feature-image

လေးနှစ်ပယ်ခံခဲ့ရတဲ့ 'မူဒရစ်ခ်' နဲ့ သူ့ရဲ့အနာဂတ် အလားအလာ..

မိုင်ဟေးလ်လို မူဒရစ်ခ် ခ် သည် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) မှ ချမှတ်လိုက်သော လေးနှစ်သက်တမ်းရှိ တားမြစ်ဆေးသုံးစွဲမှုဆိုင်ရာ ပွဲပယ်ပြစ်ဒဏ်ကို ရရှိထားပြီး အဆိုပါဆုံးဖြတ်ချက်အပေါ် အားကစား အငြင်းပွားမှု ဆိုင်ရာခုံရုံး (CAS) ထံတွင် အယူခံဝင်ထားကြောင်း သိရသည်။ လက်ရှိတွင် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား “စာဖြင့်တင်ပြချက်များကို အပြန်အလှန် သုံးသပ်နေကြပြီး ကြားနာစစ်ဆေးမည့်ရက်ကိုမူ သတ်မှတ်ရခြင်း မရှိသေးကြောင်း” ဖြည့်စွက်ဖော်ပြထားပါသည်။

မူဒရစ်ခ် သည် FA ၏ အမြင့်ဆုံးပြစ်ဒဏ်ကို ရရှိခဲ့ပြီးနောက် သူ၏အမည်၊ ဂုဏ်သတင်း ပြန်လည်သန့်စင် နိုင်ရန်အတွက် ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် အယူခံတင်သွင်းခဲ့ခြင်းဖြစ်သည်။ talkSPORT သတင်းဌာနအနေဖြင့် နောက်ဆက်တွဲ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် မူဒရစ်ခ် ၊ ချယ်လ်ဆီးနှင့် ရှက်တာဒိုးနက် အသင်းတို့အပေါ် သက်ရောက်လာနိုင်မည့် အကျိုးဆက်များကို ဆက်လက်တင်ပြသွားပါမည်။

တားမြစ်ဆေးဝါး တွေ့ရှိမှုဖြင့် ပိတ်ပင်ခဲ့ရသည့် မူဒရစ်ခ်

ယူကရိန်း တောင်ပံ ကစားသမားမှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့က ဟိုက်ဒန်ဟမ်းအသင်းနှင့် ကစားခဲ့သော ကွန်ဖရင့်လိဂ် အဝေးကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးကစားခဲ့ပြီး အဆိုပါပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့အပြင် ချယ်လ်ဆီးအသင်းက ၂-၀ ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် သုံးပါတ်အကြာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် အသက် (၂၅) နှစ်အရွယ်ရှိ မူဒရစ်ခ် မှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ၏ ယာယီပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရသည်။ အကြောင်းရင်းမှာ နိုဝင်ဘာလအတွင်းက ယူကရိန်းလက်ရွေးစင် အသင်းအတွက် သွားရောက်စဉ် ပုံမှန်ပြုလုပ်နေကျ ဆီးစစ်ဆေးမှု၌ တားမြစ်ဆေးဝါးဖြစ်သော မယ်လ်ဒိုနီယမ် (Meldonium) ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းကြောင့် ဖြစ်သည်။



မယ်လ်ဒိုနီယမ်သည် နှလုံးရောဂါ ကုသရာတွင် အသုံးပြုသော ဆေးဝါးတစ်မျိုးဖြစ်ပြီး သွေးလှည့်ပတ်မှုကို မြန်ဆန်စေကာ အားကစားသမားများ၏ ခံနိုင်ရည်နှင့် အမောခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုမှ ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပြုနိုင်ခြင်းတို့ကြောင့် တားမြစ်ဆေးအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ မူဒရစ်ခ် ကမူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်ချက်တစ်ခုပြုလုပ်ပြီး အပြစ်မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ထို့နောက် ပေါလ် ပေါ့ဂ်ဘာ ၏ တားမြစ်ဆေးအမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့သည့် မော်ဂန် အားကစားဥပဒေ အကျိုးဆောင်အဖွဲ့ (Morgan Sports Law) အား ငှားရမ်းခဲ့သည်။ ယနေ့အချိန်အထိ ဥပဒေကြောင်းအရ ဆောင်ရွက်ချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးအပေါ် အကာအကွယ်ပေးနိုင်ရန်အတွက် လျှို့ဝှက်ချက်အဖြစ် တင်းကျပ်စွာ ထိန်းသိမ်းထားခဲ့သည်။ သို့သော်လေးနှစ်သက်တမ်းရှိ ပွဲပယ်ပြစ်ဒဏ်နှင့် အားကစား အငြင်းပွားမှုဆိုင်ရာခုံရုံး (CAS) ထံတွင် အယူခံဝင်ထားသည့် အခြေအနေများကို ဆွစ်ဇာလန် တရားရုံးမှတ်တမ်းများအရ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

"ဆီးနမူနာ-A" (A Sample) ကို စစ်ဆေးစဉ်ကတည်းက တစ်ပါတည်း သိမ်းဆည်းထားသော "ဆီးနမူနာ-B" (B Sample) ခေါ် အေးခဲထားသည့် ဆီးနမူနာ စစ်ဆေးချက်တွင်လည်း တားမြစ်ဆေးဝါး ပါဝင်နေကြောင်း ထပ်မံအတည်ပြုနိုင်ခဲ့ပါက လေးနှစ်သက်တမ်းရှိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းမှာ ပုံမှန်လုပ်ထုံးလုပ်နည်းသာ ဖြစ်ပါသည်။ အကြောင်းရင်းမှာ ‘အားကစားသမားများသည် မိမိတို့ ခန္ဓာကိုယ်အတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မရည်ရွယ်ပဲဖြစ်စေ ထည့်သွင်းမိသည့် အရာဝတ္ထုများအတွက် တာဝန်ရှိသည်’ ဟူသော "တင်းကျပ်သည့် တာဝန်ယူမှုစနစ် (Strict liability)” ကြောင့် ဖြစ်ပါသည်။

အခြားနည်းလမ်းမှာ အားကစားသမားတစ်ဦးက စစ်ဆေးချက်တွင် တားမြစ်ဆေးဝါး ပါဝင်နေခြင်းမှာ ပြင်ပမှ မတော်တဆ ရောနှောပါဝင်လာခြင်း (Contamination)၊ စစ်ဆေးမှု လုပ်ထုံးလုပ်နည်း (Testing protocol) လိုအပ်ချက်ရှိနေခြင်း သို့မဟုတ် တစ်စုံတစ်ဦးက တမင်တကာ ထောင်ချောက်ဆင် ဖျက်လိုဖျက်ဆီး ပြုလုပ်ခြင်း (Sabotage) ဖြစ်ကြောင်း ခိုင်လုံစွာ သက်သေပြနိုင်ခြင်း ဖြစ်ပါသည်။ ထိုသို့ သက်သေပြနိုင်ပါက အမှုစွဲချက်များကို အပြီးအပိုင် ပယ်ဖျက်နိုင်ပါမည်။

မူဒရစ်ခ် အနေဖြင့် အဆိုပါ အချက်များအနက် မည်သည့်အချက်ကို အသုံးပြု၍ ခုခံချေပနေသည်ကိုမူ လုပ်ငန်းစဉ်၏ လျှို့ဝှက်ချက်အဆင့်အတန်းကြောင့် ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း CAS တွင် အယူခံဝင်ပြီးနောက်ပိုင်းတွင်မူ သိသာထင်ရှားလာဖွယ် ရှိပါသည်။



CAS ခုံရုံး အယူခံကာလ ဘယ်လောက်ကြာနိုင်လဲ..?

အတိုချုပ်အားဖြင့် ဆိုရလျှင် အမှုတစ်ခုနှင့်တစ်ခု တူညီမှုမရှိပဲ မူဒရစ်ခ် ၏ အမှုတွင် ရှုပ်ထွေးမှုများ ရှိနေပါသည်။ ပထမဦးစွာ အယူခံကို ခုံသမာဓိလူကြီး သုံးဦးပါဝင်သည့်အဖွဲ့ဖြင့် ကြားနာမည် သို့မဟုတ် ခုံသမာဓိလူကြီး တစ်ဦးတည်းကသာ ဆောင်ရွက်မည် ဆိုသည်ကို နှစ်ဖက်စလုံးက သဘောတူညီမှု ရယူရပါမည်။ ထို့နောက် စာဖြင့်တင်ပြချက်များကို လက်ခံရရှိရန် လိုအပ်ပြီး ယင်းလုပ်ငန်းစဉ်မှာ လပေါင်းများစွာ ကြာမြင့်နိုင်ပါသည်။ ထို့အပြင် အပြီးသတ် စီရင်ချက်မချမီ ကိုယ်တိုင်တက်ရောက်ရသည့် ကြားနာစစ်ဆေးမှုတစ်ခု ပြုလုပ်ရဦးမည့် အလားအလာရှိလာနိုင်ပါသည်။

မူဒရစ်ခ် အနေဖြင့် လာမည့်ရာသီ မစတင်မီ ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာရန် လိုအပ်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် အမှုစစ်ဆေးချိန် အမြန်ဆောင်ရွက်ရန် (Expedited timeline) တောင်းဆိုနိုင်ပါသည်။ တားမြစ်ဆေး ဟော်မုန်းတစ်ခု ဖြစ်သော တက်စတိုစတီရုန်း (Testosterone) မြင့်မားစွာ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည့် ပေါ့ဂ်ဘာ မှာ ၎င်း၏လေးနှစ်သက်တမ်းရှိ ပွဲပယ်ပြစ်ဒဏ်ကို (၁၈) လအထိ လျှော့ချနိုင်ခဲ့သည့် သာဓကရှိပါသည်။

အကယ်၍ မူဒရစ်ခ် သည် မယ်လ်ဒိုနီယမ် (Meldonium) ကို ရည်ရွယ်ချက်ရှိရှိ သုံးစွဲခဲ့ခြင်း မဟုတ်ကြောင်း CAS က ဆုံးဖြတ်ခဲ့ပါက ယခင်ရှိခဲ့သည့် အလားတူဖြစ်ရပ်များကို အခြေခံ၍ ပြစ်ဒဏ်လျှော့ချပေးနိုင်သည့် အခွင့်အရေး ရှိနေပါသည်။

ဒါဆိုရင် မူဒရပ်ခ် ဘယ်တော့ပြန်ကစားနိုင်မလဲ?

မူဒရစ်ခ် သည် လက်ရှိတွင် ချယ်လ်ဆီးအသင်း၌ ပါဝင်ကစားခွင့်သာမက ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခန်းဆင်းခွင့်ပါ ပိတ်ပင်ခံထားရပါသည်။ ပုံမှန်အားဖြင့် လေးနှစ်သက်တမ်းရှိ ပွဲပယ်ပြစ်ဒဏ်ကို သတ်မှတ်ရာတွင် ယာယီပွဲပယ်ခံခဲ့ရသည့် ကာလကိုပါ ပြန်လည်ထည့်သွင်း၊ တွက်ချက်လေ့ရှိသည်။ ထို့ကြောင့် အကယ်၍အယူခံ မအောင်မြင်ခဲ့ပါက ၂၀၂၈ ခုနှစ်၊ ဒီဇင်ဘာလတွင်မှသာ ပြန်လည် ကစားနိုင်ပါမည်။



အကယ်၍ ပြစ်ဒဏ်တစ်စိတ်တစ်ပိုင်း လျှော့ချခံရပါက မူဒရစ်ခ် မှာ ယခုလာနွေရာသီ သို့မဟုတ် ၂၀၂၆ နှစ်ကုန်ပိုင်းတွင်ပင် ပြန်လည်ကစားနိုင်ခွင့် ရရှိနိုင်ပါမည်။ ထို့အပြင် ပြစ်ဒဏ်ကို လုံးဝပယ်ဖျက်ပေးခဲ့ပါက ယူကရိန်းတောင်ပံ ကစားသမားမှာ ယခုချက်ချင်း ကွင်းအတွင်းသို့ ပြန်လည်ခြေချနိုင်ခွင့် ရရှိမည်ဖြစ်သည်။

လက်ရှိအချိန်တွင် မူဒရစ်ခ် မှာ ကိုယ်ပိုင်အစီအစဉ်ဖြင့် လေ့ကျင့်ခန်းများကို ဆက်လက်လုပ်ဆောင်လျှက် ရှိပါသည်။ သူ၏ကြံ့ခိုင်မှုပိုင်းကို ထိန်းသိမ်းနိုင်ရန်အတွက် အာ့စ်ဘရစ်ချ် (Uxbridge FC) အသင်း၏ ဟန်နီခရော့ဖ် (Honeycroft) အားကစားကွင်းရှိ 3G မြက်ခင်းတုကွင်းကို ငှားရမ်း၊ အသုံးပြုနေခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်တွင် ချယ်လ်ဆီးအသင်းဘက်မှ တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခြင်း မရှိပေ။

ချယ်လ်ဆီးအသင်းအတွက် ဖြစ်လာနိုင်ခြေ အလားအလာများ..

မူဒရစ်ခ် ၏ တားမြစ်ဆေး တွေ့ရှိမှုအပေါ် နောက်ဆုံးအခြေအနေများကို talkSPORT သတင်းဌာနမှ ဆက်သွယ်၊ မေးမြန်းခဲ့သော်လည်း ချယ်လ်ဆီးအသင်းက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ အသင်းဘက်က နောက်ဆက်တွဲ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မဆုံးဖြတ်မီ ဥပဒေကြောင်းအရ ဆောင်ရွက်ရမည့် လုပ်ဆောင်ချက်အားလုံးကို ပြီးဆုံးအောင် လုပ်ဆောင်သွားရန်လိုအပ်ကြောင်း အသင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက မှတ်ချက်ပေးပါသည်။ အသင်းအနေဖြင့် မူဒရစ်ခ် အား ဆက်လက်၊ ပံ့ပိုးပေးနေဆဲဖြစ်ပြီး CAS ၏ စီရင်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်းမှသာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိမ့်မည်ဟု ခန့်မှန်းရပါသည်။

မူဒရစ်ခ် သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ရှက်တာ ဒိုးနက်စ် အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) နှင့် အပိုဆုကြေး (Add-ons) ယူရို သန်း (၃၀) ဖြင့် ပြောင်းရွှေ့လာခဲ့သည်။ ယူကရိန်း တောင်ပံ ကစားသမားမှာ ၂၀၃၁ ခုနှစ်အထိ အသင်းနှင့် စာချုပ်သက်တမ်းရှိနေဆဲ ဖြစ်သော်လည်း အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA) ၏ စာရွက်၊ စာတမ်းများအရ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကြား၌ ထုတ်ဖော်၊ ပြောကြားခြင်း မရှိသော စာချုပ်ပြင်ဆင်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မည်သည့်အချက်ကို ပြင်ဆင်ခဲ့သည် သို့မဟုတ် အဆိုပါပြင်ဆင်မှုသည် တားမြစ်ဆေးအမှုနှင့် ဆက်စပ်မှု ရှိ၊ မရှိကို သက်ဆိုင်သူများအားလုံးက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။ သို့သော်ချယ်လ်ဆီးအသင်း၏ အတွင်းလူများကမူ အဓိကကျသည့် ပြောင်းလဲမှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း talkSPORT သို့ ပြောကြားခဲ့ပါသည်။



ချယ်လ်ဆီးအသင်းတွင် အခြားသော ကစားသမားများနည်းတူ မူဒရစ်ခ် တွင်လည်း ယခုကဲ့သို့သော ပြစ်မှုထင်ရှား၊ ပေါ်ပေါက်ပါက ကြီးမားသော အကျင့်ပျက်မှု (Gross misconduct) ဖြင့် စာချုပ်ဖျက်သိမ်းနိုင်သည့် ပြဋ္ဌာန်းချက်များ ရှိနေပါသည်။ အကယ်၍ မူဒရစ်ခ် မှာ အားကစားခုံရုံး (CAS) တွင် အယူခံရှုံးနိမ့်ခဲ့ပါက အသင်းအနေဖြင့် အဆိုပါနည်းလမ်းကို အသုံးပြုလိမ့်မည်ဟု သေချာပေါက် မပြောနိုင်သေးသော်လည်း အဆိုပါဆုံးဖြတ်ချက်မှာ အသင်းဘက်မှ လုပ်ဆောင်ပိုင်ခွင့်ရှိသော ဥပဒေကြောင်းအရ ရွေးချယ်စရာတစ်ခု ဖြစ်နေပါသည်။
အကယ်၍ ချယ်လ်ဆီးအသင်းက အဆိုပါလမ်းကြောင်းကို ရွေးချယ်ခဲ့ပါက မူဒရစ်ခ် အား (၁၄) ရက်ကြိုတင်ပြီး စာဖြင့်အကြောင်းကြားရန်သာ လိုအပ်ပါမည်။

ချယ်လ်ဆီးအသင်းတွင် အသုံးပြုနိုင်သော အခြားဥပဒေကြောင်းအရ နည်းလမ်းများလည်း ရှိနေပါသေးသည်။ သာဓကအားဖြင့် ရိုမေးနီးယား တိုက်စစ်မှူးဟောင်း အက်ဒရီယန် မူတူး အား တားမြစ်ဆေး စစ်ဆေးမှု မအောင်မြင်ခဲ့ပြီးနောက် နစ်နာကြေးအဖြစ် စတာလင်ပေါင် (၁၅.၂) သန်း ရရှိရန် အောင်မြင်စွာ တရားစွဲဆိုနိုင်ခဲ့ဖူးသည်။ သို့သော်သတင်းရင်းမြစ်များကမူ ယခုအချိန်တွင် အဆိုးရွားဆုံး အခြေအနေ (Doomsday scenario) များကို မတွေးတောကြရန် သတိပေးထားပါသည်။ ချယ်လ်ဆီးအသင်းမှာ ဥပဒေကြောင်းအရ လုပ်ငန်းစဉ်များနှင့် ယင်းနှင့်အတူ ပါရှိလာသည့် လျှို့ဝှက်ချက် ထိန်းသိမ်းမှုများ (confidentiality) ကို လေးစား၊ လိုက်နာနေသောကြောင့် ဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် မူဒရစ်ခ် မှာ ချယ်လ်ဆီးအသင်းအတွက် ပြန်လည် ကစားပေးနိုင်မည့် အခွင့်အရေး ရှိနေဆဲ ဖြစ်သလို၊ ပြန်လည်ကစားခွင့် ရရှိချိန်တွင် ရောင်းချနိုင်သော ကစားသမားတစ်ဦး (Sellable asset) အဖြစ်လည်း ရှိနေနိုင်ပါသည်။ ချယ်လ်ဆီးအသင်းအနေဖြင့် မူဒရစ်ခ် မှာ အသင်း၏အနာဂတ် စီမံကိန်းများတွင် ပါဝင်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ချက်တစ်ခု ချမှတ်သွားရမည်ဖြစ်ပါသည်။



ရှက်တာ ဒိုးနက်စ်အသင်းအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်လဲ..?

အကယ်၍ မူဒရစ်ခ် သည် ချယ်လ်ဆီးအသင်းအတွက် ထပ်မံကစားပေးနိုင်ခြင်း မရှိတော့ပါက အသင်းဟောင်း ရှက်တာ ဒိုးနက်စ် အတွက် သတင်းဆိုးတစ်ခု ဖြစ်လာပါလိမ့်မည်။ ရှက်တာ အသင်း၏ စီအီးအို ဆာဂျီ ပါကင် က မူဒရစ်ခ် အနေဖြင့် ချယ်လ်ဆီးကစားသမားဘဝကို ပြန်လည်မရရှိခဲ့ပါက အသင်းအနေဖြင့် ရရှိရန်ရှိသော အပိုဆုကြေး (Add-ons) ယူရိုသန်း (၃၀) စလုံးကို ဆုံးရှုံးရမည့် အခြေအနေတွင် ရှိနေကြောင်း ပြီးခဲ့သည့်အပါတ်က talkSPORT သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

မူဒရပ်ခ် ဘက်က ထုတ်ပြန်ချက် ထပ်မံပြုလုပ်ဖို့ ရှိနိုင်လား..?

ကစားသမားနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ မူဒရစ်ခ် မှာ အားကစားခုံရုံး (CAS) ၏ အယူခံ လုပ်ငန်းစဉ်များ မပြီးဆုံးမချင်း နောက်ထပ် ထုတ်ပြန်ချက် တစ်စုံတစ်ရာ ပြုလုပ်ဖွယ်မရှိကြောင်း သိရပါသည်။ မူဒရစ်ခ် မှာ ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက ချမှတ်ခံထားရသော ပြစ်ဒဏ်ကာလကို သိရှိထားပြီးဖြစ်ကြောင်း နားလည်ရပါသည်။

မူဒရစ်ခ် နှင့် နီးစပ်သူများကမူ သူ၏ကနဦးထုတ်ပြန်ချက်ကိုသာ ပြန်လည်ရည်ညွှန်းကြပါသည်။ မူဒရစ်ခ် ၏ ရပ်တည်ချက်မှာ ၎င်းအနေဖြင့် တားမြစ်ဆေးကို သိလျက်နှင့် သုံးစွဲခဲ့ခြင်းမရှိ ဆိုသည့်အချက်ပင်ဖြစ်ပြီး ယခုအခါတွင် အဆိုပါကိစ္စရပ်သည် ၎င်းဘက်မှအနိုင်ရရှိပြီး အဆုံးသတ်သွားရန်နှင့် လာမည့်ရာသီတွင် ပြန်လည်ကစားခွင့်ရရှိရန် မျှော်လင့်လျက်ရှိနေပါကြောင်း တင်ဆက်လိုက်ပါသည်။

(talkSPORT သတင်းဌာနမှ ဆောင်းပါးရှင် Ben Jacobs ၏ ‘Full breakdown on Mykhailo Mudryk’s four-year ban – what it means for Chelsea and £80m star’s future’ ဆောင်းပါးကို ဘာသာပြန်၊ တင်ဆက်ပါသည်..။)