feature-image

MOTD X မှ ဖီကာရို တိုမိုရီ Vs FIFA 20

BBC သတင်းဌာန၏ Match of the Day X အစီအစဉ်အဖြစ် အစီအစဉ် တင်ဆက်သူ ခရိတ်ခ် မစ်ချ် က မေဆန် မောင့်..၊ ဖီကာရို တိုမိုရီ တို့နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု ပြုလုပ်ခဲ့သည်..။ အဆိုပါတွေ့ဆုံ မေးမြန်းခန်းတွင် EA Sports ကုမ္ပဏီမှ ထုတ်လုပ်သော နာမည်ကျော် FIFA 20 ဗွီဒီယိုဂိမ်း ကစားနည်းတွင် ပါဝင်ခဲ့သည့် ကစားသမားများ၏ အချက်အလက်များနှင့် ပတ်သက်ပြီး ဖီကာရို တိုမိုရီ..၊ မေဆန် မောင့် နှင့် နည်းပြဖရန့် လမ်းပတ် တို့၏ တုံ့ပြန်ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်..။



ခရိတ်ခ် မစ်ချ် - FIFA.. မကြာသေးခင်က ဈေးကွက်ထဲကို ဖြန့်ချီခဲ့တဲ့ FIFA 20 ဗွီဒီယိုဂိမ်းအပေါ် လူတိုင်းလိုလို စိတ်ဝင်တစား ပြောဆိုနေကြပါတယ်..။ အဲဒီဂိမ်းမှာ ထည့်သွင်းထားတဲ့ ခင်ဗျားတို့နဲ့ ပတ်သက်တဲ့ စွမ်းဆောင်ရည် အချက်အလက် (stats) တွေကို ကြည့်မိသေးလားဗျ..? ဖီကာရို.. ခင်ဗျားကို ကြည့်ရတာ သိပ်ပြီးကျေနပ်ပုံ မရဘူး..။ ဟုတ်ရဲ့လားဗျ..

ဖီကာရို တိုမိုရီ - ကျွန်တော့်ရဲ့ အချက်အလက်တွေကို ကြည့်ပြီးပါပြီ..။

မေဆန် မောင့် - လုပ်ပါဦး.. ဂိမ်းထဲမှာပေးထားတဲ့ မင်းရဲ့အမြန်နှုန်း (pace) အပေါ်…

ခရိတ်ခ် မစ်ချ် - ဖီကာရို .. ခင်ဗျားရဲ့ pace ကို ဘယ်လောက်ပေးထားလဲ…



ဖီကာရို တိုမိုရီ - ကျွန်တော့်ရဲ့ pace ကို ‘80’ ပဲ ပေးထားတယ်ဗျာ..။ အဲဒီအပေါ်မှာတော့ သဘောမကျမိပေမယ့် ယေဘူယျအားဖြင့် ကျွန်တော့်အနေနဲ့ သူတို့ပေးထားတဲ့ သတ်မှတ်ချက်တွေ (rating) အပေါ် မကျေနပ်စရာ မရှိပါဘူး..။ ဒါပေမယ့် မှတ်မိသလောက် အပြင်မှာ ကျွန်တော့်ထက် နှေးတဲ့သူတစ်ချို့ဟာ အဲဒီဂိမ်းထဲမှာ ကျွန်တော့်ထက် ပိုပြီးမြန်နေတယ်ဗျ.. ဟားဟား.. အဲဒီအချက်ကတော့ စိတ်ပျက်စရာပါပဲ..

အဲ… ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ ပတ်သက်ပြီးလို့က ပြောစရာရှိပါတယ်..။ သူ့ရဲ့ pace ကို ‘85’ ပေးထားတယ်ဗျာ..၊ အဲဒါလည်းမြင်မိရော.. ဒေါသထွက်မိတာပေါ့..၊ တကယ်တမ်းဆိုရင် ကျွန်တော်က သူ့ထက်ပိုပြီး မြန်ပါတယ်..။ တကယ်ပြောတာ…





မေဆန် မောင့် - ဟုတ်တယ်ဗျ..။ ကျွန်တော်ဆိုရင် pace အပိုင်းမှာတော့ ဖီကာရို ကို ထိပ်ဆုံးမှာ ပေးပါမယ်..၊ ကျွန်တော်တို့အသင်းမှာ ဆိုရင်လည်း သူကအမြန်ဆုံးပါ..။

အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် မေဆန် မောင့် ကလည်း တိုမိုရီ မှာ သူတို့အသင်းတွင် အမြန်ဆုံး ကစားသမားဖြစ်ကြောင်း ထောက်ခံပြောသွားခဲ့သည်..။ ဖီကာရို တိုမိုရီ ၏ ပြောကြားချက်အပေါ် မူတည်ပြီး ဝက်ဒ်ဖို့ဒ်အသင်းနှင့်ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက နည်းပြ ဖရန့် လမ်းပတ် အား မေးမြန်းခဲ့ရာ ယခုလိုတုံ့ပြန်ဖြေကြားခဲ့သည်..။



မေး - တိုမိုရီ ဟာ FIFA ဂိမ်းထဲမှာ သူ့ကိုပေးထားတဲ့ စွမ်းဆောင်ရည် အချက်အလက်တွေပေါ်မှာ စိတ်ပျက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်..။ သူကဟတ်ဒ်ဆန် အိုဒွိုင်း ထက် ပိုပြီးမြန်တယ်ဆိုတာ ဟုတ်ရဲ့လားဗျ..?

ဖရန့် လမ်းပတ် - တိုမိုရီ ဟာ တကယ့်ကို လျှင်မြန်တဲ့ ကစားသမားတစ်ယောက်ပါ..။ ခင်ဗျားရဲ့မေးခွန်းကို ကျွန်တော်ဖြေရှင်းပေးနိုင်မလား… သိပ်တော့မသေချာဘူးဗျ..။ ကျွန်တော် (၃၇) နှစ်အရွယ်မှာတုန်းက FIFA ရဲ့ Cards တွေ ရပါတယ်..။ အဲဒီထဲမှာလည်း ကျွန်တော့်ရဲ့ pace ကို ‘35’ ပဲ ပေးထားတယ်… ကျွန်တော့်ရဲ့အသက်ထက်တောင် ပိုပြီးနှေးနေသေးတယ်.. ဟားဟား..။ မထူးဆန်းဘူးလား..။ ဒါ့ကြောင့်ကျွန်တော်ကတော့ ဂိမ်းထဲမှာ သူတို့တွေရဲ့ သတ်မှတ်ချက်တွေဟာ တကယ့်ပကတိ အမှန်တရားကို ကိုယ်စားပြုရဲ့လားဆိုတာ ပြောရခက်ပါတယ်..။ တိုမိုရီ လည်း ဒီအတိုင်းပဲ ဖြစ်ရမှာပါ..။ ဒါ့ကြောင့်သူ့အနေနဲ့ အခုပြီးခဲ့တဲ့ပွဲတွေအတိုင်း သူ့ရဲ့အမြန်နှုန်းကို ပွဲစဉ်တိုင်းမှာ သက်သေပြနိုင်အောင် ကြိုးစားသင့်ပါတယ်..။

မေး - ဒါဆိုရင် သူက ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ထက် တကယ်ပိုပြီး မြန်တာပေါ့…

ဖရန့် လမ်းပတ် - ရပါပြီ… အဲဒီအငြင်းအခုန်ထဲမှာ ကျွန်တော့်ကို ဆွဲမထည့်ပါနဲ့… ကျွန်တော်မပါပါဘူး.. ဟားဟား..