feature-image

အကောင်းဆုံးခြေစွမ်းနဲ့ မန်ချက်စတာ စီးတီးကို ရင်ဆိုင်သွားချင်တဲ့ 'ဂျာအို ပီဒရို'

“ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံးရာသီတွေထဲက တစ်ခုကို ဖြတ်သန်းနေရပါတယ်..” ဆိုတဲ့ ဂျာအို ပီဒရို ရဲ့ ပြောစကားဟာ အပိုတွေမဟုတ်ဘူးဆိုတာ လူတိုင်း လက်ခံကြပါလိမ့်မယ်။

အခုဘောလုံးရာသီမှာ ဘရာဇီးလ်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ (၁၄) ဂိုးနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေသလို၊ ဂိုးဖန်တီးမှု (assists) အများဆုံး ပြုလုပ်ထားတဲ့ ထိပ်တန်းကစားသမား (၁၀) ဦးစာရင်းမှာလည်း ပါဝင်နေပါတယ်။ ပြိုင်ပွဲအရပ်ရပ်ကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ စနေနေ့က ပေါ့တ် ဗေးလ် အသင်းနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဂျာအို ပီဒရို ဟာ ချယ်လ်ဆီးနဲ့ ပထမဆုံးရာသီမှာတင် သွင်းဂိုး (၂၀) ပြည့်ဖို့အတွက် တစ်ဂိုးပဲ လိုပါတော့တယ်။

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ရာမှာ ဂျာအို ပီဒရို ပြသခဲ့တဲ့ တက်ကြွမှု (dynamism)၊ အခွင့်အရေးရတိုင်း အကောင်းဆုံး အသုံးချနိုင်တဲ့ အဆုံးသတ်စွမ်းရည် (finishing) နဲ့ ဘောလုံးခြေထဲမရှိချိန်မှာ ခံစစ်ဇုန်အထိဆင်းပြီး အစွမ်းကုန် အားထုတ်ကစားမှု (industry) တွေဟာ လူတိုင်းကို ကျေနပ်အားရစေခဲ့ပါတယ်။ ချယ်လ်ဆီးအသင်း နည်းပြ လီယမ် ရိုဆီနာ ကတော့ အခုလို တိုးတက်မှုနှုန်းနဲ့ ရှေ့ဆက်နေမယ်ဆိုရင် အဲဒီဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူးဟာ 'ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်' ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။



ဒါဟာ ကျွန်တော်တို့ရဲ့ ကျောနံပါတ် (၂၀) ကစားသမားအနေနဲ့ သူပြည့်မီအောင် ကြိုးစားသွားရမယ့် စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်..။

"ကျွန်တော် တကယ်ပဲ ပျော်ရွှင်နေပါတယ်..။" ဆိုပြီး ဂျာအို ပီဒရို ကတော့ ပြုံးရွှင်လျက်နဲ့ ပြောကြားခဲ့ပါတယ်။ "အခုဘောလုံးရာသီဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံး ရာသီတွေထဲကတစ်ခု ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်အပေါ် ထားရှိတဲ့ မျှော်လင့်ချက်တွေက မြင့်မားနေပါတယ်… ဒါပေမယ့် ကျွန်တော်ကတော့ အသင်းဖော်တွေကို ကူညီနိုင်ဖို့အတွက်ကိုပဲ အမြဲတမ်း ဦးတည်ထားပါတယ်။

ဒါပေမယ့် ပွဲတစ်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာနဲ့ ရိစ် ဂျိမ်းစ် နဲ့ အသင်းဖော်တွေက ကျွန်တော့်ဆီလာပြီး 'ဂျာအို... နောက်တစ်ပွဲမှာတော့ မင်းဂိုးသွင်းရမယ်နော်' ဆိုပြီး တွန်းအားပေးလေ့ ရှိကြပါတယ်။ ကျွန်တော်ကတော့ ကိန်းဂဏန်း၊ စွမ်းဆောင်ရည် အချက်အလက် (သွင်းဂိုးနှင့် ဖန်တီးမှု) တွေကို အကောင်းဆုံးဖြစ်အောင် ဆက်လက် ထိန်းသိမ်းသွားမှာပါ။

ကျွန်တော် ဒီကိုရောက်လာတာဟာ ဆုဖလားတွေ ဆွတ်ခူးဖို့နဲ့ ချယ်လ်ဆီးအတွက် အကောင်းဆုံး ပေးဆပ်သွားဖို့ ဖြစ်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ပရီးမီးယားလိဂ် ပွဲတွေကိုကြည့်ပြီး အင်္ဂလန်ကထိပ်တန်း အသင်းကြီးတစ်သင်းမှာ ကစားနေတဲ့ ကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့တဲ့အိပ်မက် ရှိခဲ့ပါတယ်..။ အခုဆိုရင် အဲဒီအချိန်ကို ရောက်ရှိလာပြီဖြစ်တာကြောင့် ကျွန်တော်ဟာ ဒီအခွင့်အရေးကို ပျော်ပျော်ပါးပါးနဲ့ အသုံးချသွားမှာပါ..။"
ဆိုပြီး သူကပြောသွားပါတယ်..။

ဂျာအို ပီဒရို ရဲ့ ကစားဟန်မှာ လှပတဲ့အချက်တစ်ချက်ကတော့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှု (finesse) နဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှု (physicality) တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ သူဟာ ပြိုင်ဘက်တွေနဲ့ ပုခုံးချင်းယှဉ် တိုက်ခိုက်တာ ဒါမှမဟုတ် အမြင့်ဘောတွေ ယှဉ်လုရာမှာလည်း အားမနည်းသလို၊ နောက်ပြန်ပေးပို့မှု (backheel) တွေနဲ့ အငိုက်မိစေမယ့် ပေးပို့မှု (reverse pass) တွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။



သူ့ရဲ့ဘောလုံး အခြေခံပညာရပ်တွေကို မွေးရပ်ဇာတိမြေ ဘရာဇီးလ်မှာ သင်ကြားခဲ့ပြီး မိုင်ပေါင်း ထောင်ချီဝေးတဲ့ ဝက်ဖို့ဒ်အသင်းမှာ ဆက်လက်ဖြည့်ဆည်းခွင့် ရခဲ့တာဟာ အခုလို လူတိုင်းသဘောကျရတဲ့ ကစားသမားတစ်ယောက် ဖြစ်လာစေဖို့ ပုံဖော်ပေးခဲ့ကြောင်း သူကရှင်းပြခဲ့ပါတယ်။

"အင်္ဂလန်ကို စတင်ရောက်ရှိကတည်းက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်ပြိုင်ပွဲတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြမ်းတမ်းမှုတွေနဲ့ အသားကျအောင် ကျွန်တော်အမြန်ဆုံး ကြိုးစားခဲ့ရပါတယ်" လို့ အသက် (၂၄) နှစ်အရွယ် တိုက်စစ်မှူးက ပြောပါတယ်။

"ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဖြတ်သန်းခဲ့ရတဲ့ နှစ်နှစ်အတွင်းမှာ ကျွန်တော်အများကြီး သင်ယူခဲ့ရပါတယ်။ အဲ့ဒီမှာက ပရီးမီးယားလိဂ်လောက် နည်းစနစ်ပိုင်း မကောင်းတာကြောင့် ပရီးမီးယားလိဂ်ကို ပြန်ရောက်တဲ့အခါမှာ ကျွန်တော်ဟာ ကြမ်းကြမ်းတမ်းတမ်း စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ အသင့်ဖြစ်နေသလို ခန္ဓာကိုယ် ကြံ့ခိုင်မှု အသားပေးတဲ့ နောက်ခံလူတွေနဲ့လည်း ပျော်ပျော်ပါးပါး ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးကို ရောက်လာတဲ့အခါမှာတော့ ကျွန်တော့်ဘေးနားမှာ အရည်အသွေးမြင့် ကစားသမားတွေ အများကြီးရှိနေတာကြောင့် အခြေအနေက လုံးဝကို ကွဲပြားသွားသလို ကျွန်တော့်ရဲ့အလုပ်ကိုလည်း ပိုပြီးလွယ်လွယ်ကူကူ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဘောလုံးရတဲ့အချိန်တိုင်း ကျွန်တော်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားခဲ့သလို ဘရာဇီးလ်မှာ သင်ယူခဲ့ရတဲ့ နည်းစနစ်တွေကိုလည်း ကျွန်တော့်ရဲ့ ကစားဟန်ထဲမှာ ထည့်သွင်းအသုံးချနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လီယမ် နဲ့ လက်တွဲရတာကိုလည်း တကယ်သဘောကျမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကကျွန်တော် အားသန်တဲ့အရာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော့်ကို လွတ်လွတ်လပ်လပ် ကစားခွင့် ပေးထားလို့ပါပဲ"
 ဆိုပြီး သူကပြောကြားခဲ့ပါသေးတယ်။



ချယ်လ်ဆီးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ အမှတ်ပေးဇယား ဒုတိယနေရာက မန်ချက်စတာ စီးတီးအသင်းကို စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ဧည့်ခံရမှာပါ..။ အပြာရောင်ခြင်္သေ့တွေအနေနဲ့ အဲဒီပွဲကြီးပွဲကောင်းမှာ အနိုင်ရဖို့ ဂျာအို ပီဒရို ရဲ့ အကောင်းဆုံးပုံစံကို လိုအပ်နေမှာ အသေအချာပါပဲ။

ဒါပေမယ့် ဘရာဇီးလ် တိုက်စစ်မှူးကတော့ အခုလာမယ့်ပွဲစဉ်နဲ့ ကျန်ရှိနေတဲ့ ရာသီပန်းဝင်ပွဲစဉ်တွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှုက အရမ်းကိုရှင်းလင်း ပြတ်သားနေပါတယ်။

“ကျွန်တော်တို့အားလုံးဟာ ကိုယ်လုပ်ဆောင်ရမယ့် အရာတွေအပေါ်မှာ အပြည့်အဝ အာရုံစိုက်ထားကြပါတယ်။ မန်စီးတီးအသင်းမှာ သိပ်ကိုထူးချွန်တဲ့ ထိပ်တန်းကစားသမားကောင်းတွေ ရှိကြသလို သူတို့အသင်းဟာ လက်ရှိအချိန်မှာ ပုံစံကောင်းရရှိပြီး ခြေစွမ်းတည်ငြိမ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ‘We are Chelsea’ ဖြစ်ပြီး ကျွန်တော်တို့အသင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ အများကြီး ရှိပါတယ်။

ဒါ့ကြောင့်အဲဒီပွဲရဲ့ ရလဒ်ဟာ အသေးစိတ်လေးတွေ (details) အပေါ်မှာပဲ မူတည်ပြီး အဆုံးအဖြတ် ပေးသွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ပွဲအတွင်းမှာ ဘယ်သူက အမှားနည်းအောင် လုပ်နိုင်မလဲ? ဆိုတဲ့အချက်က အနိုင်အရှုံးကို စကားပြောသွားမှာပါ။

ရှေ့မှာ ခက်ခဲတဲ့ ပွဲစဉ်တွေ ရှိနေပေမယ့် အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့.. ဆိုတာ ကျွန်တော်တို့အပေါ်မှာပဲ မူတည်နေပါတယ်။ ဒါ့ကြောင့်ကျွန်တော်တို့ ကစားသမားတွေအားလုံးဟာ ကိုယ်လုပ်ဆောင်ရမယ့် တာဝန်တွေအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားကြသလို ရာသီအကုန်မှာ နည်းပြနဲ့အသင်းက မျှော်မှန်းထားတဲ့ အောင်မြင်မှုတွေကို ရရှိ၊ ဆွတ်ခူးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။”

(Chelsea Official website မှ တင်ဆက်သည့် ‘Joao Pedro discusses 'one of the best seasons of my life' and Man City challenge’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)