ဒီရက်သတ္တပတ်က ရီစီဂျိမ်းစ်အတွက် အမှတ်ရစရာတွေနဲ့ ပြည့်နှက်နေလိမ့်မယ်။ ချန်ပီယံလိဂ်မှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူခဲ့သလို၊ ပရီးမီးယားမှာလည်း ပထမဦးဆုံး ပွဲထွက်ခွင့်ကို ရရှိခဲ့လို့ပါ။ မိခင်အသင်းအတွက် ဒီလိုလုပ်ပြနိုင်ဖို့က သူ့ရဲ့အိပ်မက်ပါပဲ။ ဝီဂန်မှာကတည်းက ရင်းနှီးဖူးတဲ့သူတွေကတော့ သူ အခုလို လုပ်ပြနေနိုင်တာကို သိပ်ထူးဆန်းနေမှာ မဟုတ်ဘူး။ ရီစီဂျိမ်းစ်ရဲ့ ဝီဂန်နေ့ရက်တွေက ပျားရည်လိုချိုမြခဲ့တယ်။ ဝီဂန်နည်းပြ ပေါလ်ကွတ်ခ် အခုလိုပဲ ချီးကျူးခဲ့ပါတယ်..။
“သူက ဂိုးသမားနေရာမှာတောင် ကစားလို့ ရပါတယ်။ အရမ်းထက်မြက်သူပါ”
ဝီဂန်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သလို၊ ချန်ပီယံရှစ်ရဲ့ အကောင်းဆုံးအသင်းမှာလည်း ပါဝင်ခဲ့တယ်။ ဒါပေမဲ့ သူ ကစားတဲ့နေရာက အသင်းခေါင်းဆောင် ဒေ့ဗ်ရဲ့နေရာဖြစ်နေလို့ ချက်ချင်းနေရာရဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ “ထန်းသီးကြွေခိုက်”မှာ ဂျိမ်းစ်တစ်ယောက် “ကျီးနင်း”နိုင်ခဲ့ပါပြီ။ အမှတ်ရစရာ ချန်ပီယံလိဂ်ညပြီးတော့ ဂျိမ်းစ်တစ်ယောက် ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရခဲ့တယ်။ အဲဒီပွဲမှာလည်း Clean Sheet ရခဲ့တော့ မကြာခင် အသင်းရဲ့ခံစစ်မှာ သူ့ကို ခပ်စိတ်စိတ်မြင်လာရတော့မှာ သေချာနေပါပြီ။
ဒီရာသီ ချယ်လ်ဆီးရဲ့ အားအနည်းဆုံးနေရာဖြစ်နေတာက ညာခံစစ်နေရာပါ။ ဒေ့ဗ်က အသင်းနဲ့ လိုက်ဖက်တဲ့ အမြန်နှုန်းမရှိသလို၊ သူ အားသန်တဲ့ခံစစ်ပိုင်းမှာလည်း လစ်ဟင်းမှုတွေ များခဲ့ပါတယ်။ အသင်းရဲ့ တိုက်စစ်အဟုန်မှာ စီးမျောလိုက်ပါရမယ့်အစား Back-pass တွေသာ အပေးများပါတယ်။ ပြိုင်ဘက်(၂)ယောက်လောက်ကို အရှိန်နဲ့ကျော်ဖြတ်ပြီး ဒေ့ဗ်တစ်ယောက် ဖြတ်တင်လိုက်တာမျိုး ဒီရာသီ ဘယ်နှကြိမ်များ တွေ့ခဲ့ရလို့လဲ။ ဒီအားနည်းချက်ကို လမ်းပတ်လည်း မြင်ပါလိမ့်မယ်။ ဒါပေမဲ့ နုနယ်သူတွေများနေတဲ့ အသင်းကနေ အသင်းခေါင်းဆောင်တစ်ဦးကို ချန်လှပ်ဖို့ဆိုတာကလည်း ခက်ခဲတဲ့ကိစ္စဖြစ်နေလို့ အချိန်အခါကောင်းကို လမ်းပတ် စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့တာဖြစ်တယ်။ အခုတော့ လမ်းပတ် စောင့်တဲ့အချိန်က စောင့်ရကျိုးနပ်ခဲ့ပါပြီ။
ဂျိမ်းစ်က လမ်းပတ်ရဲ့ နည်းဗျူဟာအာသီသနဲ့ လိုက်လျောညီထွေတဲ့ ကစားပုံကို ပိုင်ဆိုင်ထား သူ ဖြစ်တယ်။ ပဲလေ့စ်နဲ့ပွဲမှာ ဇာဟာကို ထိန်းပြသွားတဲ့ပုံက သူ့ရဲ့ဖြစ်တန်စွမ်းကို ပြတယ်။ ဇာဟာကို အဲဒီလောက် အကျပ်အတည်းတွေ့အောင် လုပ်ပြနိုင်တဲ့ ခံစစ်မှူးက သိပ်များများစားစားမရှိပါဘူး။ ဂျိမ်းစ်ရဲ့ မာထန်မှု၊ အာရုံစူးစိုက်မှုတို့အောက်မှာ ဇာဟာ အရည်ပျော်သွားတယ်။ ဒီနေ့ခေတ်ဟာ Full Back တွေရဲ့ ခေတ်လို့ ဆိုနိုင်ပြီး တိုက်စစ်သန်တဲ့ Attacking Full Back တွေရဲ့ အခန်းကဏ္ဍက အလွန်အကျွံအရေးပါလာပါပြီ။ Modern Full Back တစ်ဦးမှာ ရှိရမယ့် အရည်အသွေးတွေအားလုံး ဂျိမ်းစ်မှာ အပြည့်အဝရှိနေတယ်။ သူက အရမ်းမမြန်ပေမယ့် ကစားပုံရဲရင့်တယ်။ ဘောလုံးကို သယ်ယူဆွဲပြေးနိုင်တယ်။ ဖြတ်တင်ဘောတွေ တအားကောင်းတယ်။ ဂျိုကိုးလ်က “ဂျိမ်းစ်ရဲ့ဖြတ် တင်ဘောတွေက ဒေးဗစ်ဘက်ခမ်အတိုင်းပဲ” ဆိုပြီးတော့ ချီးကျူးဖူးတယ်။ အဲဒီအချိန်တုန်းက ဂျိုကိုးလ်တစ်ယောက် ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်နေတဲ့အချိန်ဖြစ်ပြီး ဂျိမ်းစ်က လူငယ်အသင်းသားအနေနဲ့ပဲ ရှိသေးတာပါ။
သူ့မှာ ခြင်္သေ့ပြာစိတ်ဓာတ် အလျှံပယ်ရှိနေတယ်။ သူ ဒီကို စရောက်တော့ (၇)နှစ်သားပဲ ရှိပါ သေးတယ်။ သူက အသက်(၄)နှစ်သားကတည်းက ဘောလုံးကန်ခဲ့တဲ့သူ။ သူ့ဖခင် နီဂျယ်လ်က လူငယ်ဖွံ့ဖြိုးတိုးတက်ရေးနည်းပြတစ်ဦးဖြစ်ပြီး လန်ဒန်တောင်ပိုင်းမှာ ထိပ်တန်းဘောလုံးအကယ် ဒမီတစ်ခု ဖွင့်လှစ်ထားသူဖြစ်တယ်။ ဘောလုံးဗီဇထက်သန်တဲ့ နီဂျယ်လ်ဟာ ၂၀၀၃ ခုနှစ်၊ ဂျိမ်းစ် (၄)နှစ်သားအရွယ်လောက်မှာ “အောက်နောက်ဖေးမှာ ဘောလုံးကွင်းတည်’’ ခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ကလေး ဘဝတစ်လျှောက် ဘောလုံးကိုပဲ မရပ်မနား ကစားခဲ့တယ်။ ဘောလုံးနဲ့ပဲ ပျော်ရွှင်ခဲ့ပါတယ်။ အဲဒီနောက် ဒေသတွင်းလူငယ်အသင်းနဲ့ ကစားရင်း ချယ်လ်ဆီးကင်းထောက်တွေရဲ့ စိတ်ဝင်စားမှုကို ခံရတယ်။ ကောင်းမွန်လှတဲ့ ဖရီးကစ်တွေကြောင့်ပါပဲ။
ဒီလိုနဲ့ ချယ်လ်ဆီးအကယ်ဒမီကို ဂျိမ်းစ် ရောက်လာခဲ့ပြီး မေဆန်မောင့်၊ ထရီဗာချာလိုဘာတို့နဲ့ အသက်အုပ်စုတစ်စုတည်းမှာ ကစားခဲ့ပါ တယ်။ (၉)နှစ်နဲ့ (၁၁)နှစ် အုပ်စုမှာကစားတော့ ဂျိမ်းစ်က အကောင်းဆုံးထဲကတစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အတန်းတက်လာတာနဲ့အမျှ သူက ခြေစွမ်းကျသွားခဲ့တယ်။ အဓိကကတော့ အိမ်ကနေ ခွဲခွာရလို့ပါပဲ။ ချယ်လ်ဆီးအကယ်ဒမီရဲ့ စည်းကမ်းအရ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းနားမှာ နေထိုင်ဖို့ ကူးပြောင်းရတော့ ဂျိမ်းစ် အသားမကျဖြစ်ပြီး ခြေစွမ်းကျသွားခဲ့တာပါ။ အကယ်ဒမီဖော် အတော်များများ ပရိုစာချုပ်ချုပ်ပြီးတဲ့အချိန်မှာ သူက စာ ချုပ်မချုပ်ရသေးဘူး။ ဒီလိုကြောင့် သူက ပိုကြိုးစားခဲ့ရတယ်။ သူ ညာတောင်ပံမှာ ကစားတာကနေ ကွင်းလယ်ဗဟို ပြောင်းကစားတယ်။ နောက်ဆုံးတော့ ညာခံစစ်မှာ အထိုင်ကျသွားပါတယ်။ သူက ရှက်တတ်တဲ့ ကောင်လေးတစ်ယောက် ဖြစ်တယ်။ စကားတွေ အများကြီး မပြောတတ်ဘူး။ ဒါပေမဲ့ အရွယ်ရောက်လာတာနဲ့အမျှ လူမှုစွမ်းရည်တွေလည်း တိုးတက်လာခဲ့ပြီး နောက်ပိုင်းမှာ လူငယ်အသင်းရဲ့ အသင်းခေါင်းဆောင်အထိပါ တက်ဖြစ် ခဲ့တယ်။ ဂျိမ်းစ်ရဲ့ဦးဆောင်မှုအောက်မှာ ချယ်လ် ဆီး ယူ-၁၈ အသင်းဟာ လူငယ်ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ FA ဖလားတို့ကို အရယူနိုင်ခဲ့တယ်။ အဲဒီရာသီ အသင်းရဲ့ အကောင်းဆုံးယူ-၁၈ ကစား သမားဆုကိုလည်း ရယူနိုင်ခဲ့တယ်။ ဒါ သူ့ရဲ့အကယ်ဒမီ ကစားသမားဘဝပုံရိပ်ပါပဲ။
ဂျိမ်းစ်ရဲ့တိုးတက်ခြင်းလမ်းစဉ်ထဲ သူ့အဖေ ဟာ အဓိကနေရာက ပံ့ပိုးခဲ့တယ်။ ဂျိမ်းစ်ဟာ Close Control တွေ သပ်ရပ်သူဖြစ်ပြီး ဒီအရည်အသွေးအတွက် ကျေးဇူးတင်ရမှာက သူ့အဖေကိုပါ။ ဂျိမ်းစ်ဟာ ဘောလုံးကို ကောင်းကောင်းနိုင်နင်းဖို့၊ ဘောလုံးရဲ့လားရာကို တွက်ဆနိုင်ဖို့ ဖခင်ဖြစ်သူရဲ့ သင်ကြားပေးခြင်းကို ခံခဲ့ရသူဖြစ်တယ်။ ဝီဂန်မှာ ကစားစဉ် သူ့ကစားပုံ Video Clip တွေကို ချယ်လ်ဆီးထံ ပြန်ပြီး အစီရင်ခံရတယ်။ ဂျိမ်းစ်က အဲဒီဗီဒီယိုတွေကို သူ့ဖခင်နဲ့အတူ သုံးသပ်တယ်။ သူ့အဖေကလည်း ဂျိမ်းစ် ကစားတဲ့ပွဲတိုင်း လာကြည့်လေ့ရှိတယ်။ ပွဲပြီးပြီဆိုရင် သူတို့တွေ ဆွေးနွေးခန်းဖွင့်ကြပါပြီ။ သူ့မှာ ညီမလေးတစ်ဦးလည်း ရှိသေးပြီး လော်ရန်းလို့ အမည်ရပါတယ်။
ဘောလုံးသမားတစ်ဦးပဲဖြစ်ပြီး မန်ယူအသင်းမှာ ကစားနေတဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ဦးပါ။ သူ့ညီမက ဂျိမ်းစ်ကို ထရစ်ပီယာနဲ့ နှိုင်းပြီး အခုလို ချီးကျူးထား သေးတယ်။
“သူက နည်းစနစ်ပိုင်းအရ အရမ်းကောင်းပါတယ်။ First Touch တွေ အရမ်းကောင်းတယ်။ အားအသာဆုံးကတော့ ပေးပို့မှုအကွာအဝေး(Passin Range)ပါ” လို့ ဆိုတယ်။
ကလေးငယ်ဘဝက ချယ်လ်ဆီးအသင်းသားကြီးတွေ လေ့ကျင့်ရေးဆင်းတိုင်း ကန်တင်းကနေ မျက်လုံးအဝိုင်းသားနဲ့ တိတ်ဆိတ်စွာ ထိုင်ငေးနေတတ်တဲ့ (၉)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ကြီးပြင်းလာတဲ့အချိန်အထိ အဲဒီအချိန်က အမှတ်တရကို ထမ်းပိုးထားဆဲပါ။ ဒါဟာ သူ့ရဲ့ အိပ်မက်လို့လည်း ဆိုနိုင်တယ်။ “ချစ်လှစွာသော ရီစီရေ၊ မင်းရဲ့ဘောလုံးသမားဘ၀ သာယာပါစေ” ဆိုတဲ့ ဂျွန်တယ်ရီရဲ့Massage ပါတဲ့ ဂျာစီအင်္ကျ ီဟာ ခုထက်ထိ သူ့အိပ်ရာဘေးမှာ ရှိနေတုန်းပါ။ အိပ်ခန်းထဲဝင်တိုင်း အဲဒါကို ကြည့်ဖြစ်တယ်လို့ သူက ဆိုဖူးတယ်။ ဒီလိုအိပ်မက်တွေနဲ့ သူ ကြီးပြင်းလာခဲ့တယ်။
ဝီဂန်ကို အငှားထွက်ရတော့လည်း သူ စိတ်မပျက်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး တည်ဆောက်ပြီး အသင်းထံ ပြန်လာတယ်။ ပွဲထွက်ခွင့်ကို ထိုင်စောင့်နေခဲ့တယ်။ အသင်းကလည်း ပေါင်(၂၅)သန်းတန် ဇာပါကော်စတာကို အငှားထုတ်ပြီး ဂျိမ်းစ်ကို အသင်းမှာ ဆက်ရှိစေခဲ့တယ်။ ဒါက အသင်းရဲ့ ယုံကြည်မှုဖြစ်ပြီး အခုအချိန်မှာတော့ အဲဒီယုံကြည်မှုက Reality အနေနဲ့ အသက်ဝင်လာပါပြီ။ အီမာဆန်နဲ့ ဂျိမ်းစ်တို့ရဲ့ တောင်ပံတစ်စုံက အသင်းသွားလိုတဲ့လမ်းကြောင်းနဲ့ ပလဲနံပသင့်လှတာကို မြင်နေရပါပြီ။ ကျွန်တော်တို့ ဂျိမ်းစ်ကို ပုံမှန်တစ်နေရာအတွက် ဘယ်လောက် ထပ်စောင့်ရဦးမလဲ။ ဒီခြေစွမ်းနဲ့ကတော့ ဘယ်လောက်ပဲဖြစ်ဖြစ် စောင့်ရတာတန်ပါတယ်၊ သူက တကယ်ထွန်းလင်းလာမယ့် နောက်ထပ်အကယ်ဒမီကြယ်ပွင့် တစ်စင်းပဲ ဖြစ်ပါတယ်။
#MagicBox_Zo25