feature-image

“ဖရန့် လမ်းပတ်” နှင့် တွေ့ဆုံခြင်း

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ် မှာ အင်္ဂါနေ့က အိုင်းယက်စ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်အပြီး နောက်တစ်ရက် ဗုဒ္ဓဟူးနေ့တွင် talkSPORT သတင်းဌာနမှ Jim White နှင့် တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်ခဲ့သည်..။ အဆိုပါမေးမြန်းခန်းတွင် ၁ - ၄ ဖြင့် ရှုံးနိမ့်နေသည့်တိုင် သူ၏အသင်းမှာ ရှုံးနိမ့်လိမ့်မည်မဟုတ်ဟု အမြဲတမ်းယုံကြည်နေခဲ့ကြောင်း အပါအဝင် မတ်တီယို ကိုဗာဆစ် နှင့် ဂျော်ဂင်ဟို တို့ဆီမှ အကောင်းဆုံးခြေစွမ်းများ ရရှိနိုင်ရန် မည်သို့ကြိုးပမ်းခဲ့ပုံ..၊ အန်ဂိုလို ကန်တေး ပြန်လည်ကစားနိုင်တော့မည့် အနေအထားနှင့် ဖြစ်လာနိုင်မည့် ကစားကွက် အခင်းအကျင်း..၊ လာမည့်အပြောင်းအရွှေ့ ရာသီတွင် ကစားသမားသစ် ဝယ်ယူခွင့်ရရှိလာမည်ဆိုပါက အဆိုပါအပြောင်းအလဲ၊ အခွင့်အလမ်းအပေါ် သူ၏သဘောထားအမြင်များကို ယခုလို ပြောပြခဲ့ပါသည်..။


မေး - မနေ့ကပွဲဟာ ခင်ဗျားတို့အတွက် စိတ်ရော၊ လူပါ အင်မတန် ပင်ပန်းခဲ့မှာပါ..။ အခုရော ဘယ်လိုလဲ..? အားတွေပြန်ပြည့်လာပြီလား..?


“ဆိုပါတော့…၊ တကယ်တော့ ပွဲတစ်ပွဲပြီးသွားတဲ့အချိန် မီဒီယာတွေနဲ့ တွေ့ဆုံဖြေကြားရတဲ့အလုပ်ဟာ အရမ်းခက်ခဲပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ပူပူနွေးနွေး ပြီးဆုံးသွားတဲ့ပွဲအပေါ် ချက်ချင်းပြန်ပြီး သုံးသပ်ရတယ်..၊ အရေးကြီးတဲ့ အဖြစ်အပျက်တွေကို ပြန်ပြီးစဉ်းစားရတာ မလွယ်ကူပါဘူး..။ မနေ့ကပွဲပြီးပြီးချင်း ကျွန်တော့်ရဲ့စိတ်ထဲ ဖြစ်နေတဲ့ ခံစားချက်က အသင်းသားတွေရဲ့ အနိုင်မခံ၊ အရှုံးမပေးတဲ့ စိတ်ဓါတ်အပေါ် ဂုဏ်ယူနေမိခဲ့တဲ့ ခံစားချက်ပါ..။ ပွဲစဉ်ရဲ့ မိနစ်တိုင်းမှာ ရှုံးနိမ့်လိမ့်မယ်ဆိုတဲ့ ခံစားချက် ကျွန်တော့်မှာ လုံးဝမရှိခဲ့ပါဘူး..။ ဒါပေမယ့် တကယ်တမ်းကျတော့ ကွင်းထဲမှာ ကန်နေရတဲ့ သူတို့လေးတွေကပဲ ကျွန်တော့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာပါ..။

ဒါ့အပြင် ကွင်းထဲကပရိသတ်ကြီးရဲ့ တခဲနက် အားပေးမှုကို အရမ်းကျေနပ်မိပါတယ်..။ နောက်ဆုံးမှာ ကျွန်တော်လိုချင်တဲ့ အနိုင်ရလဒ် မရရှိခဲ့ဘူးဆိုရင်တောင်မှ ၁ - ၄ ကနေ လေးဂိုးစီ သရေရလဒ်ကို ပြန်လည်ရုန်းထွက်နိုင်ခဲ့တယ်ဆိုတာ ကျေနပ်ဖို့ကောင်းတဲ့ ရလဒ်တစ်ခုပါ..။”




မေး - ပထမပိုင်းအပြီးမှာ ကောင်လေးတွေကို ခင်ဗျားဘာပြောလိုက်လဲဗျ..

“ပထမပိုင်းမှာ ကျွန်တော်တို့ သိပ်ပြီးကံမကောင်းခဲ့ပါဘူး..။ own goal နှစ်ဂိုးပေးလိုက်ရသလို ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တစ်ချို့ကလည်း ကျွန်တော်တို့အတွက် မကောင်းခဲ့ပါဘူး..။ ဒါပေမယ့် ကျွန်တော်တို့ဟာ သူတို့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေခဲ့တယ်လို့ ခံစားမိနေခဲ့ပါတယ်.။ ခရစ်စ်တီယန် ပူလီဆစ်..၊ ဝီလီယံ တို့ဟာ ဂိုးဧရိယာထဲထိ ကောင်းကောင်းခြိမ်းခြောက်နိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ဒီအတိုင်းပဲဆက်ပြီး တိုက်စစ်ဆင်မယ်..၊ ဒီထက်ပိုပြီး ထိရောက်၊ တိကျအောင် ဂရုစိုက်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် အခွင့်အရေး ရှိနိုင်တယ်လို့ မြင်ခဲ့ပါတယ်..။

အဝတ်လဲခန်းထဲရောက်တဲ့အချိန် သူတို့တွေနည်းနည်းတော့ စိတ်ဓါတ်ကျနေတာ တွေ့မိခဲ့ပါတယ်..။ ဒါ့ကြောင့် သူတို့တွေ လုံးဝစိတ်ပျက်လက်လျော့ သွားစေမယ့် အခြေအနေမျိုး ကျွန်တော်မဖန်တီးချင်ပါဘူး..။ ကျွန်တော့်အနေနဲ့ သူတို့တွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုပြန်ပြီး ရှိလာစေချင်တဲ့စိတ်က ပိုပြီးအဓိက ကျခဲ့ပါတယ်..။ ဘာဖြစ်လဲ… မနေ့ညကပွဲပြီးရင်တောင် နောက်ထပ်နှစ်ပွဲ ကျန်သေးတာပဲလေ..။

အဲဒီလိုယုံကြည်မှု ပြန်ပြီးရလာအောင် ပြုလုပ်ပေးတယ်ဆိုတာ သူတို့ကိုပြန်ပြီးမြှင့်တင်ပေးတာ..၊ တွန်းအားပေးခြင်းပါပဲ..။ တကယ်တမ်း ဖြစ်မြောက်အောင် အကောင်အထည် ဖော်သွားခဲ့တဲ့သူတွေက ကွင်းထဲမှာ မဆုတ်မနှစ် တိုက်ပွဲဝင်ပြီး ပွဲအဖြေကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ သူတို့လေးတွေပါ..။”

မေး- ဒီနေ့ပွဲရလဒ်ဟာ လူငယ်လေးတွေအတွက် သင်ယူနေဆဲလမ်းကြောင်း (learning curve) ပေါ်မှာ အရေးပါတဲ့ အတွေ့အကြုံတစ်ခုလို့ ခင်ဗျားဘာကြောင့်ပြောနိုင်တာလဲ..?

“အခုအချိန်ဟာ ကျွန်တော်တို့အသင်းအတွက် ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်..။ ကျွန်တော်တို့အသင်းရဲ့ နုပျိုမှု၊ လူငယ်ကစားသမားတွေအပေါ် လူတိုင်းက စိတ်ဝင်တစား ပြောဆိုနေကြပါတယ်..။ ဒါပေမယ့် တစ်ဘက်က လူငယ်ကစားသမားတွေ ရှိသလို တစ်ဘက်ကလည်း ဝါရင့်ကစားသမားတွေနဲ့ ဟန်ချက်တစ်ခု တည်ဆောက်ထားနိုင်တယ်လို့ ကျွန်တော်ယူဆပါတယ်..။ အက်ဇ်ပီလီကွဲတား..၊ ဂျော်ဂင်ဟို ဟာ အသင်းသားတွေအပေါ် ခေါင်းဆောင်မှုကောင်းကောင်း ပေးနိုင်တဲ့သူတွေ ဖြစ်ကြသလို ပရိသတ်ရဲ့အားပေးမှုကို မြှင့်တင်ပေးနိုင်တဲ့သူတွေလည်း ဖြစ်ကြပါတယ်..။

ဒီနေ့လိုမျိုး ပြောင်းလဲမှုတွေ လိုအပ်ပြီ..၊ တစ်ကွင်းလုံးမှာ ရှိနေတဲ့ ပရိသတ်တွေက တခဲနက်အားပေး၊ တောင်းဆိုနေကြပြီဆိုရင် ပွဲအဖြေကိုပြောင်းလဲနိုင်ဖို့ အားသွန်ကစားရကြပါတယ်..။ ဒီလိုအတွေ့အကြုံနဲ့ မနေ့ကပွဲလို ဖြတ်သန်းမှုမျိုးဟာ လူငယ်တွေရဲ့ သင်ကြားမှုလမ်းကြောင်းတစ်လျှောက် အရေးပါတဲ့ ဖြတ်သန်းမှု.၊ အတွေ့အကြုံ ဖြစ်ပါတယ်..။ ဒီအတွေ့အကြုံကနေ အသင်းလိုက် စုစည်းမှုနဲ့ ဘယ်လိုရလဒ်၊ ဘယ်လိုစွမ်းဆောင်မှုမျိုးကို ရရှိနိုင်တယ်ဆိုတာ သူတို့နားလည်၊ သင်ကြားကြမှာပါ..။”




မေး - ဂျော်ဂင်ဟို နဲ့ ကိုဗာဆစ် တို့နှစ်ယောက်ဟာ ဒီနှစ်ကျမှ ဘယ်လိုဖြစ်ပြီး ခြေစွမ်းတွေ အရမ်းကို တောက်ပနေကြတာလဲဗျ..?

“သူတို့ရဲ့ခြေစွမ်းကောင်းတွေအပေါ် အရင်ဆုံးချီးကျူးသင့်တဲ့သူတွေကတော့ သူတို့နှစ်ယောက်ပဲ ဖြစ်မှာပါ..။ ဒါပေမယ့် သူတို့နှစ်ယောက်အပြင် တခြားကစားသမားတွေဟာလည်း ခြေစွမ်းကောင်းတွေ ရရှိနေပါတယ်..။ ဒါတွေဟာ ကျွန်တော်..၊ ကျွန်တော့်ရဲ့ နည်းပြအဖွဲ့ အပါအဝင် အားလုံးရဲ့ကြိုးစား အားထုတ်မှုကြောင့် ဖြစ်ပါတယ်..။ ကျွန်တော်က တစ်ခုခုပြောရင် ကိုယ့်ရဲ့နည်းပြအဖွဲ့၊ ဝန်ထမ်းတွေအားလုံးကို အမြဲတမ်း ထုတ်ဖော် ချီးကျူးရပါတယ်…။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့အတူ အမြဲတမ်း ကြိုးစားလေ့ကျင့်ရတယ်..၊ အတွေးအခေါ်အသစ်၊ လေ့ကျင့်နည်းအသစ်တွေကို တိုင်ပင်ဆွေးနွေးကြတယ်..၊ လေ့ကျင့်ကွင်းမှာ ကစားသမားတွေနဲ့အတူ လေ့ကျင့်ကြတယ်..။

သူတို့နှစ်ယောက်နဲ့ ပတ်သက်ရင်တော့ ကျွန်တော်က ဘောလုံးပေးပို့တဲ့နေရာ၊ တိုက်စစ်လမ်းကြောင်း ရှာတဲ့နေရာမှာ သူတို့ရဲ့စိတ်ကြိုက် ကစားစေဖို့ လွတ်လပ်ခွင့် ပေးထားပါတယ်..။ အထူးသဖြင့် ကိုဗာဆစ် ပါ.. သူ့လိုမျိုး ကွင်းလယ်ကနေ ဘောလုံးနဲ့အတူ ဆွဲတက်နိုင်တယ်..၊ တစ်ဘက်အသင်း ကစားသမားတွေကို ကျော်ဖြတ်နိုင်တယ်ဆိုတာ ရှားပါးလှပါတယ်..။ အဲဒီလို ကွင်းလယ်မှာတင် ပြိုင်ဘက်ကစားသမားကို ကျော်ဖြတ်နိုင်တယ်ဆိုတာ ကစားကွက် အသာစီး ရယူတဲ့နေရာမှာ အရမ်းကိုအဖိုးတန်ပါတယ်..။

နောက်ပြီးသူတို့ရဲ့ စိတ်ဓါတ်နဲ့ ခံယူချက်တွေနဲ့လည်း ဆိုင်ပါတယ်..။ သူတို့ဟာ ကွင်းလယ်ကနေ အသင်းဖော်တွေကို ဦးဆောင်မောင်းနှင်နိုင်တဲ့သူတွေ ဖြစ်ကြပါတယ်..။ ဂျော်ဂင်ဟို ဆိုရင် ခင်ဗျားတို့ သတိထားမိမှာပါ..။ သူဟာအသင်းဖော်တွေကို အမြဲတမ်းပြောဆိုပြီး တွန်းအားပေးနေပါတယ်..။ ဒါဟာကျွန်တော်တို့ အသင်းသားတွေအတွက် သိပ်ကိုအရေးကြီးပါတယ်..။”

မေး - အိုင်းယက်စ်အသင်းနဲ့ပွဲမှာ စောစောစီးစီး ထပြန်သွားတဲ့ ပရိသတ်တွေကို ဘယ်လိုစကားလက်ဆောင် ပါးလိုက်ချင်လဲဗျ..

“ကျွန်တော့်အဖေလည်း ပါတယ်ဗျ.. ဟားဟား..။ အဖေက ရထားမမှီမှာ စိုးတဲ့အတွက် စောစောစီးစီး ထပြန်တာ များပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ ပွဲတွေဟာ နောက်ပိုင်းကျမှ ပွဲအဖြေပြောင်းတာ များတယ်ဆိုတော့ အဖေနဲ့ပြန်ပြီး ဆွေးနွေးရမယ် ထင်ပါတယ်.. ဟားဟား..။

စောစောစီးစီးထပြန်တယ်ဆိုတာ အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်..။ အထူးသဖြင့် ညနေပိုင်း ပွဲစဉ်တွေဆိုရင် အလုပ်ချိန်နဲ့ ကပ်နေလို့ ထပြန်ရတာတွေလည်း ရှိနိုင်ပါတယ်..။ ဒါပေမယ့် မပြန်ပဲကျန်နေခဲ့တဲ့ ပရိသတ်တစ်ချို့..၊ သူငယ်ချင်းတစ်ချို့နဲ့ ပွဲအပြီးမှာ ကျွန်တော်စကားပြောဖြစ်ပါတယ်..။ သူတို့ကတော့ တကယ့်ကို မမေ့နိုင်တဲ့ ညနေခင်းတစ်ခုပဲလို့ ပြောကြပါတယ်..။ နောက်ထပ်တစ်ဂိုး ထပ်ပြီးမရခဲ့တဲ့အတွက် စိတ်နည်းနည်းပျက်မိတာပေါ့..။ မရနိုင်တော့ဘူးလို့ ထင်ရတဲ့အနေအထားကနေ အနိုင်ရနိုင်လောက်တဲ့အထိ အနေအထား ရောက်ခဲ့တာကိုးဗျ..။ ကံမကောင်းလို့ အနိုင်မရခဲ့တာလို့ပဲ ပြောချင်ပါတယ်..။”




မေး - အန်ဂိုလို ကန်တေး ပြန်ပြီးပါဝင်နိုင်တော့မှာနော်..

“ပထမဆုံးအနေနဲ့ သူဟာတကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်သလို ချယ်လ်ဆီးကို မရောက်လာခင်ကတည်းက ကျွန်တော်လက်တွဲခွင့် ရချင်တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဝေးက ချယ်လ်ဆီးပရိသတ်တစ်ဦး အနေနဲ့လည်း သူ့ကိုအရမ်းနှစ်သက်ခဲ့တာပါ..။ ကျွန်တော်သူ့ကို အလိုရှိပါတယ်..။ သူဟာကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ဖြစ်ပါတယ်..။ ဒါကိုလုံး၀ သံသယရှိစရာ မလိုပါဘူး..။ သူ့ရဲ့အရည်အချင်းနဲ့ အသင်းအပေါ် အကျိုးပြုနိုင်မှု..၊ ပေးဆပ်နိုင်မှုတွေကို ဒီနေရာမှာ တစ်ထိုင်တည်းကုန်သွားအောင် ပြောနိုင်မှာ မဟုတ်ပါဘူး..။ သူဟာမိနစ်တိုင်း၊ စက္ကန့်တိုင်း အသင်းကို အကောင်းဆုံး ပေးဆပ်နေတဲ့သူတစ်ယောက်ပါ..။ သူပြန်လာနိုင်ပြီဆိုတာ ကျွန်တော်တို့အတွက် သတင်းကောင်းတစ်ခုပါပဲ..။

ဒါပေမယ့် သူဟာရာသီအစပိုင်းမှာ ကြံ့ခိုင်မှု ပြသနာနဲ့ ရုန်းကန်ခဲ့ရတာကြောင့် ကျွန်တော်တို့ အထူးဂရုစိုက်ရပါလိမ့်မယ်..။ ပြီးခဲ့တဲ့လေးနှစ်လုံးလုံး မယုံနိုင်စရာကောင်းလောက်အောင် အသင်းအတွက် အကျိုးပြုခဲ့တယ်..၊ ပေးဆပ်ခဲ့မှုတွေကြောင့် သူ့မှာဒဏ်ရာတွေ နှိပ်စက်ခဲ့ရပါတယ်.။ သူပြန်ပြီး အင်ပြည့်အားပြည့် ကစားနိုင်တဲ့အချိန်ကျရင် အရင်လိုပဲ ကျွန်တော်တို့အတွက် အကျိုးအများကြီး ပြုနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်..။”

မေး - ဒါဆိုရင် ကန်တေး..၊ ကိုဗာဆစ် နဲ့ ဂျော်ဂငိဟို သုံးယောက်ကို အတူတကွ ကစားနိုင်ဖို့ ဖြစ်ပါ့မလား…?

“ဒီနှစ်ဘောလုံးရာသီမှာ ကျွန်တော်တို့ဟာ အသင်းရဲ့ကစားကွက်၊ လူစာရင်းကို ပြောင်းလွယ်ပြင်လွယ်ရှိဖို့ ဦးစားပေး ပြုပြင်ခဲ့ပါတယ်..။ ဒါ့ကြောင့်တခါတလေ မှာ အသင်းရဲ့ လူစာရင်း..၊ ဒါမှမဟုတ် ကစားကွက် အပြောင်းအလဲ ရှိနိုင်ပါလိမ့်မယ်..။

သူနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ‘Ok.. သူဟာ ‘No. 10’ နေရာမှာပဲ ကစားနိုင်တဲ့သူ..၊ သူ့ရဲ့စွမ်းရည်ဟာ ဒါအကုန်ပဲ’ လို့ ပြောနိုင်မယ့် ကွင်းလယ်ကစားသမားမျိုး မဟုတ်ပါဘူး..။ သူဟာနေရာစုံ ကစားနိုင်တယ်..၊ လိုအပ်သလို ပြောင်းလဲ ကစားနိုင်စွမ်း ရှိပါတယ်..။ ဒါ့ကြောင့်သူတို့ကို ဘယ်လိုကစားကွက် ခင်းကျင်းမလဲ..၊ သူတို့အားလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုပြုလုပ်မလဲ ကျွန်တော်တို့ ကြိုးစားလေ့ကျင့်နေပါတယ်..။ ဒါ့ကြောင့်ဘယ်သူ့ကို ရွေးချယ်သည်ပဲဖြစ်ပါစေ..၊ သူတို့ဟာ အသင်းရဲ့ ကစားကွက်နဲ့ လိုက်လျောညီထွေ ရှိရပါမယ်..၊ သူတို့ရဲ့အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်တဲ့ အခြေအနေမျိုးလည်း ရှိနေရပါလိမ့်မယ်..။”

မေး - တကယ်လို့ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ် ပြန်ပြီးခေါ်ယူလို့ ရခဲ့မယ်ဆိုပါတော့…

“သူ့အချိန်ကျရောက်လာတော့မှ အဲဒီတံတားကို ကျွန်တော်ဖြတ်ကူးပါ့မယ်..။

အခုလက်ရှိအသင်း လူစာရင်းအပေါ်လည်း အရမ်းကျေနပ်ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကိုယ့်ရဲ့အသင်းကို ‘ချယ်လ်ဆီး’ ဆိုတဲ့ အမြင်နဲ့ ရှုမြင်နိုင်ဖို့ လိုအပ်ပါတယ်..။ အသင်းမှာ ရှိနေတဲ့နေရာကို တိုးတက်အောင် အမှန်တကယ် ပြုလုပ်နိုင်မယ်..၊ ရှိနေပြီးသား အသင်းသားတွေနဲ့လည်း လိုက်လျောညီထွေ ရှိလိမ့်မယ်လို့ ယူဆမှသာ အပြောင်းအရွှေ့ ဈေးကွက်ထဲကို ဝင်ပါ့မယ်..။ တစ်ဦးတစ်ယောက်ချင်းအပေါ် မူတည်လို့ မရသလို အသင်းရဲ့ဟန်ချက်..၊ ကျွန်တော်တို့ ရှေ့ဆက်ချင်တဲ့ အသင်းရဲ့ကစားဟန်နဲ့လည်း ကိုက်ညီမှု ရှိရပါမယ်..။

အခုအချိန်မှာတော့ အပြောင်းအရွှေ့ ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်အတွက် အယူခံအောင်မြင်ခဲ့ရင် ကောင်းတာပေ့ါဗျာ..။ ဒါပေမယ့်အဲဒီကိစ္စဟာ ကျွန်တော့်ရဲ့ဦးစားပေးစာရင်းတွေရဲ့ နောက်ဆုံးမှာပဲ ရှိပါတယ်..။ ကျွန်တော့်အတွက် ထိပ်ဆုံးဦးစားပေးက တစ်ပွဲချင်းကို အကောင်းဆုံး ကစားနိုင်ဖို့..၊ တစ်ပွဲထက်တစ်ပွဲ ပိုပြိးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်..။”




မေး - ခင်ဗျားဟာ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ် ဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးနိုင်ပါ့မလား..?

“အဲဒီမေးခွန်းကိုဖြေဖို့ အရမ်းကိုစောလွန်းနေပါသေးတယ်..။ အခုအချိန်မှာ ကျွန်တော်ပြောနိုင်တာက မနေ့ညပွဲအပြီးမှာတောင် ကျွန်တော်တို့ဟာ ဘာမှမဟုတ်သေးပါဘူး..။ ဗလင်စီယာ အသင်းနဲ့ပွဲစဉ်ဟာလည်း ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲပါ..။ ကျွန်တော်တို့ဟာ စပိန်မြေမှာ ရလဒ်ကောင်းတစ်ခု ဆောင်ယူနိုင်ဖို့ လိုအပ်နေပါသေးတယ်..။ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ လက်ကျန်ပွဲစဉ်နှစ်ပွဲဟာ တကယ့်ကို ကြီးမားတဲ့ အတားအဆီးကြီးတွေအဖြစ် ရှိနေတုန်းပါပဲ..။ ဟိုးအဝေးကြီးက ပွဲတွေအကြောင်း လှမ်းပြောနေရတာ အရမ်းကို ဝေးလွန်းနေပါသေးတယ်..။

ဒါပေမယ့် ကျွန်တော်တို့ဟာ ကိုယ့်ရဲ့အရည်အချင်းကို ယုံကြည်မှု အပြည့်အ၀ ရှိနေရမှာပါ..။ ဒီလိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်တွေကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းတွေဟာ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့အရာတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ လုပ်စရာတွေ..၊ ကျော်ဖြတ်စရာတွေ အများကြီးကျန်ရှိနေပါသေးတယ်..။ မနေ့ကလို ရလဒ်မျိုးဆိုတာ အစိတ်အပိုင်း သေးသေးလေးတစ်ခု အနေနဲ့ပဲ ရှိမှာပါ..။

လာမယ့်ခရီးလမ်းတစ်လျှောက် သင်ယူစရာတွေ အများကြီး ရှိနေပါသေးတယ်..။ မပေးသင့်တဲ့ဂိုးတွေ..၊ ပေါ့လျော့မှုတွေ..၊ ခံစစ်ပိုင်း အမှားတွေကြောင့် သူတို့ကို ဦးဆောင်ခွင့် ပေးလိုက်ရတာတွေ စသဖြင့် သင်ယူဖို့..၊ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေတဲ့ အရာတွေ အများကြီး ရှိနေပါသေးတယ်..။ ဒါတွေကို ဖြည်းဖြည်းချင်း ပြုပြင်ရင်း ကျော်ဖြတ်သွားမယ်ဆိုရင် ကျွန်တော်တို့ လူယ်ကစားသမားအစုဟာ မျှော်လင့်နေတဲ့ ခရီးရှည်ကြီးကို လှမ်းလျှောက်ချီတက်သွားနိုင်မှာပါ..။”

မေး - ဟုတ်ကဲ့ပါ.. နောက်ဆုံးအနေနဲ့ ခင်ဗျားရဲ့ ချယ်လ်ဆီးအသင်း မန်နေဂျာဘဝ.. ပထမဆုံးရာသီအကြောင်း ပြောပြပေးပါလား…

“ဒီအလုပ်ကို ကျွန်တော်အရမ်းနှစ်သက်သလို အရမ်းလည်း ဂုဏ်ယူပါတယ်..။ ဒီအသင်းကို ကျွန်တော်ဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာ လူတိုင်းသိပါတယ်..။ ကျွန်တော်အစွမ်းကုန် ကြိုးစားနေသလို ကျွန်တော့်ရဲ့ နည်းပြအဖွဲ့..၊ ဝန်ထမ်းတွေ..၊ ကစားသမားတွေအားလုံးဟာလည်း အစွမ်းရှိသမျှ ကြိုစားအားထုတ်နေကြပါတယ်..။ ဒါတွေကို အောင်မြင်မှုအဖြစ် ကျွန်တော်ပြောင်းလဲပေချင်ပါတယ်..။

အခုလို ကြိုးစားနေဆဲကာလတစ်လျှောက်မှာတော့ ဘယ်လောက်ချစ်မြတ်နိုးပါတယ်.၊ ဘယ်လိုတွေ ပေးဆပ်ခဲ့ပါတယ် ဆိုတာတွေကို ဂုဏ်ဖော်နေစရာ မလိုပါဘူး…။ ကျွန်တော်တို့အားလုံးဟာ ကိုယ်စီကိုယ်စီ တာဝန်တွေကို နေ့စဉ်နေ့တိုင်း ကျေပွန်အောင် ဆောင်ရွက်သွားရုံပါပဲ..။ ဒီလိုနည်းအားဖြင့် တစ်နေ့ပြီးတစ်နေ့ ပိုပြီးတိုးတက်လာပါမယ်..။ နောက်ဆုံးတစ်နေ့မှာ ကျွန်တော်တို့ လိုချင်တဲ့ အောင်မြင်မှုတွေ ရရှိလာမှာပါ..။ ဒါပေမယ့် လောလောဆယ်မှာတော့ ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ကိုပဲ အနိုင်ရအောင် ကြိုးစားဖို့ဟာ အပြည့်အ၀ အာရုံစိုက်ထားရဦးမှာပါ..။”

#FRANK