တနင်္ဂနွေနေ့က ဝင်ဘလေကွင်းကြီးတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ချယ်လ်ဆီးအသင်းက လိဒ် ယူနိုက်တက်အသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် FA ဖလား၊ အကြိုဗိုလ်လုပွဲစဉ်အပြီး ယာယီနည်းပြ မက်ခ်ဖာလိန်း ၏ လက်ထက်တွင် ပြောင်းလဲသွားခဲ့သည့် ချယ်လ်ဆီးအသင်း ကစားပုံ၊ အဆိုပါပွဲစဉ်မှ တစ်လုံးတည်းသော အနိုင်ဂိုးနှင့် အသင်းတွင် ပြန်လည်ပါဝင်နိုင်ခဲ့သည့် တိုက်စစ်မှူး ဂျာအို ပီဒရို ၏ အကျိုးသက်ရောက်မှုတို့ကို ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ်၊ လီဗာပူးလ်အသင်း ဂန္ထဝင်ကွင်းလယ် ကစားသမားကြီး စတီဗင် ဂျရတ် နှင့် လိဒ် ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဂျာမိန်း ဘက်ဖို့ဒ် တို့က TNT Sports သတင်းဌာန၏ ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးခဲ့ကြပါသည်..။
လော်ရာ ဝုဒ် – ချယ်လ်ဆီးအသင်းဟာ အင်ဇို ဖာနန်ဒက်စ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့အတူ အခုလာမယ့် ရက်သတ္တပါတ် (၃) ပတ်အတွင်းမှာ မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် FA ဖလား ဗိုလ်လုပွဲဆီကို တက်လှမ်းနိုင်ခဲ့ပါပြီ..။ ပြီးခဲ့တဲ့လပိုင်းတွေမှာ ဆိုးရွားတဲ့ရလဒ်တွေကြောင့် စိတ်ပျက်နေခဲ့ရတဲ့ ချယ်လ်ဆီးပရိသတ်တွေအတွက် နောက်ဆုံးမှာ အောင်ပွဲခံစရာတစ်ခု ရရှိခဲ့ပြီလို့ ပြောရမှာပဲရှင့်..။ လိဒ် ယူနိုက်တက် အသင်းအတွက်တော့ ဆိုးရွားတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပြီး အခုဆိုရင် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။ ပထမဆုံးအနေနဲ့ စတီဗင် ရေ.. ဒီနေ့ပွဲအပေါ် ရှင့်အနေနဲ့ ဘယ်လိုမြင်မိလဲ?..
စတီဗင် ဂျရတ် – ချယ်လ်ဆီးအသင်း ကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်ပိုင်း အများကြီး တိုးတက်လာခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ လူတွေကတော့ အနိုင်ဂိုးအကြောင်းကိုပဲ ပြောကြပြီး သတင်းခေါင်းကြီးပိုင်းတွေမှာ ပါလာမှာပါ။ ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ အသင်းရဲ့ တည်ဆောက်ပုံ ပိုပြီးစနစ်တကျ ရှိလာခဲ့တယ်..၊ တိုက်ပွဲဝင်လိုစိတ်နဲ့ ခွန်အားစိုက်ထုတ်မှု၊ စိတ်အားထက်သန်မှုတွေလည်း ပိုပြီး ကောင်းမွန်လာခဲ့ပါတယ်။ ဒါ့အပြင် နည်းပြကာလမ် ရဲ့ ကစားကွက် ခင်းကျင်းပုံကလည်း တကယ့်ကို ကွက်တိဖြစ်ခဲ့တယ်လို့ ဆိုရပါပဲဗျ..။
လိဒ် အသင်းဟာ ဒုတိယပိုင်းရောက်မှသာ ပုံစံကောင်းတွေ ပြန်ရခဲ့တာကြောင့် ဒီပွဲအတွက် သူတို့တွေ နောင်တရနေလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့အနေနဲ့ ပွဲတစ်ပိုင်းစီမှာ အခွင့်အရေးကောင်း တစ်ကြိမ်စီ ရခဲ့ပေမယ့် ချယ်လ်ဆီးလို အသင်းမျိုးကို ဖယ်ထုတ်ပြီး ဗိုလ်လုပွဲတက်ဖို့ဆိုရင် အဲဒီလောက်နဲ့ မလုံလောက်ပါဘူး။

လော်ရာ ဝုဒ် – ကာလမ် အတွက်တော့ ဒီနေ့ပွဲဟာ ယာယီနည်းပြအဖြစ် နှစ်ကြိမ်တာဝန်ယူခဲ့တဲ့ ကာလအတွင်း အသင်းကိုကြီးကြပ်ခွင့်ရခဲ့တဲ့ တတိယမြောက်ပွဲစဉ် ဖြစ်ပါတယ်။ ပွဲအပြီးမှာ ကစားသမားတွေက သူ့ကိုပရိသတ်တွေရှေ့အထိ ခေါ်ဆောင်သွားပြီး အတူတူ အောင်ပွဲခံခဲ့ကြတာကိုကြည့်ရင် အခက်အခဲတွေ ကြုံတွေ့နေရတဲ့ အသင်းအတွင်းမှာ စည်းလုံးညီညွတ်မှုတချို့ ပြန်လည်မြင်တွေ့လာရပြီလို့ ဆိုရမှာပဲ..
ဂျိုးကိုးလ် – တစ်ခါတရံမှာ ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းရခြင်းဟာ ကစားသမားတွေကို ပြန်လည်စည်းလုံး စေတတ်ပါတယ်။ ကာလမ် ဟာ ကစားသမားတွေကြားမှာ လူကြိုက်များသူ တစ်ယောက် ဖြစ်နေတာကတော့ ရှင်းလင်းပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ သူ့ရဲ့တက်လမ်းက တကယ့်ကို လျင်မြန်လွန်းတယ် (meteoric rise) လို့ ဆိုရမှာပဲဗျ..။ သူဟာ semi-professional အဆင့်၊ အကယ်ဒမီ နည်းပြအဆင့်တွေကနေ အခုဆိုရင် ဝင်ဘလေကွင်းမှာ ချယ်လ်ဆီးအသင်းကို FA ဖလား ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးတဲ့ နည်းပြတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ သူနဲ့ပတ်သက်ပြီး ပြောနိုင်တာတစ်ခုကတော့ သူတာဝန်ယူခဲ့တဲ့ ပွဲစဉ်တိုင်းမှာ အသင်းရဲ့ကစားဟန်နဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ တကယ်ကို စနစ်တကျ ရှိနေခဲ့ပါတယ်..။ နောက်ပြီးကစားသမားတွေဟာ သူ့အတွက် ကြိုးစား၊ ကစားပေးနေကြပါတယ်..။
ဒါ့ကြောင့်သူနဲ့ ကစားသမားတွေကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာ အထင်အရှားပါပဲ။ ဒါပေမယ့် နည်းပြတစ်ယောက်နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်တာကတော့ (စတီဗီက ကျွန်တော့်ထက် ပိုသိမှာပါ) ကစားသမားတစ်ယောက်ကို တစ်ပွဲ၊ နှစ်ပွဲကြည့်ရုံနဲ့ သဘောကျမိတာမျိုး ရှိနိုင်ပေမယ့် နည်းပြတစ်ယောက်ရဲ့ အရည်အချင်း အစစ်အမှန်ကို သိနိုင်ဖို့ နှစ်အနည်းငယ်လောက် အချိန်ပေး၊ စောင့်ကြည့်ရလေ့ရှိပါတယ်။ ဒါပေမယ့် သူဟာအသင်းအပေါ် အမှန်တကယ် အကျိုးသက်ရောက်ပေးနိုင်ခဲ့တာတော့ သေချာပါတယ်..။ ကာလမ် အနေနဲ့ ဒီနေ့ပွဲမှာ သူ့ရဲ့စွမ်းဆောင်ခဲ့မှုတွေအတွက် တကယ်ကို ဂုဏ်ယူသင့်ပါတယ်။

လော်ရာ ဝုဒ် – ချယ်လ်ဆီးပရိသတ်တွေကတော့ အခုလိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုးကို စောင့်ဆိုင်းခဲ့ရတာ ကြာပြီဖြစ်လို့ စိတ်ပျက်နေကြမလား? ဒါမှမဟုတ် ဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့လို့ ပျော်ရွှင်နေကြမလား? ကျွန်မကတော့ ခံစားချက် နှစ်မျိုးလုံးလည်း ဖြစ်နိုင်တာပဲလို့ မြင်မိတာပဲ..။ ဟုတ်တယ်မလားရှင့်..?
ဂျာမိန်း ဘက်ဖို့ဒ် – ကျွန်တော်လည်း အဲဒီအတိုင်းပဲ ပြောမလို့ပါ။ ပရိသတ်တွေဟာ နှစ်မျိုးစလုံး ခံစားရပါလိမ့်မယ်။ ပရိသတ်တွေအနေနဲ့ သူတို့အသင်းဆီက တွေ့မြင်နေကျဖြစ်ရမယ့် စွမ်းဆောင်ရည်မျိုးကို ဝင်ဘလေကွင်းက FA ဖလား အကြိုဗိုလ်လုပွဲကျမှ မြင်တွေ့ရတဲ့အပေါ် စိတ်ပျက်မိမှာဖြစ်သလို အားမလို၊ အားမရလည်း ဖြစ်ကြပါလိမ့်မယ်။
ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ငါးပွဲအတွင်းက ချယ်လ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်ဟာ ဆယ်စုနှစ်ပေါင်းများစွာ သူတို့သတ်မှတ်ခဲ့တဲ့ စံချိန်စံညွှန်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် တကယ့်ကို ဆိုးရွားလွန်းခဲ့ပါတယ်။ ပရိသတ်တွေက ဒါကိုကြည့်ပြီး "ပြီးခဲ့တဲ့ပွဲတွေမှာ ဘာဖြစ်လို့ အခုလို မကစားနိုင်ခဲ့ကြတာလဲ?" ဆိုပြီး မေးခွန်းထုတ်ကြပါလိမ့်မယ်။
လော်ရာ ဝုဒ် – ဟုတ်ကဲ့ပါရှင့်..။ ကဲ.. စတီဗီ ရေ.. ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ပြန်ကြည့်ကြရအောင်ရှင့်..။ ဆန်းချက်ဇ် ကတော့ "အဲဒီဂိုးဟာ လေ့ကျင့်ရေးကွင်းမှာ အထူးတလည် လေ့ကျင့်ထားတဲ့ ကစားကွက်တစ်ခုပါ" လို့ ပြောသွားပါတယ်ရှင့်..။
စတီဗင် ဂျရတ် – ပွဲချိန် (၂၃) မိနစ်မှာ ရရှိခဲ့တဲ့ အဲဒီဂိုးမှာဆိုရင် ဂိုးသမားဆန်းချက်ဇ် က ဂိုးလွန်ဘောကို ညာတောင်ပံဘက်ကို ကန်တင်လိုက်တဲ့အချိန် လိဒ် ယူနိုက်တက် အသင်းရဲ့ ခံစစ်ကြောင်းမှာ ချယ်လ်ဆီးဘက်က တိုက်စစ်မှူး (၃) ယောက်နဲ့ 3 vs 3 အနေအထားနဲ့ ဖြစ်နေခဲ့တာကို အောက်မှာ ပြထားတဲ့ ပူးတွဲပုံမှာ တွေ့ရမှာပါ..။ သူတို့ရဲ့ wing backs တွေဟာ တိုက်စစ်ကို လိုက်ပါနိုင်ဖို့ ရှေ့ကိုတက်လာခဲ့ပြီး တိုက်စစ်ကျွံသွားခဲ့တယ်လို့ ပြောရမှာပဲ။

ဂိုးသမားဆန်းချက်ဇ် ရဲ့ ကန်တင်ဘောကို ပါစကယ် စထရူ့ဂျ် က ပီဒရို နက်တို နဲ့ ခေါင်းယှဉ်တိုက်ရမှာ ပျက်သွားအောင် မဖျက်နိုင်ခဲ့ဘူးဗျ..။ ပြန်ကျလာတဲ့ second ball ကို ဂျာအို ပီဒရို က နက်တို ရဲ့ ပြေးလမ်းထဲကို ချပေးလိုက်ပါတယ်..။ ဒီနေရာမှာ နက်တို ရဲ့ ဖြတ်တင်ဘောကတော့ တကယ်ကို လှပလွန်းတယ် ဆိုတာ ဂျိုး ကိုးလ် လည်း ထောက်ခံပါလိမ့်မယ်။ ဟုတ်တယ်မလားဗျ…
ပီဒရို နက်တို ရဲ့ ဘောလုံးအထိန်းအသိမ်းရော၊ ဖြတ်တင်လိုက်တဲ့ ဘောလုံးပါ ကောင်းမွန်တာကြောင့် ဂိုးဧရိယာအတွင်း ပြေးဝင်လာတဲ့ ဖာနန်ဒက်စ် အတွက် အဆုံးသတ်နိုင်ဖို့ အကောင်းဆုံး အနေအထား ဖြစ်သွားခဲ့ပါတယ်။ ကွင်းလယ်လူတစ်ယောက်အနေနဲ့ ခင်ဗျား လုပ်ဆောင်ရမှာက ဒါပဲဗျ..။ ဂိုးတိုင်ရှေ့ကို ရောက်အောင်ပြေးဝင်၊ ဂိုးရအောင် တိုက်စစ်ဆင် အဆုံးသတ်နိုင်ရမှာပါ။ ဒီနေရာမှာ သူ့ရဲ့ လှုပ်ရှားမှုကို ကြည့်မယ်ဆိုရင် တကယ်ကို ပါးနပ်တာကို တွေ့ရပါလိမ့်မယ်။
ဂျာအို ပီဒရို ရဲ့ ခံစစ်ကြောင်းရဲ့ နောက်ထဲက ပြေးလမ်းကြောင်းထဲကို ခင်းပေးလိုက်တဲ့ပေးပို့မှုနောက်မှာ နက်တို ဟာ ဖြတ်တင်ဘော မပေးပို့ခင် အင်ဇို ရဲ့ အနေအထားကို တစ်ချက်ကြည့်လိုက်ပါတယ်။ ပြီးတော့ သေသေချာချာ ဖြတ်တင်ပေးလိုက်တာဗျ..။ ဖာနန်ဒက်စ် ဟာ လူကျွံထောင်ချောက်ကို ရှောင်ပြီး နှစ်ဆင့်လှုပ်ရှား၊ မြေကိုစိုက်ပြီး ခေါင်းတိုက်သွားခဲ့တာကြောင့် ဂိုးသမားအနေနဲ့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ တကယ့်ကို ကောင်းမွန်တဲ့ ဂိုးတစ်ဂိုးဖြစ်ပါတယ်။

ဂျိုး ကိုးလ် – ဒါဟာ ကွင်းလယ်လူတစ်ဦးရဲ့ အဆင့်မြင့်မားတဲ့ လှုပ်ရှားမှုမျိုးပါ။ ဂိုးဧရိယာအတွင်း ပြေးဝင်ပြီး ဂိုးသွင်းယူနိုင်တဲ့ ထူးချွန်တဲ့ ကွင်းလယ်လူတွေ ရှိတတ်ကြပေမယ့် အခုလို လှုပ်ရှားမှုမျိုးကတော့ တိုက်စစ်မှူးတွေကိုတောင် ပြန်ပြီးသင်ကြားပေးရမယ့် နည်းစနစ်မျိုးဗျ..။ သူဟာ နောက်ခံလူ ဂျိမ်းစ် ဂျပ်စတင် ကို ဂိုးတိုင်အနီးအနား ရောက်လာအောင် ဆွဲခေါ်သွားပြီး ဂျပ်စတင် အာရုံလွတ်သွားတဲ့ ခဏမှာပဲ သူ့ရဲ့နောက်ကနေ အဝေးဂိုးတိုင်ဘက်ခြမ်းကို ပြေးထွက်သွားတာ ဖြစ်ပါတယ်။
ပေးပို့လိုက်တဲ့ ဘောလုံးကလည်း တကယ်ကို အံ့မခန်းပါပဲ။ အင်ဇို နဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ဘယ်လိုပဲ ပြောကြပါစေ၊ သူဘက်ကလည်း ကွင်းပြင်ပမှာ ဘာတွေပြောနေပါစေ…၊ သူဟာ ကွင်းထဲက စွမ်းဆောင်ချက်တွေနဲ့ပဲ သက်သေပြနေတဲ့သူ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူဟာတကယ့်ကို ကောင်းမွန်တဲ့ ကွင်းလယ် ကစားသမား တစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့ပါတယ်။
လော်ရာ ဝုဒ် – ဂျာမိန်း၊ လိဒ်စ်အသင်း ရရှိခဲ့တဲ့ အခွင့်အရေးတွေအပေါ် ဘယ်လိုမြင်ပါသလဲ။ အဲဒီအခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့အပေါ် သူတို့ ပြန်တွေးပြီး နောင်တရနေကြလိမ့်မလား။ အခွင့်အရေးကောင်း တစ်ခု၊ နှစ်ခုလောက်တော့ ရခဲ့တာ မဟုတ်လား။
ဂျာမိန်း ဘက်ဖို့ဒ် – ဟုတ်ပါတယ်၊ အခွင့်အရေး အချို့တော့ ရခဲ့ပါတယ်။ ဒါပေမယ့် လိဒ် ယူနိုက်တက် အသင်းဆီကနေ ကျွန်တော်တို့ မြင်တွေ့နေကျ အရေအတွက်လောက် အခွင့်အရေးတွေ များများစားစား မရရှိခဲ့ပါဘူး။ အထူးသဖြင့် ပွဲစပြီးပထမဆုံး မိနစ်အနည်းငယ်အတွင်း ရခဲ့တဲ့အခွင့်အရေးဆိုရင် ဘရန်ဒန် အေရွန်ဆန် အနေနဲ့ မကန်သွင်းခွင်မှာ သေချာစဉ်းစားဖို့ လိုအပ်ခဲ့ပါလိမ့်မယ်။ ပထမပိုင်းအပြီးမှာ ကျွန်တော်ပြောခဲ့သလိုပါပဲ.. ဂိုးသမားဆန်းချက်ဇ် ဟာ ညာဘက်ကိုကြိုတင် အားပြုလိုက်သလို ပုံစံပြောင်းလိုက်တာကြောင့် သူ့ရဲ့ ဘယ်ဘက်ခြမ်းမှာ ဟာကွက်နည်းနည်း ဖြစ်သွားခဲ့ပါတယ်။ ဒါ့ကြောင့်ချက်ချင်းမကန်သွင်းပဲ ဂိုးသမား ဘယ်ကိုရွေ့နေလဲ.. ဆိုတာ တစ်ချက်လောက် မော့ကြည့်ပြီး ကန်သွင်းလိုက်ရင် ပိုပြီးအခွင့်အရေး ရမလား.. ပေါ့ဗျာ..
ဒုတိယပိုင်း အစောပိုင်းမှာ ရရှိခဲ့တဲ့ အန်တန် စတက်ချ် ရဲ့ ကန်သွင်းချက်ကလည်း တကယ်ကို ကောင်းမွန်လှပခဲ့ပါတယ်။ အဲဒီအချိန်မှာ ဖို့ လိုအပ်ပါတယ်။ ဘောလုံး ဘယ်မှာရှိသလဲဆိုတာ သိနေရင်တောင် အဲဒါကို ကျော်ဖြတ်ပြီး တိတိကျကျ ကန်သွင်းနိုင်ဖို့ လိုတာပါ။ နောက်ထပ် အခွင့်အရေးတစ်ခုမှာတော့ ဒိုမီနစ် ကာဗတ်- လူဝင် ကံမကောင်းခဲ့တာပါ။ ပထမပိုင်းက ဂိုးရသွားခဲ့တဲ့ နက်တို ရဲ့ ဖြတ်တင်ဘောနဲ့ ဆင်တူတဲ့ အနေအထားမျိုး ဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ခေါင်းတိုက်ချက်ဟာ ပိုပြီးတိကျဖို့ပဲ လိုအပ်ခဲ့တာဗျ..။

စတီဗင် ဂျရတ် – ဟုတ်ပါတယ်၊ ခင်ဗျားသာ အဲဒီနေရာမှာဆိုရင် ရူးသွပ်သွားလောက်မှာပါပဲ..။ တိုက်စစ်မှူးတစ်ယောက်ဆိုရင် ဘောလုံးကို ဂိုးတိုင်တွေရှိတဲ့ဘက်ကို ပြန်ပြီးခေါင်းတိုက်သွင်းရမှာပေါ့..။ ဆိုလိုတာက အဲဒီပေးပို့မှုဟာ ခင်ဗျားတို့လို တိုက်စစ်မှူးတွေ အမြဲအိပ်မက်မက်ရတဲ့ ဖန်တီးပေးမှုမျိုး (Service) ပဲဗျ..။
ဂျာမိန်း ဘက်ဖို့ဒ် – အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်ဆိုရင်တော့ ခေါင်းတိုက်မှာ မဟုတ်ဘဲ နောက်ပြန်ကန်ချက် (Overhead kick) နဲ့ ကန်သွင်းမိပါလိမ့်မယ်.. ဟားဟား.. [ရယ်မောလျက်]
လော်ရာ ဝုဒ် – ဒီနေ့ပွဲမှာ ဂျာအို ပီဒရို ပါဝင်လာတဲ့အခါ အသင်းအတွက် သူဘာတွေ စွမ်းဆောင်ပေးနိုင်လဲ.. ဆိုတာ ကြည့်နေရင်း သူမပါဝင်နိုင်တဲ့အချိန်မှာ ရှင်တို့ချယ်လ်ဆီးအသင်းဟာ သူ့ကိုဘယ်လောက်တောင် လိုလား၊ တောင့်တလိမ့်မလဲ..? ကျွန်မတို့ မြင်တွေ့ခွင့်ရခဲ့တယ်လို့ မြင်မိတာပဲ။
ဂျိုး ကိုးလ် – ဟုတ်ပါတယ်။ သူဟာ ဘရာဇီးလ် ဖာဗဲလက်စ် (Favelas) လမ်းဘေးက ဘောလုံးပွဲတွေအတိုင်း အနုပညာဆန်ဆန်နဲ့ လွတ်လွတ်လပ်လပ် ကစားတတ်သူ ဖြစ်ပါတယ်..။ ဒီနေ့ပွဲမှာ သူ့ရဲ့ခြေစွမ်းကို ကျွန်တော် တကယ်သဘောကျပါတယ်။ သူဟာ ကွင်းလယ်အထိဆင်းပြီး နေရာလွတ်တွေ ရှာဖွေနိုင်သလို၊ တိုက်စစ်မှူးတစ်ယောက်ရဲ့ တာဝန်ကိုလည်း ကျေပွန်အောင် ထမ်းဆောင်နိုင်စွမ်း ရှိခဲ့ပါတယ်။ သူဟာဘောလုံးကို ထိန်းထားပေးနိုင်သလို၊ အခွင့်အရေးရနိုင်တဲ့ နေရာတွေဆီကို မှန်ကန်တဲ့ပေးပို့မှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ကွင်းလယ်ဘက်ကို သူဆင်းလာတဲ့အခါ လိဒ်အသင်း ခံစစ်ကစားသမားတွေဟာ သူ့ရဲ့နောက်ကို လိုက်ရမလား? နောက်တန်းမှာပဲ နေခဲ့ရမလား? ဝေခွဲမရ ဖြစ်ခဲ့ကြပါတယ်။ သူဟာရတဲ့အခွင့်အရေးကို ဂိုးရအောင် သွင်းယူနိုင်စွမ်းရှိသလို နောက်တန်းလူတွေရဲ့ အနောက်ဘက်ကို ပြေးဝင်၊ ထိုးဖောက်နိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့အကောင်းဆုံးခြေစွမ်း ရရှိနေချိန် အသင်းအပေါ် ဘယ်လောက်တောင် သြဇာသက်ရောက်မှုရှိလဲ.. ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ သူမပါဝင်နိုင်တဲ့အချိန်မှာ ကျွန်တော်တို့အသင်းဟာ အနည်းငယ်ပုံစံပျက်ခဲ့ပေမယ့် သူပြန်ပါလာတဲ့အခါမှာ အသင်းဟာ အများကြီးပိုပြီး ဟန်ချက်ညီသွားပါတယ်။

စတီဗင် ဂျရတ် – ဒီနေ့မှာတော့ သူဟာ အသင်းတိုက်စစ်ရဲ့ အဓိကဗဟိုချက်မ (Focal point) အထောင်တိုက်စစ်မှူး အဖြစ်နဲ့ ကစားသွားခဲ့ပါတယ်။ သူ့ရဲ့ဘောလုံးနဲ့အတူ လှုပ်ရှားပုံလည်း သိပ်ကိုလှပပါတယ်။ ဒုတိယပိုင်းမှာ ကူကူရယ်လာ က အားပြင်းပြင်းနဲ့ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မှတ်မိကြဦးမှာပါ။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ လည်ပင်းအမြင့်လောက် ရောက်လာတဲ့ဘောလုံးကို ပထမတစ်ချက် (First touch) နဲ့တင် အေးအေးဆေးဆေး ထိန်းချလိုက်တာဟာ တကယ်ကိုအံ့မခန်းပဲဗျာ..။ ဟုတ်ပါတယ်။ သူပါဝင်လာတဲ့အခါ ချယ်လ်ဆီးအသင်းဟာ တခြားအသင်းတစ်သင်းလို လုံးဝပြောင်းလဲသွားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီနေ့ပွဲမှာ သူဟာ အပြောင်းအလဲကြီးတစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
လော်ရာ ဝုဒ် – ဟုတ်ကဲ့ပါရှင့်..။ ဒါနဲ့ ဂျိုး ရေ.. ခုနက ကျွန်မတို့တွေရဲ့ မေးခွန်းတွေကို ကာလမ် ရဲ့ တုံ့ပြန်မှုတွေဟာ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ ဒါ့ကြောင့် ခုနကမေးမြန်းခန်းဟာ တကယ့်ကို အနှစ်သာရရှိတဲ့ အင်တာဗျူးတစ်ခုလို့ ကျွန်မတော့ ထင်မိတာပဲရှင့်…။
ဂျိုးကိုးလ် – ဟုတ်ပါတယ်။ ခင်ဗျား ပြောသလိုပါပဲ..။ နည်းပြတစ်ယောက်အနေနဲ့ဆိုရင် သူ့ရဲ့တိုးတက်မှုဟာ သိပ်ကိုမြန်ဆန်လွန်းခဲ့ပါတယ်..။ ဒါ့ကြောင့်အခုအချိန်ထိ သူ့ရဲ့ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင် ဘယ်လို အသက်မွေးဝမ်းကျောင်း အလုပ်မှာမဆို.. အထူးသဖြင့် ဘောလုံးလောကမှာဆိုရင် ထိပ်ဆုံးကို ရောက်ဖို့အတွက် သတ်မှတ်ထားတဲ့ နည်းလမ်းတစ်ခုတည်းရယ်လို့ မရှိပါဘူး.. ဆိုတဲ့ ဆိုရိုးစကားကို ထောက်ခံနေသလိုပါပဲ..။ အခုဆိုရင် သူဟာချယ်လ်ဆီးလို အသင်းမျိုးရဲ့ နည်းပြခုံမှာ ထိုင်နေပြီး FA ဖလား ဗိုလ်လုပွဲမှာ အသင်းကို ဦးဆောင်ရတော့မှာပါ။
ဒါဟာ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းတဲ့ အခွင့်အရေးနဲ့ အနေအထားမျိုး ဖြစ်ခဲ့လဲဆိုတာ ခင်ဗျားတို့ သိမှာပါ။ သူဟာနည်းပြဘဝကို စတင်ကတည်းက အခုလိုအခွင့်အရေးမျိုးကို အိပ်မက်မက်ခဲ့မှာဖြစ်သလို အခုအချိန်မှာတော့ သူ့ရဲ့နောက်မှာ အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့် ကစားသမားအုပ်စု ရှိနေပါပြီ။ မန်ချက်စတာ စီးတီး အသင်းဟာ လက်ရှိအချိန်မှာ တကယ့်ကို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်ကြီး (Big bad wolves) ဖြစ်သလို အနိုင်ယူဖို့ အခက်ခဲဆုံး အသင်းဆိုရင်လည်း မမှားပါဘူး..။ ဒါပေမယ့် ကာလမ် ပြောတာမှန်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပွဲကြီးပွဲကောင်းတွေမှာ အမြဲတမ်းခြေစွမ်းပြလေ့ ရှိပါတယ်။
စတီဗီ ရေ.. ပြောရမယ်ရင် ဒီအသင်းသားတွေဟာ သူတို့ရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ် အနည်းငယ် ရှိလာတဲ့အခါမျိုးမှာ ပိုပြီးခြေစွမ်းပြတတ်ကြပုံပါပဲဗျ..။ တစ်ချို့ကစားသမားတွေကတော့ ပြိုင်ဘက်အသင်းတိုင်းကို အကောင်းဆုံးခြေစွမ်းနဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်၊ ကစားနိုင်ကြပေမယ့် တချို့အသင်းတွေကတော့ သူတို့ရဲ့စိတ်ထဲ စိုးရိမ်ထိတ်လန့်မှု အနည်းငယ်ရှိလာမှသာ ပိုပြီးတိုးတက်၊ ကောင်းမွန်လာတတ်ကြပါတယ်..။ မန်ချက်စတာ စီးတီး အသင်းဟာ ကျွန်တော်တို့ ကစားသမားတွေကို အဲဒီလိုခံစားချက်မျိုး သေချာပေါက် ပေးစွမ်းနိုင်မှာပါ။ အဲဒီနေ့ကျရင် ဘာတွေဖြစ်လာမလဲ? ဘယ်သူမှပြောနိုင်မှာ မဟုတ်ပါဘူး။ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။

လော်ရာ ဝုဒ် – ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ မန် စီးတီးကို ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း (၁၃) ကြိမ် ရင်ဆိုင်ခဲ့ရာမှာ တစ်ကြိမ်မှအနိုင်မရရှိခဲ့ပါဘူး.. စတီဗီ ရေ..။
စတီဗင် ဂျရတ် – ဟုတ်ပါတယ်။ မန်ချက်စတာ စီးတီးအသင်းကို ပက်ပ် ဂွါဒီယိုလာ ကိုင်တွယ်ပြီးနောက်ပိုင်း သူတို့ကို အသာစီးရအောင် ကစားနိုင်တဲ့အသင်းဆိုတာ သိပ်ကိုနည်းပါးလွန်းခဲ့ပါတယ်။ ဒါပေမယ့် ဂျိုး နဲ့ ဂျာမိန်းတို့လည်း ပြောပြနိုင်ပါလိမ့်မယ်… FA ဖလား ဗိုလ်လုပွဲဆိုတာ ဖလားပြိုင်ပွဲရဲ့ မှော်ဆန်မှုတွေ အပြည့်ရှိနေတဲ့ ပြိုင်ပွဲမျိုး ဖြစ်ပါတယ်…။ တဒင်္ဂအတွင်းမှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အနီကတ်ပြသခံရတာမျိုး ဒါမှမဟုတ် ပွဲအခြေအနေ ရုတ်တရက် ပြောင်းလဲသွားတာမျိုးတွေပေါ့ဗျာ..။
ဒါပေမယ့် ဒီနေ့မှာ ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ ဒီရာသီရဲ့ အချိန်အတော်များများမှာ မြင်တွေ့ခဲ့ရတဲ့ အသင်းထက်စာရင် (မန်စီးတီးကို ယှဉ်ပြိုင်ဖို့) အခွင့်အရေး ပိုပြီးရှိလာနိုင်ပါတယ်..။ ခုနက ကာလမ် ရဲ့ အင်တာဗျူးကိုလည်း ကျွန်တော် တကယ်ပဲ သဘောကျမိပါတယ်။ သူဟာ တကယ့်ကိုတည်ငြိမ်ပြီး ကင်မရာတွေရှေ့မှာ ပြောနေတဲ့ပုံနဲ့ မတူပါဘူး..။ လူတစ်ယောက်ဟာ သူ့ရဲ့ပင်ကိုယ်ဟန်အတိုင်း ရှိနေဖို့ကအရေးကြီးပါတယ်။
ကိုယ့်ရဲ့ ပင်ကိုယ်ဟန်အတိုင်းပဲ နေပါ။ ဘာမှမပြောင်းလဲပါနဲ့။ ကိုယ့်ရဲ့ပင်ကိုယ်မဟုတ်ပဲ တခြားတစ်ယောက်ယောက် ဖြစ်လာအောင် ကြိုးစားနေဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ ပင်ကိုယ်အတိုင်းပဲ ရှိနေပြီး နေ့ရက်တိုင်းကို အကောင်းဆုံး ဖြတ်သန်းသွားဖို့ အရေးအကြီးဆုံးပါပဲ။ ကာလမ် ဟာ ချယ်လ်ဆီးပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေကို လာမယ့်လက်ကျန် ရက်သတ္တပါတ်တွေအတွင်းမှာ မျှော်လင့်၊ စောင့်စားစရာ ပေးစွမ်းနိုင်ခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ အခုဘောလုံးရာသီကို ဘယ်လိုအဆုံးသတ်မလဲ? ဆိုတာနဲ့ ပတ်သက်ပြီး ပိုမိုကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ အလားအလာတွေ၊ ပိုပြီးတောက်ပတဲ့ အမြင်တွေ ရှိလာခဲ့ပြီလို့ ပြောနိုင်လာပါပြီ..။ ဒါ့ကြောင့်အခုအချိန်မှာ နောက်ထပ်လာမယ့် ပွဲစဉ်ကိုပဲ အပြည့်အဝ အာရုံစိုက်လိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်..။