feature-image

အခွန်ဆောင်ပြီး စတာလင်ပေါင် (၆၈၉) သန်း အရှုံးပေါ်ခဲ့သည့် ချယ်လ်ဆီးအသင်း

ချယ်လ်ဆီး အမျိုးသားအသင်း၏ Chelsea FC Holdings ကုမ္ပဏီ၊ ချယ်လ်ဆီးအသင်းနှင့် စထရာ့ဘာ့ဂ်အသင်း ကိုယ်စားပြု BlueCo နှင့် ချယ်လ်ဆီး အမျိုးသမီးအသင်းတို့၏ ၂၀၂၄/၂၅ ဘောလုံးရာသီအတွက် အသေးစိတ် ဘဏ္ဍာရေးရှင်းတမ်းများမှ ဗြိတိသျှအစိုးရ၏ Company House မှ ထုတ်ပြန်ခဲ့ရာ အဆိုပါအသေးစိတ် ရှင်းတမ်းများမှ စိတ်ဝင်စားဖွယ်ရာ အချက်အလက်များကို ဆောင်းပါးရှင် Ben Jacobs က စုစည်းတင်ဆက်ခဲ့ပါသည်..။

ချယ်လ်ဆီး အမျိုးသားအသင်း၏ CFC Holdings သည် ၂၀၂၃/၂၄ ဘောလုံးရာသီက အမြတ်ငွေ စတာလင်ပေါင် (၁၂၈.၄) သန်း ရရှိခဲ့သော်လည်း ယခု ၂၀၂၄/၂၅ ဘောလုံးရာသီတွင် အခွန်မဆောင်မီ အရှုံးပေါ်မှု စတာလင်ပေါင် (၂၆၂.၄) သန်း ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ဤကဲ့သို့ ပြောင်းလဲသွားခြင်းမှာ 'အဓိကအားဖြင့် ယခင်နှစ်က ပြုလုပ်ခဲ့သည့် ချယ်လ်ဆီးအသင်း၏ လက်အောက်ခံကုမ္ပဏီ အချင်းချင်းကြားတွင် ဆောင်ရွက်ခဲ့သော အသင်းပိုင် ဟိုတယ်ရောင်းချမှုမှ အမြတ်ငွေ စတာလင်ပေါင် (၁၉၈.၇) သန်းအား ယခင်နှစ် ဘဏ္ဍာရေးရှင်းတမ်းတွင် ထည့်သွင်း အသိအမျတ်ပြုခဲ့ခြင်းကြောင့်' ဖြစ်သည်။

ဝင်ငွေစုစုပေါင်းမှာ မနှစ်ကထက် စတာလင်ပေါင် (၂၂.၄) သန်း တိုးတက်ရရှိခဲ့သော်လည်း ကုန်ပစ္စည်းရောင်းချမှုစရိတ်နှင့် စီမံခန့်ခွဲမှု အသုံးစရိတ်များ (sales and administrative expenses) မှာ စတာလင်ပေါင် (၁၁၇.၄) သန်းအထိ မြင့်တက်လာခဲ့သည်။ အဆိုပါအချက်ကို အရှုံးပမာဏ အတိုင်းအတာပေါ်တွင် သက်ရောက်မှုရှိစေသည့် အချက်တစ်ရပ်အဖြစ် မှတ်သားထားပါသည်။



အဆိုပါကုန်ကျစရိတ်များတွင် အဓိကအားဖြင့် ကစားသမား မှတ်ပုံတင်ခြင်းဆိုင်ရာ တန်ဖိုးလျော့ချခြင်း၊ ဖျက်သိမ်းခြင်းဆိုင်ရာ ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ ကစားသမား လုပ်ခလစာများ အပါအဝင် ရောင်းချမှုစရိတ်များ မြင့်တက်လာရခြင်းနှင့် UEFA နှင့် ညှိနှိုင်းဖြေရှင်းမှုအတွက် ပေးလျော်ခဲ့ရသည့် စတာလင်ပေါင် (၂၆.၅) သန်း အပါအဝင် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် ကုန်ကျစရိတ်များကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။

ချယ်လ်ဆီးအသင်း၏ ကစားသမားများ၊ ဝန်ထမ်းများအတွက် လုပ်ခလစာအသုံးစရိတ်မှာ စတာလင်ပေါင် (၂၉၄.၆) သန်းမှ စတာလင်ပေါင် (၃၁၂.၈) သန်းအထိ မြင့်တက်လာခဲ့သည်။

ရုပ်ဝတ္ထု မဟုတ်သည့် ပစ္စည်းများ (intangible assets) ပိုင်ဆိုင်မှုတန်ဖိုးမှာ စတာလင်ပေါင် (၁.၀၄) ဘီလီယံမှ စတာလင်ပေါင် (၁.၀၅) ဘီလီယံအထိ တိုးတက်လာခဲ့သည်။ အဆိုပါပိုင်ဆိုင်မှုများထဲတွင် လီယမ် ဒီလပ်၊ မိုက်ခ် ပန်ဒါးစ်၊ ဒါရီယို အက်စ်ဆူဂို နှင့် မာမာဒူ ဆား တို့အပါအဝင် ကစားသမားဝယ်ယူမှုများအတွက် စတာလင်ပေါင် (၃၀၅.၅) သန်း အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်။ ယင်းပမာဏကို စုစုပေါင်း တန်ဖိုးလျော့ချခြင်းနှင့် တန်ဖိုးကျဆင်းမှုများအတွက် အရှုံးပေါ်မှု စတာလင်ပေါင် (၂၃၀.၃) သန်း၊ အသားတင်စာရင်းတန်ဖိုး စုစုပေါင်း စတာလင်ပေါင် (၆၇.၉) သန်းရှိသော ကစားသမားမှတ်ပုံတင်မှုများကို ရောင်းချခြင်းတို့ဖြင့် ပြန်လည်ခုနှိမ်ခဲ့သည်။

CFC Holdings သည် ကစားသမားအရောင်းအဝယ်ပြုလုပ်ခြင်းမှ အသားတင်အမြတ်ငွေ စတာလင်ပေါင် (၅၇.၉) သန်း ရရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်က ရရှိခဲ့သည့် စတာလင်ပေါင် (၁၅၂.၅) သန်းထက် လျော့နည်းသွားခဲ့သည်။ အဓိကရောင်းချခဲ့သည့် ကစားသမားများအဖြစ် ကော်နာ ဂါလက်ချာ၊ ဘာရှီးယား ဟမ်ဖရေးစ်၊ ကီပါ အရီဇာဘာလာဂါ နှင့် အန်ဂျလို တို့ကို ရည်ညွှန်းဖော်ပြထားပါသည်။



စာရင်းတင်ပြသည့် ရက်စွဲနောက်ပိုင်းတွင် ချယ်လ်ဆီး အမျိုးသားအသင်း၏ ကစားသမားခြောက်ဦးကို ကနဦးကုန်ကျစရိတ် စတာလင်ပေါင် (၂၆၃.၃) သန်းဖြင့် စာချုပ်ချုပ်ဆို၊ ခေါ်ယူခဲ့သည်။ ထို့အပြင်ကစားသမား (၁၅) ဦးကို ရောင်းချခဲ့ရာတွင် စတာလင်ပေါင် (၃၁.၈) သန်း အမြတ်ငွေ ပြန်လည်ရရှိခဲ့သည်။

BlueCo လုပ်ငန်းစု၏ ယခုနှစ်အတွက် အခွန်ပေးဆောင်ပြီး အသားတင်အရှုံးပမာဏမှာ စတာလင်ပေါင် (၆၁၉.ဝ) သန်း ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က စတာလင်ပေါင် (၄၀၂.၆) သန်း ရှိခဲ့သောကြောင့် နှိုင်းယှဉ်ပါက အရှုံးပမာဏ မြင့်တက်လာခဲ့သည်။ အခွန်မဆောင်မီ အရှုံးပေါ်မှုအဖြစ် ထုတ်ပြန်ထားသည့် ကိန်းဂဏန်းမှာ စတာလင်ပေါင် (၆၃၀.၁) သန်း ဖြစ်ပြီး (၂၀၂၄ ခုနှစ်က စတာလင်ပေါင် ၄၃၀.၃ သန်း ရှိခဲ့သည်)၊ ယင်းမှာ ချယ်လ်ဆီးအမျိုးသားအသင်း (CFC)၊ ချယ်လ်ဆီးအမျိုးသမီးအသင်း (CFCW) နှင့် စထရာဘိုး (Strasbourg) အသင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။

၂၀၂၄/၂၅ အခွန်နှစ်အတွက် BlueCo သည် ဝင်ငွေအရပ်ရပ် စုစုပေါင်း စတာလင်ပေါင် (၅၃၆.၅) သန်း ရရှိခဲ့ကြောင်း အစီရင်ခံ၊ ဖော်ပြခဲ့သည်။

အလက်ဇစ် အိုဟေးနီးယန်း ၏ 776 Chaos Fund သည် ချယ်လ်ဆီး အမျိုးသမီးအသင်း၏ ရှယ်ယာ (၇.၆ %) ရာခိုင်နှုန်းအတွက် စတာလင်ပေါင် (၁၈.၅) သန်းကို နှစ်ကြိမ်ခွဲ၍ ဝယ်ယူ၊ ပေးချေခဲ့ကြောင်းကိုလည်း အတည်ပြုခဲ့သည်။ ထိုကိန်းဂဏန်းအပေါ် အခြေခံ၍ 776 သည် ချယ်လ်ဆီးအမျိုးသမီးအသင်း၏ တန်ဖိုးကို စတာလင်ပေါင် (၂၄၃.၄) သန်းအဖြစ် သတ်မှတ်ခဲ့သည်။



ချယ်လ်ဆီးအမျိုးသမီးအသင်း (CFCW) သည် ယခုနှစ်အတွက် အခွန်မဆောင်မီ အရှုံးပေါ်မှု စတာလင်ပေါင် (၁၇.၁) သန်း ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး (ယခင်နှစ်က စတာလင်ပေါင် ၈.၄ သန်း ရှိခဲ့သည်)။ လုပ်ငန်းလည်ပတ်မှု အရပ်ရပ်မှဝင်ငွေ (Turnover) မှာ စတာလင်ပေါင် (၉.၈) သန်း တိုးတက်လာခဲ့သည်..။ သို့သော်လည်း လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ် စတာလင်ပေါင် (၁၈.၆) သန်း မြင့်တက်လာခြင်းက အမြတ်ရနိုင်မည့် ပမာဏကို ပြန်လည်ခုနှိမ်သွားခဲ့သည်။

စထရာဘော့ဂ် အသင်းသည် ယခုနှစ်အတွက် အခွန်မဆောင်မီ အရှုံးပေါ်မှု စတာလင်ပေါင် (၆၅.၈) သန်း ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး၊ ယခင်နှစ်က စတာလင်ပေါင် (၁၂.၃) သန်း အရှုံးပမာဏထက် မြင့်တက်လာခဲ့သည်။

အဆိုပါ လီဂူး (၁) ပြိုင်ပွဲတင်အသင်း၏ ယခုနှစ်အတွက် လုပ်ငန်းလည်ပတ်မှုအရပ်ရပ်မှ ဝင်ငွေ (Turnover) မှာ စတာလင်ပေါင် (၅၇.၇) သန်းမှ စတာလင်ပေါင် (၂၄.၂) သန်းအထိ လျော့ကျသွားခဲ့သည်။ ယင်းမှာ အဓိကအားဖြင့် ရုပ်သံမူပိုင်ခွင့်ဝင်ငွေ လျော့နည်းသွားခြင်းနှင့် အစီရင်ခံစာတင်ပြသည့် ကာလအတွင်း အားကစားကွင်း၏ အစိတ်အပိုင်းအချို့ကို ပိတ်ထားခဲ့ရခြင်းတို့ကြောင့် ဖြစ်သည်။



ချယ်လ်ဆီးအသင်း၏ HoldCo ကုမ္ပဏီလုပ်ငန်းစု၏ အခွန်မဆောင်မီ စုစုပေါင်းအရှုံးပမာဏမှာ စတာလင်ပေါင် (၇၀၀.၈) သန်း ဖြစ်ပြီး (၂၀၂၄ ခုနှစ်က စတာလင်ပေါင် (၄၇၃.၂) သန်း ရှိခဲ့သောကြောင့် အရှုံးပမာဏ မြင့်တက်လာခြင်းဖြစ်သည်)၊ အခွန်ပေးဆောင်ပြီးနောက်ပိုင်းတွင် အရှုံးပမာဏအဖြစ် စတာလင်ပေါင် (၆၈၉.၇) သန်းအဖြစ် ညှိနှိုင်းသတ်မှတ်ခဲ့သည်။

ထို့အပြင် လက်ရှိရင်ဆိုင်နေရသော ဥပဒေရေးရာကိစ္စရပ်များကို ဖြေရှင်းရန်အတွက် ပေးရန်ရှိသည့် စုဆောင်းငွေနှင့် ဆိုင်းငံ့ဝင်ငွေ (Accruals and deferred income) ပမာဏမှာ စတာလင်ပေါင် (၂၃.၃) သန်း ရှိကြောင်း ဖော်ပြထားပြီး၊ ၂၀၂၄ ခုနှစ်တွင် စတာလင်ပေါင် (၄.၃) သန်းသာ ရှိခဲ့သည်။ ယင်းပမာဏထဲတွင် ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ခဲ့သည့် UEFA ၏ ဘဏ္ဍာရေးဆိုင်ရာ ရေရှည်တည်တံ့မှု စည်းမျဉ်းများ (Financial Sustainability Regulations) နှင့် ပတ်သက်သော ညှိနှိုင်းဖြေရှင်းမှု သဘောတူညီချက်အရ ပေးလျော်ရမည့် စတာလင်ပေါင် (၁၈.ဝ) သန်း (ယူရို ၂၁.၀ သန်း) လည်း ပါဝင်ခဲ့သည်။