feature-image

အပြာရောင်ပရိသတ်သို့ အသင်းခေါင်းဆောင်ရဲ့ အိပ်ဖွင့်ပေးစာ..

ချယ်လ်ဆီးအသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် မှာ အသင်းနှင့် ခြောက်နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် အပြာရောင်တို့၏ အနာဂတ်နှင့် ပတ်သက်သည့် သူ၏ခံစားချက်များကို ပရိသတ်ဆီသို့ အိပ်ဖွင့်ပေးစာ တစ်စောင်ဖြင့် ခံစား၊ ဖော်ပြခဲ့ပါသည်..။

ချယ်လ်ဆီးအသင်းဟာ ထူးခြားတဲ့ အသင်းတစ်သင်းပါ။ ဒါကိုကျွန်တော် အမြဲတမ်းသိနေခဲ့သလို၊ အမြဲတမ်း ခံစားခဲ့ရပါတယ်။ ဒါကြောင့်ဒီအသင်းမှာ ဆက်နေဖို့ စာချုပ်သက်တမ်းတိုးဖို့ကို ဘာမှတွန့်ဆုတ်မှုမရှိပဲ ဆုံးဖြတ်ခဲ့တာပါ။

ငယ်စဉ်ကတည်းက ပြန်ပြီးမှတ်မိလို့ရတဲ့ အချိန်ကတည်းက ဒီအသင်းကို အားပေးလာခဲ့တာဖြစ်သလို ဒီအသင်းအတွက် ကျွန်တော့်ရဲ့ အချစ်တွေဟာ ဘယ်တော့မှ ပြောင်းလဲမသွားပါဘူး။ အသက် (၆) နှစ်သားအရွယ်မှာ ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်အင်္ကျီကို စတင် ဆင်မြန်းခဲ့ရတဲ့အချိန်က ရရှိခဲ့တဲ့ ခံစားချက်တွေဟာ အခုအချိန်အထိ အဲဒီအတိုင်း မပြောင်းမလဲ.. တည်ရှိနေဆဲပါပဲ။ ဒါဟာ ကျွန်တော့်အတွက် အမြဲတမ်း အရေးကြီးပါတယ်...။

ဒါကြောင့် မြက်ခင်းစိမ်းပေါ်မှာ ခြေချခွင့်ရတဲ့ အချိန်တိုင်း၊ ဘောလုံးကို ကျားကုတ်ကျားခဲ တိုက်ပွဲဝင်နေရတဲ့ အချိန်တိုင်း.. ဒါမှမဟုတ် တိုက်စစ်ဆင်နိုင်ဖို့ ကြိုးစားနေတဲ့အချိန်တိုင်းမှာ ကျွန်တော်ဟာ ခင်ဗျားတို့ထဲက တစ်ယောက် (ပရိသတ်တစ်ယောက်) ဖြစ်နေတယ်.. ဆိုတာ သိစေချင်ပါတယ်။ ခင်ဗျားတို့ ခံစားရသလို ကျွန်တော်လည်း ခံစားနေရပါတယ်။ ခင်ဗျားတို့နဲ့ ကျွန်တော့်ရဲ့ကြားမှာ အသင်းကို ကိုယ်စားပြုနေရတဲ့နည်းလမ်းပဲ ကွာခြားသွားတာပါ။



ကျွန်တော့်ရဲ့ ကလေးဘဝ အမှတ်တရ တော်တော်များများမှာလည်း ချယ်လ်ဆီးအသင်းဟာ အမြဲတမ်း ပါဝင်၊ ပတ်သက်နေခဲ့ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ပွဲစဉ်တိုင်းဟာ ကျွန်တော့်အတွက် အများကြီးအဓိပ္ပာယ် ရှိပါတယ်။ ကျွန်တော့်ရဲ့အစ်ကို ဂျော့ရှ် က မန်ယူပရိသတ်ဖြစ်ပြီး လော်ရင် နဲ့ ကျွန်တော်ကတော့ ချယ်လ်ဆီးပရိသတ်ပါ။ ဒါ့ကြောင့်ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက် သူတို့နဲ့ရင်ဆိုင်ခဲ့ရတဲ့ ဗိုလ်လုပွဲတိုင်း ကျွန်တော်တို့အိမ်ထဲမှာလည်း တကယ့်ကိုပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်..။

ကျွန်တော်တို့မိသားစုဟာ ဘောလုံးနဲ့ပဲ အသက်ရှင်ခဲ့ကြတာပါ။ ကစားတယ်၊ ကြည့်တယ်၊ သင်ယူပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ချယ်လ်ဆီးအသင်းအတွက် ကစားခွင့်ရဖို့ပါပဲ— တစ်ပွဲတည်း ကစားခွင့်ရရင်တောင် လုံလောက်ပါပြီ။ ဒါကြောင့် အခုလိုအောင်မြင်မှုတွေ ရခဲ့တာဟာ ကျွန်တော့်ရဲ့အိပ်မက်တွေ အကောင်အထည် ပေါ်လာတာပါ.. လို့ ရဲရဲဝံ့ဝံ့ ပြောနိုင်ပါတယ်။

ဒါပေမယ့် ကျွန်တော်ဟာ ဒီထက်ပိုပြီး အောင်မြင်မှုတွေ ရရှိချင်ပါသေးတယ်.။ ဒါဟာ ကျွန်တော်တို့ရဲ့ အပြာရောင်စိတ်ဓါတ်.. ချယ်လ်ဆီးအသင်းရဲ့ အောင်ပွဲ ဆာလောင်စိတ်ပါပဲ။ အဲဒီလိုမဆုတ်မနစ် တိုက်ပွဲဝင်စိတ်ကို လူငယ်အကယ်ဒမီ ကစားသမား ဘဝကတည်းက ရိုက်သွင်းခံခဲ့တာပါ။ စတန်းဖို့ဒ် ဘရစ်ချ်မှာ ကျွန်တော်တို့ အတုယူ၊ အားကျခဲ့ရတဲ့ အပြာရောင်ဂန္ထဝင် ကစားသမားကြီးတွေဆီကနေ အဆင့်ဆင့် လက်ဆင့်ကမ်း၊ သင်ယူခဲ့တာ ဖြစ်သလို အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော်ပြသရမယ့် စံနမူနာလည်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ မြူးနစ်မြို့ကညချမ်းကို သည်းထိပ်ရင်ဖို့ ကြည့်ခွင့်ခဲ့ရတာ မှတ်မိနေပါသေးတယ်။ တကယ့်ကို ထူးခြားလှတဲ့ ညတစ်ညပေါ့ဗျာ..။ ကျွန်တော့်ရဲ့ကလေးဘဝ စံပြပုဂ္ဂိုလ်ဖြစ်တဲ့ ဒီဒီယာ ဒရော့ဘာ က ကျွန်တော်တို့ကို ဥရောပချန်ပီယံဖြစ်အောင် ကူညီပေးခဲ့တယ်။ အဲဒီနောက် (၉) နှစ်အကြာပေါ်တိုမြို့မှာ အဲဒီအတွေ့အကြုံကို ကျွန်တော်ကိုယ်တိုင် ခံစားခဲ့ရတယ်။ နောက်ထပ်အိပ်မက်တစ်ခု အကောင်အထည် ဖော်နိုင်ခဲ့တာပါပဲ..။



ပြီးခဲ့တဲ့ နွေရာသီမှာလည်း အလားတူ ဂုဏ်ယူခဲ့ရတဲ့ အောင်မြင်မှုမျိုးကို ကျွန်တော်တို့ ရယူ၊ ခံစားခဲ့ရပါတယ်။ ကွန်ဖရင့်လိဂ် ဖလားရယူပြီး အသင်းခေါင်းဆောင်ဘဝနဲ့ ပထမဆုံး ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဟာ... တကယ့်ကို ဂုဏ်ယူ၊ ကြည်နူးခဲ့ရတဲ့ ခံစားချက်အသစ်ပေါ့ဗျာ..။ ဒါပေမယ့် ဒီလောက်နဲ့ အားမရသေးပါဘူး..။ ဒါဟာ ကျွန်တော်တို့ရဲ့ အပြာရောင်စိတ်ဓာတ်၊ အောင်ပွဲဆာလောင်စိတ်ပါပဲ။ ကျွန်တော်တို့ရှေ့ဆက်မယ်။ ပိုပြီး အောင်မြင်အောင် တွန်းအားပေး.. ကြိုးစားမယ်။ ဒီလိုနဲ့ကျွန်တော်တို့ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

နယူးယောက်မှာ အဲဒီဖလားကို ကိုင်မြှောက်ခွင့်ရခဲ့တဲ့ အခိုက်အတန့်ကိုတော့ ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး..။ အဲဒီအောင်မြင်မှုဟာ ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးပုံရိပ်ကို ကမ္ဘာတစ်ဝန်းမှာ ချပြနိုင်ခဲ့တာဖြစ်သလို ကျွန်တော်တို့ရဲ့ DNA ထဲမှာ ဘာတွေရှိလဲ? သက်သေပြခဲ့တာပါ။

ခင်ဗျားတို့အပြာရောင် ပရိသတ်တွေဟာလည်း အဲဒီအောင်မြင်မှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်..။ ခင်ဗျားတို့ဟာ စတန်းဖို့ဒ် ဘရစ်ချ်ကို ထူးခြားတဲ့ နေရာတစ်ခု ဖြစ်လာအောင် တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာ ကျွန်တော်တို့နဲ့အတူ ရှိနေခဲ့ပြီး ရှေ့ဆက်နိုင်ဖို့ တွန်းအားပေး၊ အားပေးခဲ့ကြပါတယ်။ အဲဒီလိုအမြဲမပြတ် ထောက်ခံ၊ အားပေးခဲ့မှုတွေကို ကျွန်တော်တို့ အမြဲတမ်းကျေးဇူးတင်တယ်ဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေမှာ ခင်ဗျားတို့ရဲ့ အားပေးမှုတွေဟာ အဓိကကျခဲ့ပါတယ်။



ကျွန်တော့်ရဲ့ တကိုယ်ရည်ခံစားချက်အရဆိုရင် ဂရင်ဘီ တောင်းအသင်းနဲ့ပွဲမှာ အပြာရောင်တွေအတွက် စတင်ပွဲထွက်ခွင့် ရခဲ့တဲ့နေ့ကနေ အခုအချိန်အထိ ခင်ဗျားရဲ့အားပေးမှုတွေကို အမြဲထာဝရ ကျေးဇူးတင်နေမှာပါ။ ဒါပေမယ့် အရာရာအားလုံးဟာ အမြဲတမ်းလွယ်ကူ မနေခဲ့သလို ခက်ခဲကြမ်းတမ်းမှုတွေ၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ခဲ့ရတာတွေ အများကြီးပါပဲ..။ ဒါပေမယ့် အဲဒီလိုခရောင်းလမ်းနဲ့ ရင်ဆိုင်နေရချိန်တွေမှာလည်း ခင်ဗျားတို့ဟာ ကျွန်တော့်ရဲ့အနားမှာ အမြဲတမ်းရှိနေခဲ့ပါတယ်။ လာမယ့်ရာသီတွေမှာ အဲဒီကျေးဇူးတွေကို ကျွန်တော်ထပ်ပြီး ပေးဆပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အခုဆိုရင် ချယ်လ်ဆီးအသင်းနဲ့ ကျွန်တော့်ရဲ့ အပြာရောင်ခရီးစဉ်ဟာ အနှစ် (၂၀) နီးပါး ကြာမြင့်ခဲ့ပါပြီ..။ ဒါပေမယ့် ရှေ့ဆက်၊ တည်ဆောက်ရမယ့်အရာတွေ အများကြီးကျန်ရှိနေပါသေးတယ်။ အဲဒီလိုအနာဂတ်အသစ်တွေကို လျှောက်လှမ်းနိုင်ဖို့ အသင်းမှာရှိတဲ့ အသင်းပိုင်ရှင်တွေ၊ အားကစားဒါရိုက်တာတွေ၊ နည်းပြ၊ ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေအားလုံး စုပေါင်း၊ တည်ဆောက်နေတဲ့အရာတွေကို အပြည့်အဝ ယုံကြည်ပါတယ်။ ကျွန်တော်တို့အားလုံး အောင်မြင်မှုတွေ ပိုပြီးရရှိ၊ ဆွတ်ခူးချင်ကြပါတယ်။ ဆုဖလားတွေ  ကိုင်မြှောက်ခွင့် အမြဲတမ်း ရရှိချင်ကြတယ်..၊ မေ့ပျောက်လို့ မရနိုင်တဲ့ ကြည်နူးစရာ အခိုက်အတန့်၊ အမှတ်တရတွေ ပိုပြီးဖန်တီးချင်ပါတယ်။

ချယ်လ်ဆီးအသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ အဲဒီအိပ်မက်သစ်တွေ အကောင်အထည်ပေါ်လာဖို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ချယ်လ်ဆီးပရိသတ်တစ်ယောက်အနေနဲ့လည်း အဲဒီမျှော်လင့်ချက်သစ်တွေ အမှန်တကယ် ဖြစ်လာလိမ့်မယ်လို့ အလေးအနက် ယုံကြည်ထားပါတယ်။

စတန်းဖို့ဒ် ဘရစ်ချ်မှာ ပြန်လည်ဆုံတွေ့ရင်း.. အိပ်မက်တွေကို အတူတူ အကောင်အထည် ဖော်ကြရအောင်…

ရိစ် ဂျိမ်းစ်