feature-image

ချယ်လ်ဆီးအသင်း အဌားချ ကစားသမားများ၏ မတ်လအတွင်း ပွဲစဉ်များမှခြေစွမ်းများ…

၂၀၂၅/၂၆ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းမှ အဌားစေလွှတ်ထားသည့် ကစားသမားများနှင့် လာမည့်ဘောလုံးရာသီတွင် အသင်းသို့ ရောက်ရှိလာမည့် ကစားသမားများ၏ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း  စွမ်းဆောင်ရည်များကို စုစည်း၊ တင်ဆက်လိုက်ပါသည်..။

ဂိုးသမား မိုက်ခ် ပန်းဒါးစ်၊ တိုက်စစ်မှူး တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖားနား၊ အာဂျင်တီးနား လူငယ်နောက်ခံလူ အေရွန် အန်ဆယ်လ်မီနို နှင့် တိုက်စစ်မှူး အီမန်နူရယ်လ် အီမေးဂါး တို့ ရောက်ရှိနေသည့် စထရာ့ဘာ့ဂ်အသင်းမှာ ပြင်သစ်လီဂူး (၁) အမှတ်ပေးပြိုင်ပွဲတွင် အဆင့် (၈) နေရာ ရောက်ရှိနေသော်လည်း ပြင်သစ်ဖလား (Coupe de France) ပြိုင်ပွဲ၊ ကွာတားဖိုင်နယ် အဆင့်တွင် Reims အသင်းအား ပင်နယ်တီပြစ်ဒဏ်ဘောနှစ်ကြိမ်မှ ရရှိခဲ့သော သွင်းဂိုးများဖြင့် ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်..။

ထို့အပြင် မတ်လအတွင်း ယှဉ်ပြိုင်ခဲ့သော ကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲ၊ (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် ခရိုအေးရှားလိဂ် ပြိုင်ပွဲဝင် Rijeka အသင်းအား နှစ်ကျော့ပေါင်း ၃ - ၂ ရလဒ်ဖြင့် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်..။ စထရာ့ဘာ့ဂ်အသင်း၏ ပထမပွဲထွက် ဂိုးသမားဖြစ်သည့် မိုက်ခ် ပန်းဒါးစ် မှာ မတ်လအတွင်း ယှဉ်ပြိုင်ခဲ့သော ပြင်သစ်လီဂူး (၁) ပြိုင်ပွဲ၊ ပွဲစဉ်များအနက် အော်ဇေး၊ ပဲရစ်စ် FC အသင်းများနှင့် ဂိုးမရှိသရေကျခဲ့သည့် ပွဲစဉ်များတွင် Clean Sheet နှစ်ကြိမ် ရရှိခဲ့သည်..။

တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖားနား မှာ Reims အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရပြီး အသင်းအတွက် ဒုတိယမြောက် ပင်နယ်တီပြစ်ဒဏ်ဘော ရရှိစေခဲ့သည်..။ ထို့နောက် အော်ဇေး အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲစဉ်တွင် ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့သည်..။ အသက် (၂၃) နှစ်အရွယ် တိုက်စစ်မှူးမှာ စထရာ့ဘာ့ဂ်အသင်းသို့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ရောက်ရှိလာခဲ့ပြီး ယခုအချိန်အထိ (၄) ပွဲကစား၊ သွင်းဂိုးရရှိခြင်း မရှိသေးပေ..။



နောက်ခံလူ အေရွန် အင်ဆယ်လ်မီနို မှာ ဒဏ်ရာကြောင့် စထရာ့ဘာ့ဂ်အသင်းအတွက် ပါဝင်ခွင့်မရသေးသလို ဟော်လန်တိုက်စစ်မှူး အီမန်နူရယ် အီမေးဂါး မှာလည်း ဒဏ်ရာပြဿနာကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလဆန်းကတည်းက အနားယူနေခဲ့ရသည်..။

အသက် (၁၈) နှစ်အရွယ် အီကွေဒေါလူငယ် တိုက်စစ်အားသန် ကွင်းလယ် ကစားသမား ကင်ဒရေ ပါ့ဇ် မှာ ရေးဗား ပလိတ်အသင်းအတွက် (၅) ပွဲကစားခွင့်ရရှိထားပြီး သွင်းဂိုး၊ ဂိုးဖန်တီးမှုများ ပြုလုပ်နိုင်ခြင်း မရှိသေးပေ..။ ပါ့ဇ် မှာ အာဂျင်တီနို့စ် ဂျူနီယာအသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သောပွဲစဉ်တွင် လူစားဝင် ကစားသမားဖြင့် စတင်ပါဝင်ခွင့်ရရှိခဲ့ပြီး ဟာရာကန် အသင်းအား ၂ဂိုး - ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် ညာတောင်ပံ ကစားသမားအဖြစ် ပထမဆုံးအကြိမ် အသင်းနှင့် ပွဲထွက်ကစားခွင့် ရရှိခဲ့သည်..။



ဆီနီဂေါတိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် မှာ ယခုဘောလုံးရာသီတွင် ဂျာမနီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲဝင် ဘိုင်ယန် မြူးနစ်အသင်းအတွက် (၁၇) ပွဲကစား၊ (၇) ဂိုးသွင်း၊ (၂) ဂိုးဖန်တီးထားနိုင်ခဲ့သည်..။ မတ်လအတွင်းက မိုချင်ဂလာဘတ်အသင်းအား ၄ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပင်နယ်တီပြစ်ဒဏ်ဘော  ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို အသင်း၏စတုတ္ထဂိုးကို အနီးကပ်ပိတ်သွင်း၊ ရယူပေးခဲ့သည်..။

ထို့နောက်အတ္တလန်တာအသင်းအား အဝေးကွင်းတွင် ၆ဂိုး -၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်၊ ပထမအကျော့ပွဲစဉ်တွင် (၁) ဂိုးသွင်း၊ (၁) ဂိုးဖန်တီးပေးနိုင်ခဲ့သည်..။ သို့သော် ဘေယာ လေဗာကူဆင်အသင်းနှင့် တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်တွင် ပထမပိုင်းမှာပင် နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်..။ ဂျက်ဆင် မှာ အတ္တလန်တာအသင်းအား ၄ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်၊ ဒုတိယအကျော့ပွဲစဉ်၌ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်..။

ဝက်စ်ဟမ်းအသင်းသို့ အဌားရောက်ရှိနေသည့် ပြင်သစ်နောက်ခံလူ အက်ဆယ်လ် ဒီဆာဆီ မှာ ပွဲထွက်ကစားသမားအဖြစ် ပုံမှန်ကစားခွင့်ရရှိနေပြီး ပရီးမီးယားလိဂ် (၇) ပွဲ၊ FA ဖလားပွဲစဉ် (၂) ပွဲ ပါဝင်ထားပါသည်..။ ဝက်စ်ဟမ်းအသင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် (၁၈) နေရာ ရောက်ရှိနေပြီး FA ဖလားပြိုင်ပွဲတွင် ဘရန့်တ်ဖို့ဒ်အသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်..။

 

လူငယ်အကယ်ဒမီ တောင်ပံကစားသမား တိုင်ရစ်ခ် ဂျော့ချ် မှာ အဲဗာတန်အသင်းတွင် ပွဲထွက်ကစားသမားအဖြစ် တစ်ပွဲသာ ကစားခွင့်ရရှိထားပြီး လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့် ရနေပါသည်..။ အသက် (၂၀) နှစ်အရွယ် တောင်ပံ တိုက်စစ်မှူးမှာ ချယ်လ်ဆီးအသင်းအား အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် ပြိုင်ပွဲစည်းမျဉ်းအရ ပါဝင်ခွင့် မရခဲ့ပေ..။

ဂျမေကာ တိုက်စစ်မှူး ဒူဂျန် ရစ်ချက် မှာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ချန်ပီယံရှစ် ပြိုင်ပွဲဝင် လက်စ်တာ စီးတီးအသင်းသို့ အဌားရောက်ရှိခဲ့ပြီး လူစားဝင် ကစားသမားအဖြစ် (၃) ပွဲ ပါဝင်ကစားခွင့် ရရှိထားပြီး ကျူပီအာအသင်းအား ၃ဂိုး- ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရသည်..။ လက်စ်တာ စီးတီးအသင်းမှာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အဆင့် (၂၂) နေရာ ရောက်ရှိနေပြီး တန်းဆင်းဇုန် ရုန်းကန်နေရပါသည်..။ 
  
ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဆွမ်ဆီး စီးတီးအသင်းသို့ အဌားသွားရောက်နေသည့် လူငယ်နောက်ခံလူ အီရှေးလ် ဆမ်မြူရယ်- စမစ် မှာ ယခုဘောလုံးရာသီတွင် လူစားဝင် ကစားသမားအဖြစ် (၈) ပွဲသာ ကစားခွင့် ရရှိထားပြီး ချန်ပီယံရှစ်ပြိုင်ပွဲကို ဦးဆောင်နေသည့် ကိုဗင်ထရီ စီးတီးအသင်းအား ၃ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် ပြန်လည်ပါဝင်ခဲ့ရသည်..။ ဆွမ်ဆီးအသင်းမှာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အဆင့် (၁၆) နေရာ ရောက်ရှိနေပါသည်..။

အသက် (၁၉) နှစ်အရွယ် လူငယ်တိုက်စစ်မှူး ဂျင်မီ-ဂျေး မော်ဂန် မှာ လိဂ်ဝမ်းပြိုင်ပွဲဝင် ပီတာဘရော့ ယူနိုက်တက်အသင်းတွင် အရေးပါသည့် ကစားသမားအဖြစ် ပြိုင်ပွဲစုံ (၃၅) ပွဲ ကစားခွင့် ရရှိထားပြီး (၁၃) ဂိုးသွင်း၊ (၂) ဂိုးဖန်တီးပေးထားနိုင်ခဲ့သည်..။ ထို့အပြင် တိုက်စစ်မှူး မော်ဂန် မှာ ဖေဖော်ဝါရီ (၂၈) ရက်နေ့က နော့သမ်တန်အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်မှ စတင်၍ နောက်ဆုံး (၄) ပွဲဆက်တိုက်၊ (၄) ဂိုးသွင်းယူပေးထားခဲ့သည်..။



လိဂ်ဝမ်းပြိုင်ပွဲ၊ အမှတ်ပေးဇယား ဒုတိယနေရာမှ ကာဒစ်ဖ် စီးတီးအသင်းသို့ အဌားသွားရောက်နေသည့် လူငယ်ကွင်းလယ် ကစားသမား အွမ်မ်ရီ ကယ်လီမန် မှာ ယခုနှစ်ဘောလုံးရာသီတွင် ကာဒစ်ဖ် အသင်းအတွက် (၃၅) ပွဲကစား၊ (၇) ဂိုးသွင်း၊ (၁) ဂိုးဖန်တီးထားနိုင်ခဲ့သည်..။ အသက် (၂၀) နှစ်အရွယ်ရှိ ကယ်လီမန် မှာ ကာဒစ်ဖ် အသင်း၏ မတ်လအတွင်း ယှဉ်ပြိုင်ခဲ့သော (၅) ပွဲစလုံးတွင် ပါဝင်ခွင့်ရခဲ့သည်..။ 

လာမည့်ရာသီတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာမည့် နောက်ထပ် ကစားသမား တစ်ဦးဖြစ်သူ အသက် (၁၈) နှစ်အရွယ် လူငယ်တောင်ပံ ကစားသမား ဂျီအိုဗာနီ ကွင်းဒါး မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းက ဘင်ဖီကာ အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် ရရှိခဲ့သော ခြေချောင်းကျိုး ဒဏ်ရာအား ကုသမှုခံယူပြီး ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်နေဆဲဖြစ်သည်..။ ကွင်းဒါး မှာ ယခုဘောလုံးရာသီအတွင်း စပိုးတင်း အသင်းနှင့် ပြိုင်ပွဲစုံ (၂၃) ပွဲ ကစားထားပြီး (၈) ဂိုးသွင်း၊ (၆) ဂိုးဖန်တီးထားနိုင်ခဲ့သည်..။

အသက် (၁၇) နှစ်အရွယ်ရှိ ကာဇက်စ်တန် လူငယ်တိုက်စစ်မှူး ဒါစ်တန် ဆက်ပါယက်ဗ် မှာ ကာရက် အယ်လ်မာတီ အသင်းနှင့် ၂၀၂၆ ခုနှစ်အတွင်း (၄) ပွဲကစား၊ (၁) ဂိုး သွင်းယူထားနိုင်ခဲ့သည်..။