feature-image

ဝေဖန်မှုတွေကြားက ရုန်းထွက်လာခဲ့ကြတဲ့ ဂျော်ဂင်ဟို နဲ့ ကိုဗာဆစ်

အခက်အခဲများကို ကျော်ဖြတ်ပြီး လက်ရှိအချိန်မှာ ပုံစံကောင်း၊ ရလဒ်ကောင်းများနဲ့ ဟန်မပျက် ချီတက်နေတဲ့ နည်းပြ ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်း… ဆိုလိုက်တာနဲ့ လူတွေရဲ့ခေါင်းထဲမှာ အရင်ဆုံးရောက်လာတာက တန်မီ အေဘရာဟမ် (သို့မဟုတ်) ဒီဒီယာ ဒရော့ဘာ version 2.0..၊ ခရစ်စ်တီယန် ပူလီဆစ် (သို့မဟုတ်) Captain America..၊ လူငယ်ပါရမီရှင် ကွင်းလယ်ကစားသမား ‘မေဆန် မောင့်’ နဲ့ အဌားချထားဖို့ စီစဉ်ထားပြီးမှ မမျှော်လင့်ပဲ အစွမ်းကုန် တောက်ပနေတဲ့ လူငယ် ဗဟိုနောက်ခံလူ ‘ဖီကာရို တိုမိုရီ’ (သို့မဟုတ်) The Monster တို့ကိုပဲ အရင်ဆုံး ခေါင်းထဲပြေးပြီး မြင်မိကြပါလိမ့်မယ်..။

ဒါပေမယ့် ဖရန့် လမ်းပတ် ရဲ့ အသွင်သစ် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်အင်ဂျင်စက်ကြီးကို အတိုင်အဖောက်ညီညီ မောင်းနှင်နေတဲ့ ကစားသမားနှစ်ယောက်ကတော့ ဝုန်းကနဲ တောက်ပလာတဲ့ လူငယ်ကစားသမားလေးတွေလို အများရဲ့အာရုံစိုက်ခြင်းကို စောစောစီးစီး မခံခဲ့ရပါဘူး..။ ဒါ့အပြင် သူတို့နှစ်ယောက်ဟာ အပြာရောင်တွေနဲ့ ဗွေဆော်ဦး အဖွင့်ရာသီမှာ ပရိသတ်တွေရဲ့ အဝေဖန်ခံခဲ့ရသော်ငြား အခုအချိန်မှာတော့ လူတကာရဲ့ ပါးစပ်ဖျားမှာ တဖြည်းဖြည်းနဲ့ ရေပန်းစားလို့ လာပါပြီ..။ ဟုတ်ပါတယ်.. အခုအချိန်ဟာ ‘ဂျော်ဂင်ဟို’ နဲ့ ‘မက်တီယို ကိုဗာဆစ်’ ဆိုတဲ့ ကန့်လန်ကာ နောက်ကွယ်ကနေ ထိန်းကျောင်း မောင်းနှင်နေတဲ့ သူတို့နှစ်ယောက်ရဲ့ တောက်ပလာတဲ့ကာလလို့ ပြောရမှာပါ…။



သူတို့နှစ်ယောက်စလုံးဟာ အနောက်လန်ဒန်အသင်းကို ၂၀၁၈ ခုနှစ်နွေရာသီ ကာလမှာ ရောက်ရှိလာခဲ့ပါတယ်..။ အီတလီ နည်းပြ မော်ရစ်စ်ဇီယို ဆာရီ ဟာ ဂျော်ဂင်ဟို ကို နာပိုလီအသင်းကနေ သူနဲ့အတူတူ ခေါ်ဆောင်လာခဲ့ပြီး နောက်ထပ်လိုအပ်နေတဲ့ ကွင်းလယ်က ကွက်လပ်တစ်နေရာအတွက် ရီးရဲလ် မက်ဒရစ်အသင်းက ခရိုအေးရှား ကွင်းလယ်ကစားသမား မက်တီယို ကိုဗာဆစ် ကို တစ်ရာသီအဌားစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်..။

ဂျော်ဂင်ဟို ဟာ နည်းပြ ဆာရီ ရဲ့၄- ၃- ၃ ကစားကွက်မှာ ‘deep lying playmaker’ (သို့မဟုတ်) ‘registra’ နေရာကနေ အသင်းရဲ့ကစားကွက်ကို ထိန်းကျောင်းခဲ့ပြီး ရာသီအဖွင့်လှပခဲ့ပါတယ်..။ ဒါပေမယ့် ပရီးမီးယားလိဂ် အသင်းများဟာ အီတလီနည်းပြကြီးရဲ့ ကစားကွက်ကို ရိပ်စားမိလာခဲ့ပြီး နောက်ပိုင်းမှာတော့ ဂျော်ဂင်ဟို ကို ဘောလုံးမကိုင်နိုင်အောင် ကွင်းလယ်မှာတင် ပိတ်ဆို့ပြီး အကျပ်ဆော့ချိန်မှာ သူဟာတဖြည်းဖြည်း မှိန်ဖျော့လာခဲ့ရပါတယ်..။ အဲဒီအချိန်မှာ အပြာရောင်ပရိသတ်တွေဟာ ကွင်းလယ်ဖန်တီးရှင် တစ်ဦး..၊ အသင်းရဲ့ကစားကွက်ကို ထိန်းကျောင်းနေသူတစ်ဦးအဖြစ် မမြင်တော့ပဲ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်တဲ့ ‘အန်ဂိုလို ကန်တေး’ ရဲ့ နေရာကို လုယူတဲ့သူ တစ်ဦးအဖြစ်သာ ရှုမြင်လာခဲ့ကြပါတယ်..။ ဒီနောက်ပိုင်းမှာ ဆိုးရွားတဲ့ ရလဒ်တစ်ချို့နဲ့အတူ နည်းပြဆာရီ ရဲ့ ခေါင်းမာမှုကြောင့် ပရိသတ်တွေရဲ့ ဒေါသအမျက်သင့်ချိန်မှာတော့ ဆာရီ ရဲ့သားအဖြစ် ရှုမြင်ခံနေရသူ ဂျော်ဂင်ဟို လည်း စက်ကွင်းမလွတ်ခဲ့ပါဘူး..။




အလားတူပါပဲ.. ကိုဗာဆစ် ဟာလည်း သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ရာသီကို မေ့ပျောက်ချင်စိတ် ရှိနေခဲ့မှာပါ..။ ခရိုအေးရှား ကွင်းလယ်ကစားသမားဟာ ကွင်းလယ်အထိုင် သုံးယောက်တန်းမှာ ‘No. 8’ နေရာကနေ ပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာတင် (၃၂) ပွဲကစားခဲ့ရပေမယ့် ဂိုးဖန်တီးမှု (assists) (၃) ကြိမ်၊ ဂိုးကန်သွင်းမှု (shot on target) (၄) ကြိမ်သာ ရရှိခဲ့တာကြောင့် ‘ဆီမထွက်တဲ့ နှမ်းတစ်စေ့ (nothing player)’ အဖြစ် ကင်မွန်းတပ်ခံခဲ့ရပါတယ်..။ ဒါ့ကြောင့်အပြောင်းအရွှေ့ ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်ကြောင့် ကစားသမားသစ် ခေါ်ယူခွင့် မရခဲ့တဲ့အချိန် တစ်ဦးတည်းသော ခေါ်ယူနိုင်ခွင့်ရှိနေတဲ့သူ့ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၄၀) ပေးပြီး ခေါ်ယူမှုကို သဘောမကျခဲ့တဲ့သူ ပိုမိုများပြားခဲ့ပါတယ်..။

ကွင်းတွင်း၊ ကွင်းပြင်ပ အခက်အခဲပေါင်းစုံနဲ့ စတင်ခဲ့တဲ့ နည်းပြ ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်းဟာ စက်တင်ဘာလကုန်ပိုင်းလောက်က စတင်ပြီးလမ်းကြောင်းမှန်ပေါ် ရောက်ရှိလာခဲ့ပါတယ်.။ (၇) ပွဲဆက်တိုက် နိုင်ပွဲရလဒ်နဲ့အတူ ပရီးမီးယား လိဂ်ပြိုင်ပွဲ အမှတ်ပေးဇယားမှာ အဆင့် (၄) နေရာကို တက်လှမ်းနိုင်ခဲ့ပြီး  ချန်ပီယံ လိဂ်ပြိုင်ပွဲ မှာလည်း လိုင်လီ၊ အိုင်းယက်စ်အသင်းတွေကို အဝေးကွင်းမှာ ဆက်တိုက် အနိုင်ရခဲ့တာကြောင့် အုပ်စု (H) ရဲ့ အုပ်စုဗိုလ်နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်..။ အဲဒီလို မြန်မြန်ဆန်ဆန် ဦးမော့နိုင်ခဲ့တဲ့နေရာမှာ လူငယ်တွေအပေါ် ယုံကြည်မှု အပြည့်ပေးခဲ့တဲ့ ဖရန့် လမ်းပတ်..၊ အီဒင် ဟာဇက် နဲ့ ဒဏ်ရာကြောင့် မပါဝင်နိုင်ကြတဲ့ ဝါရင့်ကစားသမားတွေရဲ့ နေရာကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ လူငယ်ကစားသမားတွေအပေါ် ချီးကျူးဂုဏ်ပြုမှုတွေ များပြားနေခဲ့ပေမယ့် ကွင်းလယ်ကနေ အသင်းကို အကောင်းဆုံး ထိန်းကျောင်းနေခဲ့တဲ့ သူတို့နှစ်ယောက်ကို ချန်ထားခဲ့လို့ မရနိုင်ပါဘူး..။




ချယ်လ်ဆီးအသင်း ပရိသတ်တွေဟာလည်း အီတလီကွင်းလယ် ဖန်တီးရှင်ရဲ့ ပြောင်းလဲလာတဲ့ ကစားဟန်..၊ ပိုမိုမာကျောလာတဲ့ စိတ်ဓါတ်နဲ့ ပေးဆပ်မှုတွေကြောင့် ယခင်ကလို ခါးသီးမှုတွေ မရှိတော့ပဲ လိုုက်လှိုက်လှဲလှဲ အားပေးလာကြပါတယ်..။ အထူးသဖြင့် သူ့နဲ့ပတ်သက်တဲ့ စွမ်းဆောင်ရည် အချက်အလက်များကို မနှစ်က ဘောလုံးရာသီက စွမ်းဆောင်ရည်နဲ့ ချိန်ထိုး၊ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြောင်းလဲလာတဲ့ သူ့ရဲ့ကစားဟန်၊ နေရာယူမှုတွေကိုသာမက နည်းပြဖရန့် လမ်းပတ် ရဲ့ ပြောင်းလဲလိုက်တဲ့ ကစားဟန်ကိုပါ ထင်ဟပ်ပြသနေတာ တွေ့ရှိရမှာပါ..။

ဂျော်ဂင်ဟို ဟာ မနှစ်ကဘောလုံးရာသီမှာ အဝေးဘော ပေးပို့မှု (long pass) တစ်ပွဲကို ပျမ်းမျှ (၂.၈) ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ တစ်ပွဲကို long pass (၄.၄) ကြိမ်အထိ တိုးတက် ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်..။ ဒါ့အပြင် ထိရောက်တဲ့ ပေးပို့မှု (key pass) အပိုင်းမှာ မနှစ်တုန်းက တစ်ပွဲကို ပျမ်းမျှ (ဝ.၈) ကြိမ်ကနေ အခုနှစ်မှာ (၁.၁) ကြိမ်၊ ဘောလုံးနဲ့အတူ ဆွဲပြေးမှု (dribbling) အပိုင်းမှာ မနှစ်တုန်းက တစ်ပွဲကို ပျမ်းမျှ (ဝ.၄) ကြိမ်ကနေ အခုနှစ်မှာ တစ်ပွဲကို (ဝ.၆) ကြိမ် တိုးတက်ပြုလုပ်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ပေးပို့မှု အောင်မြင်မှု ရာခိုင်နှုန်း (pass success percentage) မှာတော့ မနှစ်က ဘောလုံးရာသီမှာ ပေးပို့စုစုပေါင်းရဲ့ (၈၉.၃%) ရာခိုင်နှုန်း အောင်မြင်ခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ (၈၈.၄%) ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ပါတယ်..။

ဒါ့ကြောင့်အသက် (၂၇) နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ရဲ့ စွမ်းဆောင်ရည် အချက်အလက်များဟာ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေး ထိန်းချုပ်ခဲ့တဲ့ နည်းပြဆာရီ ရဲ့ ကစားဟန်ကနေ ခွဲထွက်လာခဲ့တဲ့ ဖရန့် လမ်းပတ် ရဲ့ ဘောလုံးဆုံးရှုံးမှာကို မကြောက်ပဲ ရဲရဲဝံ့ဝံ့ တိုက်စစ်ဆင်ကစားတဲ့ဟန်ကို ကိုယ်စားပြုနေတာ တွေ့ရှိရမှာ ဖြစ်ပါတယ်..။

ဒါ့အပြင် အန်ဂိုလို ကန်တေး ဟာ ဒဏ်ရာပြသနာကြောင့် ဒီနှစ်ရာသီရဲ့ ပွဲစဉ်အတော်များများကို မပါဝင်နိုင်ပဲ ရှိနေခဲ့ချိန်မှာ ခံစစ်ပိုင်းအားနည်းတယ်လို့ ယူဆနေကြတဲ့ ဂျော်ဂင်ဟို ရဲ့ ခံစစ်ကူညီနိုင်မှုအပိုင်းကို စိုးရိမ်ခဲ့ကြပါတယ်..။ ဒါပေမယ့် ပွဲစဉ် (၁၁) ပွဲ ပြီးဆုံးသွားချိန်မှာတော့ ဂျော်ဂင်ဟို ဟာ ဖျက်ထုတ်မှု (tackles) စုစုပေါင်း (၂၇) ကြိမ်၊ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှု (interceptions) စုစုပေါင်း (၂၄) ကြိမ်နဲ့ ချယ်လ်ဆီးကစားသမားတွေထဲမှာ ခံစစ်ပိုင်း စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမား ဖြစ်နေပါတယ်..။ ဒါ့အပြင် အောက်ပါပုံမှာ ဂျော်ဂင်ဟို ရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်ကို လီဗာပူးလ်အသင်းက ဖာဘင်ဟို နဲ့ မန်ချက်စတာ စီးတီးအသင်းက ရော်ဒရီ တို့ရဲ့ စွမ်းဆောင်ရည်ချင်း နှိုင်းယှဉ်ပြသပေးထားပါတယ်..။



နည်းပြဖရန့် လမ်းပတ် ဟာ ၄- ၃- ၃ ကစားကွက်..၊ ၃- ၄- ၃ ကစားကွက်..၊ ၄- ၂- ၃- ၁ ကစားကွက်တွေကို ပြောင်းလဲကစားပေမယ့် ဂျော်ဂင်ဟို ကတော့ အဓိကကွင်းလယ် ကစားသမားအနေနဲ့ ပွဲထွက်နေရာတစ်နေရာ အခိုင်အမာ ရရှိထားသလို နိုင်လိုစိတ် ပြင်းပြပြီး အသင်းသားတွေကို ဦးဆောင်နိုင်တဲ့ အရည်အချင်းနဲ့လည်း ပြည့်စုံတာကြောင့်အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား ရဲ့ လက်ထောက်အသင်းခေါင်းဆောင် အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်..။ ဒါ့အပြင်ဖရန့် လမ်းပတ် က သူ့ကို ကွင်းတွင်း၊ ကွင်းပြင်ပမှာပါ အသင်းကို ဦးဆောင်မောင်းနှင်နေသူ တစ်ယောက်ဖြစ်တယ်လို့ ထုတ်ဖော် ချီးကျူးခဲ့ပါတယ်..။

ဂျော်ဂင်ဟို နဲ့အတူ အပြာရောင်တွေရဲ့ ကွင်းလယ်ကစားကွက်ကို မောင်းနှင်နေရင်း ချယ်လ်ဆီးပရိသတ်တွေကြားမှာ တဖြည်းဖြည်း လူကြိုက်များလာခဲ့တဲ့သူ နောက်တစ်ယောက်ကတော့ ‘မက်တီယို ကိုဗာဆစ်’ ပါပဲ..။ သူနဲ့ဂျော်ဂင်ဟို တို့ တွဲဖက်ညီညီ ခြေစွမ်းပြနေနိုင်မှုကြောင့် အန်ဂိုလို ကန်တေး ပြန်လည်ပါဝင်လာနိုင်ရင်တောင်မှ ကိုဗာဆစ် ဟာ ပွဲထွက်နေရာအတွက် ပြင်သစ်ကွင်းလယ်ကစားသမားကို ကောင်းကောင်းစိန်ခေါ်နိုင်နေမှာပါ..။ ခရိုအေးရှား ကွင်းလယ်ကစားသမားဟာ နောဝစ်ချ်အသင်းကို ၃ဂိုး- ၂ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဉ်ကနေစပြီး  အတူးခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်..။ အဲဒီနောက်ပိုင်း အသင်းမှာ ပုံမှန်နေရာရခဲ့တဲ့ ‘Box to Box’ ကွင်းလယ်ကစားသမားဟာ အေဂျက်စ်အသင်း၊ ဘန်လေအသင်းနဲ့ စနေနေ့က ဝက်ဒ်ဖို့ဒ် အသင်းနဲ့ ပွဲစဉ်တွေမှာ ပရိသတ်တွေ သတိထားမိလောက်အောက် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်..။




ဒီပွဲစဉ်တွေမှာ ကိုဗာဆစ် ဟာ ဘောလုံးနဲ့အတူ တစ်ဦးချင်း ကျော်ဖြတ်နိုင်တဲ့ dribbling စွမ်းရည်ကို ပြသခဲ့ပြီး ကွင်းလယ်ကြောတစ်လျှောက် သူ့ရဲ့အတိုးအလှုပ်၊ ကျော်ဖြတ်မှုများဟာ ‘အီဒင် ဟာဇက်’ ကွင်းလယ်ကို ဆင်းပြီးကစားနေတဲ့အလား ထင်မှတ်ခဲ့ရပါတယ်..။ ဒ့ါကြောင့်အချက်အလက်တွေအရ ဆိုရင်လည်း ကိုဗာဆစ် ဟာ တစ်ပွဲကို ပျမ်းမျှ (၂.၄) ကြိမ် ပြိုင်ဘက်ကစားသမားများကို ဘောလုံးနဲ့အတူ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ချယ်လ်ဆီးကစားသမားတွေထဲက တစ်ပွဲချင်းပျမ်းမျှ အောင်မြင်စွာ ကျော်ဖြတ်နိုင်မှု (successful dribbles per 90 minutes) အများဆုံး ပြုလုပ်နိုင်သူ ဖြစ်နေခဲ့ပါတယ်.။

အထူးသဖြင့် သူ့ရဲ့ဘောလုံးစွမ်းရည် ကျွမ်းကျင်မှု၊ ဘောလုံးအထိန်းအသိမ်းနဲ့ တစ်ဦးချင်း ကျော်ဖြတ်နိုင်စွမ်းတွေအပြင် တစ်ကွင်းလုံးအနှံ့ ပြေးလွှားလှုပ်ရှားနိုင်မှုတွေကြောင့်လည်း သူဟာအီတလီ ကွင်းလယ် ဖန်တီးရှင်နဲ့ တွဲဖက်ညီခဲ့တာ ဖြစ်ပါတယ်..။ ကိုဗာဆစ် ဟာ ကွင်းလယ်မှာ တစ်ဖက်ကစားသမားတွေကို မနားတမ်း လိုက်လံ ဖိအားပေး (press) နေခဲ့ပြီး လျံထွက်လာတဲ့ ဘောလုံးတွေကို ဂျော်ဂင်ဟို က ပိတ်ဆို့၊ ဖြတ်တောက်နိုင်ခဲ့တာကြောင့် တိုက်စစ်ပိုင်းသာမက ခံစစ်ပိုင်းမှာပါ တစ်ဦးနဲ့တစ်ဦး အပေးအယူ မျှတခဲ့တာ တွေ့ခဲ့ရပါတယ်..။

ခရိုအေးရှား ကွင်းလယ်ကစားသမား ဟာ ဂိုးဖန်တီးမှုအပိုင်းနဲ့ ကိုယ်တိုင်ဂိုးသွင်းယူနိုင်မှု အပိုင်းတွေမှာ တိုးတက်ဖို့ လိုအပ်နေသေးတယ် ဆိုပေမယ့် ကန်တေး မပါဝင်နိုင်သေးတဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်က ကွက်လပ်ကြီးကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ခဲ့တာကို တွေ့ရှိရမှာပါ..။ ဒါ့အပြင်အသက်အရွယ်ကလည်း (၂၅) နှစ်ပဲ ရှိသေးတာကြောင့် သူဟာ ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်မှာ အဓိကအရေးပါတဲ့ ကဏ္ဍကနေ နှစ်ပေါင်းများစွာ ပါဝင်နိုင်ဦးမယ့် အလားအလာလည်း ရှိနေပါသေးတယ်..။

ဒါ့ကြောင့်နောက်လာမယ့် ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်တွေကို ကြည့်ရှုကြမယ်ဆိုရင် လူငယ်ကစားသမားလေးတွေရဲ့ တိုးတက်မှုဖြစ်စဉ်၊ ပေးဆပ်မှုများအပြင် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကို မောင်းနှင်နေတဲ့ မက်တီယို ကိုဗာဆစ် ရဲ့ တစ်ဦးချင်း ကျော်ဖြတ်မှုတွေ..၊ ဂျော်ဂင်ဟို ရဲ့ အကွက်မြင်မှု၊ တိကျတဲ့ ပေးပို့မှုနဲ့ ဖန်တီးနိုင်စွမ်းတွေကိုလည်း အရသာခံ ကြည့်ရှုကြဖို့ နှိုးဆော်လိုက်ပါတယ်..။ ဒါ့အပြင် အခုအချိန်မှာ သူတို့နှစ်ယောက်စလုံးဟာ အကောင်းဆုံးခြေစွမ်းနဲ့ အကောင်းဆုံး နားလည်မှု၊ အတွဲအစပ်ကိုပါ ပြသနေတာကြောင့် အန်ဂိုလို ကန်တေး ပြန်လည်ပါဝင်လာချိန်ကျရင် ဖရန့် လမ်းပတ် အနေနဲ့ ပွဲထွက်လူစာရင်းအတွက် ခေါင်းခဲစရာ နောက်ထပ်ပြသနာတစ်ခု ထပ်တိုးလာဦးမယ့်အကြောင်း တင်ဆက်လိုက်ရပါတယ်..။

#FRANK

(90 min မှ ဆောင်းပါးရှင် James Cormack ၏ ‘How Jorginho & Mateo Kovacic Have Proved Their Doubters Wrong This Season’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)