ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) အဖြစ် အက်စ်တွန် ဗီလာအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ဗီလာ ပါ့ခ် ကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ ချယ်လ်ဆီးအသင်းက ၄ဂိုး- ၁ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်..။ အဆိုပါပွဲစဉ်မှ သွင်းဂိုးများနှင့် hattrick ရရှိခဲ့သော တိုက်စစ်မှူး ဂျာအို ပီဒရို ၏ ခြေစွမ်း၊ ချယ်လ်ဆီးအသင်း၏ ရာသီပန်းဝင်ခရီးအပေါ် ထင်မြင်ချက်များကို ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျိုး ကိုးလ်၊ ချယ်လ်ဆီးနည်းပြ လီယမ် ရိုဆီနာ နှင့် လီဗာပူးလ်အသင်း တိုက်စစ်ဟောင်း ပီတာ ခရော့ချ် တို့က TNT Sports သတင်းဌာနမှ တင်ဆက်သည့် ပွဲပြီးသုံးသပ်စကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြပါသည်..။
ဘက်ကီ အိုက်ဗ် - လီယမ် ရေ.. ကျွန်မတို့နဲ့အတူ လာရောက်၊ ပူးပေါင်းပေးလို့ တကယ်ပဲကျေးဇူးတင်ပါတယ်ရှင့်..။ ဒီနေ့ပွဲရလဒ်ဟာ အခုအချိန်ထိ ချယ်လ်ဆီးမှာရှင့်ရဲ့ ပရီးမီးယားလိဂ် သက်တမ်းတစ်လျှောက် အကြီးမားဆုံးနိုင်ပွဲလို့ ပြောလို့ရပါတယ်..။ အထူးသဖြင့် ဒီလိုနေရာမျိုးမှာလာပြီး အနိုင်ယူနိုင်ခဲ့တာ တကယ့်ကို ကျေနပ်ဖို့ကောင်းတယ်.. လို့ ပြောရမှာပဲရှင့်..
လီယမ် ရိုဆီးနား - ဟုတ်ပါတယ်..။ တကယ့်ကို ကျေနပ်ဖို့ကောင်းတဲ့ စွမ်းဆောင်ရည်ပါ။ ပွဲစကတည်းက ကျွန်တော်တို့ ပွဲကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ ခံစားရပါတယ်။ သူတို့ဘက်ကကောင်လေးတွေက ၁-၀ နဲ့ ဦးဆောင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အဆုံးသတ်မှုကို လုပ်ပြခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုဟာ တကယ့်ကို ထူးရှယ်ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ အသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှု အရယူကစားဟန်၊ ထိုးဖောက်နိုင်စွမ်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်မြင်ချင်တဲ့အရာအားလုံး တွေ့မြင်ခဲ့ရသလို ဂိုးလေးဂိုးလည်း ရခဲ့ပါတယ်။ တကယ့်ကို ကောင်းမွန်တဲ့ အသင်းတစ်သင်းကို သူတို့ရဲ့ခက်ခဲတဲ့အိမ်ကွင်းမှာ ရင်ဆိုင်ရတာပါ၊ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ဒီထက်တောင် ပိုပြီးဂိုးတွေ ရနိုင်ပါသေးတယ်။ အများကြီး ပိုလုပ်ပြနိုင်ဦးမယ်ဆိုတာ သိပေမယ့် ယေဘုယျအားဖြင့် ဒီညအတွက် တကယ့်..၊ တကယ့်ကို ပျော်ရွှင်မိပါတယ်။

ဂျိုး ကိုးလ် - လီယမ်.. ခင်ဗျားပြောလေ့ရှိတဲ့ ပွဲစဉ်တွေရဲ့ အဆုံးအဖြတ် အခိုက်အတန့်တွေ (big moments) ဟာ ကျွန်တော်တို့ ရောက်နေတဲ့နေရာကနေ ကျွန်တော်တို့ သွားချင်တဲ့နေရာဆီကို ရောက်ရှိနိုင်ဖို့ လိုအပ်နေတဲ့ ကွာခြားချက်တွေဖြစ်ပါတယ်..။ ဒီညမှာတော့ ကျွန်တော်တို့အသင်းဟာ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့တယ်လို့ ကျွန်တော်ယူဆမိပါတယ်။ အခွင့်အရေးတွေက ကျွန်တော်တို့ဆီ ရောက်လာသလို၊ ကျွန်တော်တို့ကိုယ်တိုင်ကလည်း အဲဒီအခွင့်အရေးတွေ ရရှိလာအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
လီယမ် ရိုဆီးနား - ဟုတ်ပါတယ်..။ ခင်ဗျားပြောတဲ့အချက်ဟာ တကယ့်ကိုသေးငယ်လှတဲ့ ခြားနားချက် (fine margins) လေးတွေပါ။ အက်စတွန် ဗီလာအသင်းကိုလည်း အသိအမှတ်ပြုရပါမယ်။ သူတို့ဟာ ထောင့်ကန်ဘောတွေမှာ ခေါင်းတိုက်ဖို့ လေးယောက်အထိ ထားခဲ့တဲ့အတွက် ပထမပိုင်းမှာ ကျွန်တော်တို့ကို အခက်တွေ့စေခဲ့ပါတယ်။ အနိုင်နဲ့အရှုံး.. ဆိုတဲ့ ရလဒ်ကြားက ခြားနားချက်ဟာ မီလီမီတာ အနည်းငယ်လောက်ပဲ ရှိတာပါ၊ ဒီနေ့ပွဲမှာတော့ အရေးကြီးတဲ့ အခိုက်အတန့်တွေဟာ ကျွန်တော်တို့ဘက်မှာ ရှိခဲ့ပါတယ်။
ဒါ့အပြင်ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ဒီနေ့ရလဒ်ဟာ ရထိုက်တယ်လို့ ထင်ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ဘောလုံးကစားဟန်တချို့ဟာ ကျွန်တော်မြင်ချင်တဲ့ အရာအားလုံးပါပဲ။ နောက်တန်းကနေ တည်ဆောက်ကစားတာ၊ တိကျတဲ့ပေးပို့မှုတွေနဲ့ သူတို့အသင်းရဲ့ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်စွမ်း.. တွေပေါ့ဗျာ။ ကျွန်တော်တို့အသင်းဟာ သိပ်ကိုကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပေမယ့် တကယ့်ကို ကောင်းမွန်တဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ခဲ့ရတာပါ။

ဂျိုး ကိုးလ် - ဂါနာချို အကြောင်းလည်း ပြောရအောင်။ ဒီနေ့ပွဲမတိုင်ခင်မှာလည်း သူ့ရဲ့လေ့ကျင့်ကွင်းကခြေစွမ်းကို ခင်ဗျား တကယ်သဘောကျတယ်လို့ ပြောခဲ့တယ်နော်..။ ဒီနေ့ညမှာ သူဟာအထူးခြေစွမ်းပြ ကစားသွားနိုင်ခဲ့ပါတယ်။
လီယမ် ရိုဆီးနား - သူ့ရဲ့ကစားပုံ တကယ်ကို ပြောင်မြောက်ခဲ့ပါတယ်။ ကျွန်တော်ဟာ သူ့ကိုရော၊ ကျန်တဲ့ကစားသမား အားလုံးကိုပါ စကားတွေ အများကြီးပြောခဲ့ပါတယ်။ အခုလေးတင် သူ့နဲ့စကားပြောခဲ့ပါသေးတယ်..။ သူဟာပြီးခဲ့တဲ့ (၁၀) ရက်..၊ (၁၄) ရက်အတွင်းက လေ့ကျင့်ကွင်းက ခြေစွမ်းကြောင့် ဒီနေ့ညမှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ကျွန်တော်သိနေခဲ့ပါတယ်။ သူဟာပွဲထွက်ခွင့် မရတဲ့အတွက် စိတ်ပျက်ခဲ့ရတယ်၊ အဲဒီစိတ်ပျက်မှုကို အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ပြသသင့်တာပေါ့..။ ဒါပေမယ့် သူဟာ လေ့ကျင့်ခန်းတွေမှာ အစွမ်းကုန်ကြိုးစားခဲ့ပြီး ဒီနေ့မှာတော့ အဲဒီလေ့ကျင့်ကွင်းကအရာတွေကို လက်တွေ့ အသုံးချနိုင်ခဲ့ပါတယ်။ သူ့ရဲ့တိုက်စစ်ကစားပုံ တင်မကပဲ ခံစစ်ပိုင်းကူညီမှုလည်း ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။
သူနဲ့ရင်ဆိုင်ရတဲ့ ဗီလာအသင်းက မက်တီ ကတ်ရှ် ဟာ ထိပ်တန်း နောက်ခံလူတစ်ယောက်ပါ၊ ဒါပေမယ့် ဂါနာချို ဟာ သူ့ကိုအကောင်းဆုံး ရင်ဆိုင်၊ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အသင်းသားတွေရဲ့အကြောင်း တစ်ယောက်ချင်း ပြောပြလို့ရပါတယ်။ ဂျာအို ပီဒရို၊ ရီစ် ဂျိမ်းစ်၊ မွိုက်စ် ကိုင်စီဒို၊ ဂိုးသွင်းနိုင်ခဲ့တဲ့ ကိုးလ် ပါလ်မာ၊ နောက်တန်းက ထရီဗာ (Trevor Chalobah) ကတော့ ထရီဗာ ပီပီ.. ပဲပေါ့ဗျာ..။ တကယ့်ကို ထူးခြား၊ ပြောင်မြောက်ခဲ့တဲ့ အသင်းလိုက် စွမ်းဆောင်ရည် ဖြစ်ခဲ့ပါတယ်..။

ပီတာ ခရော့ချ် - ပရိသတ်တွေဟာ ဂျာအို ပီဒရို နဲ့ ကိုးလ် ပါလ်မာ တို့ ကစားတာကိုကြည့်ဖို့ ပိုက်ဆံပေးကြတာ.. လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်..။ အထူးသဖြင့် ဂျာအို ပီဒရို ပေါ့ဗျာ..။ ဒီနေ့ပွဲမှာ သူ့ရဲ့ခြေစွမ်း ဘယ်လောက်တောင် ကောင်းနေခဲ့လဲ..?
လီယမ် ရိုဆီးနား - ကြောက်စရာကောင်းလောက်တဲ့ (scary) ခြေစွမ်းပါပဲ..။ ဒါပေမယ့် သူတို့အားလုံးဟာ အခုလိုအသက်အရွယ်လေးတွေနဲ့ ဒီလိုခြေစွမ်းမျိုးတွေ ပြသနေတာကြောင့် သူတို့တွေနဲ့ နေ့စဉ်နေ့တိုင်း တွဲဖက်၊ လေ့ကျင့်ရတာ သိပ်ကိုပျော်စရာကောင်းပါတယ်။ သူ့ရဲ့ စိတ်ဓာတ်ပိုင်းက တကယ့်ကို တိုက်ပွဲဝင် စစ်သည်တော် တစ်ယောက်လိုပါပဲ။ ဂျာအို ဟာ ထူးချွန်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်သလို ခန္ဓာကိုယ် ကြံ့ခိုင်မှုကောင်းမွန်တယ်..၊ သန်မာပါတယ်။
သူနဲ့အတူ ဂိုးဧရိယာအတွင်း နေရာယူမှုပိုင်းတွေ အများကြီးလေ့ကျင့်ခဲ့ကြပြီး အခုဒီနေ့ပွဲမှာ အဲဒီလိုပုံစံနဲ့ နှစ်ဂိုးရခဲ့တဲ့တွက် တကယ်ကို ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဂိုးတွေဟာ (၆) ကိုက်ဧရိယာ (six-yard box) ထဲကနေ သွင်းယူခဲ့တာဖြစ်ပြီး အဲဒီနေရာဟာ တိုက်စစ်မှူးတွေ ဂိုးရရမယ့် နေရာဖြစ်နေလို့ပါပဲ..။ သူဟာ ထူးခြားတဲ့ ကစားသမားတစ်ယောက်ဆိုတာ ကျွန်တော်တို့ သိထားပြီးပါပြီ..။ သူဟာ အခုထက်ပိုပြီး တိုးတက်လာဦးမှာ ဖြစ်တာကြောင့် အသင်းအတွက် အများကြီးအကျိုးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။"
ဂျိုး ကိုးလ် - လီယမ် ရေ.. ပီအက်စ်ဂျီနဲ့ ပွဲတွေအကြောင်းကို နည်းနည်းလောက် ကြိုမေးချင်ပါတယ်။ ခင်ဗျားဟာ ပြင်သစ်မှာ နည်းပြလုပ်ခဲ့ဖူးပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အဲဒီနှစ်ပွဲကြားထဲမှာ ကျွန်တော်တို့ဟာ တကယ့်ကိုခက်ခဲတဲ့ လိဂ်ပွဲစဉ်တစ်ပွဲ ကစားရပါဦးမယ်..။ ဒါပေမယ့် သူတို့အသင်းကတော့ လီဂူး (၁) ပြိုင်ပွဲမှာ အားလပ်ရက် ရထားပါတယ်။ အဲဒါဟာ ပရီးမီးယားလိဂ်ရဲ့ ခက်ခဲတဲ့အချက် ဖြစ်နေတယ် မဟုတ်လား? ပရီးမီးယားလိဂ်မှာ အောင်မြင်ဖို့ဆိုရင် ခင်ဗျားအနေနဲ့ (၃) ရက် ဒါမှမဟုတ် (၄) ရက်မှာ တစ်ပွဲလောက်ကို အကောင်းဆုံး စွမ်းဆောင်နိုင်ရမယ်။
လီယမ် ရိုဆီးနား - လီဂူး (၁) ပြိုင်ပွဲဟာ ထိပ်တန်းလိဂ် ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်..။ ပြိုင်ဘက်အသင်းရဲ့ ပွဲစဉ်ဇယား ဘယ်လိုရှိလဲ? ဆိုတာ ကျွန်တော်တို့ ထိန်းချုပ်လို့မရပါဘူး။ ဒါပေမယ့် ကျွန်တော် အသင်းသားတွေကို ပြောထားတာကတော့ တစ်ဦးတစ်ယောက်တည်း မဟုတ်ပဲ အသင်းလိုက်၊ အစုအဖွဲ့လိုက် (group) ကြိုးစားရမှာ ဖြစ်တယ် ဆိုတာပါပဲ။ ဝရက်စ်ဟမ်း (Wrexham) နဲ့ပွဲမှာ အသင်းကို အပြောင်းအလဲ ပြုလုပ်ရမယ်၊ ပီအက်စ်ဂျီနဲ့ပွဲမှာလည်း အပြောင်းအလဲ ပြုုလုပ်ရပါမယ်..။ နယူးကာဆယ်နဲ့ပွဲမှာလည်း အလားတူပါပဲ..။ဒါ့အပြင် ရိုမီယို လားဗီးယား ပြန်လည် ကစားနိုင်လာတာကလည်း ကျွန်တော်တို့အတွက် ကြီးမားတဲ့ အပေါင်းလက္ခဏာတစ်ခု ဖြစ်ပါတယ်..။

ဘက်ကီ အိုက်ဗ် - လီယမ် ရေ.. ရှင်အမြဲတမ်း ပြောလေ့ရှိတဲ့ စည်းလုံးညီညွတ်မှု (togetherness) အကြောင်း ကျွန်မမေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီညပွဲမှာ ကွင်းထဲမှာ ကစားသမားတွေ စုဝေးပြီး တိုင်ပင်နေကြတာ (huddles) ကို သတိထားမိလို့ပါ။ အဲဒါကခင်ဗျားလုပ်ခိုင်းတာလား ? ဒါမှမဟုတ်...
လီယမ် ရိုဆီးနား - No.. မဟုတ်ပါဘူး..။ သူတို့ကိုယ်တိုင် ပြုလုပ်ကြတာပါ..။ သူတို့တွေဟာ စည်းလုံးမှု ရှိတယ်.. အင်အားနဲ့ ညီညွတ်မှု ရှိတယ်.. ဆိုတာကို ပြသချင်ကြတာပါ။ သူတို့ရဲ့ ကို ပြသချင်ကြတာပါ။ အဲဒီအပြုအမူတွေဟာ ပြိုင်ဘက်အသင်းနဲ့ ဘာမှမဆိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ဟာ လူငယ်ကစားသမား အစုအဖွဲ့လေးတစ်ခုဖြစ်ပြီး ကျွန်တော် လုပ်ပေးနိုင်တဲ့ အကြီးမားဆုံးအရာက အဲဒီလို စုစည်းမှုအပိုင်းတွေမှာ ပိုပြီးတိုးတက်လာအောင် ကူညီပေးဖို့ပါပဲ။
အဲဒီအချက်ဟာ တကယ့်ကို အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ အောင်မြင်မှုရဖို့ဆိုရင် စုစည်းမှုကောင်းတဲ့ အသင်းတစ်သင်း ဖြစ်နေဖို့လိုပါတယ်။ စည်းလုံးနေဖို့လိုပါတယ်။ ကျွန်တော် သူတို့နဲ့အတူရှိခဲ့တဲ့ အချိန်တစ်လျှောက်လုံးမှာ သူတို့ဟာ အဲဒီအချက်တွေကို ပွဲတိုင်းလိုလိုမှာ ပြသခဲ့ကြပါတယ်။ အသင်းရဲ့ စိတ်ဓာတ်ပိုင်း၊ ကြိုးစားအားထုတ်မှု ဒါမှမဟုတ် စိတ်ဓာတ်ခိုင်မာမှု လျော့နည်းသွားတာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။
ပီတာ ခရော့ချ် - ခင်ဗျားရဲ့ကစားသမားတွေဟာ တကယ့်ကိုငယ်ရွယ်ကြပါတယ်..။ ပရီးမီးယားလိဂ်မှာ ပျမ်းမျှအသက်အငယ်ဆုံး အသင်းတွေထဲက တစ်သင်းပေါ့ဗျာ..။ ပြီးတော့ ခင်ဗျားကိုယ်တိုင်ကလည်း လူငယ်နည်းပြတစ်ယောက် ဖြစ်နေတာဆိုတော့ အဲဒီအချက်က သူတို့တွေနဲ့ တစ်သားတည်းဖြစ်ဖို့ ပိုပြီးလွယ်ကူစေလား?
လီယမ် ရိုဆီးနား - ကျွန်တော်လည်း မသိဘူးဗျ..။ ကျွန်တော်ဟာ သူတို့လိုအဆင့် ခြေစွမ်းမျိုးမရှိဘူး.. လို့ပဲ ပြောကြမလား.. မသိဘူးဗျ.. ဟားဟား..။ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ အသက်ကြီးတဲ့ နည်းပြတစ်ယောက် ဖြစ်နေပေမယ့် ကစားသမားတွေနဲ့ ထိတွေ့ဆက်ဆံမှု ကောင်းနိုင်သလို လူငယ်နည်းပြတစ်ယောက် ဖြစ်နေပေမယ့် ကိုယ့်ရဲ့ကစားသမားတွေနဲ့ အဆင်မပြေတာမျိုး ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့အသင်း၊ အစုအဖွဲ့နဲ့ ဘယ်လောက်အထိ အံဝင်ခွင်ကျဖြစ်လဲ? ဆိုတဲ့အပေါ်မှာပဲ မူတည်ပါလိမ့်မယ်..။

ကျွန်တော်တို့ လုပ်နိုင်တဲ့အရာကတော့ ရလဒ်ကောင်းတွေအပေါ် သာယာမနေဖို့ပါပဲ။ အာဆင်နယ်နဲ့ပွဲတုန်းက ရှုံးနိမ့်ခဲ့လို့ ကျွန်တော်တို့ အရမ်း စိတ်ဓာတ်ကျ မသွားခဲ့သလို အခုပွဲမှာ တကယ့်ကိုကောင်းမွန်တဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကိုလည်း အပျော်မလွန်သင့်ပါဘူး။ ဒီလိုနည်းနဲ့ တည်ငြိမ်မှုရှိအောင် ဆက်ထိန်းထားရမှာဖြစ်ပြီး အဲဒီတည်ငြိမ်မှုကပဲ ကျွန်တော်တို့ကို အောင်မြင်မှုဆီ ပို့ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဘက်ကီ အိုက်ဗ် - ခုနက ကျွန်မတို့နဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်းမှာ လီယမ် က ဂျာအို ပီဒရို ကို သူရောက်ရှိသွားနိုင်မယ့် အဆင့်အတန်းတွေအရ ‘ကြောက်စရာကောင်းလောက်တဲ့ ခြေစွမ်းရှိတယ်’ လို့ ပြောသွားပါတယ်။ ဂျာအို ပီဒရို ဟာ လီယမ် ရိုဆီနား တာဝန်ယူခဲ့တဲ့ (၁၂) ပွဲအတွင်းမှာတင် (၁၀) ဂိုးအထိ သွင်းယူပေးထားပါတယ်။ ဒါဟာသူ့ရဲ့ပင်ကိုယ်ပါရမီ ခြေစွမ်းကောင်းကြောင့်.. ဆိုတာထင်ရှားပါတယ်၊ ဒါပေမယ့် လီယမ် ကရော သူ့ဆီကနေ အခုထက်ပိုပြီး ကောင်းမွန်တဲ့ခြေစွမ်းရလာအောင် ဘယ်လိုပုံစံ စွမ်းဆောင်ပေးလိမ့်မယ်လို့ ထင်မိလဲရှင့်..?
ဂျိုး ကိုးလ် - လီယမ် က ပီဒရိုကို ‘စစ်သည်တော်တစ်ယောက်လိုပဲ’ လို့ ခိုင်းနှိုင်းသွားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူ့ရဲ့ဘောလုံးကို ကိုင်ထားပုံ၊ အထိန်းအသိမ်းတွေမှာ အဲဒီလိုရဲရင့်မှုနဲ့ တိုက်ပွဲဝင်စိတ်ကို မြင်နိုင်ပါတယ်..။ ဘရာဇီးလ်ကောင်လေးတွေက အဲဒီလိုပဲဗျ..။ ပွဲချိန် (၃၅) မိနစ်မှာ ရခဲ့တဲ့ သူ့ရဲ့ပထမဂိုးဟာ အင်ဇို ဖာနန်ဒက်စ် ရဲ့ ဗီလာအသင်း ခံစစ်ကြောင်းပေါ်ကျော်ပြီး ချပေးလိုက်တဲ့ ဘောလုံးတွေကနေရခဲ့တဲ့ အခွင့်အရေးကနေ ရရှိခဲ့တာပါ။ သူဟာဗဟိုနောက်ခံလူ နှစ်ယောက်ကြားမှာ လှုပ်ရှားနေပြီး ရရှိလာတဲ့ နေရာလွတ်.. အခွင့်အရေးကို အသုံးချသွားတာပါ။ ဗီလာအသင်းက ကွန်ဆာ နဲ့ တိုင်ရာ မင်းစ် တို့ဟာ ဒီနေ့တစ်ညလုံး သူ့ကိုထိန်းချုပ်နိုင်ဖို့ ခက်ခဲနေခဲ့ကြပါတယ်။
ပီတာ ခရော့ချ် - သူ့ရဲ့ကစားဟန်ကို သဘောကျမိပါတယ်..။ ဒီနေ့ပွဲမှာ သူဟာဂိုးတွေအများကြီး ရရှိခဲ့ပေမယ့် သူဟာ အဲဒီထက်မက ပိုပါတယ်။ ဘယ်ဘက်အခြမ်းကို ထွက်ကစားနိုင်တယ်၊ ကွင်းလယ်တိုက်စစ်မှာ ကစားနိုင်သလို၊ အထောင်တိုက်စစ်မှူးအဖြစ် ရှေ့ဆုံးမှာလည်း ကစားနိုင်ပါတယ်။ သူဟာကွင်းထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်စွမ်းရှိတဲ့သူလို့ ကျွန်တော်ထင်ပါတယ်။
ဘက်စုံထူးချွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဘောလုံးနဲ့အတူ ကျော်ဖြတ်သွားပုံတွေ၊ သူ့ရဲ့ ဘောလုံးထိချက်၊ ဘောလုံးအထိန်းအသိမ်းတွေ သိပ်ကိုကောင်းပါတယ်။ သူ့ရဲ့ကစားဟန်မှာ အရာအားလုံး ပြည့်စုံနေသလိုပါပဲဗျ။
ဘက်ကီ အိုက်ဗ် - ချယ်လ်ဆီးအသင်းရဲ့ ဒုတိယဂိုးဟာ ဂျာအို ပီဒရို အတွက် ဒီညရဲ့အကောင်းဆုံးဂိုး ဖြစ်မလား?
ပီတာ ခရော့ချ် - ဟုတ်ပါတယ်။ ဘယ်တောင်ပံက ဂါနာချို ရဲ့ ရုန်းအားနဲ့ ပေးပို့မှု တကယ့်ကိုကောင်းမွန်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အမှန်အတိုင်းပြောရရင် ဒီနေ့ပွဲမှာ သူ့ရဲ့ခြေစွမ်း တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်အင်္ကျီနဲ့ ကစားခဲ့သမျှပွဲထဲမှာ သူ့အတွက် အကောင်းဆုံးပွဲတွေထဲက တစ်ပွဲပေါ့ဗျာ..။ မက်တီ ကတ်ရှ် တစ်ယောက် တကယ့်ကို ဒုက္ခရောက်ပြီး သူ့ကိုထိန်းနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ အင်ဇို ဖာနန်ဒက်စ် ကတော့ တိုက်စစ်ပိုင်းလိုက်ပါတဲ့အခါ အသင်းအတွက် ဘာတွေကို ပံ့ပိုးပေးနိုင်လဲ? ဆိုတာ ပြသသွားပါတယ်။ ပထမဂိုးမှာတုန်းကလည်း သူဟာ ညာတောင်ပံမှာ နေရာယူထားတဲ့ မာလို ဂူစ်တို ရဲ့နောက်ဘက်က ပြေးလမ်းထဲကို ဖန်တီးပေးလိုက်တာ တကယ့်ကို သေသပ်ခဲ့ပါတယ်။ အခုဒုတိယဂိုးမှာတော့... သူ့ရဲ့ပေးပို့မှု သိပ်ကိုကောင်းမွန်ခဲ့သလို ဂျာအို ပီဒရို ရဲ့ လူကျွံဘောမဖြစ်အောင် ပြေးထွက်သွားပုံကလည်း ချိန်သားကိုက်.. ကွက်တိပါပဲ။
ဂျိုး ကိုးလ် - ခရော့ချ် ရေ.. တိုက်စစ်မှူးတစ်ယောက်ရဲ့အမြင်မှာ အဲဒီလို အနေအထားကနေ ဂိုးသွင်းဖို့ ဘယ်လောက်အထိ ခက်ခဲလဲ?
ပီတာ ခရော့ချ် - ဟုတ်ကဲ့ ဂျာအို ပီဒရို ဆီကို ပြေးထွက်လာပြီး ပိတ်ဆို့ဖို့ ကြိုးစားတဲ့ အီမီ မာတီးနက်ဇ် ရဲ့ အရွယ်အစားကို ကြည့်လေဗျာ..။ ဒါပေမယ့် ပီဒရို ကတော့ အဲဒီလိုအခြေအနေတွေကို ကိုင်တွယ်နိုင်စွမ်း ရှိတယ်ဆိုတာ ခင်ဗျားသိပြီးသားပါ။ သူဟာဘောလုံးနဲ့အတူ ရှိနေချိန်မှာရော၊ ဂိုးရှေ့မှာပါ တကယ့်ကို တည်ငြိမ်လွန်းပါတယ်။
ဘက်ကီ အိုက်ဗ် - ကိုးလ် ပါးမား တော့ ဒီနေ့ညမှာ ဂိုးတွေပြန်သွင်းနိုင်ခဲ့ပြန်ပါပြီ။ သူဟာအချိန်ကိုက်၊ နေရာကိုက် ရောက်ရှိနေခဲ့သလို သူ့ရဲ့ပိတ်သွင်းသွားတဲ့ ကန်ချက်ကလည်း တကယ့်ကို ကောင်းမွန်တဲ့ အဆုံးသတ်ကန်ချက် ဖြစ်ခဲ့ပါတယ်ရှင့်…
ဂျိုး ကိုးလ် - သူဟာဒီနေ့ပွဲမှာ တကယ့်ကို အေးအေးဆေးဆေးနဲ့ ပြောင်မြောက်တဲ့ ခြေစွမ်းပြခဲ့ပါတယ်..။ ဗီလာအသင်း ကစားသမားတွေ သူ့ကိုလူကပ်ဖို့ လုံးဝမတတ်နိုင်ခဲ့ကြပါဘူး။ သူဟာကွင်းထဲမှာ လွတ်နေတဲ့ နေရာလပ်လေးတွေကို ရှာဖွေနေခဲ့ပါတယ်..။ အထူးသဖြင့် ညာဘက်အခြမ်းကနေ အတွင်းဘက်ကို ဆွဲဝင်ကစားတာကို ပိုပြီးသဘောကျမိပါတယ်။ အဲဒီလို ကစားခြင်းအားဖြင့် ဂူစ်တို အတွက် ညာဘက်မှာ အခွင့်အရေးတွေ ပိုပြီးရစေတာကြောင့်ပါ..။

ပြီးတော့ သူပေးပို့လိုက်တဲ့ ဘောလုံးရဲ့အရှိန်နဲ့ တိကျမှုကလည်း သိပ်ကိုခမ်းနားလွန်းပါတယ်။ ဘောလုံးပေးပို့ပြီး သူဟာဂိုးဧရိယာထဲကို ဝင်လာပါတယ်။ ဗီလာအသင်း ဖျက်ထုတ်လိုက်တဲ့ ဘောလုံးကို မနားတမ်းကန်ချက်နဲ့ အဆုံးသတ်မှုကို လျှော့မတွက်လိုက်နဲ့ဗျ..။ သူဟာပြေးဝင်လာရင်း ဘောလုံးကို အပေါ်ထောင်မသွားအောင် ခြေကိုအုပ်ပြီး အားနဲ့ကန်သွင်းလိုက်တာပါ။
ပီတာ ခရော့ချ် - သူ့ရဲ့နည်းစနစ်ပိုင်း ကောင်းမွန်မှုဟာ သိပ်ကိုအံ့သြဖို့ကောင်းသလို ခင်ဗျားပြောသလိုပါပဲ.. သူ့ရဲ့ ဘောလုံးပေးပို့မှု၊ တိကျမှုတွေကလည်း တကယ်ကိုပြောင်မြောက်လှပါတယ်။ စတုတ္ထဂိုးမှာရော၊ ရီစ် ဂျိမ်းစ် ဆီ ပေးလိုက်တဲ့ ဘောလုံးမှာပါ အဲဒီမှာတစ်ယောက်ယောက်ရှိနေမှန်း သိနေခဲ့တာပါ။ ဘောလုံးက ဘယ်တော့မှ အရှိန်လွန်မသွားပါဘူး..။ အမြဲတမ်း ကွက်တိနဲ့ပဲ ရောက်ရှိသွားတာပါ။ ဂိုးသွင်းတဲ့အပိုင်းမှာ အဲဒီလို အနိမ့်ဘောဖြစ်သွားအောင် ထိန်းပြီးကန်ဖို့ တကယ့်ကိုခက်ခဲပါတယ်။ နည်းစနစ်ပိုင်းအရပါ တကယ့်ကို သေသပ်၊ လှပပါတယ်..။
ဘက်ကီ အိုက်ဗ် - ချယ်လ်ဆီးအသင်းဟာ တားမရ၊ ဆီးမရတဲ့ အရှိန်အဟုန်မျိုးနဲ့ ဗီလာအသင်းဘက်ကို အကြိမ်ကြိမ် ထိုးဖောက်ပြနေသလိုပါပဲ။ စတုတ္ထဂိုးကလည်း တကယ့်ကို ကောင်းမွန်တဲ့ အသင်းလိုက်ဂိုး တစ်ဂိုးမလားရှင့်..?
ဂျိုး ကိုးလ် - ကောင်းမွန်တဲ့ အသင်းလိုက်ဂိုး တစ်ဂိုးပါပဲ။ ဒီတစ်ကြိမ်မှာလည်း ကိုးလ် ပါးမား ရဲ့ ပေးပို့မှု ပြောင်မြောက်ခဲ့ပြန်တယ်။ အူနိုင်း အမ်မရီ အနေနဲ့ နောက်တန်းလေးယောက် နေရာယူထားတဲ့ အနေအထားကို ပြန်ပြီးကြည့်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီလိုမျိုးကြီး ဟာကွက်တွေ အများကြီးနဲ့ ပွင့်ထွက်နေတာမျိုးဟာ ဗီလာနဲ့ မတူပါဘူး။ ဂါနာချို က ဘောလုံးကို ထိန်းလိုက်ပြီး ပီဒရို ဆီကို လှိမ့်ပေးလိုက်တာပါ။ 'ကဲ... ဟက်ထရစ် ယူလိုက်တော့' လို့ ပြောနေသလိုပါပဲ။
ပီတာ ခရော့ချ် - သိသာတာက ချယ်လ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည် တကယ့်ကို ထူးခြား၊ ပြောင်မြောက်ခဲ့ပါတယ်။ သူတို့အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ပွဲတွေထဲက တစ်ပွဲပေါ့။ ဒါပေမယ့်ဒီနေ့ပွဲမှာ ဗီလာ ကလည်း ချယ်လ်ဆီးအတွက် အခွင့်အရေးတွေကို လင်ဗန်းနဲ့ တည်ခင်းပေးခဲ့သလို ဖြစ်နေခဲ့ပါတယ်။ ခံစစ်ပိုင်းမှာ ဟိုမရောက် ဒီမရောက်နဲ့ ဖရိုဖရဲ ဖြစ်နေခဲ့တယ်လို့ ထင်မိတာပဲ။ တကယ်လို့ သူတို့သာ အဲဒီလိုမျိုး ကွင်းလယ်အထိ တက်ကစားတဲ့ ခံစစ်တန်း (high-line) မျိုးနဲ့ ဆက်ကစားနေမယ်ဆိုရင် ပွဲပြီးတဲ့အချိန် ငါးဂိုး၊ ခြောက်ဂိုး ဖြစ်သွားနိုင်ပါတယ်။ ဗီလာအတွက်တော့ စိတ်ပျက်စရာကောင်းတဲ့ ညတစ်ညပါပဲ။

ဘက်ကီ အိုက်ဗ် - ဒါပေမယ့် ဗီလာအသင်းဟာ ပွဲစစချင်းမှာ ဒေါက်ဂလပ်စ် လူးဝစ် ရဲ့ ဦးဆောင်ဂိုးနဲ့အစကောင်းခဲ့တယ်မလား..? အဲဒီဂိုးဟာ နှစ်နှစ်ကျော်အတွင်းမှာ ဗီလာအသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သူတို့ရဲ့ကစားပုံမှာ ဘယ်လိုအချက်တွေကို ရှင်တို့သဘောကျမိလဲ?
ဂျိုး ကိုးလ် - ပွဲအစပိုင်းမှာ သူတို့ဟာ စွမ်းအင်တွေအပြည့် (full of energy) ရှိနေပုံရပါတယ်။ ဒေါက်ဂလပ်စ် လူးဝစ် ဟာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းကို ဖောက်ထွက်လာပြီး ဝက်ကင်းစ် ကို ဖန်တီးပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဘောလုံးဟာပျက်ပြီး သူ့ဆီကိုပြန်ရောက်လာတယ်..၊ လီယွန် ဘေလီ ရဲ့ ပြေးလမ်းထဲကို ခင်းပေးခဲ့ပါတယ်..။ ဘေလီ က ဘယ်ခြေနဲ့ ဘောလုံးကို ဆွဲပြေးတယ်၊ ပြီးတော့ အတွင်းဘက်ကို ချိုးဝင်လာပြီး ဘောလုံးကို ချန်ထားပေးခဲ့ပါတယ်။ အိုလီ ဝက်ကင်းစ် က လှလှပပပနဲ့ ကျော်ဖြတ်ပေးခဲ့ပြီး လူးဝစ် ကပဲ အဆုံးသတ် သွင်းယူသွားခဲ့တာပါ။ အဲဒီအချိန်မှာတော့ 'ဒီအသင်းကတော့ လန်းဆန်းတက်ကြွပြီး အရှိန်ပြန်ရနေပြီ' လို့ ထင်မိခဲ့ရပါတယ်။ တကယ့်ကို လှပခဲ့တဲ့ အဆုံးသတ်မှု ကန်သွင်းချက်ပါ။
ပီတာ ခရော့ချ် - ဟုတ်ပါတယ်.. သေသပ်၊ ကောင်းမွန်ခဲ့တဲ့ သွင်းဂိုးတစ်ဂိုးပါ။ လီယွန် ဘေလီ ရဲ့ ဖန်တီးပေးမှု ကောင်းမွန်ခဲ့သလို အိုလီ ဝက်ကင်းစ် ရဲ့ လှုပ်ရှားမှုလည်း သိပ်ကိုသပ်ရပ်ပါတယ်။ ကျွန်တော် သူ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ သူဟာအဲဒီအဖွင့်ဂိုးမှာ ပါဝင်ပတ်သက်ခဲ့သလို ကိုယ်တိုင်ဂိုးရဖို့လည်း အရမ်းကိုနီးစပ်ခဲ့လို့ပါ။ တကယ်လို့ သူသာဂိုးရခဲ့ရင် ပွဲရဲ့အဖြေတစ်မျိုး ပြောင်းလဲသွားနိုင်ပါတယ်။ အူနိုင်း အမ်မရီ ကလည်း ပွဲအပြီးတွေ့ဆုံခန်းမှာ အဲဒီအချက်ကို ထည့်ပြောသွားခဲ့ပါတယ်။
ဘက်ကီ အိုက်ဗ် - ဟုတ်ကဲ့ပါရှင့်…။ ရှင်ပြောခဲ့တဲ့ အဆုံးအဖြတ် အခိုက်အတန့်တွေ (moments) အရဆိုရင် အဲဒီအခိုက်အတန့်ဟာ အက်စတွန် ဗီလာ အတွက် အရာအားလုံး မှားယွင်းသွားစေတဲ့ အခိုက်အတန့် ဖြစ်နိုင်မလား? ဘာဖြစ်လို့လဲဆိုတော့ အိုလီ ဝက်ကင်းစ် ဟာ ဒီနေ့ပွဲမှာ အခွင့်အရေးကြီးတွေကို လွဲချော်ခဲ့သလို ဂိုးအဖြစ် သတ်မှတ်မခံရတဲ့ သွင်းဂိုးလည်း ရှိခဲ့လို့ပါ။ ဒါဟာ ဗီလာ အတွက်သာမက အင်္ဂလန်လက်ရွေးစင် အသင်းမှာပါ သူ့ရဲ့ယုံကြည်မှုပိုင်းဆိုင်ရာ ထိခိုက်စရာများ ဖြစ်လာမလား?
ဂျိုး ကိုးလ် - ပထမဆုံးအနေနဲ့ အိုလီ ဝက်ကင်းစ် ဟာ ထိပ်တန်းကစားသမားတစ်ယောက်ဆိုတာ ကျွန်တော်တို့ သိထားကြပါတယ်။ သူဟာ ဒီအသင်းအတွက် အများကြီးစွမ်းဆောင်ပေးခဲ့သလို အခုထိလည်း အဆုံးအဖြတ် အခိုက်အတန့်တွေ ဖန်တီးပေးနေဆဲပါ။ ဒါပေမယ့် သူဟာအခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရပြီး (၁၂) ပွဲ ကစားရာမှာ (၁) ဂိုးပဲ ရခဲ့ပါတယ်။ အဲဒီလို ကံမလိုက်တဲ့ အခြေအနေမျိုးနဲ့ ကြုံနေရချိန်မှာ ဂုံညှင်းရိုးလေး (patella) တစ်ခုစာလောက်နဲ့ လူကျွံဘော ဖြစ်သွားတာမျိုးတွေ ကြုံရတတ်ပါတယ်။

ပီတာ ခရော့ချ် - အဲဒီဂိုးမရတော့တဲ့အချိန် သူ့အတွက် တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဂိုးကိုသာ ရခဲ့မယ်ဆိုရင် နောက်ထပ်တစ်ဂိုးကိုလည်း အဆုံးသတ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်မိလို့ပါ။ ဒါပေမယ့် ဂိုးမဝင်သွားတာ ဒါမှမဟုတ် ဂိုးအဖြစ် အသိအမှတ်ပြု မခံလိုက်ရတာဟာ သူ့ကိုတုံ့ဆိုင်း သွားစေခဲ့ပါတယ်။ နည်းပြအနေနဲ့ သူ့ရဲ့ယုံကြည်မှုကို ပြန်ပြီးမြှင့်တင် ပေးရပါလိမ့်မယ်။ သူဟာ ဂိုးပေါက်ပျောက်ဆုံးနေတဲ့ အခြေအနေအပေါ်မှာ အများကြီးစဉ်းစားပြီး အတွေးလွန်နေပုံရပါတယ်။
ဘက်ကီ အိုက်ဗ် - အခု သူတို့ (ဗီလာ) ရှေ့မှာ ကစားရမယ့်ပွဲစဉ်တွေနဲ့ ချယ်လ်ဆီး ကစားရမယ့် ပွဲစဉ်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘယ်အသင်းက ပိုပြီး သက်သာတဲ့ အခြေအနေ (better run-in) မှာ ရှိနေလဲ? ဘာဖြစ်လို့လဲဆိုတော့ ချယ်လ်ဆီးအသင်းရဲ့ လက်ကျန်ပွဲစဉ်တွေကို ကြည့်မယ်ဆိုရင် အက်စတွန် ဗီလာ ထက် ပိုပြီးခက်ခဲပုံရလို့ပါ။ ချယ်လ်ဆီးဟာ နယူးကာဆယ်၊ မန် စီးတီး၊ မန် ယူနိုက်တက်တို့နဲ့ ဆက်တိုက် ကစားရဖို့ ရှိနေတာကို သတိပြုရပါမယ်။ ဗီလာ ကတော့ ဝက်စ်ဟမ်း၊ နော်တင်ဟမ် ဖောရက်စ်တို့လို တန်းမဆင်းရရေး တိုက်ပွဲဝင်နေရတဲ့ အသင်းမျိုးတွေနဲ့ ကစားရမှာပါ။
ဂျိုး ကိုးလ် - အဲဒါက ပီအက်စ်ဂျီနဲ့ ပွဲစဉ်တွေအပြီးမှာ ချယ်လ်ဆီးအသင်း ဥရောပပြိုင်ပွဲမှာ ဆက်ရှိနေဦးမလား? ဗီလာအသင်းဟာ လိုင်လီအသင်းနဲ့ ပွဲစဉ်တွေအပြီး ဥရောပပြိုင်ပွဲမှာ ဆက်ရှိနေဦးမလား? ဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ လာမယ့်ပရီးမီးယားလိဂ် ပွဲစဉ်တွေကြားထဲမှာ သိပ်ကိုကြီးမားတဲ့ ဥရောပပွဲစဉ် နှစ်ပွဲစီ ရှိနေတာက သူတို့အသင်းရဲ့ ရာသီကုန်ပန်းဝင်ခရီးအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဟုတ်ပါတယ်.. စာရွက်ပေါ်က ပွဲစဉ်ဇယားအရဆိုရင် ဗီလာအသင်းရဲ့နေရာမှာ ပိုပြီးရှိနေချင်ကြမှာပါ။ ဒါပေမယ့် ဘာတွေဖြစ်လာမလဲ? ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ မနေ့ညက ဝုလ်ဗ်အသင်း လုပ်ပြသွားတာကိုပဲ ကြည့်လိုက်ပါဦး။