feature-image

“အရင်ထက်ကောင်းတဲ့ ခြေစွမ်းနဲ့ ပြန်လာခဲ့ပါမယ်” - ရူဘင် လော့ဖ်တပ်စ် ချိခ်

ဂျာမနီနိုင်ငံမှ အားကစား ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Adidas ကုမ္ပဏီက လန်ဒန်မြို့ Oxford လမ်းတွင် အရောင်းဆိုင်သစ်ဖွင့်လှစ်ခဲ့သည်..။ အဆိုပါအရောင်းဆိုင်ဖွင့်ပွဲသို့ တက်ရောက်လာခဲ့သည့် ကွင်းလယ်ကစားသမား ရူဘင် လော့ဖ်တပ်စ် ချိခ် အား Versus သတင်းဌာနက တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ရာတွင် သူ၏ဒဏ်ရာအခြေအနေ တိုးတက်မှု အနေအထား၊ အကယ်ဒမီထွက် လူငယ်ကစားသမားများနှင့် လက်ရှိချယ်လ်ဆီးအသင်းအပေါ် သူဒအမြင်၊ မျှော်လင့်ချက်များနှင့် ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်နိုင်ရန် ရည်ရွယ်ချက်များကို ယခုလို ပြောပြခဲ့သည်..။

Versus - မနှစ်ကရာသီကုန်ခါနီးမှာ ခင်ဗျားဒဏ်ရာရရှိခဲ့တာဆိုတော့ အခုဆိုရင် ဘောလုံးကွင်းတွေနဲ့ ဝေးကွာနေခဲ့ရတာ ခြောက်လနီးနီး ရှိသွားပြီပေါ့..။ အခုလောလောဆယ် ဘယ်လိုအခြအနေ ရှိလဲဗျ..? နောက်ပြီးခင်ဗျားရဲ့ ကြံ့ခိုင်မှု တိုးတက်မှု အနေအထားကိုရော ပြောပြနိုင်မလား…?


“ဒဏ်ရာအခြေအနေ တိုးတက်မှု ကောင်းမွန်ပါတယ်..။ ဒဏ်ရာကြောင့်အနားယူနေရတာ အချိန်အတော်ကြာနေပြီ ဖြစ်သလို ကြားထဲမှာ နှောင့်နှေးကြန့်ကြာမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါသေးတယ်..။ ဒါ့ကြောင့်ချောချောမွေ့မွေ့တော့ မဟုတ်ခဲ့ပါဘူး..။ ဒါပေမယ့် အခုအချိန်မှာ အပြည့်အ၀ ပြန်လည်ကောင်းမွန်ဖို့ နီးစပ်နေပါပြီ..။ ကျွန်တော်ပြေးလွှားနိုင်တယ်..၊ ကောင်းကောင်းလမ်းလျှောက်နိုင်ပါတယ်..။ ကွင်းထဲကို ပြန်လည်ခြေချနိုင်မယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။”

Versus - တကယ့်ကို ကြီးမားတဲ့ ဒဏ်ရာတစ်ခု ဖြစ်ခဲ့သလို အဲဒီအချိန်က ခင်ဗျားဟာ အသင်းမှာ ပုံစံကောင်းတွေ ရရှိနေတယ်..၊ ပြီးတော့ အဲဒီဒဏ်ရာကြောင့် ကံဆိုးစွာနဲ့ပဲ ဥရောပပြိုင်ပွဲ၊ ဗိုလ်လုပွဲစဉ်တစ်ပွဲကို လွဲချော်ခဲ့ရတယ်နော်..


“ကျွန်တော့်အတွက် အရမ်းကို နာကျင်ကြေကွဲခဲ့ရပါတယ်..။ အဲဒီပြိုင်ပွဲ (ယူရိုပါ လိဂ်ပြိုင်ပွဲ) တစ်လျှောက်လုံး ပါဝင်ခဲ့ရသလို ပွဲချိန်အများကြီး ပါဝင်ခဲ့ရပြီးမှ နောက်ဆုံးဗိုလ်လုပွဲကို လွဲချော်ခဲ့ရတယ်ဆိုတာ တကယ့်ကို ဆိုးရွားလွန်းပါတယ်..။ ဒါပေမယ့် အဲဒီနာကျင်မှုတွေကို ချန်ထားခဲ့ပြီး ကျွန်တော်ရှေ့ဆက်ရမှာပါ..။ အရင်ထက်ပိုပြီး ကောင်းမွန်တဲ့ခြေစွမ်းတွေနဲ့ ပြန်လာရမယ့်အချိန်ကို မျှော်လင့်နေပါတယ်..။”



Versus - အခုလက်ရှိ ချယ်လ်ဆီးအသင်းဟာ အကယ်ဒမီထွက် လူငယ်ကစားသမား အများအပြားနဲ့ ဖွဲ့စည်းထားတဲ့အသင်း ဖြစ်နေပါတယ်..။ အဲဒီအပေါ် ခင်ဗျားရဲ့ယူဆချက်လေး ပြောပြနိုင်မလား..?


“အသင်းရဲ့ ငယ်မွေးခြံပေါက် အကယ်ဒမီထွက် လူငယ်ကစားသမား အများအပြားနဲ့ ဖွဲ့စည်းထားတယ်..၊ သူတို့တွေ အကောင်းဆုံး ခြေစွမ်းပြနေတာကို မျက်မြင်ခွင့်ရရှိနေတဲ့ ချယ်လ်ဆီးပရိသတ်အတွက်ကတော့ တကယ့်အကောင်းဆုံးအချိန်ပေါ့ဗျာ..။ သူတို့တွေဟာ လူသာငယ်ပေမယ့် ဂိုးတွေအများကြီး သွင်းပေးနိုင်တယ်..၊ ဝါရင့်ကစားသမားတွေနဲ့တန်းတူ ခြေစွမ်းပြ ကစားနေနိုင်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့အသင်းရဲ့ အနာဂတ်ဟာလည်း အရမ်းကို တောက်ပနေတယ်လို့ပဲ ပြောလိုက်ချင်ပါတယ်..။”

Versus - ဒါဆိုရင် ခင်ဗျားအတွက်ရော ဘယ်လိုလဲ..? ခင်ဗျားကို ဝါရင့်သမ္ဘာရင့် ကစားသမား တစ်ယောက်အဖြစ် မသတ်မှတ်ချင်ပေမယ့် လူငယ်အကယ်ဒမီထွက် ကစားသမားတွေထဲမှာ ခင်ဗျားဟာ အသင်းကြီးကို အရင်ဦးဆုံး ရောက်ရှိခဲ့တဲ့သူပါ..။ အခုအသင်းကြီးမှာ ရှိနေတဲ့ လူငယ်လေးတွေဟာ ခင်ဗျားဖောက်ခဲ့တဲ့ လမ်းကြောင်းကို အတုယူခဲ့တာလို့ ပြောနိုင်တာပဲလေ…


“ကိုယ့်ရဲ့ညီငယ်လေးတွေအတွက် လမ်းဖောက်ပေးခဲ့တဲ့သူလို့ သတ်မှတ်ခံရတဲ့အပေါ် ကျေနပ်မိပါတယ်..။ ကိုယ့်ရဲ့ကြိုးစားမှု၊ ကိုယ်လျှောက်ခဲ့တဲ့လမ်းကို သူတို့တွေ အားကျတယ်..၊ အတုယူခဲ့တယ်လို့ သိရတဲ့ ခံစားချက်ဟာ အရမ်းကိုကောင်းပါတယ်..။ နောက်ဆိုရင် သူတို့ထက် ငယ်ရွယ်တဲ့ နောက်မျိုးဆက် ညီငယ်လေးတွေကလည်း သူတို့အစ်ကိုကြီးတွေကို ပြန်ပြီးအားကျကြပါလိမ့်မယ်…။ ဒါဟာကျွန်တော်တို့ အပြာရောင် မျိုးဆက်သွေးကို တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းနေခြင်းပါပဲ..။ ကျွန်တော့်ရဲ့ အယူအဆကတော့ အသင်းမှာ ငယ်မွေးခြံပေါက် ကစားသမားများလေလေ..၊ ကောင်းလေလေပါပဲ..။”
 
Versus - စတန်းဖို့ဒ် ဘရစ်ချ် ပရိသတ်တွေရဲ့ ခင်ဗျားကိုရည်ရွယ်ပြီး ဖွဲ့ဆိုထားတဲ့ ‘Lewisham Ballack’ ဆိုတဲ့ သီချင်း (chant) ဟာ ကျွန်တော်အကြိုက်ဆုံး chant တစ်ခုပါ..။ ခင်ဗျားရဲ့ ဇာတိမြေဖြစ်တဲ့ Lewisham ရပ်ကွက်နဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္တဝင်ကစားသမား တစ်ယောက်ဖြစ်တဲ့ မိုက်ကယ် ဘောလက် တို့ကို ပေါင်းစပ်ပြီး ချီးကျူးထားတယ်ဆိုတာ ခင်ဗျားအတွက် တကယ့်ကို ကျေနပ်စရာလို့ ပြောရမှာပါ..။ ဒါပေမယ့် ခင်ဗျားအနှစ်သက်ဆုံး ကစားသမားက ဘယ်သူဖြစ်မလဲဗျ..?


“ဇီနီဒီ ဇီဒိန်း.. ပါ..၊ ပြီးတော့ သူ့ရဲ့ကစားဟန်ကိုလည်း ကျွန်တော်အတုယူပါတယ်..။ ဘောလုံးအကြောင်း ကျွန်တော်စပြီး နားလည်စအချိန်မှာ ဇီဒိန်း ဟာ အနားယူခါနီးနေပါပြီ..၊ ဒါတောင်မှ သူ့ရဲ့ခြေစွမ်းဟာ တကယ့်ကို အံ့မခန်းပါပဲ..။”



Versus - ခရစ်စ်တယ် ပဲလေ့စ် မှာရော.၊ လူငယ်အကယ်ဒမီ ကစာသမားဘဝမှာပါ ခင်ဗျားဟာ နေရာစုံ ပြောင်းလဲကစားခဲ့ရပါတယ်..။ အရင်မန်နေဂျာဟောင်း (အန်တိုနီယို ကွန်တီ) တစ်ယောက်ဆိုရင် ခင်ဗျားကို တိုက်စစ်မှူးနေရာအတွက်တောင် စဉ်းစားခဲ့ပါသေးတယ်..။ ဒဏ်ရာကနေ ပြန်ပြီးကောင်းမွန်လာတဲ့ အချိန်ကျရင် ဘယ်နေရာမှာ ကစားရလိမ့်မယ်လို့ မျှော်လင့်ထားပါလဲ..?


“ကျွန်တော်ဟာ ‘Box to Box midfielder’ ကွင်းလယ်ကစားသမား တစ်ယောက်အနေနဲ့ အကောင်းဆုံး ခြေစွမ်းပြနိုင်မယ်လို့ ထင်ပါတယ်..။ တိုက်စစ်ရော ခံစစ်ပိုင်းမှာပါ ပါဝင်နိုင်တဲ့အပြင် တစ်ကွင်းလုံးအနှံ့ မနားတမ်း တက်ဆင်း ပြေးလွှားနေရတာကို သဘောကျပါတယ်..။ နေရာစုံ ကစားနိုင်တယ်ဆိုတာကလည်း ကျွန်တော့်ရဲ့ ကစားပုံက ပြောင်းလွယ်၊ ပြင်လွယ် ရှိတဲ့အတွက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်လည်း မန်နေဂျာတွေအတွက် ကျွန်တော့်ကို နေရာချထားပေးရတာ အဆင်ပြေပါတယ်..။ ပဲလေ့စ်အသင်းမှာ ကျွန်တော်ဟာ ဘယ်တောင်ပံ၊ ညာတောင်ပံ ကွင်းလယ်ကစားသမားအဖြစ် ပြောင်းလဲကစားခဲ့ရပါတယ်..။ အဲဒီလို နေရာစုံ ကစားနိုင်တယ်ဆိုတာ လူငယ်ကစားသမားဘဝမှာ ကောင်းပေမယ့် ရင့်ကျက်လာတဲ့အချိန်ကျတော့ နေရာတစ်နေရာထဲမှာပဲ သတ်သတ်မှတ်မှတ် ကစားချင်ပါတယ်..။ အဲဒီနေရာကတော့ ‘box to box’ နေရာပါပဲ..။”

Versus - ကဲပါ.. အနာဂတ်အကြောင်း ပြောကြတာပေါ့..။ အခုဆိုရင် ခင်ဗျားဟာ ပြန်ပြီးကစားနိုင်ဖို့ နီးစပ်နေပြီ ဖြစ်သလို ပရိသတ်တွေကလည်း ရူဘင် ကို အရမ်းမြင်ချင်နေကြပါတယ်..။ ခင်ဗျားရဲ့အနာဂတ် မျှော်လင့်ချက်က ဘာပါလဲ..? အထူးသဖြင့် ခင်ဗျားဟာ ချယ်လ်ဆီးအသင်းအပြင် အင်္ဂလန် လက်ရွေးစင်အသင်း ကစားသမားပါ ဖြစ်ခဲ့တယ်ဆိုတော့ အခုလို ယူရို ၂၀၂၀ ပြိုင်ပွဲနီးကပ်လာချိန်မှာ အဲဒီပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ဆိုတာ ခင်ဗျားရဲ့ ရည်မှန်းချက်ထဲမှာ ပါဝင်ရဲ့လားဗျ..?

“သေချာတာပေါ့ဗျာ..။ ပဲလေ့စ်အသင်းမှာတုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံခဲ့ရတာ မှတ်မိနေပါသေးတယ်...။ အဲဒီတုန်းကလည်း ခြေကျင်းဝတ်ကျိုးတဲ့ ဒဏ်ရာရတယ်..၊ ကမ္ဘာ့ဖလားပွဲအတွက် လူရွေးချယ်တဲ့အချိန်မတိုင်ခင် ခြောက်ပွဲအလိုလောက်ကျတော့မှ ကျွန်တော်ပြန်ပြီး ကစားနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်အချိန်သိပ်မရဘူးဆိုပေမယ့် ကျွန်တော့်ဘက်ကတော့ ဇွဲမလျော့နိုင်ပါဘူး..။ ဒါ့ကြောင့်လာမယ့် လက်ကျန်ရာသီဝက်ကို အကောင်းဆုံး ကစားနိုင်ပြီး ကျွန်တော့်အတွက် တစ်နေရာပြန်ပြီး ရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ အတွေ့အကြုံကလည်း ကျွန်တော့်အတွက် အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ထားပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ဆိုတာ နိုင်ငံလက်ရွေးစင်အသင်း မရောက်ခင် အရင်ဆုံးဖြတ်သန်းရမယ့် မိုင်တိုင်၊ ရည်မှန်းချက်လည်း ဖြစ်ပါတယ်..။




Versus - ခင်ဗျားရဲ့ဇာတိဖြစ်တဲ့ Lewisham ရပ်ကွက်ဟာ အတော်လေးကို ရေခံမြေခံကောင်းတယ်လို့ ပြောရမှာပဲ..။ ခင်ဗျားအပါအဝင် နာမည်ကျော် ဘောလုံးသမားတွေ အများကြီးထွက်ပေါ်ခဲ့တယ်…၊ ဥပမာ.. ခင်ဗျားနဲ့အတူ ကစားခဲ့တဲ့ ဂျိုနသန် ပွန်ဇို၊ ဂျော့ရှ် မာဂျာ၊ ဂျိုး ဂိုမက်ဇ်. အများကြီးပဲဗျ..၊ နောက်ထပ်လည်း ရှိပါသေးတယ်..။ ခင်ဗျားတို့ လန်ဒန်တောင်ပိုင်းရဲ့ ထူးခြားချက်က ဘာလဲဗျ..?

“ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာ ကျွန်တော်တကယ် မသိပါဘူး..။ ဂျိုး ဂိုမက်ဇ် (လီဗာပူးလ်အသင်း နောက်ခံလူ) နဲ့ လူငယ်ကစားသမားဘဝမှာ ခဏတွဲဖက် ကစားခဲ့ဖူးပါတယ်..။ ကျွန်တော်တို့ဟာ လှောင်အိမ်ထဲမှာ ကစားရတဲ့ street football ပွဲတွေ ကစားရတာ များခဲ့တာကြောင့် အဲဒီအတွေ့အကြုံတွေကြောင့်ပဲလား မပြောတတ်ဘူးဗျ..။ ဘောလုံးအထိန်းအသိမ်း ကျွမ်းကျင်ရတယ်..၊ ခြေနှုတ်ခြေသိမ်း၊ ပေးပို့မှု မြန်ဆန်ရတယ်..၊ စသဖြင့်ပေါ့ဗျာ..။ ဒါပေမယ့် အခုလို လန်ဒန်မြို့တောင်ပိုင်းကနေ ဘောလုံးသမားကောင်းတွေ စဉ်ဆက်မပြတ် ထွက်ပေါ်နေတယ်ဆိုတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာလို့ပဲ ပြောရမှာပါ…”

#FRANK