စပိန်ဂိုးသမား ရောဘတ် ဆန်းချက်ဇ် မှာ ချယ်လ်ဆီးအသင်း Official website နှင့် ပြုလုပ်ခဲ့သည့် ‘Lifting the Lid’ တွေ့ဆုံခန်း အစီအစဉ်တွင် ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှ အသင်းဖော်များ၏ အမူအကျင့်များကို ဖြေကြားခဲ့ပါသည်..။
မေး - လေ့ကျင့်ရေးကွင်းထဲကို ပထမဆုံးရောက်လာတဲ့ ကစားသမားက ဘယ်သူလဲ?
ရိစ် ဂျိမ်းစ် ပါ။ သူကအသင်းခေါင်းဆောင် ဆိုတော့ ထိပ်ဆုံးကနေ စံပြအနေနဲ့ ဦးဆောင်ရတာပေါ့။
မေး - ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းမှာ နေ့လယ်စာစားရင် ဘယ်သူတွေနဲ့ အတူထိုင်လေ့ရှိလဲ?
စပိန်စကားပြောတဲ့သူတွေနဲ့ အတူထိုင်ဖြစ်ပါတယ်။ ကျွန်တော်တို့က စပိန်လိုပဲ ပြောကြတာကိုး။ ပြီးတော့ ဘရာဇီးလ် ကစားသမားတွေနဲ့လည်း အတူထိုင်ပါတယ်။
မေး - အိမ်ပြန်ရောက်လို့ စိတ်အပန်းဖြေဖို့ အနားယူတဲ့အချိန် ပထမဆုံး ဘာလုပ်လေ့ရှိလဲ?
ကျွန်တော့်မှာ ကလေးနှစ်ယောက်ရှိတော့ စိတ်အပန်းဖြေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။ အနားယူရဖို့ အချိန်မရှိပဲ သူတို့တွေနဲ့ အမြဲတမ်း အလုပ်ရှုပ်နေရလို့ပါပဲ..။

မေး - အဝေးကွင်းပွဲစဉ်တွေအတွက် ခရီးသွားတဲ့အခါ ဘယ်သူနဲ့အတူ ထိုင်လေ့ရှိလဲ?
ကျွန်တော်ကတော့ ဘတ်စ်ကားရဲ့ အရှေ့ဆုံးမှာ တစ်ယောက်တည်း ထိုင်ပါတယ်။ အဲ့ဒီလိုနေရတာကိုပဲ သဘောကျလို့ပါ။
မေး - အသင်းထဲမှာ အစအနောက်အသန်ဆုံး၊ ဟာသအပြောတတ်ဆုံးက ဘယ်သူလဲ?
ကူကူ (မာ့စ် ကူကူရယ်လာ) ပါ။ သူက အသံအကျယ်ဆုံး ဖြစ်သလို တစ်နေ့ကုန် မရပ်မနား နောက်ပြောင် နေတတ်တဲ့သူပါ။
မေး - ဆိုရှယ်မီဒီယာမှာ ဘယ်ချယ်လ်ဆီး ကစားသမားကို Follow လုပ်ထားသင့်လဲ?
ကိုးလ် ပါ။ သူက အမြဲတမ်း တစ်ခုခု လုပ်ပြနေတာဆိုတော့ ကိုးလ် ပါးမား ကိုပဲ လိုက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
မေး - ပွဲစဉ်တွေရှိရင် ဝတ်လဲခန်းထဲမှာ ဘယ်သူတွေနဲ့အတူ ထိုင်လေ့ရှိလဲ?
ဂိုးသမားတွေအားလုံး စုပြီးထိုင်ကြပါတယ်။ ကျွန်တော့်ရဲ့ တစ်ဖက်မှာ ဖိလစ် ဂျော်ဂျင်ဆင် ရှိပြီး နောက်တစ်ဖက်မှာ မာ့စ် မားရစ်ခ်]၊ တက်ဒ် ရှားမန်း- လိုဝယ်လ် နဲ့ ဂါဂါ စလိုနီးနား တို့ ရှိကြပါတယ်။

မေး - ကွင်းထဲကိုမထွက်ခင် ဥမင်လိုဏ်ခေါင်း (Tunnel) ထဲမှာ နောက်ဆုံးဘာလုပ်လေ့ရှိလဲ?
ကျွန်တော်ဟာ အယူသီးတဲ့သူ မဟုတ်တာကြောင့် သီးသန့်လုပ်လေ့ရှိတဲ့အရာ မရှိပါဘူး။ ရေဘူးနဲ့ တဘက် စတာတွေ အကုန်ပါ၊ မပါ သေချာစစ်ဆေးတယ်၊ ပြီးရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေအောင် ဂရုစိုက်ပါတယ်..။ အဲဒီလောက်ပါပဲ..။
မေး - ပွဲပြီးရင် ပထမဆုံး ဘယ်သူ့ကို စကားပြောဖြစ်လဲ?
ကျွန်တော့်ဇနီးနဲ့ အမေပါ။ ဘယ်သူက ဖုန်းအရင်ကိုင်လဲ.. ဆိုတဲ့အပေါ် မူတည်ပါတယ်။
မေး - ကွင်းလယ် ဒါမှမဟုတ် တိုက်စစ်ကစားသမားတွေထဲမှာ ဘယ်သူက ဂိုးသမားအဖြစ် အသင့်တော်ဆုံး ဖြစ်မယ်လို့ထင်လဲ?
တကယ်လို့ တစ်ယောက်ယောက်ကို ဂိုးပေါက်စောင့်ခိုင်း ရမယ်ဆိုရင် ‘ကူကူ’ ကိုပဲ ရွေးရပါမယ်..။ ဂိုးသမားတစ်ယောက် ဖြစ်ဖို့ဆိုရင်... အရည်အချင်းတစ်ခုခု ရှိဖို့လိုတယ်လေ။ ဒါကြောင့် သူ့ကိုပဲ ရွေးပါရစေ။

မေး - နောက်တန်းကစားသမားတွေထဲက ဘယ်သူက တိုက်စစ်မှူးအဖြစ် အတော်ဆုံးဖြစ်မလဲ?
တိုဆင် အဒါယာဘိုင်ယိုရို ကို ရွေးပါမယ်။ သူ့ကိုကြည့်လိုက်လေ..၊ ပြီးခဲ့တဲ့နှစ်က တကယ့်အလန်းစားဂိုးတွေ သွင်းခဲ့တာပါ..။ သူဟာခေါင်းတိုက်ဂိုးတွေလည်း အမြဲသွင်းတတ်တော့ သူ့ကိုပဲရွေးချယ်ချင်ပါတယ်။
မေး - ချယ်လ်ဆီးကို ရောက်လာပြီးနောက်ပိုင်း ဘယ်အရာက သင့်ကိုအံ့အားအသင့်ဆုံး ဖြစ်စေခဲ့လဲ?
ကျွန်တော်က ဘောလုံးသမားသက်တမ်း ကြာပြီဖြစ်လို့ ဘောလုံးနဲ့ပတ်သက်ရင် ဘာမှ ထွေထွေထူးထူး မအံ့သြမိပါဘူး။ ဒါပေမယ့် လူမှုဆက်ဆံရေးပိုင်းမှာတော့ ဒီကလူတိုင်းဟာ တကယ့်ကိုဖော်ရွေပြီး ခင်မင်ဖို့ကောင်းကြပါတယ်။ ဒီအသင်းဟာ မိသားစုကြီးတစ်ခုလိုပါပဲ..။ အဲ့ဒါကြောင့် ကျွန်တော်ဟာ ဒီအသင်းမှာ အရမ်းပျော်ရွှင်ပါတယ်..။