ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ထုတ်ပြန်လိုက်တဲ့ ဘဏ္ဍာရေးကိန်းဂဏန်းတွေအရ ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့တဲ့နှစ်အတွင်း အခွန်မဆောင်မီ အရှုံးပေါ်မှု (pre-tax loss) စတာလင်ပေါင် (၃၅၅) သန်းအထိ ရှိခဲ့ပါတယ်။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် အခွန်မဆောင်မီ အများဆုံး အရှုံးပေါ်ခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဥရောပကလပ်အသင်းတွေထဲမှာ အဲဒီပမာဏထက်ပိုပြီး အရှုံးများခဲ့တဲ့အသင်းဆိုလို့ ၂၀၂၀-၂၁ ဘောလုံးရာသီတုန်းက စတာလင်ပေါင် (၄၈၄) သန်း အရှုံးပြခဲ့တဲ့ ဘာစီလိုနာ တစ်သင်းပဲ ရှိပါတော့တယ်။
UEFA ရဲ့ ဥရောပကလပ်များ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစီရင်ခံစာမှာ စိုးရိမ်စရာကောင်းလောက်တဲ့ ကိန်းဂဏန်းတွေ ရှိနေပေမယ့် ချယ်လ်ဆီးအသင်းကို စီမံခန့်ခွဲနေတဲ့ BlueCo အုပ်စုကတော့ ဒီအရှုံးပမာဏကို ကာမိစေဖို့အတွက် သူတို့ရဲ့အကောင်းဆုံးကစားသမားတွေကို ရောင်းချဖို့ လိုအပ်လာလိမ့်မှာမဟုတ်ဘူးလို့ ယုံကြည်ချက် အပြည့်ရှိနေပါတယ်။

အခုလို အရှုံးပြရတဲ့ ပမာဏများပြားနေရတာဟာ UEFA ရဲ့ လမ်းညွှန်ချက်အတိုင်း ကိုက်ညီအောင် ပြုလုပ်ခဲ့ရတဲ့ "တစ်ကြိမ်တစ်ခါတည်းသာ ဖြစ်ပေါ်တဲ့ ငွေသားမဟုတ်သော စာရင်းအင်းညှိနှိုင်းမှုများ (one off non-cash accounting adjustment)" ကြောင့်သာ ဖြစ်တယ်လို့ အသင်းဘက်က ရှင်းပြထားပါတယ်။
(ရှင်းလင်းချက် - one off non-cash accounting adjustment များတွင် ကစားသမားများ၏ စာချုပ်ပါတန်ကြေးများကို ရုတ်တရက် အပြောင်းအလဲ ပြုလုပ်ခဲ့မှု (ဥပမာ- bomb squad စာရင်းသွင်းခဲ့သည့် ကစားသမားများ) နှင့် အသင်းပိုင်ရှင် အပြောင်းအလဲတွင် ဥပဒေကြောင်းအရ ပေးချေခဲ့ရသော ငွေကြေးပမာဏများ ပါဝင်ခဲ့သည်။ ယခုကဲ့သို့ ကစားသမားများ၏ စာချုပ်သက်တမ်းအလိုက် ပေးချေရမည့် ပမာဏ (players amortization cost) ကို ရုတ်တရက် ဖြတ်ချလိုက်ခြင်းကြောင့် ၂၀၂၄/၂၅ ဘောလုံးရာသီတွင် များပြားလှသည့် အရှုံးပမာဏ ပေါ်ထွက်ခဲ့သော်လည်း လာမည့် ၂၀၂၅/၂၆ နှင့် ၂၀၂၆/၂၇ ဘောလုံးရာသီများတွင် UEFA နှင့် သဘောတူထားသည့် အမြတ်ပမာဏအတိုင်း ကိုက်ညီအောင် ဆောင်ရွက်နိုင်ပါမည်..။)
ချယ်လ်ဆီးအသင်းမှ ထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာရေးစာရင်းတွေဟာ ပြီးခဲ့တဲ့ရာသီတွေအတွင်းမှာ UEFA က ထုတ်ပြန်ခဲ့တဲ့ စာရင်းအင်းတွေနဲ့ ကွဲလွဲမှုတွေ ရှိနေခဲ့ပါတယ်။ အကြောင်းရင်းကတော့ ‘ငွေသားမဟုတ်တဲ့ ပိုင်ဆိုင်မှုတွေ (sales of non-cash assets)’ ကို ရောင်းချခြင်းဟာ UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း တွက်ချက်မှုမှာ အကျုံးမဝင်ခဲ့လို့ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်ဘောလုံးလောကရဲ့ ဘဏ္ဍာရေးစည်းမျဉ်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီစေဖို့အတွက် စတန်းဖို့ဒ် ဘရစ်ချ် ဟိုတယ်တွေနဲ့ ချယ်လ်ဆီးအမျိုးသမီး အသင်းတို့ကို မိခင်ကုမ္ပဏီ (Parent company) ထံ ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုနည်းလမ်းတွေဟာ UEFA ရဲ့ စာရင်းတွက်ချက်မှုအပေါ် သက်ရောက်မှု မရှိပါဘူး။

UEFA အစီရင်ခံစာအရ ချယ်လ်ဆီးအသင်းရဲ့ဝင်ငွေ (income) ဟာ စတာလင်ပေါင် (၅၁၁) သန်း ရှိခဲ့ပေမယ့် ကွင်းဝင်ကြေး (matchday revenue)၊ အခြားစီးပွားရေးလုပ်ငန်းများမှ ဝင်ငွေ၊ တစ်ရာသီစာ လက်မှတ်များ အပါအဝင် လက်မှတ်ရောင်းရငွေ (ticket sales) နဲ့ အမှတ်တရပစ္စည်း ရောင်းရငွေ (merchandising) တွေမှာတော့ အင်္ဂလန်ရဲ့တခြားအသင်းကြီးတွေထက် နည်းပါးခဲ့ပါတယ်။ ရုပ်သံမူပိုင်ခွင့်ဝင်ငွေ (brocast revenue) တစ်ခုမှာပဲ ချယ်လ်ဆီးအသင်းဟာ တခြားပြိုင်ဘက်တွေထက် ပိုပြီးကောင်းမွန်ခဲ့ပါတယ်။ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး အောင်မြင်မှု ရရှိခဲ့တာကြောင့် ရုပ်သံဝင်ငွေ စတာလင်ပေါင် (၁၉၂) သန်းအထိ ရရှိခဲ့ပြီး ဥရောပမှာ မန်ချက်စတာ စီးတီးပြီးရင် ဒုတိယအမြင့်ဆုံး ရုပ်သံဝင်ငွေရတဲ့ အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတွေမှာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှုတွေ ရှိခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ ချယ်လ်ဆီးအသင်းဟာ UEFA နဲ့ သဘောတူညီချက်အသစ် (Settlement agreement) တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။ (UEFA နှင့် ပြုလုပ်ခဲ့သည့် သဘောတူညီချက်အရ ချယ်လ်ဆီးအသင်းမှာ ၂၀၂၅/၂၆ နှင့် ၂၀၂၆/၂၇ ဘောလုံးရာသီများတွင် တစ်ရာသီအတွင်း စတလာလင်ပေါင် (၄.၃) သန်းထက်ပိုပြီး အရှုံးပေါ်ခွင့် မရှိပေ..။) အခုအခါမှာတော့ အသင်းအနေနဲ့ အဲ့ဒီသဘောတူညီချက်အရ လိုက်နာ၊ ဆောင်ရွက်ရမယ့် စည်းကမ်းချက်တွေနဲ့ တာဝန်ဝတ္တရားအားလုံးကို ကျေပွန်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အသင်းရဲ့အတွင်းမှ ပြောကြားချက်များအရ ချယ်လ်ဆီးအသင်းဟာ ဘဏ္ဍာရေးစာရင်းတွေ ပြန်လည်မျှတစေဖို့ ကိုးလ် ပါးမား အပါအဝင် အမာခံကြယ်ပွင့် ကစားသမားတွေကို ရောင်းချဖို့ မလိုအပ်ဘူးလို့ ခိုင်ခိုင်မာမာ ယုံကြည်နေကြပါတယ်။
ချယ်လ်ဆီးအသင်းဟာ BlueCo စီမံခန့်ခွဲမှုအောက်မှာ ကစားသမားတွေရဲ့ လစာကုန်ကျစရိတ် (wage bill) လျော့ကျသွားအောင် နည်းလမ်းနှစ်မျိုးနဲ့ ပြုလုပ်ခဲ့ပါတယ်..။ ပထမနည်းလမ်းကတော့ ကစားသမားတွေကို ပုံမှန်ထက်ပိုတဲ့ နှစ်ရှည်စာချုပ်တွေချုပ်ဆိုပြီး စာရင်းအင်းတွက်ချက်မှုမှာ နှစ်အလိုက် ခွဲဝေပြသတဲ့ (amortisation) ကုန်ကျစရိတ် ကျဆင်းသွားအောင် ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် လစာပေးချေမှုပုံစံ ပြောင်းလဲခဲ့ပြီး အခြေခံလစာ (basic wage) အများကြီးပေးမယ့်အစား ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီးပေးချေတဲ့ ဆုကြေးငွေ (Performance-related bonuses) တွေကို ပိုမိုထည့်သွင်းပေးထားတဲ့ စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
(The Evening Standard)