ချယ်လ်ဆီးအသင်းမှာ ၂၀၂၆/၂၇ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဖူးလ်ဟမ်းအသင်းနှင့် Craven Cottage ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ ချယ်လ်ဆီးအသင်းက ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်..။ အဆိုပါပွဲစဉ်မှ ချယ်လ်ဆီးအသင်းမှ ဂျာအို ပီဒရို၊ ကိုးလ် ပါးမား နှင့် မော်ဂန် ရော်ဂျားစ် တို့၏ သုံးယောက်တွဲတိုက်စစ်၊ ဂိုးသမား ရောဘတ် ဆန်းချက်ဇ် နှင့် အသင်း၏ခံစစ်ပိုင်း လိုအပ်ချက်များကို ချယ်လ်ဆီးအသင်း နောက်ခံလူဟောင်း ဂယ်ရီ ကာဟေးလ် နှင့် လီဗာပူးလ်အသင်း တိုက်စစ်ဟောင်း မိုက်ကယ် အိုဝင် တို့က Premier League Production မှ တင်ဆက်သည့် ပွဲပြီးသုံးသပ်စကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြပါသည်..။
စတိဗ် ဘိုးဝါး - ဒီနေ့ပွဲမှာ ပါးမား နဲ့ ရော်ဂျားစ် တို့နှစ်ယောက်ကြားက နားလည်မှုနဲ့ တွဲဖက်မိ ကောင်းမွန်မှုတွေဟာ သူတို့နှစ်ယောက်ကို မန်ချက်စတာ စီးတီးအသင်း အကယ်ဒမီမှာ အတူတူကြီးပြင်းခဲ့ကြတဲ့ လူငယ်ကစားသမားလေးတွေပဲ.. ဆိုတဲ့အချက်ကို မေ့ပျောက်နေကြရင်တောင် ပြန်ပြီးအမှတ်ရမိကြမှာ အသေအချာပဲဗျ..။ အိပ်မက်တွေကရဲ့ ခေါ်ဆောင်ရာနောက်ကို ကိုယ်စီလွှင့်ပါးသွားကြပြီး မော်ဂန် ရော်ဂျားစ် က ဗြိတိသျှ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်လာပါတယ်..။ ပွဲအပြီးမှာတော့ သူက ကိုးလ် ပါးမား ဟာ ဒီနေ့ပွဲရဲ့ အငြင်းပွားစရာမရှိ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရဲ့ ခြေစွမ်းကို ချီးမွမ်းသွားခဲ့ပါတယ်..။
မိုက်ကယ် အိုဝင် - သဘောမတူစရာ အကြောင်းမရှိပါဘူး..။ သူတို့နှစ်ယောက်တင်မကပဲ ဂျာအို ပီဒရို အပါအဝင် သုံးယောက်တွဲတိုက်စစ် (trio attack) ဟာ ပွဲကတည်းက တကယ့်ကို ကြောက်ခမန်းလိလိ ခြေစွမ်းပြနိုင်ခဲ့တာပဲဗျ..။ ချယ်လ်ဆီးအသင်းမှာ တိုးတက်ဖို့ လိုအပ်နေတဲ့ နေရာတွေ အများကြီး ရှိနေသေးတယ် ဆိုတာ နည်းပြ ဇာဘီ အလွန်ဆို လည်း လက်ခံပါလိမ့်မယ်..။ တိုးတက်လာအောင်လည်း လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်..။ ဒါပေမယ့် ဂိုးသမားနေရာကို အသစ်ထပ်ပြီး ခေါ်ယူနိုင်ခဲ့ရင် ကောင်းလိမ့်မယ်ဗျ..။ ချယ်လ်ဆီးပရိသတ်တွေဆိုရင်လည်း စိတ်ပူကြမှာပဲ..။
ဒီနေ့ပွဲမှာ ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးမှာ ရောဘတ် ဆန်းချက်ဇ် ရဲ့ ကာကွယ်မှုအပိုင်း လိုအပ်ချက်တွေ ရှိခဲ့ပါတယ်..။ အထူးသဖြင့် ပထမဂိုးပေါ့ဗျာ..။ ပွဲကတော့ အပြန်အလှန်ရှိခဲ့ပြီး ကြည့်လို့ကောင်းခဲ့ပါတယ်..။ ချယ်လ်ဆီးဘက်က တိုက်စစ်ဆင်လာတိုင်း ဂိုးရတော့မလား.. ထင်ရတဲ့အထိ ခြိမ်းခြောက်နိုင်စွမ်း ကောင်းမွန်ခဲ့တယ်..၊ ထိရောက်ခဲ့ပါတယ်..။ ကိုးလ် ပါးမား ကလည်း အခုဘောလုံးရာသီမှာ သူ့ရဲ့ခြေစွမ်းကို ပြန်လည်သက်သေပြဖို့ သံဌိဌာန်ချထားပုံ ရနေပါတယ်..။
သူ့လိုခြေစွမ်းမျိုးရှိနေတဲ့ ကစားသမားတစ်ယောက်ဟာ အင်္ဂလန်အသင်းအတွက် အရွေးမခံရဘူး.. ဆိုတာဟာ အံ့အားသင့်စရာလို့ ပြောရပါမယ်..။ ဒါပေမယ့် ‘အင်္ဂလန်အသင်းအတွက် အရှုံးဟာ ချယ်လ်ဆီးအတွက် အမြတ်ထွက်ခဲ့တယ်လို့’ သတ်မှတ်ရမှာပဲဗျ...။

စတိဗ် ဘိုးဝါး - အမှန်ပဲဗျ.။ ဒီနေ့ပွဲကခြေစွမ်းအရဆိုရင် သူဟာသွင်းဂိုးရဖို့လည်း ထိုက်တန်ခဲ့ပါတယ်..။ ခင်ဗျားလည်း အဲဒီလိုပဲ ထင်မိခဲ့တာမလား..? ဂယ်ရီ ရေ..
ဂယ်ရီ ကာဟေးလ် - သေချာတာပေါ့ဗျာ…။ သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာ တစ်ဖက်အသင်းကို အန္တရာယ် ပေးနိုင်တဲ့ လှုပ်ရှားမှုတွေ ဖြစ်နေတယ်.. ဆိုတဲ့အကြောင့် ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါသေးတယ်..။ သူ့ရဲ့ခြေထဲ ဘောလုံးရောက်လာတာနဲ့ ဘာဆက်ဖြစ်လာမလဲ..? ဆိုပြီး လည်ပင်းရှည်ရပါတော့တယ်..။ ဒုတိယပိုင်းအစမှာ ရရှိခဲ့တဲ့ တတိယဦးဆောင်ဂိုးမှာဆိုရင် ဘောလုံးသယ်ယူလာတဲ့ ဂျာအို ပီဒရို ရဲ့ ဘေးကနေ overlap လုပ်ပြီး ပြေးထွက်သွားပုံဟာ အရမ်းကိုပါးနပ်လွန်းပါတယ်..။
အဆုံးသတ်ဂိုးသွင်းယူတဲ့ အပိုင်းမှာဆိုရင်လည်း ဂိုးသမားရဲ့ ခြေထောက်ကြားကနေ ကန်သွင်းသွားတဲ့ ကန်ချက်မျိုးကို သူ့ဆီကမြင်တွေ့ရတာ အကြိမ်ကြိမ်ပါပဲ..။ တစ်ခုသတိထားမိတာက ဂျာအို ပီဒရို ထိုးပေးလိုက်တဲ့ဘောလုံးကို လက်ခံမယူခင် ဂိုးဧရိယာထဲမှာ ကိုယ့်အသင်း ကစားသမား ရှိနေလား.. တစ်ချက်လှမ်းကြည့်လိုက်သေးတယ်..၊

မိုက်ကယ် အိုဝင် - မှန်ပါတယ်..။ သူ့ထက်ပိုပြီး ဂိုးရဖို့အခွင့်အရေး ပိုကောင်းနေတဲ့ အသင်းဖော် ရှိ၊ မရှိ တစ်ချက်ကြည့်လိုက်တာဗျ..။ ဘယ်သူမှရှိမနေတာနဲ့ ကိုယ်တိုင်ကန်သွင်းဖို့ ဆုံးဖြတ်လိုက်တာပါ..။ ကျွန်တော်ကတော့ ဂျာအို ပီဒရို ရဲ့ နေရာယူ၊ လှုပ်ရှားပုံတွေနဲ့ ကိုးလ် ပါးမား ရဲ့ရှေ့ကို အတိအကျ ထိုးပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကိုလည်း သဘောကျမိပါတယ်..။ ပါးမား က သူ့ရဲ့ဘေးကနေ ပတ်ပြီးပြေးသွားလိမ့်မယ်.. ဆိုတာ ကြိုတင်သိထားပုံပါပဲ..။
အဲဒီအချိန်မှာ အရေးကြီးတာက နောက်ခံလူတွေ သူ့ဆီအတင်းဝင်ပြီး ဖျက်ထုတ်မှုတွေ မပြုလုပ်နိုင်အောင် ထိန်းထားနိုင်ဖို့ပဲဗျ..။ နောက်ခံလူတွေကို သူ့အပေါ်မှာပဲ အာရုံစိုက်နေအောင် ထိန်းထားရင်း တကယ့်အချိန်ကိုက် ရောက်တော့မှ သူ့ရဲ့နောက်ကနေ ပတ်ပြီးထွက်သွားတဲ့ ကိုးလ် ပါးမား ရဲ့ ပြေးလမ်းထဲ အတိအကျ ထိုးပေးခဲ့တာဗျ..။ အဲဒီအသေးစိတ်လေးတွေဟာ ထိပ်တန်းကစားသမားတွေရဲ့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ သပ်သပ်ရပ်ရပ် လုပ်ဆောင်သွားနိုင်ခဲ့တဲ့ သာဓကကောင်းပါပဲ..။
သူတို့သုံးယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုညီမျှနေသလို တစ်ယောက်ကို တစ်ယောက် ဖေးမမှုလည်း ရှိနေပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ TRIO တိုက်စစ်အတွဲဟာ အခုဘောလုံးရာသီမှာ အားလုံးအမှတ်ရနေမယ့်အရာ တစ်ခုခုတော့ လုပ်ပြနိုင်ပါလိမ့်မယ်..။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး တိုက်စစ်အတွဲ ဖြစ်လာနိုင်မလား..? ဒါကတော့ အငြင်းပွားစရာပဲဗျ..။ ကျွန်တော်ကတော့ သူတို့သုံးယောက်ဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ တိုက်စစ်သုံးယောက်ကို ကောင်းကောင်းယှဉ်နိုင်လိမ့်မယ်လို့ ယူဆမိပါတယ်..။
ဂယ်ရီ ကာဟေးလ် - ကိုးလ် ပါးမား နဲ့ ဂျာအို ပီဒရို တို့ကတော့ အရင်ကတည်းက တွဲဖက်ကစားခဲ့ဖူးတဲ့သူတွေ ဖြစ်ကြပါတယ်..။ ပါးမား ဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာကြောင့် မကြာခဏ အနားယူနေရတာကြောင့် ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်..။ ဒါပေမယ့် သူတို့ဟာ ကွင်းထဲမှာ အတူတူရှိနေရင် နားလည်မှုကောင်းကောင်း၊ အတွဲဖက်ကောင်းကောင်းတွေ ပေါ်ထွက်လာတာပါပဲ..။ အခုဆိုရင် မော်ဂန် ရော်ဂျားစ် ကိုပါ အားဖြည့်လိုက်တော့ မူရင်းကောင်းပြီးသား တိုက်စစ်အတွဲအစပ်ဟာ ပိုပြီးကောင်းလာဖို့ပဲ ရှိပါတော့တယ်..။

စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ..။ တကယ်လို့ သူတို့သုံးယောက်သာ ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ခြေစွမ်းကို တစ်ရာသီလုံး ထိန်းထားနိုင်ခဲ့မယ်ဆိုရင် သူတို့ကိုတားဆီးနိုင်ဖို့ ဘယ်လောက်တောင် ခက်ခဲလိမ့်မလဲ..? ဆိုတာ နောက်ခံလူတစ်ယောက်ရဲ့အမြင်၊ ရှုထောင့်ကနေ သုံးသပ်ပေးပါလား..?
ဂယ်ရီ ကာဟေးလ် - အရေးအကြီးဆုံးက သူတို့သုံးယောက်ရဲ့ အားသာချက်ကိုယ်စီကို အကောင်းဆုံး ပေါင်းစပ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်..။ မော်ဂန် ရော်ဂျားစ် ဆိုရင် ခံစစ်ကြောင်းအထိ ဘောလုံးဆင်းယူပြီး ဘောလုံးနဲ့အတူ ဆွဲထွက်လာနိုင်စွမ်း ရှိတယ်ဗျာ..။ ကိုးလ် ပါးမား ကတော့ တစ်ချက်လေးမှ အလွတ်ပေးလို့မရတဲ့ ကစားသမားပါ..။ သူ့ရဲ့အထိန်းအသိမ်း၊ ထိချက်တွေဟာ အရမ်းကိုသိမ်မွေ့၊ ညက်ညော (silky) ပါတယ်..။ ဂျာအို ပီဒရို ရဲ့ အဖွင့်ဂိုးမှာဆိုရင် သူ့ရဲ့လျှပ်တစ်ပြက် ဖန်တီးပေးပို့မှုက အရမ်းကိုတိကျ၊ ကောင်းမွန်ခဲ့တာဗျ..။
ဂျာအို ပီဒရို က နောက်တန်းလူတွေကြားက နေရာလွတ်တွေ ရှာဖွေတဲ့နေရာမှာ အရမ်းကိုကောင်းမွန်တယ်..၊ လျှင်မြန်တယ်..၊ ဘောလုံးကို ထိန်းထားနိုင်စွမ်း ရှိတယ်..။ အခုဒီနေ့မှာဆိုရင် သူတို့သုံးယောက်ကို အတူတွဲဖက် ကစားလို့ရတယ်.. ဆိုတာ အကောင်းဆုံး သက်သေပြလိုက်တာပဲ မဟုတ်လားဗျ..။ ဒါ့ကြောင့်သူတို့သုံးယောက်ဟာ တွဲဖက်ကစားလာတာ အချိန်ကြာလာတာနဲ့အမျှ နားလည်မှု ပိုပြီးကောင်းမွန်လာမှာပါ..။ သူတို့သုံးယောက် တိုက်စစ်အတွဲဟာ ပရီးမီးယားလိဂ်ရဲ့ ဘယ်ခံစစ်ကြောင်းကိုမဆို အန္တရာယ် ပေးနိုင်စွမ်းရှိလိမ့်မယ်ဆိုတာ သေချာပေါက်ပြောရဲပါတယ်ဗျာ..။
မိုက်ကယ် အိုဝင် - ဒီနေ့မှာဆိုရင် ကိုးလ် ပါးမား ဟာ လျှင်မြန်မှုရှိတဲ့ ကစားသမားဖြစ်တယ်ဆိုတာကို တိုက်ရိုက်ထိုးဖောက်မှုတွေ ပြုလုပ်ပြီးပြသခဲ့ပါတယ်..။ မော်ဂန် ရော်ဂျားစ် သွင်းယူသွားခဲ့တဲ့ ဒုတိယဂိုးမှာဆိုရင် ပါးမား ဟာ သူ့ဆီရောက်လာမယ့်ဘောလုံးကို အတင်းဝင်ဖျက်ဖို့ကြိုးစားတဲ့ ဖူးလ်ဟမ်းအသင်း ကစားသမားကို လှည့်ထွက်ပြီး ညာတောင်ပံမှာ ရှိနေတဲ့ လာခရွား ရဲ့ ပြေးလမ်းထဲကို ထိုးပေးလိုက်ပါတယ်..။ ကြည့်လိုက်ရင် အရမ်းကို ရိုးရှင်းတယ်လို့ ထင်ရပါတယ်..။ ဒါပေမယ့် အဲဒီလိုလှည့်ထွက်မှု၊ ပြေးလမ်းကြောင်းထဲကို အတိအကျ ထိုးပေးနိုင်မှုကို ပြုလုပ်နိုင်ဖို့ အရမ်းခက်ခဲပါတယ်..။

ပါးမား ရဲ့ ထူးခြားချက်ကို ပြောရမယ်ဆိုရင် သူဟာဘောလုံးကို လက်ခံယူမယ့်အချိန် နောက်တန်းလူရဲ့ အနေအထားကို သိနေတာပဲဗျ..။ အနားမှာရှိနေတဲ့ နောက်ခံလူရဲ့ အနေအထားပေါ်မူတည်ပြီး ဘောလုံးကို ဘယ်လိုလက်ခံရမယ်..၊ ဘယ်ဘက်ကို ဆွဲထွက်ရမယ်.. အဲဒါတွေကို ဆုံးဖြတ်လေ့ရှိပါတယ်..။ တစ်ဦးချင်းကိုသာ ချီးကျူးနေမိတာ.. သုံးယောက်စလုံးဟာ တကယ့်ထိပ်တန်းအဆင့် အရည်အသွေးတွေနဲ့ ပြည့်စုံနေတဲ့ တိုက်စစ်ကစားသမားတွေ ဖြစ်ကြပါတယ်..။ လျှင်မြန်မှုကောင်းတယ်..၊ ခန္ဓာကိုယ်ဟန်ချက် ထိန်းညှိရာမှာ ကောင်းမွန်တယ်..၊ အဆုံးသတ်ပိုင်း သေသပ်တယ်..၊ ဘောလုံးပညာ ကောင်းမွန်ပြီး ထိချက်တွေ သပ်ရပ်တယ်ဗျာ..။ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းလှတဲ့ ထိပ်တန်းအဆင့် တိုက်စစ်မှူးတွေရဲ့ အတွဲအဖက်ကောင်းပေါ့ဗျာ..။
ဂယ်ရီ ကာဟေးလ် - ထိပ်တန်းကစားသမားတွေရဲ့ အရည်အသွေးကောင်း တစ်ခုဖြစ်တဲ့ ‘ဆုံးဖြတ်ချက် မှန်ကန်ခြင်း (decision making)’ အင်္ဂါရပ်ကိုလည်း ထည့်ပြောဖို့ လိုမယ်ထင်ပါတယ်..။ ထိပ်တန်းကစားသမားတွေဟာ သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို မှန်ကန်တဲ့အချိန်မှာ တိတိကျကျ ပြုလုပ်နိုင်စွမ်း ရှိကြပါတယ်..။ အထူးသဖြင့် ကိုးလ် ပါးမား ပေါ့ဗျာ..။
စတိဗ် ဘိုးဝါး - ဂယ်ရီ ရေ.. ဘုန်းမောက်အသင်းမှာ ခင်ဗျားရှိနေစဉ်တုန်းက မော်ဂန် ရော်ဂျားစ် ဟာ အဌားချလူငယ် ကစားသမားလေးအဖြစ်နဲ့ ရောက်လာခဲ့သေးတယ်မလား..? အခုဆိုရင် သူဟာတကယ့်ကို ရင့်ကျက်တဲ့ ထိပ်တန်းကစားသမား တစ်ယောက်အဖြစ် တိုးတက်၊ ရောက်ရှိလာခဲ့ပြီပေါ့..
ဂယ်ရီ ကာဟေးလ် - အဲဒီအချိန်တုန်းက သူကအသက် (၁၈) နှစ်သား အရွယ်ပဲ ရှိသေးတာပါ..။ ဒါပေမယ့် သူ့ရဲ့ပင်ကိုယ်ပါရမီ အရည်အသွေးကောင်းတွေကို မြင်တွေ့နေရပါတယ်..။ အဲဒီအချိန်တုန်းက သူ့ဆီမှာ သင်ယူရမယ့်အရာတွေ အများကြီးရှိနေသေးပေမယ့် သူနဲ့ပတ်သက်ပြီး ထူးခြားတဲ့အရာကတော့ ခံယူချက်နဲ့ စိတ်ဓါတ် ကောင်းမွန်တာပဲ ဖြစ်ပါတယ်..။ ကစားသမားတစ်ယောက်ဟာ ပင်ကိုယ်အရည်အသွေး ကောင်းမယ်..၊ စိတ်ဓါတ်.. ခံယူချက်ကောင်းတွေနဲ့ အားဖြည့်နိုင်လိုက်မယ်ဆိုရင် ထိပ်တန်းကစားသမားအဖြစ် မလွဲမသွေ ရောက်ရှိမှာပါပဲ..။ ဒါတောင်အခုမှ အသက် (၂၃) နှစ်ပဲ ရှိသေးတာပါ..။ ဆက်လက်ပြီး တိုးတက်ဖို့ အများကြီး ရှိနေပါသေးတယ်..။

စတိဗ် ဘိုးဝါး - နည်းပြဖြစ်တဲ့သူက ပေးထားတဲ့တာဝန်နဲ့ ပတ်သက်ပြီး မော်ဂန် ရဲ့ ပြောကြားချက်တွေ နားထောင်ကြည့်တဲ့အခါ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာက ဇာဘီ အလွန်ဆို ဟာ သူ့အတွက် အသင့်တော်ဆုံး နည်းပြ ဖြစ်လာနိုင်တယ် ဆိုတဲ့အချက်ပဲဗျ..။
မိုက်ကယ် အိုဝင် - ဟုတ်ပါ့ဗျာ…။ ကျနော်လည်း ဒီလိုပဲစဉ်းစားနေတာပါ။ သူဟာ အူနိုင်း အီမရီ လို ထူးချွန်လှတဲ့ နည်းပြတစ်ယောက်နဲ့ လက်တွဲခဲ့ဖူးပါတယ်။ ဒါပေမယ့် ကွဲပြားတဲ့အသံတွေကို ကြားရမြင်ရတာ၊ ဘောလုံးပွဲတွေကို ကွဲပြားတဲ့ရှုထောင့်ကနေ မြင်လာတတ်အောင်၊ ကစားတတ်လာအောင်.. ပွဲချိန်အတွင်းမှာ မတူညီတဲ့ တာဝန်တွေကို လေ့လာခွင့်ရတာတွေလည်း ပါဝင်တာပေါ့ဗျာ..။ အက်စတွန် ဗီလာ မှာတုန်းက နေရာယူပုံနဲ့ ယှဉ်ရင် အခုချယ်လ်ဆီးအသင်းမှာ သူ့ရဲ့တာဝန်က ဆင်တူတယ်ဆိုပေမယ့် ကျနော်လည်း ခင်ဗျားစဉ်းစားတဲ့အတိုင်း ကွက်တိတွေးနေခဲ့တာပါ။
ဇာဘီ အလွန်ဆို ဟာ သူ့အတွက် လုံးဝပြီးပြည့်စုံတဲ့ နည်းပြတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ပွဲအပြီး သူဖြေကြားသွားခဲ့တဲ့အထဲမှာ အလွန်ဆို က သူ့ကို ‘လွတ်လပ်ခွင့် ရှိတယ်။ ခံစစ်ကြောင်းရဲ့နောက်က နေရာလွတ်တွေကို ရှာဖွေ၊ တိုးဝင်ပါ။ တောင်ပံထွက် ကစားချင်ရင်လည်း ရတယ်..။ မင်းကြိုက်တဲ့နေရာမှာ လူအင်အား အသာစီးရအောင် (overload) နေရာယူပေးပါ" ဆိုတဲ့ စကားမျိုး ကြားရတာကို မြင်ယောက်ကြည့်ပါ..။ နည်းပြသူ့ကို သတ်မှတ်ထားတဲ့ နေရာတစ်ခုတည်းမှာ ချုပ်နှောင်မထားဘူးပေါ့။
ဂယ်ရီ ရေ.. ခင်ဗျားတို့ ခံစစ်ကစားသမားတွေကို ပြောရမှာအားနာပေမယ့် ခင်ဗျားတို့တွေကျတော့ ဘောလုံးက ဒီနေရာရောက်ရင် ဒီနေရာမှာ ရှိကိုရှိရမယ်.. စသဖြင့် အတိအကျ လိုက်နာရမယ့်စည်းကမ်းတွေ ရှိပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးတွေရဲ့ ရှုထောင့်ကကြည့်ရင် ဘောလုံးရှိနေတဲ့နေရာမှာ အဓိကပဲ..၊ ဘာစည်းမျဉ်းမှ မရှိပါဘူး။ သီယာရီ အွန်ရီ အင်္ဂလန်ကို စရောက်တုန်းက သူဟာအထောင်တိုက်စစ်မှူး ဆိုပေမယ့် ရုတ်ခြည်းဆိုသလို ဘယ်တောင်ပံမှာ ထွက်ကစားခဲ့တယ်။ မကြာသေးခင်ကမှ ကျွန်တော်ဟာ အာဆင် ဝင်းဂါး နဲ့ အဲဒီအကြောင်း ပြောဖြစ်ခဲ့ပါတယ်..။
သူက "ငါ သူ့ကိုအဲ့ဒီနေရာမှာ ကစားဖို့ ဘာမှမညွှန်ကြားခဲ့ဘူး။ အားလုံးကို သူဟာသူပဲလုပ်သွားခဲ့တာ.." လို့ ပြောပါတယ်။ ပြီးတော့ "သူက သီယာရီ ဟာ အဆင်ပြေအောင် ကစားပြနေတာပဲ.. ငါက ဘာဖြစ်လို့ တားဆီးရမှာလဲ၊ ဒါကြောင့် ဖြစ်ချင်ရာဖြစ် လွှတ်ထားပေးလိုက်တာ" လို့ ဆက်ပြောပါတယ်..။ ဒါ့ကြောင့် တိုက်စစ်ကစားသမား တစ်ယောက်အနေနဲ့ အခြေအနေတွေကို အကဲခတ်.. အနံ့ခံနိုင်စွမ်း ကောင်းမွန်ရပါမယ်..။ ကိုယ့်ရဲ့ ဦးနှောက်ကို အသုံးချနိုင်ရမယ်၊ အားနည်းချက်ကို ကြိုတင်မြင်ရမယ်၊ အင်အားစိုက်ထုတ်ရမယ့် နေရာမှာ ရှိသမျှအင်အား ပုံအောနိုင်ရပါမယ်။ အဲ့ဒါက နည်းပြက သင်ပေးလို့ရတဲ့ အရာမဟုတ်ပါဘူး..။ တချို့နေရာတွေမှာတော့ နည်းပြဆရာရဲ့ သင်ကြားမှု ရယူရပါတယ်။ ဒါပေမယ့် သူ့ဟာလွတ်လွပ်လပ်လပ် ကစားခွင့်လိုင်စင် ရထားတယ်လို့ ကြားရတာ သိပ်ကို ကျေနပ်စရာ ကောင်းပါတယ်။

စတိဗ် ဘိုးဝါး - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သက်လို့ အပြုသဘောဆောင်တဲ့ သုံးသပ်ချက်ကောင်းတွေ အများကြီးရရှိခဲ့တာပေါ့ဗျာ..။ ဒါပေမယ့် မိုက်ကယ် ပြောသွားခဲ့သလိုပါပဲ,, ဇာဘီ အလွန်ဆို အနေနဲ့ အသင်းရဲ့ခံစစ်ပိုင်းနဲ့ ပတ်သက်လို့ သင်ခန်းစာအချို့ ရရှိသွားမှာဖြစ်ပြီး အထူးသဖြင့် ဂိုးသမားနေရာ က စိုးရိမ်စရာ ဖြစ်လာပါလိမ့်မယ်။ ဂယ်ရီ… ခင်ဗျားရော ဘာပြောချင်လဲ။
ဂယ်ရီ ကာဟေးလ် - ဟုတ်တယ်၊ ကျွန်တော်တို့အသင်း ခံစစ်ပိုင်းနဲ့ ပတ်သက်ပြီး ပထမပိုင်းအပြီးမှာလည်း ပြောခဲ့ပါသေးတယ်..။ ဖူးလ်ဟမ်းဘက်က သွင်းယူပေးခဲ့တဲ့ ပထမချေပဂိုးဟာ ဂိုးပေါက်ကို တိုက်ရိုက်ကန်သွင်းလိုက်တဲ့ ဘောလုံးမျိုးဖြစ်ပြီး ဆယ်ကြိမ်မှာကိုးကြိမ်မက ကာကွယ်ရ လွယ်ကူတဲ့ ဘောလုံးမျိုး ဖြစ်ပါတယ်…။ ဒီလို အခိုက်အတန့်တွေဟာ အရေးကြီးပါတယ်..။ ခံစစ်မှူးတွေ၊ ဗဟိုနောက်ခံလူတွေနဲ့ ဂိုးသမားတွေကို အဲဒီလိုအခိုက်အတန့်တွေနဲ့ပဲ အကဲဖြတ်ကြတာ မဟုတ်လားဗျ..။ ဒီပွဲစဉ်နဲ့ ပတ်သက်လို့ အဓိကဝေဖန်စရာ ဆိုလို့ အဲဒီအချက်ပဲရှိပြီး နည်းပြဖြစ်သူအနေနဲ့ အသင်းကိုပိုပြီး ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်ဖို့ သင်ခန်းစာရသွားမှာပါ။
ဒုတိယပိုင်းအစမှာပဲ ၃ -၁ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ၃ - ၂ ဖြစ်သွားပြီး စိတ်လှုပ်ရှားစရာ ခေါင်းမွှေးထောင်ရတဲ့ပွဲ ဖြစ်သွားခဲ့ရတယ်။ ထိပ်တန်းအသင်းတစ်သင်း ဖြစ်လာဖို့ဆိုရင် ဒီလိုပွဲစဉ်တွေကို kill the game လုပ်ပစ်နိုင်တဲ့ စိတ်ဓာတ်မျိုး ရှိထားရပါမယ်။ အခုတော့ (၃) မှတ် သေချာဖို့ ပွဲပြီးခါနီး နောက်ဆုံးစက္ကန့်အထိ စောင့်ဆိုင်းခဲ့ရပါတယ်..။ အဲ့ဒီလို အမှားမျိုးတွေကနေ ဂိုးပေးနေရတာ ပပျောက်သွားအောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။
ဒုတိယဂိုးကလည်း ပြောချင်စရာပဲဗျ..။ ကျနော်တို့ဟာ သူ့ကိုပဲဖိပြောနေသလို ဖြစ်နေပေမယ့် အဲဒီဘောလုံးဟာ ဘေးဘက်ကနေ တစောင်းကန်သွင်းလိုက်တဲ့ ကန်ချက်ပါ။ ဂိုးသမားတစ်ယောက်အနေနဲ့ အဲဒီလိုဘောလုံးတွေကို အန္တရာယ်ရှိတဲ့ ဧရိယာအပြင်ဘက်ရောက်အောင် ပုတ်ထုတ်နိုင်ခဲ့သင့်ပါတယ်.။ ကံမကောင်းစွာနဲ့ပဲ ဆန်းချက်ဇ် ရဲ့ ပုတ်ထုတ်မှုဟာ အန္တရာယ်ရှိတဲ့ ဧရိယာထဲကိုပဲ ပြန်ကျသွားခဲ့ပြီး နောက်ထပ်တစ်ကြိမ်ဒဏ်ခတ် ခံလိုက်ရတာပါပဲ။

မိုက်ကယ် အိုဝင် - လီဗီုင်း ကိုဝဲလ် ရဲ့ အမှားလည်း ပါခဲ့ပါတယ်။ ဒါပေမယ့် တခါတလေ ပွဲအခြေအနေက ကိုယ့်ဘက်မှာရှိမနေတဲ့အခါ ဘောလုံးကို ပုတ်ထုတ်လိုက်ပေမယ့် တိုက်စစ်ကစားသမားရဲ့ ခေါင်းဆီကွက်တိ ရောက်သွားတာပေါ့။ ခင်ဗျား သိတဲ့အတိုင်း ကံဆိုးပြီဆိုရင် ဘယ်လိုမှလုပ်မရပါဘူး..။ ဒါပေမယ့် ပထမဂိုးကတော့ အတော့်ကိုဆိုးပါတယ်..။ ဆိုလိုချင်တာက ဂျော့ရှ် ကင်း ရဲ့ ကန်ချက်ဟာ ဂိုးတိုင်အနီးကပ်တောင် မဟုတ်ဘူး၊ ဂိုးရဲ့ ဗဟိုနား ပိုရောက်နေတာပါ။ တကယ့်ကို ညံ့ဖျင်းတဲ့ ကာကွယ်မှုပါ။
တကယ်လို့ ဆန်းချက်ဇ် ဟာ အဲဒီအမှားတစ်ခုတည်းပဲ သီးသန့်ဖြစ်ခဲ့တာ.. ဆိုရင်တော့ သူ့အတွက်ကံဆိုးတဲ့ ညတစ်ညလို့ ပြောမိမှာပဲ..။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီတွေမှာလည်း သူဟာ အမှားတွေအများကြီး ကျူးလွန်ခဲ့တာသူ ဖြစ်ပါတယ်..။ အခုဆိုရာသီ ပွဲထွက်မှာ အမှားလုပ်မိတာကြောင့် သူ့ရဲ့ယုံကြည်မှု ထိခိုက်သွားတော့မှာပါ။ တကယ်တော့ အီမီ မာတီနက်ဇ်လို ကစားသမားမျိုး အသင်းက ထွက်ချင်နေတယ်လို့ ပြောနေကြချိန်မှာ ကျနော်သာ ဇာဘီ အလွန်ဆို ဆိုရင် ရအောင်ခေါ်ယူဖို့ အတင်းတိုက်တွန်းမိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဂိုးသမားနေရာဟာ အရေးကြီးတဲ့နေရာ ဖြစ်သလို အခုအချိန်မှာ ပြင်ဆင်ဖို့ အချိန်ရပါသေးတယ်..။
စတိဗ် ဘိုးဝါး - စိတ်ဝင်စားစရာပဲ။ ဖူးလ်ဟမ်း က အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောခဲ့ကြပါသေးတယ်..။ ၃ - ၂ ဖြစ်နေချိန်မှာ ဒီနေ့ညရဲ့ရလဒ်ကို ပြောင်းသွားစေနိုင်တဲ့ အခွင့်အရေးအချို့ ရခဲ့ကြပါသေးတယ်။
မိုက်ကယ် အိုဝင် - ဟုတ်ပါတယ်၊ သူတို့လည်းအကောင်းဆုံး ကစားသွားခဲ့ကြပါတယ်။ ဂျော့ရှ် ကင်း ရဲ့ အတွင်းဘက်ကိုချိုးဝင်ပြီး ကန်သွင်းလိုက်တဲ့ အခွင့်အရေးဟာ ဂိုးရနိုင်တဲ့ အခွင့်အရေးပါပဲ။ သူဟာဂိုးတိုင်နှစ်ဖက်လုံးဆီ ပစ်မှတ်ထား ကန်သွင်းနိုင်တဲ့အထိ ဂိုးပေါက်တစ်ခုလုံး လွတ်နေတာလေ။ ဂိုးသမားရဲ့ ဘေးနှစ်ဖက်လုံးမှာ နေရာလွတ်တွေ ရှိနေခဲ့ပါတယ်..။ အန်တော်နီ ရော်ဘင်ဆင် ရဲ့ ဂိုးသမား ဆန်းချက်ဇ် ပေါ် ‘မ’ ပြီး ကန်သွင်းလိုက်တဲ့ အခွင့်အရေးကမှ တကယ့်အခွင့်အရေး အကြီးစားပါ။ လေ့ကျင့်ကွင်းမှာဆိုရင် (၁၀) လုံးကန်.. (၁၀) စလုံး ဂိုးဝင်လေ့ရှိတဲ့ ကန်ချက်တွေဗျ.။

ပြဿနာကတော့ ဘောလုံးက သူ့ရဲ့ အားနည်းတဲ့ ခြေထောက်ဘက် ရောက်နေခဲ့တာပါ..။ ဒါပေမယ့် တကယ့် အခွင့်အရေးကောင်းတစ်ခုပါ။ တခါတလေ ကျွန်တော်ဟာ တိုက်စစ်ကစားသမားတွေဘက်က ရပ်တည်ပေးလေ့ ရှိပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ တခါတလေမှာ အဆုံးသတ်ဂိုးသွင်းရတာဟာ မြင်ရသလောက် မလွယ်ကူပါဘူး..။ လူတွေက "ဟာ… ဂိုးအတည့် အလွတ်ကြီး ကန်ရတာကို လွဲသွားတယ်" လို့ ပြောတတ်ပါတယ်..။ ဒါပေမယ့် အဲဒီအခွင့်အရေးကတော့ တကယ့်ကို အဆုံးသတ်ရ လွယ်ကူတဲ့ အဆုံးတသ် ကန်သွင်းချက် ဖြစ်ပါတယ်..။ အစောကပြောခဲ့သလိုပါပဲ.. တစ်ခုတည်းသော ပြဿနာက သူ့ရဲ့အားနည်းတဲ့ ခြေထောက်ဘက် ရောက်နေတာဖြစ်ပါတယ်..။
ဒီနေ့ညပွဲစဉ်မှာဆိုရင် ဖူးလ်ဟမ်းဘက်က ဂျော့ရှ် ကင်း ရဲ့ ခြေစွမ်း ကောင်းမွန်၊ ထက်မြက်ပါတယ်..။ အသင်းအတွက် ဂိုးတွေ သွင်းယူနိုင်မယ်လို့ မျှော်လင့်ခံထားရတဲ့ ဂါစီယာ လည်း အဖွင့်ဂိုးစတင် ရရှိသွားခဲ့ပါပြီ။ ဒါတွေဟာ ဖူးလ်ဟမ်းအတွက် အားတက်ဖို့ကောင်းတဲ့ အချက်တွေပါပဲ။ သူတို့ဟာ ဒီပွဲကနေ (၁) မှတ် ရယူနိုင်မယ့် အခွင့်အရေး ရရှိခဲ့ပါတယ်..။ ချယ်လ်ဆီးဘက်က ပြန်ပြီးကြည့်လိုက်ရင်တော့ အခုလိုပေးလိုက်ရတဲ့ အခွင့်အရေးမျိုးနဲ့ ပွဲစဉ်တစ်ပွဲလုံး အတိုင်းအတာအရ သီးသန့်ခွဲထုတ်၊ စဉ်းစားကြည့်မယ်ဆိုရင် (၃) မှတ်နဲ့ အပြည့်နဲ့ ပြန်လာနိုင်ခဲ့တာ ကံကောင်းခဲ့တယ်လို့ ပြောနိုင်ပါတယ်..။ ဒါကြောင့်ခံစစ်ပိုင်း ကာကွယ်မှုမှာတော့ အခုထက်ပိုပြီး ပြတ်ပြတ်သားသား ကောင်းမွန်လာဖို့ လိုအပ်နေပါတယ်။