feature-image

အင်္ဂလန်မြေက တာထွက်ခရီးအတွက် ချယ်လ်ဆီးကို ကျေးဇူးတင်နေတဲ့ ‘အက်စ်တီဗာအို’

အင်္ဂလန်နိုင်ငံရဲ့ ခါးသီး၊ ကြမ်းရှတဲ့ ဆောင်းရာသီဟာ နေရောင်ခြည်ဖြာပြီး နွေးထွေးတောက်ပနေတဲ့ ဘရာဇီးလ်နိုင်ငံ ဆောပိုလိုမြို့နဲ့ အလှမ်းဝေးကွာလှပါတယ်..။ ဒါပေမယ့် အဲဒီအခက်အခဲဟာ အက်စ်တီဗာအို ဝီလီယံ ရဲ့ ချယ်လ်ဆီးအသင်းအပေါ် ထားရှိတဲ့ သံယောဇဉ်ကို အဟန့်အတား မဖြစ်စေခဲ့ပါဘူး။ စတန်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိပြီး သူပြသနေတဲ့ ခြေစွမ်းတွေအရဆိုရင် လန်ဒန်မြို့ဟာ သူ့အတွက် အိမ်မှာနေရသလိုမျိုး အသားကျနေပြီဆိုတာ သိသာပါတယ်။

ချယ်လ်ဆီးပရိသတ်တွေရဲ့ကြားမှာ အက်စ်တီဗာအို ကို အသိအမှတ်ပြု၊ လူသိများသွားခဲ့တာ တစ်နှစ်တောင် မပြည့်သေးပါဘူး။ အဲ့ဒီအချိန်တုန်းက သူဟာ ပါးလ်မီးရက်စ် အသင်းရဲ့ အစိမ်းရောင်နဲ့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့တုန်းပဲ ရှိပါသေးတယ်..။

ကလပ်အသင်းများ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းကို သွင်းယူခဲ့တဲ့ ဘရာဇီးလ်လူငယ် တိုက်စစ်မှူးလေးရဲ့ဂိုးဟာ စတန်းဖို့ဒ် ဘရစ်ချ်ကို မပြောင်းရွှေ့ခင်ကတည်းက အသက် (၁၈) နှစ်အရွယ် လူငယ်လေးအပေါ် အပြာရောင်ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို ပိုမိုမြင့်တက်စေခဲ့ပါတယ်။ အခုအချိန်မှာတော့ သူဟာအနိုင်ဂိုးတွေအပြင် ပွဲရဲ့အလှည့်အပြောင်း အခိုက်အတန့်တွေကိုပါ ဖန်တီးပြသရင်း သူ့ရဲ့အရည်အချင်းကို သက်သေပြနေပြီ ဖြစ်ပါတယ်။



အခုဆိုရင် ချယ်လ်ဆီးပရိသတ်တွေဟာ သူ့နာမည်ကို အိမ်ကွင်းရော အဝေးကွင်းမှာပါ သံပြိုင်ဟစ်ကြွေး နေကြပါပြီ။ လီဗာပူးလ်အသင်းနဲ့ပွဲစဉ် နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့တဲ့အနိုင်ဂိုးနဲ့ ဘာစီလိုနာအသင်းဘက်ကို တစ်ကိုယ်တော် အစွမ်းအစနဲ့ သွင်းယူပေးခဲ့တဲ့ အံ့မခန်းဂိုးတွေဟာ အမှတ်ရစရာ စွမ်းဆောင်ရည်တွေထဲက အစိတ်အပိုင်းအချို့မျှသာ ဖြစ်ပါတယ်။

ဒါပေမယ့် အက်စ်တီဗာအို ကတော့ အဲဒီအခိုက်အတန့်တွေဟာ ချယ်လ်ဆီအသင်းရဲ့ သမိုင်းစာမျက်နှာပေါ်မှာ ရေးထိုးရမယ့် အစောပိုင်း အခန်းကဏ္ဍတွေပဲ ရှိနေသေးတယ်ဆိုတာ နားလည်ထားပါတယ်။ သူဟာဒီထက်မက တိုးတက်လာဖို့ လိုအပ်သေးတယ်ဆိုတာကိုရော၊ လက်ရှိအချိန်မှာ အရည်အချင်းတွေ ပိုမိုပြည့်ဝလာအောင် ပျိုးထောင်နေရဆဲ အဆင့်မှာပဲ ရှိနေသေးတယ်ဆိုတာကို သူကိုယ်တိုင် အသိအမှတ်ပြု၊ နားလည်ထားပါတယ်။

မိမိကိုယ်ကို အစဉ်တစိုက် တိုးတက်နေဖို့ လုပ်ဆောင်နေရတဲ့ များစွားလှသော အရာတွေထဲမှာ အဓိကအာရုံစိုက် သင်ယူနေရတဲ့ လုပ်ငန်းတစ်ခုကတော့ ‘အင်္ဂလိပ်စာ သင်ယူခြင်း’ ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာလည်း သူဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတစ်ယောက်အဖြစ် နေ့စဉ်နေ့တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။



“ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခွင့်ရခဲ့တာဟာ ကျွန်တော့်အတွက် တကယ့်ကို ကြီးမားတဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပါတယ်” လို့ သူကပြောပြပါတယ်။ “ကျွန်တော်တို့ အခုလိုအခွင့်အရေး ပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းကို အရမ်းကျေးဇူးတင်သလို ဒီမှာရှိနေရတာကိုလည်း အရမ်းပျော်ရွှင်ပါတယ်။

ကျွန်တော် ဆက်ပြီးတိုးတက်လာဖို့အတွက် လိုအပ်တဲ့အရာအားလုံးကို ချယ်လ်ဆီးအသင်းက ထောက်ပံ့ပေးထားပါတယ်။ နေ့စဉ်နေ့တိုင်းမှာ ကျွန်တော်ဟာ ပိုပြီးသန်မာလာတယ်၊ ဘောလုံးပညာ ကျွမ်းကျင်မှုတွေ ပိုပြီးကောင်းမွန်လာတယ်၊ လှုပ်ရှားမှုတွေ ပိုပြီးဖျတ်လတ်လာတယ်လို့ ခံစားရပါတယ်..။ အဲ့ဒါကြောင့်လည်း ကျွန်တော် အရမ်းပျော်နေတာပါ။

နေ့စဉ်နေ့တိုင်းမှာ အင်္ဂလိပ်စကား ပိုပြီးနားလည်လာပါတယ်။ အခုဆိုရင်တစ်ပါတ်တ်မှာနှစ်ကြိမ် သင်တန်းတက်ပြီး ကြိုးကြိုးစားစား သင်ယူနေရပါတယ်။ အခုဆိုရင် ကျွန်တော်ဟာ စကားစု အတိုလေးတွေနဲ့ စကားပြော လေ့ကျင့်ခန်းတွေ စတင်ပြုလုပ်နိုင်နေပြီ ဖြစ်တာကြောင့် အဲဒီတိုးတက်မှုဟာ ကျွန်တော့်အတွက် အထောက်အကူ အများကြီး ဖြစ်စေပါတယ်။”


အရမ်းကိုကွဲပြားခြားနားလှတဲ့ ကမ္ဘာ့ရဲ့တစ်ဖက်ခြမ်းကို ပြောင်းရွှေ့အခြေချပြီး ရာသီဥတုအသစ်၊ ယဉ်ကျေးမှုအသစ်တွေနဲ့ အသားကျအောင် ကြိုးစားရတာဟာ အသက် (၁၈) နှစ်အရွယ် လူငယ်တစ်ယောက်အတွက် တကယ့်ကို ခက်ခဲတဲ့ကိစ္စတစ်ခု ဖြစ်ပါလိမ့်မယ်။ အက်စ်တီဗာအို ဟာ အင်္ဂလန်က ဘဝသစ်မှာ အသားကျဖို့အတွက် စိန်ခေါ်မှုတွေ ရှိနေခဲ့ပါတယ်။



ဒါပေမယ့် ဘရာဇီးလ်လက်ရွေးစင် ကစားသမားလေးကတော့ အဲ့ဒီအခက်အခဲတိုင်းကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပါတယ်။ အဲဒီလိုအခက်အခဲတွေကို ကျော်လွှားပြီး စတန်းဖို့ဒ် ဘရစ်ချ်မှာ တောက်ပလာနိုင်အောင် သူ့ရဲ့မိသားစုက ဘယ်လောက်အထိ အရေးပါတဲ့နေရာကနေ ပံ့ပိုးပေးခဲ့လဲ? ဆိုတာကို သူကအလေးပေး ပြောကြားခဲ့ပါတယ်။

“အကြီးမားဆုံး စိန်ခေါ်မှုကတော့ ‘ရာသီဥတု’ ပဲဗျ..၊ ကျွန်တော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ နှင်းတွေကို ပထမဆုံးအကြိမ် မြင်ဖူးတာပါ..’ လို့ ရယ်မောရင်း ပြောပါတယ်။ ‘ဘရာဇီးလ်မှာကတော့ တစ်နှစ်ပတ်လုံးနီးပါး နေရောင်ခြည်ရပြီး ပူအိုက်နေတာဟာ ပုံမှန်ပါပဲ။ အဲ့ဒီမှာ ရာသီဥတုအေးတယ်ဆိုရင်တောင် ဒီက အပူဆုံးအချိန်နဲ့ ဘာမှမဆိုင်ပါဘူး။

ဆောင်းရာသီက တကယ်ကိုအေးပါတယ်..။ဘရာဇီးလ်နဲ့ အရမ်းကွဲပြားနေပေမယ့် အခုတော့ ကျွန်တော် ကျင့်သားရနေပါပြီ။ အဲဒီအချိန်တွေအတွင်းမှာ ကျွန်တော့်မိသားစုဟာ ကျွန်တော့်အတွက် အရမ်းအရေးပါခဲ့ပါတယ်။ ဥပမာ- ခရစ္စမတ်ပွဲတော်တုန်းက ကျွန်တော်ဟာ သူတို့နဲ့အတူ ရှိနေခဲ့ပါတယ်..။ အားလုံးအတူတူ ရှိနေကြတာဆိုတော့ တကယ်ကိုကောင်းမွန်တဲ့ အချိန်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။”

ချယ်လ်ဆီးအသင်းမှာ အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာ ချမှတ်နိုင်ခဲ့ပြီးနောက် အက်စ်တီဗာအို ဟာ အပြာရောင်ဝတ်စုံကို ဆင်မြန်းရင်း ဆက်လက်တောက်ပနေပါတယ်။ သူဟာအခုဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲလေးခုစလုံးမှာ (ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလားနဲ့ Carabao ဖလားပြိုင်ပွဲ) ဂိုးသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း သွင်းဂိုး (၇) ဂိုး ရရှိထားပါတယ်။



ဒါ့အပြင်အခုရာသီအစောပိုင်းမှာပဲ သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲထွက်ကစားခွင့်ရတဲ့ ပထမဆုံး (၃) ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက် ဆယ်ကျော်သက်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ကျန်တဲ့နှစ်ယောက်က အားလင်း ဟာလန်း နဲ့ ကိုင်လီယန် အမ်ဘတ်ပေး တို့ပဲ ဖြစ်ပါတယ်။

“ချန်ပီယံလိဂ် ဆိုတာ ကျွန်တော်အမြဲတမ်း စောင့်ကြည့်၊ အားပေးခဲ့ရတဲ့ ပြိုင်ပွဲမျိုးပါ။ ဒါကြောင့် ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်အင်္ကျီကိုဆင်မြန်းပြီး ဒီပြိုင်ပွဲမှာ ပါဝင်၊ ကစားခွင့်ရတာဟာ တကယ်ကို မယုံနိုင်စရာပါပဲ..” လို့ အက်စ်တီဗာအို က သူရဲ့ အမြဲတမ်းမြင်တွေ့နေကျ အပြုံးပန်းလေးနဲ့အတူ ပြောပြခဲ့ပါတယ်။ 

“သိပ်ကို ရင်ခုန်စရာကောင်းလှတဲ့ အခိုက်အတန့်တွေပေါ့ဗျာ..။ ဘာစီလိုနာ၊ လီဗာပူးလ်တို့လို အသင်းတွေနဲ့ပွဲက အမှတ်ရစရာ အခိုက်အတန့်တွေကို ကျွန်တော် အရမ်းသဘောကျပါတယ်။ အဲ့ဒီလို ပွဲကြီးပွဲကောင်းတွေက အဆုံးအဖြတ် အခိုက်အတန့်တွေကို ကျွန်တော် တကယ်ပဲ နှစ်သက်မိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲတွေမှာ ရရှိနိုင်သမျှ အမြင့်ဆုံးအဆင့်အထိ တက်လှမ်းသွားချင်ပါတယ်။”



အက်စ်တီဗာအို ကတော့ သူ့ရဲ့မိသားစုဝင်တွေအပြင် ချယ်လ်ဆီးအသင်းမှာ အမြန်ဆုံး အခြေကျသွားအောင် အထူးကူညီပေးခဲ့တဲ့ ကစားသမားနှစ်ဦးကို အသိအမှတ်ပြု ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ သူတို့တွေကတော့ ဂျာအို ပီဒရို နဲ့ အင်ဒရေ ဆန်းတို့စ် တို့ပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ ဘရာဇီးလ်လူငယ်ကစားသမားဘဝနဲ့ အင်္ဂလန်ကို ပြောင်းရွှေ့လာခဲ့ပြီး ချယ်လ်ဆီးအသင်းကြီးဆီ ရောက်ရှိလာဖို့ ကိုယ်ပိုင်ခရီးလမ်းကိုယ်စီ ဖြတ်သန်းခဲ့ကြသူတွေပါ။ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ရင်းနှီးပတ်သက်မှုတွေဟာ ကိုယ်ပိုင်ခရီးလမ်းကို စတင်လျှောက်လှမ်းနေတဲ့ အက်စ်တီဗာအို အတွက် တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ အကူအညီတွေ ဖြစ်ခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီကိုရောက်တဲ့ ကျွန်တော့်ရဲ့ ခရီးလမ်းမှာ သူတို့နှစ်ယောက်ဟာ အစိတ်အပိုင်း အတော်များများကနေ ပါဝင်ခဲ့ကြပါတယ်။ အခုအချိန်အထိ ကျွန်တော်ရရှိနေတဲ့ တိုးတက်မှုတွေမှာ သူတို့တွေရဲ့ ပံ့ပိုးမှုဟာ အင်မတန်မှ အရေးပါတဲ့နေရာက ပါဝင်နေပါတယ်..” လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ သုံးယောက်ဟာ ခွဲလို့မရအောင် ရင်းနှီးကြတယ်လို့ ပြောလို့ရပါတယ်။ သူတို့သာ မရှိဘူးဆိုရင် ဒီအသင်းမှာ အသားကျဖို့ အခုထက်အများကြီး ပိုခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပေါက် သိပါတယ်။ ဒါကြောင့် သူတို့ကို တကယ်ပဲ ကျေးဇူးတင်မိပါတယ်..။”

(ချယ်လ်ဆီးအသင်း Official Website မှ တင်ဆက်‌သော ‘Estevao Willian exclusive: 'I’m thankful to Chelsea for giving me everything I need’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)