feature-image

နည်းပြသစ် ရိုဆီနာ လက်အောက်မှာ တိုးတက်၊ ပြောင်းလဲလာတဲ့ 'ဂျာအို ပီဒရို'

အခုဘောလုံးရာသီမှာ အာဆင်နယ်အသင်း နောက်ခံလူတွေဖြစ်တဲ့ ဝီလီယံ ဆာလီဘား နဲ့ ဂါဘရီယယ်လ် တို့ကို အခက်တွေ့အောင် လုပ်နိုင်ခဲ့တဲ့ တိုက်စစ်မှူးအနည်းငယ်ထဲမှာ ဂျာအို ပီဒရို လည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ အင်းမရိတ်ကွင်းမှာ ကစားခဲ့တဲ့ အဲ့ဒီ Carabao ဖလားပွဲစဉ်မှာ ချယ်လ်ဆီးအသင်း ရှုံးနိမ့်ခဲ့ပေမယ့် လာမယ့် တနင်္ဂနွေနေ့မှာတော့ ဂျာအို ပီဒရို ဟာ အဲဒီပွဲတုန်းကခြေစွမ်းမျိုးနဲ့ ပြန်လာဖို့ ရည်မှန်းထားပါတယ်။

အသက် (၂၄) နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးဟာ အဲ့ဒီညကအာဆင်နယ်ရဲ့ ဗဟိုနောက်ခံလူတွေကို သူတို့နေရာကနေ လွတ်ထွက်သွားအောင် ဆွဲထုတ်နိုင်ခဲ့သလို ဂိုးပေါက်ကျောပေးပြီး ဘောလုံးထိန်းထားရာမှာလည်း တကယ့်ကို အထင်ကြီးဖို့ကောင်းလောက်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့ပါတယ်။ သူဟာ ကွင်းလယ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးနိုင်ခဲ့တယ်၊ နေရာလွတ်တွေဆီ ပြေးထွက်နိုင်ခဲ့တဲ့အပြင် တခြားသူတွေထက် ပြစ်ဒဏ်ဘောနှစ်ဆ အရယူပေးနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ အားကိုးရတဲ့ တိုက်စစ်လမ်းကြောင်းအဖြစ် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာ သူလိုအပ်နေခဲ့တာက ဂိုးတစ်ဂိုးပါပဲ။ ဒါပေမယ့် နောက်ပိုင်းပွဲစဉ်မှာ သူ့ဆီကသွင်းဂိုးတွေ ပြတ်လပ်မသွားတော့ပါဘူး။ ဂျာအို ပီဒရို ဟာ ချယ်လ်ဆီးအတွက် နောက်ဆုံးကစားခဲ့တဲ့ (၉) ပွဲမှာ (၇) ဂိုး သွင်းယူ ပေးထားပါတယ်။ ၂၀၂၆ နှစ်သစ်ကူးပြီးကတည်းက ပရီးမီးယားလိဂ်မှာ သူ့ထက်ဂိုးပိုသွင်းထားနိုင်တဲ့သူဆိုလို့ အာဆင်နယ်အသင်းရဲ့ ဗစ်တာ ယော်ကာရက်စ် တစ်ယောက်ပဲ ရှိပါတော့တယ်။



ဂျာအို ပီဒရို ဟာ ရာသီအစပိုင်းပွဲ (၃၀) မှာ (၈) ဂိုးပဲ သွင်းနိုင်ခဲ့ရာကနေ နောက်ဆုံး (၉) ပွဲမှာ (၇) ဂိုးအထိ သွင်းယူနိုင်လာပြီး ဂိုးသွင်းနှုန်း မြင့်တက်လာမှုဟာ နည်းပြ လီယမ် ရိုဆီနာ ရောက်လာတာနဲ့ တိုက်ဆိုင်နေပါတယ်။ နည်းပြသစ် ရိုဆီနာ ကလည်း ပြီးခဲ့တဲ့အပတ်ကမှ ဂျာအို ပီဒရို ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါသေးတယ်။

အဲဒီလိုခိုင်းနှိုင်းချက်ဟာ စိတ်ကူးယဉ်ဆန်တယ်လို့ တစ်ချို့တွေက ပြောကောင်းပြောကြမှာ ဖြစ်ပေမယ့် သူ့ရဲ့တိုးတက်လာတဲ့ ခြေလှမ်းတွေကိုတော့ သံသယဖြစ်စရာမရှိပါဘူး။ ဘန်လေအသင်းနဲ့ပွဲက ဂျာအို ပီဒရို ရဲ့ သွင်းဂိုးဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သူ့ရဲ့ (၁၁) ဂိုးမြောက်ဂိုး ဖြစ်ပါတယ်။ သူဟာအသင်းဟောင်း ဘရိုက်တန်မှာတုန်းကလို ပင်နယ်တီ ကန်သွင်းခွင့်တွေ မရတော့တာတောင်မှ အဲဒီဂိုးအရေအတွက်ရောက်အောင် သွင်းယူပေးနိုင်ခဲ့တာပါ။


အဲဒီအချက်ကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့စွမ်းဆောင်ရည် သိသိသာသာ မြင့်တက်လာတာကို တွေ့နိုင်ပါတယ်။ ဂျာအို ပီဒရို ဟာ သူအရင်ကစားခဲ့တဲ့ ဘယ်ထိပ်တန်းလိဂ်ရာသီမှာထက်မဆို ပင်နယ်တီမပါတဲ့သွင်းဂိုး (Non-penalty goals) အရေအတွက် နှစ်ဆထက်မက ပိုပြီးသွင်းထားနိုင်ခဲ့တာပါ။ အခုဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သူ့ထက်ပင်နယ်တီမပါတဲ့ ဂိုးပိုသွင်းထားနိုင်တဲ့ ကစားသမားတွေဆိုလို့ အားလင်း ဟာလန်း နဲ့ အန်တော်နီ ဆီမီရို တို့ပဲ ရှိပါတယ်။

ဂျာအို ပီဒရို ဟာ ဘရိုက်တန်မှာတုန်းကရော၊ ပြီးခဲ့တဲ့ဇူလိုင်လက စတာလင်ပေါင်သန်း (၆၀) နဲ့ ချယ်လ်ဆီး ကို ရောက်လာပြီး အီတလီနည်းပြ အင်ဇို မာရက်စ်ကာ လက်ထက်မှာပါ ‘No. 10’ (တိုက်စစ်ကွင်းလယ်) နဲ့ ‘No. 9’ (တိုက်စစ်မှူး) နေရာတွေကို မျှပြီး ကစားခဲ့ရပါတယ်။ ဒါပေမယ့် အခုနည်းပြသစ် လီယမ် ရိုဆီနာ လက်ထက်မှာတော့ အထောင်တိုက်စစ်မှူး လီယမ် ဒီလပ် ရှိနေတာတောင်မှ သူ့ကိုအထောင်တိုက်စစ်မှုး နေရာမှာပဲ သီးသန့်နီးပါး အသုံးပြုနေပါတယ်။



အာဆင်နယ်အသင်းနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ပွဲမှာ သူ့ရဲ့ဂိုးပေါက်ကို ကျောပေးကစားနိုင်တဲ့ စွမ်းရည်ကို မြင်တွေ့ခဲ့ရပေမယ့် ယေဘုယျအားဖြင့်တော့ ရိုဆီနာ လက်ထက်မှာ ဂျာအို ပီဒရို ဟာ ကွင်းလယ်ကစားကွက်မှာ ပါဝင်မှုနည်းလာတာကို တွေ့ရပါတယ်။ နည်းပြသစ်ဟာ သူ့ကိုဂိုးဧရိယာအတွင်းမှာ ပိုပြီး အန္တရာယ်ပေးနိုင်အောင် ကြိုးစားနေတာကြောင့် သူ့ရဲ့ဘောလုံးထိတွေ့မှုနဲ့ ပေးပို့မှုအရေအတွက် အရင်ကထက် လျော့နည်းသွားခဲ့တာ ဖြစ်ပါတယ်။



နည်းပြသစ်လက်ထက်မှာ ဂျာအို ပီဒရို ဟာ ကွင်းထဲမှာ နေရာအနှံ့ရွှေ့လျား မကစားတော့ဘဲ ဂိုးပေါက်တည့်တည့်ကို ပိုပြီးအာရုံစိုက်လာရတာကို သဘောကျနေပုံရပါတယ်။ အခုလိုပစ်မှတ်ကျဉ်းပြီး ဂိုးပေါက်ကိုသီးသန့် အာရုံစိုက်လိုက်တာကြောင့် အရင်ကထက် နှစ်ဆနီးပါးလောက် ဂိုးကန်သွင်းခွင့်တွေ ပိုရလာခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နာပိုလီအသင်းကို အနိုင်ရတုန်းကသွင်းယူခဲ့တဲ့ ပထမဂိုးလိုမျိုး အဝေးကနေ အံ့မခန်းကန်သွင်းနိုင်စွမ်း ရှိနေဆဲဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ သူဟာ ဂိုးရဖို့ ပိုလွယ်ကူတဲ့ အခွင့်အရေးတွေကို ပိုပြီးအရယူလာတာ တွေ့ရပါတယ်။

ဘန်လေအသင်းနဲ့ပွဲမှာ ပီဒရို နက်တို ရဲ့ ဖြတ်တင်ဘောကတစ်ဆင့် အတင်းတိုးပြီး သွင်းယူခဲ့တဲ့ သူ့ရဲ့ဂိုးဟာ ရိုဆီနာ လက်ထက်မှာ ပင်နယ်တီဧရိယာ (၆) ကိုက်စည်းအတွင်းကနေ သွင်းယူခဲ့တဲ့ ဒုတိယမြောက်ဂိုး ဖြစ်ပါတယ်။ အဲ့ဒီဂိုးကြောင့် သူဟာ အခုဘောလုံးရာသီမှာ ပင်နယ်တီဧရိယာ (၆) ကိုက်စည်းအတွင်းကနေ (၅) ဂိုး သွင်းယူထားနိုင်ပြီး လိဒ် ယူနိုက်တက် တိုက်စစ်မှူး ဒေါမနစ် ကယ်လ်ဗတ်-လီဗင်း နဲ့အတူ ဂိုးအများဆုံးသွင်းယူထားတဲ့ စံချိန်တူ ဖြစ်လာခဲ့ပါတယ်။



သူဟာအခုချယ်လ်ဆီးအသင်းမှာ ဘရိုက်တန်တုန်းကထက် ပိုပြီးကောင်းမွန်တဲ့ ဘောလုံးပေးပို့မှုတွေ ရရှိနေတာကလည်း သူ့ကိုအများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ပင်နယ်တီသွင်းဂိုးတွေကို ဖယ်လိုက်မယ်ဆိုရင်တောင် ဂျာအို ပီဒရို ရဲ့ ဂိုးကန်သွင်းမှု အရည်အသွေး (Shot quality) ဟာ သိသိသာသာ ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီ ဘရိုက်တန်အသင်းမှာတုန်းက သူ့ရဲ့ကန်ချက်တစ်ကြိမ်ဟာ ဂိုးရနိုင်ခြေ (Expected Goals per shot) (ဝ.၁၂) ဂိုးပဲ ရှိခဲ့ရာကနေ အခုချယ်လ်ဆီးမှာတော့ (ဝ.၂၁) ဂိုးအထိ မြင့်တက်လာခဲ့ပါတယ်။

နည်းပြရိုဆီနာ ဟာ ဂျာအို ပီဒရို ကို သူ့ရဲ့ကစားဟန်မှာ အရှိန်အဟုန် (Intensity) မြှင့် အားထုတ်ပေးဖို့ တောင်းဆိုခဲ့ပြီး သူကလည်း ပြိုင်ဘက်ကို ဖိအားပေးတာ (Pressing) ရော၊ တိုက်စစ်နေရာယူမှု အပိုင်းတွေမှာပါ ပိုပြီးတိုးတက်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ သူဟာ နောက်ခံလူတွေရဲ့နောက်က နေရာလွတ်တွေဆီကို ပြေးထွက်တဲ့ အကြိမ်ရေရော၊ ထိရောက်မှုပိုင်းမှာပါ အရင်ကထက် အများကြီး ပိုကောင်းလာခဲ့ပါတယ်။

ဂျာအို ပီဒရို ရဲ့လက်ရှိဂိုးသွင်းနှုန်းနဲ့ ခြေစွမ်းထက်မြက်မှုတွေအရ ဒီယေဂို ကော်စတာ နောက်ပိုင်း ချယ်လ်ဆီးအသင်းမှာ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုး (၂၀) ပြည့်အောင် သွင်းနိုင်ခဲ့မယ့် ပထမဆုံး တိုက်စစ်မှူး ဖြစ်လာမယ့်သူအဖြစ် မျှော်လင့်နိုင်စရာ ရှိလာပါတယ်..။ တိုက်စစ်မှူး ကော်စတာ ဟာ စတန်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ သုံးနှစ်အတွင်း ပရီးမီးယားလိဂ်သွင်းဂိုး (၂၀) ကျော် ရရှိခဲ့တဲ့ စံချိန်ကို နှစ်ကြိမ်တိုင်တိုင် ရယူနိုင်ခဲ့ပါတယ်..။



ဂျာအို ပီဒရို အနေနဲ့ အခုဘောလုံးရာသီမှာ အဲ့ဒီမှတ်တိုင်ကို ရောက်ရှိဖို့အတွက် လိုအပ်ချက်တွေ နေသေးတာ အမှန်ပါပဲ။ ဒါပေမယ့် သူသာအခုလက်ရှိ ဂိုးသွင်းနှုန်းအတိုင်း ဆက်သွားနိုင်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ရာသီက (၁၄) ဂိုး သွင်းခဲ့တဲ့ နီကိုလပ်စ် ဂျက်ဆင် နဲ့ ၂၀၁၉/၂၀ ဘောလုံးရာသီမှာ (၁၅) ဂိုး သွင်းခဲ့တဲ့ တန်မီ အေဘရာဟင် တို့ရဲ့ သွင်းဂိုးအရေအတွက်တွေကို ကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒါတွေအားလုံးထက် အရေးကြီးတာကတော့ လာမယ့်တနင်္ဂနွေနေ့ အင်းမရိတ်ကွင်းကို သွားရောက်ကစားရမယ့် ခရီးစဉ်ပဲ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်ဟာ ဂျာအို ပီဒရို အတွက် ထိပ်တန်းနောက်ခံလူတွေဖြစ်တဲ့ ဝီလီယံ ဆာလီယာ နဲ့ ဂါဘရီယယ်လ် တို့နဲ့ နောက်ထပ်တစ်ကြိမ် ထပ်မံရင်ဆိုင်ရင်း ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ယောက်အဖြစ် သက်သေပြနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Sky Sports မှ ဆောင်းပါးရှင် Nick Wright ၏ ‘Joao Pedro impressing under Liam Rosenior and evolving into the striker Chelsea need - The Radar’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)