နောက်ခံအစွန်လူ တစ်ယောက်အနေနဲ့ လိဂ်ပြိုင်ပွဲတစ်ခုတည်းမှာ ကိုယ်ကစားတဲ့နေရာနဲ့ တစ်နေရာတည်းက တခြားကစားသမားတစ်ဦးက တစ်ရာသီလုံးရဲ့ အကောင်းဆုံးကစားသမား (Player of the Season) ဆုကို ရရှိသွားတဲ့အခါမျိုးမှာ အဲဒီတစ်ယောက်ကို ကျော်ဖြတ်ပြီး ထင်ပေါ်ကျော်ကြားဖို့ဆိုတာ တကယ့်ကို မလွယ်ကူတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် မာကို ပါလက်စ်ထရာ အဲဒီအခက်အခဲကို ကျော်ဖြတ်ပြီး သူ့ရဲ့ပြောင်မြောက်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၂၅/၂၀၂၆ ဘောလုံးရာသီ၊ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ အဖိုးအတန်ဆုံး ကစားသမား.. MVP ဆုရှင်ဖြစ်ခဲ့တဲ့ အင်တာမီလန်အသင်း ဘယ်တောင်ပံ ကစားသမား ဖယ်ဒရီကို ဒီမာကို ကိုတောင် ကျော်လွန်ပြီး လူအများရဲ့အာရုံစိုက်မှုကို ရရှိခဲ့တာပါ။ အတ္တလန်တာအသင်းကနေ ကာဂလီယာရီအသင်းကို အငှားသွားရောက်ကစားခဲ့တဲ့ ပါလက်စ်ထရာဟာ စီးရီးအေရဲ့ တစ်နှစ်တာ အကောင်းဆုံးနောက်ခံလူ (Defender of the Year) ဆုကို ရရှိ၊ ဆွတ်ခူးခဲ့သလို တစ်ရာသီလုံးမှာ ပျှမ်းမျှအရှိန်အမြန်ဆုံး ပြေးနိုင်ခဲ့တဲ့ ကစားသမားကို ချီးမြှင့်တဲ့ Frecciarossa ဆုကိုပါ ပူးတွဲရရှိခဲ့ပါတယ်။
အဲဒီလိုခြေစွမ်းကြောင့် ပါလက်စ်ထရာ ဟာ စီးရီးအေချန်ပီယံ အင်တာ မီလန်အသင်းရဲ့ စောင့်ကြည့်မှုရေဒါထဲကို ရောက်ရှိလာခဲ့ပြီး၊ အင်တာ မီလန်ဟာ အကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်ခဲ့တဲ့ ပါလက်စ်ထရာကို ဒီမာကို နဲ့ တွဲဖက်ပေးဖို့ ဆန္ဒပြင်းပြခဲ့ကြပါတယ်။ ဒါပေမယ့် ပါလက်စ်ထရာ ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ပိုပြီးစိတ်အားထက်သန်နေခဲ့ပါတယ်..။ အခုလိုအသက် (၂၁) နှစ်အရွယ်ရှိ နောက်ခံအစွန်လူ ကစားသမားဟာ ဘယ်လိုအကြောင်းတွေကြောင့် ချယ်လ်ဆီးအသင်းအတွက် ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်မှု ဖြစ်လာစေခဲ့လဲ..? ဆိုတာကို လေ့လာဆန်းစစ်၊ သုံးသပ်ထားပါတယ်..။
ပါလက်စ်ထရာ ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပွဲချိန် (၃,၀၈၄) ကစားခွင့်ရခဲ့ပြီး စီးရီးအေရဲ့ ဂိုးသမားမဟုတ်တဲ့ ကစားသမားတွေ (outfield players) ကြားထဲမှာ (၁၂) ဦးမြောက် ပွဲကစားခွင့် မိနစ်အများဆုံး ရရှိခဲ့သူ ဖြစ်ခဲ့ပါတယ်..။ အောက်မှာဖော်ပြထားတဲ့ ပုံတွေမှာ မြင်တွေ့ရတဲ့အတိုင်း သူကစားခဲ့တဲ့ မိနစ်အများစုဟာ ကာဂလီယာရီအသင်းရဲ့ ၃- ၅- ၂ ကစားကွက်စနစ်ရဲ့ တိုက်စစ်လိုက်ပါရတဲ့ ညာတောင်ပံ ခံစစ်ကစားသမား (Attacking right-sided wing-back) အဖြစ်၊ တခါတလေမှာ ဘယ်တောင်ပံဘက်ကနေလည်း ပါဝင်ကစားခဲ့ရပါတယ်..။

ပါလက်စ်ထရာ ရဲ့ စွယ်စုံကစားနိုင်စွမ်း (Versatility) ဟာ သူ့ရဲ့ အထူးခြားဆုံး အရည်အသွေးတွေထဲက တစ်ခုဖြစ်ပါတယ်..။ သူဟာဘယ်ခြေ၊ ညာခြေနှစ်ဖက်စလုံးနဲ့ ဘောလုံးလက်ခံခြင်း၊ ပေးပို့ခြင်းနှင့် ဆွဲထွက်ခြင်း (Dribbling) တွေမှာ တစ်ပြေးညီ ကောင်းမွန်လှတာကြောင့် တောင်ပံနှစ်ဖက်စလုံးမှာ စိတ်ချလက်ချ အသုံးပြုနိုင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်..။ ထို့ကြောင့် သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ညာတောင်ပံဘက်ခြမ်းမှာ အများဆုံး မြင်တွေ့ခဲ့ရပေမယ့် မာ့စ် ကူကူရယ်လာ ဟာ ရီးရဲလ် မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) (ပေါင် ၅၁.၇ သန်း) နဲ့ ပြောင်းရွှေ့သွားပြီးတဲ့နောက်ပိုင်း မန်နေဂျာသစ် ဇာဘီ အလွန်ဆို ဟာ ပါလက်စ်ထရာ ကို ဘယ်ဘက်ခြမ်းမှာ အသုံးပြုလာခဲ့ရင်လည်း အံ့သြစရာမရှိပါဘူး..။
အလွန်ဆို ဟာ သူ့ရဲ့အသင်းဟောင်း လေဗာကူဆင် မှာ နောက်တန်းသုံးယောက်အရှေ့ကနေ တိုက်စစ်လိုက်ပါရတဲ့ ဘယ်တောင်ပံ wing-back နေရာမှာ အလီဂျန်ဒရို ဂရီမယ်လ်ဒို ကို အားထား၊ အသုံးပြုခဲ့ပါတယ်..။ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ လေဗာကူဆင်အသင်း ရှုံးပွဲမရှိ ဗိုလ်စွဲခဲ့တဲ့ ၂၀၂၃/၂၀၂၄ ဘောလုံးရာသီက ဂရီမယ်လ်ဒို ရဲ့ စွမ်းဆောင်ရည်ပြ Dashboard တွေကို ကြည့်မယ်ဆိုရင် သူဟာဘယ်ဘက်ခြမ်း တစ်ခွင်လုံး ဘယ်နေရာကိုမဆို လွတ်လွတ်လပ်လပ် တိုက်စစ်ဖန်တီး၊ ကစားခွင့် ရရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်..။ ဒါ့ကြောင့်ရလဒ်အနေနဲ့ သူဟာ (၃၃) ပွဲ ကစားရာမှာ (၁၀) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၃) ကြိမ် (Assists) အထိ ပြုလုပ်နိုင်ခဲ့ပါတယ်..။

ပါလက်စ်ထရာ ဟာ ဂရီမယ်လ်ဒို ထက်(၉) နှစ်လောက် ငယ်ရွယ်တဲ့ဖြစ်တာကြောင့် တိုက်စစ်ဆင်မှုအပိုင်းမှာ ဂရီမယ်လ်ဒို လောက် နည်းစနစ်ပိုင်း မရင့်ကျက်သေးပေမယ့် နောက်တန်းခံစစ် လေးယောက်တန်းစနစ် (Back four) မှာ ပိုမိုအံဝင်ခွင်ကျဖြစ်စေမယ့် ကစားဟန်၊ ပုံစံကွဲများကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိစေပါလိမ့်မယ်။
ပါလက်စ်ထရာ ရဲ့ ကစားဟန် မှာ အဓိကထူးခြားချက်ကတော့ သူ့ရဲ့မြန်ဆန်လှတဲ့ အရှိန်အဟုန် (Pace) နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု (Athleticism) ကောင်းမွန်ခြင်းတို့ ဖြစ်ကြပါတယ်..။ ကာဂလီယာရီအသင်းမှာ သူ့ကိုကိုင်တွယ်ခဲ့တဲ့ မန်နေဂျာ ဖာဘီယို ပီဆာကိန်း က ပြီးခဲ့တဲ့ရာသီတုန်းက Sky Sports Italy သတင်းဌာနကို ပြောကြားရာမှာ ပါလက်စ်ထရာ ဟာ "PlayStation ဂိမ်းထဲကအတိုင်း ဖန်တီးထားတဲ့ ကစားသမားတစ်ယောက်လိုပါပဲ၊ သူ့ရဲ့အရှိန်မြှင့် အမြန်နှုန်း (Acceleration) က (၉၉ %) ရာခိုင်နှုန်း အထိ ထားပေးသင့်ပါတယ်။" ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်..။
အဲဒီလို မြန်ဆန်လှတဲ့ အရှိန်အဟုန်အပြင် ပြေးလွှားနေစဉ်အတွင်းမှာပဲ ဘောလုံးကို ခြေနှစ်ဖက်စလုံးဆီ လျင်မြန်စွာ ပြောင်းလဲ၊ ထိန်းချုပ်နိုင်စွမ်း ဟာလည်း သူ့ရဲ့အစွမ်းထက်ဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရည်အချင်းတစ်ခု ဖြစ်ခဲ့ပါတယ်..။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူဟာဘောလုံးနဲ့အတူ ဆွဲထွက်၊ ကျော်ဖြတ်နိုင်မှု (take-on) တစ်ပွဲကို ပျမ်းမျှ (၄.၆) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဥရောပရဲ့ ထိပ်တန်းလိဂ်ပြိုင်ပွဲ ငါးခုထဲက နောက်ခံအစွန်လူ ဒါမှမဟုတ် တောင်ပံခံစစ် ကစားသမားတွေထဲမှာ take-on အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။
ပြီးခဲ့တဲ့ဘောလုံးရာသီက အင်တာ မီလန် အသင်းနဲ့ပွဲစဉ်မှာ သူဟာဘောလုံးကို ဘယ်ခြေဖြင့် လက်ခံလိုက်တဲ့အချိန် ဒီမာကို က ဘယ်ခြေနဲ့ နောက်တစ်ချက် ထပ်ထိန်းဦးမယ်လို့တွေးပြီး နေရာကျဉ်းသွားအောင် ဖိအားပေး ဝင်ဖျက်ခဲ့ပါတယ်..။ ဒါပေမယ့် ဒီမာကို ဘယ်ဘက်ကို အတင်းဝင်လာတာနဲ့ တပြိုင်နက် ပါလက်စ်ထရာ ဟာ ညာခြေကိုသုံးပြီး နေရာကျဉ်းကျဉ်းလေးထဲမှာပဲ ဟန်ချက်မပျက်အောင်ထိန်းလို့ ဒီမာကို ရဲ့ ဘေးကနေ ဘောလုံးကို ပုတ်ထုတ်၊ ကျော်ဖြတ်သွားခဲ့ပါတယ်..။ အဲဒီနောက်မှာ တခြားကစားသမားတွေရဲ့ ဖိအားပေး၊ ဖျက်ထုတ်မှုတွေကို ရှောင်နိုင်ဖို့ ဘယ်ခြေဖြင့် သုံးချက်ထိန်း၊ ကွင်းလယ်ပိုင်းကို ဆွဲဝင်ခဲ့ပြီး၊ ဘောလုံးပေးဖို့ လမ်းကြောင်းဖွင့်နိုင်ဖို့အတွက် ညာခြေနဲ့ နောက်ထပ်တစ်ချက် ထိန်း၊ နေရာလွတ် ရှာဖွေသွားခဲ့ပါတယ်..။

ပါလက်စ်ထရာ ဟာ ပြိုင်ဘက်နောက်ခံလူတွေ သူ့ဆီကို ခြေစုံဝင်ဖျက်ဖို့ စိတ်စောလာအောင် ဆွဲဆောင် (Bait) တဲ့နေရာမှာ တကယ့်ကိုထူးချွန်ပြီး ပြိုင်ဘက်ကစားသမားက အရှိန်နဲ့ဝင်တိုး လာတဲ့အချိန်ကျမှသာ လျှင်လျှင်မြန်မြန်နဲ့ ကွက်တိကျော်ဖြတ်၊ ပြေးထွက်လေ့ရှိပါတယ်..။ အောက်ကပုံမှာဆိုရင် အီတလီလူငယ် (အသက် (၂၁) နှစ်အောက်) အသင်းအတွက် ယူကရိန်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ နှစ်ယောက်ကြားကနေ လှည့်စား၊ ရုန်းထွက်နိုင်ခဲ့ပြီး ဖီအိုရင်တီးနားအသင်း ကွင်းလယ် ကစားသမား ဂျီယိုဗာနီ ဖာဘီယန် ဆီကို အနီးကပ် ဖြတ်တင်ဘော (Cross) အတိအကျ ပေးပို့နိုင်ခဲ့ပါတယ်..။

အထက်မှာ ဖော်ပြထားတဲ့အတိုင်း ပါလက်စ်ထရာ ရဲ့ အကောင်းဆုံးခြေစွမ်းတွေဟာ ညာတောင်ပံခြမ်းမှာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက်တောင်ပံ ခံစစ်သမားနဲ့ တစ်ဦးချင်းရင်ဆိုင်၊ ကျော်ဖြတ်ရတဲ့ အခြေအနေမျိုး (Isolated 1v1) မှာ ပိုပြီးပေါ်လွင်လေ့ ရှိပါတယ်..။
တခါတလေမှာတော့ အောက်မှာဖော်ပြထားတဲ့ပုံထဲမှာ မြင်တွေ့ရသည့်အတိုင်း overlap လုပ်ပြီး ပြေးထွက်ခြင်း၊ ပြိုင်ဘက်ခံစစ်ကြောင်း၏ နောက်ဘက်က နေရာလွတ်တွေဆီကို ပြေးဝင်ခြင်း ဒါမှမဟုတ် ဘောလုံးကို ကြိုပြီးအရယူခြင်း စတဲ့ လှုပ်ရှားမှုမျိုးစုံကိုလည်း ပြုလုပ်ပေးလေ့ ရှိပါတယ်..။ သူ့ရဲ့ဖြတ်တင်ဘော (Crosses) ပေးပို့မှုတွေဟာ အထက်မှာ ဖော်ပြခဲ့သည့် ယူကရိန်းနဲ့ပွဲစဉ် နမူနာထဲကလို အမြင့်ဘောနဲ့ ကန်တင်ပေးပို့တဲ့ (Lofted deliveries) ပုံစံ အဓိကပေးပို့လေ့ရှိပေမယ့် ဂိုးဧရိယာထဲကို မြန်မြန်ဆန်ဆန်နဲ့ အနိမ့်ဘော၊ ခါးဖြတ်ဘောတွေကိုလည်း (Flatter, faster balls) ပေးပို့နိုင်စွမ်း ရှိပါတယ်..။

ပါလက်စ်ထရာ ရဲ့ တိုက်စစ်ကစားဟန်ထဲမှာ နောက်ဆုံးအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကတော့ ပြိုင်ဘက်ဂိုးပေါက်ကို ကျောပေးပြီး (Back to goal) ဒါမှမဟုတ် ကွင်းလယ်နေရာလွတ်တွေ (Midfield pockets) မှာ ဘောလုံးကို သက်တောင့်သက်သာနဲ့ ယုံကြည်မှုရှိရှိ လက်ခံရယူနိုင်စွမ်းပဲ ဖြစ်ပါတယ်..။ သူဟာနောက်ခံလူ တစ်ယောက် မဖြစ်လာခင် အသက် (၁၇) နှစ်အောက်အသင်းနဲ့ လူငယ်ကစားသမား ဘဝတုန်းက ကွင်းလယ် ကစားသမား တစ်ယောက်အနေနဲ့ ကစားသမားဘဝကို စတင်ခဲ့တာကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်..။
အောက်မှာဖော်ပြထားတဲ့ ခရီမိုနက်စီအသင်းနှင့်ပွဲက ပုံမှာဆိုရင် သူ့ကိုဘေးစည်းတစ်လျှောက် အပြင်ဘက်ကနေပဲ ဘောလုံးကိုဆွဲထွက်သွားလိမ့်မယ်လို့ တွေးထင်နေတဲ့ ပြိုင်ဘက်ကစားသမား (Marker) ရဲ့ လူကပ်ကစားထားတာကနေ လွတ်ထွက်သွားအောင် ဘောလုံးလက်ခံယူပြီးတာနဲ့ ကွင်းလယ်ဘက်ဆီကို (Infield) လျှင်လျင်မြန်မြန်ပဲ လှည့်ထွက်၊ ဆွဲထွက်သွားခဲ့ပါတယ်..။ အဲဒီကနေတစ်ဆင့် ဂိုးဧရိယာထဲကို ဘောလုံးပေးပို့ပြီး ကိုယ်တိုင်ပြေးဝင်၊ နေရာလွတ်များကို ဖန်တီးယူခဲ့ပါတယ်..။
ပါလက်စ်ထရာ ဟာ ဘေးစည်းတောင်ပံတစ်လျှောက် ဆွဲထွက်ပြေးနိုင်တဲ့ ကစားဟန်တွေကြောင့် နာမည်ရလာတဲ့သူ ဖြစ်ပေမယ့် အတွင်းဘက် ကွင်းလယ်ထဲကို ဝင်ရောက်ပေးနိုင်တဲ့ Inverted full-back အဖြစ်နဲ့ပါ ကစားနိုင်စွမ်း ရှိတာကြောင့် မန်နေဂျာ ဇာဘီ အလွန်ဆို အတွက် နည်းဗျူဟာပိုင်းဆိုင်ရာ လွတ်လွတ်လပ်လပ် အပြောင်းအလဲလုပ်နိုင်ခွင့် (Tactical flexibility) ကိုပါ အပြည့်အဝ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်..။

ဒါပေမယ့် ပါလက်စ်ထရာ ရဲ့ ခံစစ်ပိုင်းကစားပုံဟာ တိုက်စစ်ပိုင်းလောက် နည်းစနစ်တကျ ပြီးပြည့်စုံခြင်း မရှိသေးပါဘူး..။
ကာဂလီယာရီအသင်းကလည်း သူတို့ရဲ့ကစားကွက်စနစ်ထဲမှာ သူ့ကိုခံစစ်ပိုင်း အလွန်အကျွံ အာရုံစိုက်ဖို့ (Overly aggressive) မတောင်းဆိုခဲ့ပါဘူး..။ သူကိုယ်တိုင်ကလည်း ပြိုင်ဘက်တွေရဲ့ တိုက်စစ်ဆင်လာမှုတွေကို အတင်းဝင်လုတာမျိုးထက် ကိုယ့်ဆီကိုရောက်ရှိလာမှသာ ကြားဖြတ်ဟန့်တားတဲ့ ကစားဟန်မျိုးကို ပိုမိုနှစ်သက်ပါတယ်..။ ဒါပေမယ့် ကိုယ့်အသင်းရဲ့ နောက်ဆုံးခံစစ်ကြောင်း (Defensive third) နဲ့ ဝေးတဲ့နေရာတွေမှာ ဘောလုံးပြန်လည် အရယူနိုင်ဖို့ ပြိုင်ဘက်တွေကို လိုက်လံဖိအားပေး (pressing) တာကိုတော့ ကြိုးစား၊ ကစားလေ့ရှိပါတယ်..။
ဒါ့အပြင်သူဟာ အရပ်အမောင်း (၆) ပေ၊ (၁) လက်မ (၁၈၆ စင်တီမီတာ) ရှိတဲ့အတွက် ပုံမှန်နောက်ခံ အစွန်လူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အရပ်ပိုရှည်နေပါတယ်..။ ဒါပေမယ့် အမြင့်ဘော ယှဉ်လုတဲ့ (Aerial duels) အပိုင်းမှာတော့ သူဟာအကောင်းဆုံးအဆင့်မှာ မရှိသေးဘဲ အချိန်ကိုက် ခုန်ရမယ့်အချိန် (Timing) မှန်ဖို့ ရုန်းကန်ရလေ့ ရှိပါတယ်..။ သို့ပေမယ့် ခန္ဓာကိုယ်ကြံ့ခိုင်မှု (Physical) ကောင်းမွန်သူ ဖြစ်တာကြောင့် ခွန်အားသုံးပြီး ကောင်းကောင်းယှဉ်ပြိုင် ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်..။
နောက်ပြီးသူ့ရဲ့ တစ်ဦးချင်းလူကပ်ကစားပုံ (One-on-one defending) အပိုင်းမှာလည်း အခုထက်ပို ကောင်းမွန်လာဖို့ သွေးယူ၊ ပြင်ဆင်ပေးဖို့ လိုအပ်နေပါသေးတယ်..။ ကာဂလီယာရီအသင်းမှာ ကစားတဲ့ အချိန်တုန်းက တစ်ဦးချင်းရင်ဆိုင်ရတဲ့ အခြေအနေတွေမှာ ပါလက်စ်ထရာ ရဲ့ လူကပ်ကစားပုံတွေဟာ တက်ကြွမှုမရှိပဲ ခံစစ်အထိုင် ကစားကွက်အတိုင်း စောင့်ကြည့်လေ့ (Passive ဖြစ်ပြီး) ရှိသူဖြစ်ပါတယ်..။ သူဟာညာတောင်ပံ ခံစစ်ကစားနေရပေမယ့် ဘယ်ခြေကို ပိုမိုအားပြုပြီး ပြိုင်ဘက်ကို ကွင်းဘေးစည်းဘက်ကို (Wider) ရောက်သွားအောင် တွန်းပို့ရန်သာ ရည်ရွယ် ကစားလေ့ရှိတာ သတိပြုမိပါတယ်..။
အဲဒီအခြေအနေတွေကြောင့် ပြိုင်ဘက်တိုက်စစ်မှူးတွေအနေဖြင့် ပါလက်စ်ထရာ ဟာ သူတို့ဆီကို အနီးကပ် လာရောက်၊ ပိတ်ဆို့ခြင်းမပြုခင် ဖြတ်တင်ဘော (Early crosses) တွေကို စောစောစီးစီး ပေးပို့သွားနိုင်ခွင့် ရရှိစေပါတယ်..။ အဲဒီလိုမဟုတ်ပဲ ပြိုင်ဘက်တွေက ညာဘက်အတွင်းဘက်ကို ဆွဲဝင်သွားခြင်းဖြင့် ဖြတ်တင်ဘော၊ ဂိုးဖန်တီးမှု ဒါမှမဟုတ် ဂိုးကန်သွင်းမှုတွေပြုလုပ်ဖို့ အချိန်ပို (အပိုစက္ကန့်အချို့) ဖန်တီးယူသွားနိုင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ပါလက်စ်ထရာ ဟာ သူ့ရဲ့ခန္ဓာကိုယ်ကို ဘယ်ခြေကနေ ညာခြေဘက်ကို အချိန်မှီပြန်လည်လွှဲပြောင်းနိုင်ဖို့ (Shift weight) အချိန်ယူရတဲ့အတွက် ဖြစ်ပါတယ်..။

အပေါ်မှာဖော်ပြထားတဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ ပွဲစဉ်ကပုံမှာဆိုရင် ပါလက်စ်ထရာ ဟာ အစပိုင်းမှာ ကီနန် ယီလ်ဒစ် ဆီကို ရှေ့တက်ပြီး ဖိအားပေး၊ ပိတ်ဆို့ဖို့ ဝေခွဲမရ တုံ့ဆိုင်းနေခဲ့ပါတယ်..။ နောက်ဆုံးကျမှ ဘယ်ခြေဆန့်ထုတ်ပြီး ဘောလုံးဝင်လုဖို့ ခုန်ဝင်ခဲ့ပေမယ့် ယီလ်ဒစ် က သူ့ကိုအလွယ်တကူ ကျော်ဖြတ်ပြီး အတွင်းဘက်လမ်းကြောင်းထဲကို ဆွဲဝင်သွားနိုင်ခဲ့ပါတယ်..။
ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးအတူ ဆွဲထွက်၊ ကျော်ဖြတ်နိုင်စွမ်း ရှိတဲ့ (Dribblers) တွေ ရှိနေတဲ့ လိဂ်ပြိုင်ပွဲတစ်ခု ဖြစ်တာကြောင့် အင်္ဂလန်ထိပ်တန်းလိဂ်ပြိုင်ပွဲရဲ့ ယနေ့ခေတ် ဘောလုံးလောက အခင်းအကျင်းမှာ သူ့အနေနဲ့ တစ်ဦးချင်းလူကပ် ခံစစ်ကစားပုံကို အဆင့်မြှင့်တင်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမှာပါ..။
ဒါ့ကြောင့်နောက်ဆုံးအနေနဲ့ ခြုံငုံပြောရမယ်ဆိုရင် ပါလက်စ်ထရာ ဟာ ခံစစ်ကာကွယ်မှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေနိုင်သေးပေမယ့် တိုက်စစ် ပံ့ပိုင်းမှုအပိုင်းမှာ အလားအလာကောင်းတွေရှိနေပြီး သူ့ဆီကနေ ရရှိလာမယ့် အကျိုးအမြတ်တွေအပေါ် ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ သေချာပေါက် စိတ်လှုပ်ရှား ရင်ခုန်စေမှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(The Athletic မှ ဆောင်းပါးရှင် Anantaajith Raghuraman ၏ ‘Analysing Marco Palestra: Why Chelsea are pursuing the Atalanta wing-back’ ဆောင်းပါးကို ပြန်ဆိုပါသည်။)