အမေရိကန် လူငယ်ပါရမီရှင် ကစားသမား ခရစ်စ်တီယန် ပူလီဆစ် ရဲ့ ချယ်လ်ဆီးအသင်း အပြာရောင်ခရီးစဉ်ဟာ ထူးခြားမှုတွေ ရှိခဲ့တာကြောင့် အများရဲ့အာရုံစိုက်ခြင်းခံခဲ့ရပါတယ်..။ သူဟာပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေကို ပထမဆုံး ရောက်ရှိလာတဲ့ အမေရိကန် ကစားသမား (ဂိုးသမား မပါဝင်ပါ..) ဖြစ်သလို လက်ရှိအမေရိကန် လက်ရွေးစင်အသင်းကို ကျော်လွန်လို့ အမေရိကန် ဘောလုံးလောကအတွက် သူ့အပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေကြောင့် သူနဲ့ပတ်သက်တဲ့ မိနစ်တိုင်း၊ စက္ကန့်တိုင်း၊ လှုပ်ရှားမှုတိုင်းဟာ လိုအပ်တာထက်ပိုပြီး ပုံကြီးချဲ့ခံခဲ့ရပါတယ်..။
စတန်းဖို့ဒ် ဘရစ်ချ်မှာ အောင်မြင်မှုရရှိဖို့ သူ့အပေါ် ကျရောက်နေတဲ့ ဖိအားတွေ၊ ဆန္ဒစောမှုတွေ..၊ တွန်းအားပေးမှုတွေ အများကြီးရှိနေခဲ့ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်နိုင်ငံလို တိုင်းပြည်ကြီးတစ်ခုလုံးရဲ့ မျှော်လင့်ချက်ကြီးကို ထမ်းပိုးထားရတဲ့ ဖိအား၊ ဝန်ထုတ်ဝန်ပိုးကြီးဟာ မလွယ်ကူပါဘူး..။ ဒါ့ကြောင့်ပူလီဆစ် နဲ့ ပတ်သက်ရင် ကွင်းထဲမှာ တစ်မိနစ် ပါဝင်ခွင့်ရရင်လည်း တစ်မိနစ်အလျောက် အရေးကြီးသလို တစ်မိနစ် မကစားရရင်လည်း မကစားရတဲ့အလျှောက် မိုးမီးလောင်ပါတော့တယ်..။ သူ့ရဲ့အနေအထားဟာ ကျန်တဲ့အသင်းဖော် လူငယ်ကစားသမားတွေနဲ့ မတူပါဘူး..။
လက်ရှိချယ်လ်ဆီးအသင်းမှာ နောင်တစ်ချိန် အင်္ဂလန်အသင်းရဲ့ အနာဂတ် ဖြစ်လာနိုင်မယ့် လူငယ်ကစားသမားလေးတွေ ပါဝင်နေပေမယ့် သူတို့ရဲ့အနေအထားဟာ ပူလီဆစ် နဲ့ ကွာခြားပါတယ်..။ တကယ်လို့ မေဆန် မောင့် ဟာ ခြေစွမ်းကျဆင်းသွားပြီး မျှော်လင့်သလောက် ဖြစ်မလာခဲ့ဘူးဆိုရင်လည်း ဖီးလ် ဖိုဒန် ရှိတယ်..၊ ဂျိမ်းစ် မက်ဒီဆန် အသင့်ရှိနေပါတယ်..။ ကျန်တဲ့သူတွေလည်း အဲဒီလိုပါပဲ..။ ဒါပေမယ့် ပူလီဆစ် သာ ချယ်လ်ဆီးအသင်းမှာ နေရာမရနိုင်တော့ဘူး..၊ ခြေစွမ်းမပြနိုင်တော့ဘူးဆိုရင် အမေရိကန် အသင်းမှာ သူ့ရဲ့အရိုက်အရာကို ဆက်ခံနိုင်မယ့်သူ လောလောဆယ် မရှိသေးပါဘူး..။
တကယ်တော့ အဲဒီလို ဖိအားတွေကြောင့်မို့လည်း ခရစ်စ်တီယန် ပူလီဆစ် ရဲ့ ချယ်လ်ဆီးအသင်း တာတွက်ခရီးဟာ ရိုလာ ကိုစတာ စီးရသလို အတက်အကျ ကြမ်းတမ်းခဲ့ပါတယ်..။ လမ်းပတ် ဟာ ရာသီအစပိုင်း ပွဲစဉ်တွေမှာ သူ့ကိုပွဲထွက်လူစာရင်းထဲ ထည့်သွင်းခဲ့ပေမယ့် နောက်ပိုင်းမှာ အရန်ခုံကို ပို့လိုက်ပါတယ်..။ ချန်ပီယံလိဂ် ပွဲစဉ်တစ်ပွဲမှာဆိုရင် အသင်းရဲ့လူစာရင်းထဲမှာတောင် မထည့်ပဲ ချန်ထားခဲ့ပါတယ်..။ နိုင်ငံကြီးတစ်ခုရဲ့ ဘောလုံးလောကအတွက် အနာဂတ်မီးအိမ်ရှင်လေး အဖြစ် မျှော်လင့်ထားသူတစ်ယောက် လုံးဝကစားခွင့်မရတော့တဲ့ အနေအထားဟာ သူနဲ့သက်ဆိုင်တဲ့သူတွေရော..၊ အားပေးသူ ပရိသတ်များကိုပါ ခံစားရခက်ခဲစေခဲ့ပါတယ်..။
ဒါပေမယ့် အခုအချိန်မှာတော့ ပူလီဆစ် ဟာ ပွဲထွက်ခွင့် ရသင့်လား..? မရသင့်ဘူးလား..? အငြင်းပွားရမယ့်အချိန်ကုန်ဆုံးသွားခဲ့ပြီလို့ ပြောရမှာပါပဲ..။ ချယ်လ်ဆီးအသင်းရဲ့ နောက်ဆုံးသုံးပွဲဖြစ်တဲ့ ဆောက်ပ်သမ်တန်၊ နယူးကာဆယ်တို့နဲ့ အိုင်းယက်စ်အသင်း အဝေးကွင်းပွဲစဉ်တွေမှာ အသက် (၂၁) နှစ်သား တောင်ပံကစားသမားလေးဟာ အရန်ခုံကနေ ဝင်လာတိုင်း ပွဲရဲ့အနေအထားကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်..။ ဆောက်ပ်သမ်တန် အသင်းနဲ့ပွဲမှာ သူဝင်လာတဲ့အချိန်မှာ အနိုင်အရှုံး အဖြေပေါ်သလောက်နီးနီး ဖြစ်နေခဲ့ပြီ ဆိုပေမယ့် သူဟာနောက်တန်းကစားသမား သုံးယောက်ကို ဆွဲထုတ်၊ လှည့်စားပြီး မစ်ချီ ဘတ်ရှူအားယီ အတွက် လှလှပပ ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်..။
နယူးကာဆယ် အသင်းနဲ့ပွဲမှာ မေဆန် မောင့်အစား သူဝင်ရောက်လာတဲ့ မိနစ် (၆၀) အချိန်ထိ ချယ်လ်ဆီးအသင်းဟာ ဧည့်သည်အသင်းကို ထိုးဖောက်နိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်..။ ဒါပေမယ့် သူဝင်လာခဲ့ပြီး မိနစ်ပိုင်းလေးမှာပဲ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ရဲ့ကန်ချက် ကနေ အသင်းအတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုကို ရရှိခဲ့ပါတယ်..။ သိပ်မကြာပါဘူး.. ချယ်လ်ဆီးအသင်းဟာ လိုအပ်နေတဲ့ အနိုင်ဂိုးကို ရရှိသွားပါတော့တယ်..။ မှတ်တမ်းမှတ်ရာအရ မားကို့်စ် အလွန်ဆို သွင်းယူတယ်..၊ ဟတ်ဒ်ဆန် အိုဒွိုင်း က ဖန်တီးပေးခဲ့တယ် ဆိုပေမယ့် အဲဒီသွင်းဂိုးရဲ့ တိုက်စစ်လမ်းကြောင်းကို စတင်လာခဲ့တဲ့ ကစားသမားက ပူလီဆစ် ပါပဲ..။ ညာကြောအတိုင်း ဆွဲထုတ်လာပြီး နောက်ခံလူတွေ စုပြုံလာတဲ့အချိန် ဘယ်ဘက်အခြမ်းမှာ လွတ်နေတဲ့ ဟတ်ဒ်ဆန် အိုဒွိုင်း..၊ အလွန်ဆို တိ့ု့ဘက်ကို ထိုးပေးလိုက်ပါတယ်..။ တကယ်တော့ အဲဒီပွဲမှာ ပူလီဆစ် ဟာ သူကိုယ်တိုင် ဂိုးဖန်တီးမှု (assist) တစ်ကြိမ် ရသင့်ခဲ့ပေမယ့် တန်မီ အေဘရာဟမ် ရဲ့ အနီးကပ် ပိတ်သွင်းချက်ကို သူ့ရဲ့အမေရိကန် လက်ရွေးစင် အသင်းဖော် ဒီအန်းဒရေး ယက်ဒ်လင် က မယုံနိုင်လောက်အောင် ကာကွယ်သွားနိုင်ခဲ့ပါတယ်..။
နယူးကာဆယ် အသင်းဟာ သူ့ရဲ့အတိုးအလှုပ်၊ ရွေ့လျားမှုတွေကို မထိန်းနိုင်ခဲ့သလို အိုင်းယစ်အသင်းလည်း ထိုးနည်းတူပါပဲ..။ ဒါပေမယ့် နယူးကာဆယ်ပွဲနဲ့ မတူတာက ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ အိမ်ရှင်အသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်နေရပြီး အိုင်းယက်စ်အသင်းရဲ့ ဂိုးဧရိယာထဲကို မဝင်နိုင်သလောက်ပါပဲ..။ အဲဒီအခြေအနေဟာ ဝီလီယံ ရဲ့အစား ပူလီဆစ် ဝင်ရောက်လာခဲ့တဲ့အချိန်ကစပြီး လုံးဝပြောင်းလဲသွားခဲ့ပါတယ်..။ သူဝင်ကစားခွင့်ရခဲ့တဲ့ (၂၄) မိနစ်အတွင်း ပူလီဆစ် ဟာ အပိုင်ဂိုးသွင်းခွင့်နှစ်ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ပထမတစ်ကြိမ်မှာတော့ အိုင်းယက်စ်အသင်း နောက်ခံလူတွေကြားက သူ့ရဲ့ကန်သွင်းချက်ဟာ လူထိ၊ လမ်းကြောင်းပြောင်းပြီး မစ်ချီ ဘတ်ရှူအားယီ ဆီ ရောက်သွားပါတယ်..။ ဘယ်လ်ဂျီယမ် တိုက်စစ်မှူးဟာ တစ်ယောက်တည်း အနီးကပ် ကန်ခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်..။ ဒါပေမယ့် ဒုတိယအကြိမ်မှာတော့ မစ်ချီ ဘတ်ရှူအားယီ ဟာ အမှားအယွင်း မရှိတော့ပါဘူး..။
ပွဲချိန် (၈၆) မိနစ်မှာ ရရှိခဲ့တဲ့ အဆုံးအဖြတ် အနိုင်ဂိုးအတွက် သူ့ရဲ့အနိမ့်ဘော ဖြတ်တင်ပေးပို့မှုဟာ အလှပဆုံး မဟုတ်ခဲ့ပေမယ့် ပွဲချိန်တစ်လျှောက်လုံး ဝီလီယံ ဘာမှမလုပ်နိုင်ခဲ့တဲ့ စွမ်းဆောင်မှုကို ပြသခဲ့တာပါ..။ သူဟာဘယ်ကြောတစ်လျှောက် အိုင်းယက်စ်အသင်း ခံစစ်ကစားသမားတွေကို အလုပ်ရှုပ်စေခဲ့သလို အသင်းဖော်တွေအတွက် နေရာလွတ်တွေကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ အဲဒီအနိုင်ဂိုး ရရှိပြီးနောက်ပိုင်းမှာလည်း သူဟာအိုင်းယက်စ်အသင်း ခံစစ်ကြောင်းကို တောက်လျှောက်ဒုက္ခပေးနိုင်နေဆဲပါပဲ..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ အနိုင်ရလဒ်နဲ့ ချန်ပီယံ လိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ဖို့ အခြေအနေကောင်းတွေ ရရှိသွားခြင်းမှာ ပူလီဆစ် ရဲ့ ပံ့ပိုးမှု အထူးအရေးပါခဲ့ပါတယ်.။ ဒါ့ကြောင့်အဲဒီပွဲအပြီးမှာ နည်းပြ ဖရန့် လမ်းပတ် က အမေရိကန် လူငယ်လေးရဲ့ ခြေစွမ်းအပေါ် အခုလို ချီးကျူးပြောဆိုခဲ့ပါတယ်..။
“ဒီနေ့အနိုင်ပွဲအတွက် ခရစ်စ်တီယန် ကို အထူးချီးကျူးရမှာပါ..။ ဘာဖြစ်လို့လဲဆိုတော့ သူဟာကွင်းထဲကို ရောက်လာပြီးတဲ့နောက် တစ်ချိန်လုံး မနားတမ်း ထိုးဖောက်နိုင်ခဲ့သလို ဂိုးဖန်တီးပေးနိုင်တယ်ဆိုတာ ကိုယ်တိုင်ဂိုးသွင်းသလို အရေးပါပါတယ်..။ ဒါ့အပြင် လူစားဝင်လာတဲ့ ကစားသမားတွေက အခုလိုဂိုးတွေ သွင်းပေးခဲ့တဲ့အပေါ် ကျွန်တော်အရမ်းကျေနပ်မိပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ အပါတ်စဉ်တိုင်း ဒီအသင်းသားတွေကိုပဲ အမြဲတမ်း ပွဲထုတ်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး..။
ပူလီဆစ် နဲ့ ပတ်သက်ပြီး အပြင်မှာ ပြောဆိုနေကြတာတွေကို ကျွန်တော်လုံးဝနားမထောင်ပါဘူး..။ တတ်နိုင်သမျှ နားပိတ်နေနိုင်ဖို့ ကြိုးစားပါတယ်..။ သူနဲ့ပတ်သက်ပြီး ပြောဆိုနေကြတာတွေ အများကြီးပါပဲ..။ သူ့မှာအရည်အချင်းရှိတာ ကျွန်တော်နားလည်ပါတယ်..။ ဒါ့အပြင် သူဟာလူငယ် ကစားသမားလေးတစ်ယောက်ပဲ ဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာရတဲ့ ဖိအားဟာ ကြီးမားပါတယ်..။ ဒါ့ကြောင့်သူ့အနေနဲ့ ကျွန်တော်သူ့ဆီကနေ ဘယ်လိုပုံစံ ကစားဟန်မျိုး အလိုရှိတယ်..၊ ပရီးမီးယားလိဂ် ရဲ့ အထာ.. စတာတွေကို သင်ယူရပါဦးမယ်..။ ဒါ့ကြောင့်သူ့ရဲ့ခရီးလမ်းကြောင်းဟာ လွယ်ကူတဲ့ ခရီးတစ်ခုတော့ မဟုတ်ပါဘူး..။ ကျွန်တော်ကတော့ စိတ်ရှည်ရှည်နဲ့ ရေရှည်အနာဂတ်အတွက်ကိုပဲ စဉ်းစားထားပါတယ်..။”
ဖရန့် ပြောသွားတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်က ပူလီဆစ် နဲ့ ပတ်သက်ပြီး ‘ပြောဆိုနေကြတာတွေ အများကြီးပါပဲ..’ လို့ ဝန်ခံသွားလိုက်ခြင်းပါ..။ ဒါတောင် အမှန်တကယ် သူရင်ဆိုင်နေခဲ့ရတဲ့ ဝေဖန်မှုတွေအပေါ် လျော့လျော့ပေါ့ပေါ့ ပြောဆိုလိုက်ခြင်းပါ..။ ဒါ့ကြောင့် ပူလီဆစ်.. ပါရေး၊ မပါရေး ငြင်းခုန်မှုတွေဟာ အမှန်တကယ် အရေးကြီးတဲ့ လိုအပ်ချက်အပေါ် အာရုံစိုက်ဖို့ မေ့သွားမှာတောင် ကြောက်လာရပါတယ်..။ ဒါကတော့ ‘ကွင်းထဲက သူ့ရဲ့စွမ်းဆောင်ရည်’ ပဲ ဖြစ်ပါတယ်..။
လီဗာပူးလ် အသင်းနဲ့ စူပါဖလား ပွဲစဉ်မှာ လှလှပပ သွင်းယူခဲ့တဲ့ဂိုး (လူကျွံဘောကြောင့် ပယ်ဖျက်ခံခဲ့ရ) ကလွဲရင် လွန်ခဲ့တဲ့လ နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်မီအထိ ချယ်လ်ဆီးအသင်းမှာ သူဟာရုန်းကန်နေခဲ့ရပါတယ်..။ ဒါဟာလည်း အံ့သြစရာတော့ မဟုတ်ပါဘူး..။ ပထမဆုံးအနေနဲ့ သူဟာကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာသော်ငြား ဖရန့် လမ်းပတ် က သူ့ကိုလူငယ် ပြုပြင်ရေး လမ်းစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ပဲ သဘောထားပါတယ်..။ အသက်အရွယ်အရဆိုရင် သူဟာအေဘရာဟမ်..၊ ဖီကာရို တိုမိုရီ တို့ထက်ငယ်ပြီး မေဆန် မောင့် ထက် လပိုင်းကြီးပါတယ်..။ ဒါ့ကြောင့်သူနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်၊ ဆန္ဒဇောတွေကို အချိန်ကာလတစ်ခုထိ ဆွဲဆန့်ထားတာဟာ ပိုပြီးသဘာဝကျပါလိမ့်မယ်..။
ဒါပေမယ့် ပူလီဆစ် ဟာ သူ့အပေါ် ထားရှိနေကြတဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေကို ပြည့်မှီမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး..။ အထူးသဖြင့် လက်ရှိပြသနေတဲ့ ခြေစွမ်းနဲ့ သူ့ရဲ့ပံ့ပိုးမှု..၊ ပွဲအဖြေကို ပြောင်းလဲနိုင်စွမ်းတွေကြောင့် အဲဒီကာလဟာ မျှော်မှန်းထားတာထက်တောင် နီးကပ်လာဦးမယ့် အလားအလာပါပဲ..။ အခုလက်ရှိအချိန်မှာ သူ့ရဲ့ခြေစွမ်းနဲ့ စွမ်းဆောင်ရည်တွေဟာ တိုးတက်နေသလို ဆက်လက်ပြီးတော့လည်း တိုးတက်ဦးမယ့် တက်ရိပ်တွေ ရှိနေပါသေးတယ်..။ ဒါ့အပြင် သူဟာချယ်လ်ဆီးအသင်းရဲ့ အရေးပါတဲ့ အနိုင်ပွဲတွေမှာ အဓိကကစားသမား တစ်ယောက်အဖြစ် ပါဝင်လာဦးမယ့် အရိပ်အရောင်တွေလည်း ပြသနေပါပြီ..။ ဒါ့ကြောင့်အခုလက်ရှိ ပြသနေတဲ့ ခြေစွမ်း၊ လုပ်အားနှုန်းနဲ့ ကြိုးစားအားထုတ်မှုတွေအတိုင်း ရှေဆက်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းကို ရောက်စ…၊ အပြာရောင်တွေနဲ့ လက်တွဲစအချိန်က တိမ်မဲညိုရိပ်တွေဟာ အလျှင်အမြန်ပဲ လွင့်ပါးပျောက်ကွယ်သွားတော့မှာ ဖြစ်တဲ့အကြောင်း တင်ဆက်ပေးလိုက်ပါတယ်..။
#FRANK
(SBNations မှ ဆောင်းပါးရှင် Graham MacAree ၏ ‘Let’s stop panicking about Christian Pulisic’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)