ဖူးလ်ဟမ်းအသင်းနှင့် ရာသီသစ် စတင်ဖွင့်လှစ်မည့်ပွဲစဉ်တွင် နည်းပြဇာဘီ အလွန်ဆို ပြုလုပ်နိုင်မည့် ကစားကွက် အခင်းအကျင်း၊ နည်းစနစ်ပိုင်း ခန့်မှန်းချက်များနှင့် ကိုးလ် ပါးမား+ မော်ဂန် ရော်ဂျားစ် တို့ကြောင့် ဖြစ်ပေါ်လာနိုင်မည့် ကစားကွက် အပြောင်းအလဲ..၊ နည်းစနစ်ပိုင်း စိန်ခေါ်မှုများကို Sky Sports သတင်းဌာနက တင်ဆက်သည့် ‘Premier League Weekend’ အစီအစဉ် စကားဝိုင်းတွင် ချယ်လ်ဆီးအသင်း ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘန့်ခ် နှင့် ဘရိုက်တန်အသင်း တိုက်စစ်မှူးဟောင် ဂလင်း မာရေး တို့က အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးခဲ့သည်..။
ရိုမန် ကမ့်ပ် - ဇာဘီ အလွန်ဆို ရဲ့ ချယ်လ်ဆီး အသင်း.. ရာသီကြိုကာလမှာ ခင်ဗျား ဘာတွေမြင်တွေ့ခဲ့လေ? ပရီးမီးယားလိဂ်မှာရော ကျနော်တို့ ဘာကိုမျှော်လင့်ထားလို့ ရနိုင်မလဲ?
ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘန့်ခ် - ဟုတ်ကဲ့ပါ… သူကတော့ ရာသီကြိုပြင်ဆင်မှုတွေကို အရမ်းသဘောကျ ကောင်းမွန်ခဲ့တယ်လို့ ပြောခဲ့ပါတယ်..။ သူကတခြားသူတွေနဲ့ မတူဘူးဗျ..။ သူ့မှာ ကြီးကြီးမားမား သက်သေပြရမယ့်အရာတွေ ရှိနေပါတယ်။ ဂျာမနီမှာ သူစွမ်းဆောင်ပြခဲ့ပြီးပြီ။ ကျနော့်အမြင်ပြောရရင် ရီးရဲလ် မက်ဒရစ်မှာလည်း သူဟာ တကယ်ကိုကောင်းကောင်း လုပ်ပြနိုင်ခဲ့ပါတယ်။ ဘာစီလိုနာရဲ့ နောက်နားလေးမှာပဲ ရှိခဲ့တာဗျ..၊ ဒါပေမယ့် စပိန်မှာတော့ ဘာစီလိုနာရဲ့ နောက်နားလေးမှာ ရှိနေရုံနဲ့ မလုံလောက်ပါဘူး။
ပြီးတော့ ဇာဘီ ဟာ အင်္ဂလန်အကြောင်း သိထားပါတယ်။ ဒီနှစ်မှာ ချယ်လ်ဆီးအသင်းဟာ သက်သေပြရမယ့်အရာတွေ အများကြီးရှိနေပါတယ်။ ဥရောပပွဲစဉ်တွေ မကစားရတာဟာ သူ့အတွက် အထောက်အကူ ဖြစ်စေမှာပါ။ ရှေ့တစ်ပါတ်စနေနေ့ကနေ နောက်လာမယ့် စနေနေ့အထိ ပွဲပြင်ဆင်ချိန် အပြည့်ရသွားတာပေါ့။ သူလုပ်ဆောင်ရမှာက အဲ့ဒီလူစာရင်းကို ကစားသမား အရေအတွက် နည်းသွားအောင် တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်ပြီး သူတို့လိုချင်တဲ့ ကစားသမား အရေအတွက်နဲ့ သီးသန့်လေ့ကျင့် သွားဖို့ပါပဲ။ ဒါပေမယ့် အလွန်ဆို ခေါ်ယူခဲ့တဲ့ ကစားသမားတွေကိုတော့ ကျနော်တကယ် သဘောကျပါတယ်။
သူကနောက်တန်း (၃) ယောက်စနစ်နဲ့ ကစားရတာကို သဘောကျတယ်။ အလုပ်ဖြစ်ပါ့မလား…? ကျနော်မသိပါဘူး။ အဲ့ဒါက သူ့အပေါ်ပဲ မူတည်တာပါ။ ဒါပေမယ့် သူကပြင်းအားမြင့်၊ မြန်နှုန်းမြင့် တိုက်စစ်ဖွင့် ကစားချင်တာကိုတော့ ကျနော် တကယ်သဘောကျပါတယ်။
ရိုမန် ကမ့်ပ် - သူတို့ကို ချန်ပီယံဆုအတွက် စိန်ခေါ်မယ့်အသင်းလို့ ပြောနေကြတဲ့သူတွေ အတော်များပါတယ်။ ဂလင်း… ခင်ဗျားရော သူတို့ကို အဲ့ဒီလိုမြင်လား?
ဂလင်း မာရေး - No.. အာဆင်နယ်ပဲ ဗိုလ်စွဲသွားမယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ဟုတ်ပါတယ်.. ကျွန်တော့်ရဲ့အမြင်ကို ပြောရရင် ချယ်လ်ဆီးက သူတို့နဲ့အနီးကပ်ဆုံးပြိုင်ဘက် ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့အသင်းရဲ့ ဖွဲ့စည်းပုံကို ကြိုက်ပါတယ်။ သူတို့ခေါ်ယူလိုက်တဲ့ ကစားသမားတွေကိုလည်း ကြိုက်နှစ်သက်ပါတယ်။ ပြီးတော့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့တဲ့အချက်ကို သဘောကျ မိပါတယ်..။ သီယာဂို ဆေးလ်ဗား ဟာ သူတို့ဆီမှာ နောက်ဆုံးကစားသွားခဲ့တဲ့ ဝါရင့် ကစားသမား မဟုတ်လားဗျ..
ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအသင်းကြီး ဖြစ်နိုင်တယ်.. ဆိုတဲ့ အခိုက်အတန့်တချို့ မြင်တွေ့ခဲ့ရတယ်လို့ ခံစားရပါတယ်။ ကွန်ဖရင့်လိဂ် မှာ ဗိုလ်စွဲခဲ့တာတို့၊ မာရက်စ်ကာ ရဲ့ ပထမဆုံး (၆) လ ခရစ်စမတ်မတိုင်ခင် အမှတ်ပေးဇယား ထိပ်ဆုံးနားအထိ ရောက်ခဲ့တာတို့ပေါ့ဗျာ..။ ဒါပေမယ့် သူတို့ဆီမှာ ကွင်းအတွင်း လမ်းညွှန်မှုကောင်းကောင်းပေးနိုင်ဖို့ လိုအပ်နေခဲ့တာပါ။ ဟန်ဒါဆင် နဲ့ ဝဲလ်ဘက်ခ် တို့က အဲ့ဒီနေရာမှာ ကူညီပေးနိုင်ပါလိမ့်မယ်။
ရိုမန် ကမ့်ပ် - ဟုတ်ပါပြီ။ ကဲ… ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်စံချိန်တင် စတာလင်ပေါင် (၁၁၇) သန်း သုံးစွဲပြီး မော်ဂန် ရော်ဂျားစ် ကို ခေါ်ယူလိုက်ခြင်းဟာ အပြောင်းအရွှေ့ဈေးကွက်မှာ သူတို့အမှန်အကန် ခေါ်ယူနေတယ်ဆိုတာ ပြသလိုက်တာပါပဲ။ ဒါဆိုရင် ဇာဘီ အလွန်ဆို အနေနဲ့ ကိုးလ် ပါးမား ရဲ့ အကောင်းဆုံး ခြေစွမ်း ထွက်ပေါ်လာဖို့ ရော်ဂျားစ် ကို ဘယ်လို အသုံးချသွားမလဲ? ကျနော်တို့သတင်းဌာနရဲ့ နည်းစနစ် သုံးသပ်သူ 'Pythagoras in boots' ကို အကဲဖြတ်ပေးဖို့ တောင်းဆိုထားပါတယ်။

Pythagoras in Boots - ဆောင်းရာသီ ရောက်ရှိလာတော့မှာဖြစ်ပြီး ချယ်လ်ဆီးအသင်းဟာ သံမဏိ ယဇ်ပလ္လင်ကြီးကို အပိုင်သိမ်းချင်တယ် ဆိုရင်တော့ ပရီးမီးယားလိဂ်ရဲ့ အအေးစက်ဆုံး မဟာမိတ်နှစ်ယောက်ကို ပေါင်းစပ်၊ လက်တွဲပေးနိုင်ဖို့ လိုအပ်ပါတယ်။ အကြီးမားဆုံး မေးခွန်းကတော့ ကိုးလ် ပါးမား ဆီက အကောင်းဆုံး ခြေစွမ်း ထွက်ပေါ်လာအောင် မော်ဂန် ရော်ဂျားစ် ကို ဘယ်လိုနည်းလမ်းနဲ့ အသုံးချမလဲ? ဆိုတာပါပဲ။
သူတို့နှစ်ယောက်ကို လက်ရွေးစင်အဆင့်မှာ ပထမဆုံးအတူတူ တွေ့ခဲ့ရတာက နည်းပြသောမတ်စ် တူခယ်လ် ရဲ့ အင်္ဂလန်နဲ့ ဂျပန်အသင်းတို့ ခြေစမ်းပွဲစဉ်မှာပါ။ သူက ရော်ဂျားစ် ကို ညာတောင်ပံ.. ပါးမား ကို 'No. 10' နေရာမှာ ထားခဲ့ပေမယ့် နှစ်ယောက်စလုံးက ညာဘက် half space နေရာဆီကိုပဲ ရောက်သွားကြပြီး လူထပ်နေတယ်.. ပေါ့ဗျာ..။
အခု ဇာဘီ အလွန်ဆို ရဲ့ ရာသီကြိုကာလ အခင်းအကျင်းကတော့ ပိုပြီးသဘာဝကျပါတယ်။ ဇာဘီ ဟာ သူ့ရဲ့စိတ်ကြိုက် ၃- ၄- ၂- ၁ ကစားကွက်နဲ့ ခင်းကျင်းခဲ့ပြီး ပါးမား က အတွင်းဘက်ကို ချိုးဝင်တဲ့ ညာတောင်ပံ တိုက်စစ် (right inside forward)၊ ရော်ဂျားစ် က အတွင်းဘက်ကို ချိုးဝင်တဲ့ ဘယ်တောင်ပံ တိုက်စစ်ပေါ့ (left inside forward)။ အရင်တုန်းက ပါးမား ကို 'No. 10' နေရာ ကစားခိုင်းရင် ကြုံခဲ့ရတဲ့ပြဿနာက ပြိုင်ဘက်အသင်းတွေဟာ သူ့တို့ရဲ့ဂိုးဧရိယာထဲမှာ လူအများကြီးနဲ့ ပိတ်ဆို့ထားကြတာပါပဲ။ နီကိုးလပ်စ် ဂျက်ဆင် ရှိနေစဉ်တုန်းက သူ့ရဲ့ရွေ့လျားမှုတွေကြောင့် ပါးမား ရဲ့ အကောင်းဆုံးခြေစွမ်း ထွက်ပေါ်လာခဲ့ပါသေးတယ်..။

ဒါပေမယ့် ဂျာအို ပီဒရို ရောက်လာတဲ့အခါ နှစ်ယောက်စလုံးက ဂိုးဧရိယာထိပ်မှာ နေရာကျပ်ပြီး ပိတ်မိနေခဲ့ကြပါတယ်။ အခုတော့ အလွန်ဆို က ပါးမား ကို ပိုကျယ်တဲ့ တောင်ပံ..ဘေးဘက်ကို ရွှေ့ပေးလိုက်တာကြောင့် ဘောလုံးလက်ခံဖို့၊ တစ်ဦးချင်းကျော်ဖြတ်ဖို့နဲ့ တိုက်စစ်ဆင်ဖို့ နေရာပိုရသွားပါတယ်။ ဒါပေမယ့် အားနည်းချက်က သူဟာ ဘေးစည်းတစ်လျှောက် ဆွဲပြေးနိုင်တဲ့ တောင်ပံကစားသမားစစ်စစ် (out and out winger) မဟုတ်တာပါပဲ။ ဒါကြောင့် inside right မှာ နေရာပေးလိုက်တာဟာ သူ့အတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ Wing-back ကစားသမားက တောင်ပံကနေ ချဲထားပေးချိန်မှာ သူကအတွင်းဘက်ကို တိုးဝင်ပြီး '‘No. 10’' ကစားသမားလို ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။
ရော်ဂျားစ် မှာလည်း အလားတူပြဿနာ ရှိပါတယ်။ သူကလည်း တောင်ပံကစားသမားအစစ် မဟုတ်ပါဘူး။ သူကအတွင်းထဲကို တိုးဝင်ချင်တယ်၊ နေရာလွတ်တွေကို တိုက်စစ်ဆင်ချင်တယ်၊ ပြီးတော့အရှိန်အဟုန်နဲ့ ခွန်အားနဲ့ တိုးဝင်တတ်တဲ့သူ ဖြစ်တာကြောင့် ပွဲအရှိန်မြန်ပြီး သူတပြန်၊ ကိုယ်တပြန် ဖြစ်နေတဲ့အချိန်တွေမှာ သူ့ကိုထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်အခုဆိုရင် အဲဒီကစားသမား နှစ်ယောက်လုံးကို ဆန့်ကျင်ဘက် ဧရိယာတွေထဲမှာ ပိုင်ဆိုင်ထားရပြီဖြစ်သလို အဓိကအားဖြင့် ပွဲရဲ့မတူညီတဲ့ အခြေအနေတွေမှာ လိုအပ်သလို အသုံးချလို့ရသွားပြီလို့ ပြောနိုင်ပါတယ်..။ အခု နောက်ထပ် မေးခွန်းတစ်ခုက ချယ်လ်ဆီးဟာ ၄- ၃- ၃ ကစားကွက်နဲ့ ခင်းကျင်းလိုက်ရင်ရော ဘာဖြစ်မလဲ? ဆိုတာပါပဲ။
အင်း… ပါးမား နဲ့ ရော်ဂျားစ် တို့ကို ‘No. 8’ ကွင်းလယ်နှစ်ယောက် (twin No. 8) တွေအဖြစ် အသုံးပြုလိုက်ရင် ကိုင်ဆီဒို ဟာ တကွင်းလုံးလိုက်ပြီး ကူညီပေးသဘော ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အဲဒီကစားကွက်ကို အသုံးချနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကသူတို့ထဲကတစ်ယောက်ကို '‘No. 10’' နေရာမှာ ကစားခိုင်းပြီး ကျန်တဲ့တစ်ယောက်က အတွင်းထဲကိုတိုးဝင်မယ့် တောင်ပံတိုက်စစ်မှူး ဖြစ်နေမှပါပဲ။ ဒါဆိုရင်လည်း နောက်ခံအစွန်လူ ရွေးချယ်မှုက အဓိကသော့ချက် ဖြစ်လာပြန်ပါတယ်။
နောက်ထပ် မေးခွန်းတစ်ခုက အက်စ်တီဗာအို ရဲ့ အခန်းကဏ္ဍ ဘယ်လိုဖြစ်သွားမလဲ?။ ပါးမား သာ ဒဏ်ရာကင်းကင်းနဲ့ ကျန်းမာနေရင် အလွန်ဆို က ၄- ၃- ၃ ထက် ၃- ၄- ၂- ၁ ကစားကွက်ကိုပဲ ပုံသေ သုံးသွားပါလိမ့်မယ်..။ ဒါဆိုရင်တော့ သူ့ရဲ့ ပွဲထွက်ခွင့်တွေ ထိခိုက်သွားပါလိမ့်မယ်။ ဒါပေမယ့် အက်စ်တီဗာအို ဟာ inside right တိုက်စစ်နေရာမှာ ပါးမား ရဲ့ နေရာကို အစားထိုးပေးနိုင်တဲ့ ရှားရှားပါးပါး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူ့မှာ အတွင်းကိုတိုးဝင်ပြီး 'No. 10’ ကစားသမားတစ်ယောက်လို လှုပ်ရှားနိုင်တဲ့ ဘောလုံးဉာဏ်ရည် (Football IQ) ရှိသလို၊ တောင်ပံတစ်လျှောက် ဆွဲပြေး၊ ထိုးဖောက်နိုင်တဲ့ တောင်ပံကစားသမားစစ်စစ် တစ်ယောက်ရဲ့ အရည်အသွေးမျိုးလည်း ရှိထားပါတယ်..။ ဒါကြောင့် အချုပ်ပြောရရင် အလွန်ဆို ဟာ နည်းဗျူဟာ ကစားကွက် နေရာချထားမှုကို မှန်မှန်ကန်ကန် ပြုလုပ်နိုင်ခဲ့ရင် ချယ်လ်ဆီးအသင်းဟာ လိဂ်ပြိုင်ပွဲရဲ့ အအေးစက်ဆုံး၊ အန္တရာယ်အရှိဆုံး တိုက်စစ်ပိုင်းကို ပိုင်ဆိုင်သွားနိုင်ပါလိမ့်မယ်..။

ရိုမန် ကမ့်ပ် - စိတ်ဝင်စားစရာပဲ။ ဂျင်မီ… ခင်ဗျားရော ဘယ်လိုမြင်လဲ? သူပြောနေတာက ပါးမား က ညာဘက်ခြမ်း ထွက်ကစားပြီး ရော်ဂျားစ် ကလည်း ဘယ်ဘက်ခြမ်း ရောက်သွားမယ့် သမာရိုးကျပုံစံမျိုး မမြင်ရနိုင်ဘူးတဲ့။ သူတို့ထဲက တစ်ယောက်က နောက်တစ်ယောက်အတွက် နေရာဖယ်ပေးဖို့ လိုအပ်နိုင်လား?
ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘန့်ခ် - မဟုတ်တာဗျာ..။ ကျနော်ကတော့ သူတို့နှစ်ယောက်စလုံးကို ကွင်းထဲမှာ အတူတူ ပွဲထွက်စေချင်ပါတယ်..။ ဒါကဖြစ်နိုင်ပါတယ်။ ရော်ဂျားစ် ရဲ့ အကောင်းဆုံးနေရာက 'No. 10' ဒါမှမဟုတ် ဘယ်ဘက်ခြမ်း ဖြစ်ပြီး၊ ကိုးလ် ပါးမား အတွက် အကောင်းဆုံး နေရာက 'No. 10' ဒါမှမဟုတ်ရင် ညာဘက်ခြမ်း မဟုတ်လားဗျ..? ဒါပေမယ့် ဆက်စပ်ပြီး စဉ်းစားရမယ့် တခြားအရာတွေလည်း အများကြီးရှိပါသေးတယ်။
အက်စ်တီဗာအို ကို နေရာပေးဖို့နိုင်ပါ့မလား? ပီဒရို နက်တို ကိုရော ပွဲထုတ်နိုင်ပါ့မလား? ကျနော့်ကတော့ ပွဲထုတ်ပေးရလိမ့်မယ်လို့ ထင်မိပါတယ်။ သူတို့ (၄) ယောက်စလုံးကို ပွဲထုတ်ချင်တယ်ဆိုရင် နောက်တန်း (၄) ယောက်စနစ်နဲ့ ကစားရမှာဖြစ်သလို၊ အဲဒီလိုမှမဟုတ်ရင် တစ်ယောက်ကို ညာဘက် Wing-back အဖြစ် ကစားခိုင်းရပါလိမ့်မယ်။ ဒါဆို နက်တို ကို ဘာလုပ်မှာလဲ? နက်တို ကရော အသင်းကနေ ထွက်သွားတော့မှာလား? အဲဒီစိန်ခေါ်မှုတွေ.. စဉ်းစားစရာတွေဟာ အလွန်ဆို အတွက် သာယာကျေနပ်ရမယ့် ခေါင်းကိုက်ဆေး.. ပြဿနာပေါ့ဗျ,..။ ဒါပေမယ့် ကျနော် ထင်တာကတော့ ပါးမား နဲ့ ရော်ဂျားစ် နှစ်ယောက်စလုံး တိုက်စစ်မှူးရဲ့ အနောက်ကနေ ပွဲထွက်လာနိုင်ပါတယ်။
ရိုမန် ကမ့်ပ် - အမြွှာ ‘No. 8’ အဖြစ်နဲ့လား?
ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘန့်ခ် - အမြွှာ '‘No. 10’' အဖြစ်နဲ့ပေါ့၊ အထူးသဖြင့် တိုက်စစ် (၃) ယောက်စနစ်နဲ့ ကစားရင်ပေါ့။ တိုက်စစ်မှူး (၃) ယောက် တင်ပြီးကစားခဲ့ရင် အထောင်တိုက်စစ်မှူးရဲ့နောက်မှာ 'No. 10' ပုံစံလည်း ဖြစ်သွားနိုင်ပါတယ်..။

ရိုမန် ကမ့်ပ် - ခုနကပြောသွားတဲ့အထဲမှာ အဲဒီအကြောင်းလည်း ပါသွားပါတယ်..။ အဲဒီလိုဆိုရင် ကိုင်ဆီဒို တစ်ယောက်တည်း ရွှေ့လျား တာဝန်ယူရတာ အရမ်း များသွားလိမ့်မယ်တဲ့။
ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘန့်ခ် - ဟာ… မဟုတ်ပါဘူး၊ ကိုင်ဆီဒို ကို ရိစ် ဂျိမ်းစ် နဲ့ တွဲပေးထားလို့ရတာပဲ။ ဒါဆိုရင် ညာတောင်ပံ Wing-back နေရာမှာ တခြားတစ်ယောက်ကို သုံးလို့ရသွားပြီ။ ဒါက ခင်ဗျားဘယ်သူ့ကို ပွဲထုတ်မလဲ..? ဘယ်အသင်းနဲ့ ရင်ဆိုင်ရမလဲ? ဆိုတာပေါ်မှာပဲ မူတည်ပါလိမ့်မယ်..။ အာဆင်နယ် နဲ့ ရင်ဆိုင်ရမယ်ဆိုရင် အက်စ်တီဗာအို ကို ညာတောင်ပံ Wing-back အဖြစ် ကစားခိုင်းမှာ မဟုတ်ပါဘူး။ သူ့အစား ခံစစ်ပိုပြီးလိုက်ပါနိုင်တဲ့ ကစားသမားမျိုးကိုပဲ သုံးရမှာပေါ့။
ရိုမန် ကမ့်ပ် - ဟုတ်ကဲ့ပါ.. မန်းစီးတီး က သဘောကျနေပြီး ကျွန်တော်တို့ မဆွေးနွေးရသေးတဲ့ ကစားသမား တစ်ယောက် ရှိပါသေးတယ်..။ ‘အင်ဇို ဖာနန်ဒက်စ်’ ပါ။ ဆိုတော့သူ့အတွက် စတာလင်ပေါင်သန်း (၁၂၀) အထိ တောင်းဆိုနေတယ်.. လို့ သတင်းတွေ ထွက်နေပါတယ်..။ ဂလင်း ရေ… သူထွက်သွားခဲ့ရင် ချယ်လ်ဆီးပရိသတ်တွေ ဝမ်းနည်းကြလိမ့်မလား..?
ဂလင်း မာရေး - Yeah..! ဝမ်းနည်းကြလိမ့်မယ်လို့ ထင်ပါတယ်။ သူဟာဘယ်အသင်းမှာမဆို အသင်းမှာရှိနေရင် သဘောကျစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ သူဟာစိတ်ထက်သန်မှု အပြည့်နဲ့ တိုက်စစ်ကို လိုက်ပါနိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့ အရည်အသွေးအပေါ် မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒါ့အပြင် သူဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ကိုက်ညီလိမ့်မယ်လို့လည်း ကျနော်ထင်ပါတယ်။ ဒီတော့ မေးစရာရှိတာက "အလွန်ဆို ရဲ့ ကစားကွက်ပုံစံသစ်ထဲမှာ သူ့ကို တကယ်ရောလိုအပ်ရဲ့လား? ဘယ်နေရာမှာ သုံးမှာလဲ?” ဆိုတာပါပဲ။

ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘန့်ခ် - ဟုတ်ပါတယ်..။ ချယ်လ်ဆီးအသင်းအနေနဲ့ သူ့ကို တကယ်လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်၊ ဒါပေမယ့် သူတို့ဘက်ကကြည့်ရင် အစားထိုးလို့ ရကောင်း ရနိုင်တယ်လို့ စဉ်းစားမယ်ဆိုလည်း သဘာဝကျပါတယ်။
ဂလင်း မာရေး - အသင်းထဲမှာ ရှိပြီးသား လူနဲ့ အစားထိုးတာလား? ဒါမှမဟုတ် တခြားတစ်ယောက် အပြင်က ခေါ်မှာလား?
ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘန့်ခ် - အသင်းထဲမှာ ရှိပြီးသား ရီးစ် ဂျိမ်းစ် နဲ့ အစားထိုးတာပေါ့။ ဒါပေမယ့် ရီးစ် ဂျိမ်းစ် က ပွဲတိုင်း မကစားနိုင်တာကြောင့် တခြားတစ်ယောက်ကိုတော့ ထပ်ခေါ်ရဦးမယ်.. လို့ ကျနော် ထင်တုန်းပါပဲ။
ဂလင်း မာရေး - ရိုမီယို လာဗီယာ ရော?
ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘန့်ခ် - အင်း… သူကလည်း ဒဏ်ရာတွေ ခဏခဏ ရလွန်းတဲ့သူပဲဗျ..။ အင်ဇို ကျတော့… ပွဲကြီးတွေဆိုရင် အမြဲတမ်းအဆင်သင့် ရှိနေတတ်ပါတယ်။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ သူရှိနေတယ်၊ ရန်ပွဲတွေ နွှဲရတော့မယ်.. ဆိုရင်လည်း ထိပ်ဆုံးကရှိနေတယ်၊ ဖိအားအောက် ရောက်နေချိန်တွေမှာလည်း သူအမြဲရှိနေပါတယ်။ ဒါ့ကြောင့်အဲ့ဒီအချက်တွေကိုပါ အစားထိုးနိုင်ဖို့ လိုပါလိမ့်မယ်။
အဲ့ဒီလက္ခဏာတွေ ပျောက်ကွယ်သွားရင် အသင်းမှာပြဿနာအကြီးကြီး ဖြစ်သွားနိုင်လို့ပါပဲ။ မန် စီးတီး အနေနဲ့ လက်ရှိအချိန်မှာ ကစားသမားတွေ ဆုံးရှုံးနေရတာကြောင့် အခုအပြောင်းအရွေ့ရာသီ ပြီးဆုံးချိန်မှာ အင်ဇို ဟာ မန် စီးတီး ကိုပဲ ရောက်သွားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ပြီးတော့ မာရက်စ်ကာ ကလည်း သူ့ကိုသိတယ်၊ သဘောလည်း ကျနေပါတယ်..။ အင်ဇို ကိုယ်တိုင်ကလည်း မာရက်စ်ကာ နဲ့ ပြန်ပြီးလက်တွဲချင်တဲ့ အရိပ်အယောင် ပြခဲ့သေးတယ်.. မဟုတ်လားဗျ..