ ဂစ်တန် ၏ ပေါင်ကြွက်သားဒဏ်ရာကြောင့် ပွဲကစားချိန် (၂၆) မိနစ်တွင် လူစားဝင် ကစားခဲ့ရသည်။ နည်းပြရိုဆီနာ မှာ ဂစ်တန်၏ ဒဏ်ရာကြောင့် ဘယ်တောင်ပံအတွက် နည်းလမ်းသစ်များကို ရှာဖွေ၊ ကြံဆရပေလိမ့်ဦးမည်။
ပီဒရို နက်တို မှာ ယနေ့အင်္ဂါနေ့ လိဒ်စ်ယူနိုက်တက်နှင့် ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် ပွဲထွက်ခွင့်ရရှိခဲ့ပါက ဆိုရှယ်မီဒီယာပေါ်မှ ဝေဖန်လှောင်ပြောင်မှုများကို ပြန်လည်တုံ့ပြန်ရန် ပိုမိုစိတ်အားထက်သန်နေမလား..? ဆိုသည့်အချက်ကလည်း စိတ်ဝင်စားစရာ ဖြစ်ပေမည်။ ထို့ကြောင့်အသက် (၂၅) နှစ်သားအရွယ် ပေါ်တူဂီ တောင်ပံ ကစားသမား အနေဖြင့် ချယ်လ်ဆီးအသင်း၏ ခါးသီးသော အစဉ်အလာပြိုင်ဘက်အသင်း၏ တရားဝင်အကောင့်မှ လှောင်ပြောင်မှုများသာမက မိမိအသင်း ပရိသတ်များ၏ ဝေဖန်မှုများကိုပါ အကောင်းဆုံးခြေစွမ်းဖြင့် ပြန်လည်တုံ့ပြန်နိုင်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်ပါကြောင်း တင်ဆက်လိုက်ရပါသည်။
(Daily Mail သတင်းဌာနမှ ဆောင်းပါးရှင် Kieran Gill ၏ ‘The evidence that proves it's time for Chelsea fans to get off the Pedro Neto backlash bandwagon - the side of his game that makes him crucial, how he won over Liam Rosenior and the truth about his relationship with Cole Palmer’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)