feature-image

ချယ်လ်ဆီးအသင်း၏ ၂၀၂၄/၂၅ ဘောလုံးရာသီ ဘဏ္ဍာရေးရှင်းတမ်း

ချယ်လ်ဆီး အမျိုးသားအသင်း၏ မိခင်ကုမ္ပဏီဖြစ်သော Chelsea FC Holdings Limited (CFC) နှင့် ချယ်လ်ဆီး အမျိုးသမီး အသင်း၏ Chelsea Football Club Women Limited (CFCW) တို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီစာရင်းစစ်ဆေးမှုဆိုင်ရာ မှတ်တမ်းများ (accounts) ကို ကုမ္ပဏီများ  မှတ်ပုံတင်ရုံး (Companies House) ထံသို့ တင်ပြခဲ့ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

Chelsea FC Holdings Limited

ချယ်လ်ဆီး အမျိုးသားအသင်းမှာ ၂၀၂၄/၂၅ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ အဆင့် (၄) နေရာနှင့် ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့သလို UEFA ကွန်ဖရင့်လိဂ် ပြိုင်ပွဲနှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ၏ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆုဖလားများကို ဆွတ်ခူးနိုင်ခဲ့သည်။

အဆိုပါ ဘဏ္ဍာရေးနှစ်အတွင်း ချယ်လ်ဆီးအသင်း၏ ဝင်ငွေစုစုပေါင်းမှာ စတာလင်ပေါင် (၄၉၀.၉) သန်းအထိ မြင့်တက်လာခဲ့ပြီး အသင်း၏သမိုင်းတစ်လျှောက် ဒုတိယမြောက် ဝင်ငွေအမြင့်ဆုံး ရရှိခဲ့သည့် ပမာဏဖြစ်ခဲ့သည်။ အဓိကအားဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် (၄) ရခဲ့သောကြောင့် ရုပ်သံမူပိုင်ခွင့် ဝင်ငွေများအပြင်၊ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရခြင်း (အဆိုပါဝင်ငွေ၏ တစ်စိတ်တစ်ပိုင်းကို ယခုနှစ်စာရင်းတွင် ထည့်သွင်းထားသည်) နှင့် ကွန်ဖရင့်လိဂ် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။



ကွင်းဝင်ကြေးမှ ရရှိသောဝင်ငွေ (Matchday revenue) အနေဖြင့် ပျမ်းမျှပရိသတ် (၄၀,၀၀၀) ခန့်ကို ဆက်လက်ထိန်းထားနိုင်ခဲ့တာကြောင့် စတာလင်ပေါင် (၈၆.၈) သန်းအထိ အနည်းငယ် မြင့်တက်ရရှိခဲ့သည်။ ထို့အပြင် ကစားသမားများ ရောင်းချခြင်း (disposal of player registrations) မှ အမြတ်အစွန်း စတာလင်ပေါင် (၅၇.၉) သန်း ရရှိခဲ့ပါသည်။

သို့သော်ဥရောပပြိုင်ပွဲများသို့ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် ပွဲစဉ်ကျင်းပစရိတ်များ မြင့်တက်လာခဲ့ပြီး လုပ်ငန်းလည်ပတ်မှု အသုံးစရိတ် (Operating expenses) များမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

ထို့ကြောင့် ယခင် ၂၀၂၃/၂၄ ဘဏ္ဍာရေးနှစ်တွင် လက်အောက်ခံကုမ္ပဏီတစ်ခုကို ရောင်းချခဲ့မှုကြောင့် စတာလင်ပေါင် (၁၂၈.၄) သန်း အမြတ်ထွက်ခဲ့သော်လည်း ယခုနှစ်တွင် လုပ်ငန်းလည်ပတ်မှု စရိတ်များ မြင့်တက်လာခြင်းကြောင့် အခွန်မဆောင်မီ နှစ်ပတ်လည် အရှုံးပမာဏမှာ စတာလင်ပေါင် (၂၆၂.၄) သန်း အထိ ရှိခဲ့ပါသည်။

Chelsea Football Club Women Limited

၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ပြုလုပ်ခဲ့သည့် အသင်းဖွဲ့စည်းပုံဆိုင်ရာ မဟာဗျူဟာမြောက် ပြန်လည်သုံးသပ်မှု အစီအစဉ်အရ ချယ်လ်ဆီးအမျိုးသမီးအသင်း (CFCW) ကို အမျိုးသားအသင်းနဲ့ တန်းတူအဆင့်အတန်း သတ်မှတ်ထားရှိခဲ့ပါသည်။ အဆိုပါအပြောင်းအလဲနောက်ပိုင်း အမျိုးသမီးအသင်းမှာ ကိုယ်ပိုင်သီးသန့် စီးပွားရေးစာချုပ်များ ချုပ်ဆိုလာနိုင်ခဲ့သလို အသင်း၏ဝင်ငွေနှင့် အသုံးစရိတ်များကိုလည်း သီးခြားစီမံ၊ ခန့်ခွဲလာနိုင်ခဲ့သဖြင့် ဝင်ငွေနဲ့ ကုန်ကျစရိတ် နှစ်ခုစလုံးတွင် သိသိသာသာ မြင့်တက်လာခဲ့ပါသည်။



CFCW ၏ အဓိကရည်မှန်းချက်မှာ ဆုဖလားများကို ယှဉ်ပြိုင်၊ အောင်မြင်မှုရယူရင်း အသင်း၏ စီးပွားရေးကိုလည်း ဆက်လက်တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါသည်။ ၂၀၂၄/၂၅ ဘောလုံးရာသီတွင် CFCW ဟာ ပြည်တွင်းဖလား သုံးလုံး (Domestic Treble) ဆွတ်ခူးနိုင်ခဲ့ပြီး WSL ချန်ပီယံဆုကိုလည်း စံချိန်တင်အဖြစ် (၈) ကြိမ်မြောက် ရရှိခဲ့ပါသည်။

ကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့် ကစားသမားများ ရောင်းချမှုမှ အမြတ်အစွန်းများကြောင့် ယခုနှစ်အတွက် စုစုပေါင်း အရှုံးပမာဏ စတာလင်ပေါင် (၁၇.၁) သန်း ရှိခဲ့သော်လည်း၊ အခြားတစ်ဖက်မှာတော့ စုစုပေါင်းဝင်ငွေ စတာလင်ပေါင် (၂၁.၃) သန်း တိုးတက်၊ ရရှိခဲ့ပါသည်။ အဆိုပါပမာဏမှာ ယခင်နှစ်ကထက် စတာလင်ပေါင် (၉.၈) သန်း ပိုမိုများပြားလာခဲ့ပြီး အဓိကအားဖြင့် အသင်းဖွဲ့စည်းပုံ ပြောင်းလဲမှုကြောင့် ပိုမိုကောင်းမွန်သည့် စပွန်ဆာစာချုပ်များ ရရှိလာခြင်းကြောင့် ဖြစ်ပါသည်။

ကွင်းဝင်ကြေးမှရရှိသော ဝင်ငွေ (Matchday revenue) မှာ စတာလင်ပေါင် (၃) သန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ပြီး ပျမ်းမျှပရိသတ်ဦးရေမှာ တစ်ပွဲလျှင် ပျမ်းမျှပရိသတ် (၁၀,၀၀၀) ကျော်အထိ အားပေးမှု ရှိလာခဲ့ပါသည်။ ထို့အပြင် WSL ဖလား၊ အမျိုးသမီး FA ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ခြင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အဆင့်အထိ တက်ရောက်နိုင်ခဲ့ခြင်းတို့ကြောင့် ရုပ်သံမူပိုင်ခွင့် ဝင်ငွေများလည်း မြင့်တက်လာခဲ့သည်။