ပရီးမီးယားလိဂ် ပွဲစဉ် (၂) အဖြစ် ချယ်လ်ဆီးအသင်းက ဘရိုက်တန်အသင်းအား စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ၄ဂိုး- ၃ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်မှ နည်ပြဇာဘီ အလွန်ဆို ၏ ကစားကွက် အခင်းအကျင်း၊ ခြေစွမ်းပြခဲ့သော တိုက်စစ်မှူး ဂျာအို ပီဒရို ၏ ထိရောက်သော ပံ့ပိုးမှုများနှင့် အာနည်းနေသော ခံစစ်ကြောင်း နေရာယူများအပေါ် နယူးကာဆယ် ယူနိုက်တက်အသင်း ဂိုးသမားဟောင်း ရှေး ဂစ်ဗင်း နှင့် ချယ်လ်ဆီးအမျိုးသမီးအသင်း ကစားသမားဟောင်း အယ်လီဝှိုက်တို့ က BBC Sports သတင်းဌာန၏ Match of the Day အစီအစဉ်မှတဆင့် အောက်ပါအတိုင်း ဝေဖန်သုံးသပ်ခဲ့ပါသည်..။
ကယ်လီ ကိတ်စ် - ချယ်လ်ဆီးအသင်းဟာ နည်းပြဇာဘီ အလွန်ဆို ရဲ့ နည်းစနစ်ပုံစံသစ်အောက်မှာ သွင်းဂိုးတွေ တရစပ် ရရှိနေပါတယ်..။ ဒါပေမယ့် သူတို့အသင်းရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ဘောလုံးပိုင်ဆိုင်မှု (၂၆ %) ရာခိုင်နှုန်း (ပုံ- ၁) ပဲရှိပြီး ပရီးမီးယားလိဂ် ပွဲစဉ်တွေရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေ မှတ်တမ်းပြုစုတဲ့ Opta ကို စတင်မိတ်ဆက်ချိန်ကတည်းက ဘောလုံးပိုင်ဆိုင်မှုအနည်းဆုံး စံချိန်တင်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်..။ အခုပူးတွဲပုံ (၁) မှာ ပြထားတဲ့ အချက်အလက်တစ်ချို့ဟာ နည်းပြဇာဘီ အလွန်ဆို အနေနဲ့ ပိုပြီးတိုတက်အောင် လုပ်ဆောင်ရမယ့်အရာတွေကို မီးမောင်းထိုးပေးနေတယ်.. လို့ ပြောနိုင်ပါလားရှင့်..?

ရှေး ဂစ်ဗင်း - ပွဲပြီးတဲ့အချိန် ပွဲစဉ်အချက်အလက်တွေ ကြည့်မိတဲ့အခါ အတော်လေးကို အံ့အားသင့်မိပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု (၂၆ %) ရာခိုင်နှုန်းပဲ ရှိရုံမက ဘောလုံးပေးပို့မှု (၁၅၂) ကြိမ်ပဲ ရှိခဲ့ပါတယ်..။ အလွန်ဆို ကတော့ သူတို့အသင်းဟာ ဆက်လက်တိုးတက်အောင် လုပ်ဆောင်နေဆဲ ကာလမှာပဲ ရှိနေသေးတယ်လို့ ပြောပါတယ်…။ ဒါပေမယ့် ပွဲကြည့်နေတဲ့သူတွေ အတွက်ကတော့ တစ်ပွဲထက်တစ်ပွဲ တိုးတက်လာတယ်.. လို့ မခံစားရသေးပါဘူး.။ သူတို့အသင်းဟာ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ကတော့ အသေအချာပဲဗျ.။
ဒါ့ကြောင့်အခုအချိန်မှာ ဇာဘီ အလွန်ဆို ရဲ့ three at the back ကစားနည်းစနစ်ဟာ ပရီးမီးယားလိဂ်ရပ်ဝန်းက လေ့လာသူတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါပြီ..။ ဒါဆိုရင် သူတို့ရဲ့ three at the back ကစားနည်းစနစ်ဟာ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ပါ့မလား..? စောင့်ကြည့်ရဦးမှာပဲ..။ အခုအောက်မှာ ပြထားတဲ့ပုံ (ပုံ - ၂) မှာ သူတို့ရဲ့ three at back အထိုင်နဲ့ ညာဘက် wing-back အဖြစ် ပီဒရို နက်တို၊ ဘယ်တောင်ပံ wing-back အဖြစ် ဂျိုရယ်လ် ဟာတို က တာဝန်ယူပါတယ်..။

ဒီနေ့ပွဲမှာ သူတို့နှစ်ယောက်စလုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် ဘောလုံးခြေထဲရှိချိန် (with the ball) မှာ တောင်ပံကစားသမား (winger) တစ်ယောက်အလား တိုက်စစ်လိုက်ပါနိုင်စွမ်း သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ နက်တို ဟာ တိုက်စစ်ဇုန်ထဲမှာပဲ နေရာယူခဲ့တာများပြီး နေရာလွတ်တွေလည်း ရှာဖွေနိုင်ခဲ့တယ်..၊ တောင်ပံတစ်လျှောက် ထိုးဖောက်နိုင်ခဲ့ပါတယ်..။ ဒါ့အပြင် အထောင်တိုက်စစ်မှူး ဂျာအို ပီဒရို အတွက် ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။
အခုအောက်မှာ ပြထားတဲ့ပုံ (ပုံ- ၃) မှာဆိုရင် ဂျာအို ပီဒရို ဟာ ပီဒရို နက်တို နဲ့ တွဲဖက်ပြီး ညာတောင်ပံကနေ ထိုးဖောက်လာချိန်မှာ ဂျိုရယ်လ် ဟာတို ဟာ တိုက်စစ်မှူးတစ်ယောက်လို နေရာယူထားတာ တွေ့မြင်ရမှာပါ..။ တကယ်တော့ ဟာတို နဲ့ နက်တို တို့နှစ်ယောက်စလုံးဟာ wing-back တွေ ဖြစ်ကြပါတယ်..။ သူတို့နှစ်ယောက်စလုံး တိုက်စစ်အလွန်အကျွံ လိုက်ပါကြပေမယ့် ကွင်းလယ် ကစားသမားတွေဟာ ကျွံထွက်လာမယ့် ဘောလုံးတွေကို တားဆီးနိုင်ဖို့ wing-backs တွေရဲ့ နောက်ကနေ back up နေရာယူထားပေးတာကြောင့် အသင်းရဲ့ဟန်ချက် (balance) ညီမျှတယ်လို့ ပြောနိုင်ပါတယ်..။
ပွဲချိန် (၁၄) မိနစ်မှာ ရရှိခဲ့တဲ့ ဒုတိယဂိုးမှာဆိုရင် ဟာတို ရဲ့ လက်ပစ်ဘောကတဆင့် ဘယ်တောင်ပံကနေ မော်ဂန် ရော်ဂျားစ် ထိုးဖောက်လာချိန်မှာ ပီဒရို နက်တို ဟာ ခံစစ်ပိုင်းကို လုံးဝခေါင်းထဲမထည့်တော့ပဲ ဂိုးသွင်းယူနိုင်ရမယ်.. ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ အထောင်တိုက်စစ်မှူးရဲ့နေရာကို ချိန်သားကိုက် ဖြတ်ပြေးလာခဲ့ပါတယ်..(ပုံ- ၄)။ မော်ဂန် ရဲ့ ဖြတ်တင်ပေးပို့မှု ကောင်းမွန်ခဲ့သလို နက်တို ရဲ့ ပိတ်သွင်းမှုကလည်း တိကျ၊ သပ်ရပ်ခဲ့ပါတယ်..။

အခုအောက်မှာ ပြထားတဲ့ပုံ (ပုံ- ၅) မှာ three at the back အထိုင်၊ wing-back နှစ်ယောက်နဲ့ ကွင်းလယ်အဖျက်နေရာက ရိုမီယို လားဗီးယား ဟာ build up play စတင်တဲ့အချိန်မှာ ဗဟိုခံစစ်မှူးတွေနဲ့ တစ်တန်းတည်းဆင်း နေရာယူပြီး ဘောလုံးလက်ခံ၊ ဖြန့်ဝေပေးခဲ့ပါတယ်..။

ပထမပိုင်းမိနစ် (၃၀) လောက်အထိ ချယ်လ်ဆီးအသင်းရဲ့ wing-backs တွေရဲ့အားနဲ့ ထိုးဖောက်မှုတွေဟာ မြန်ဆန်၊ ထိရောက်ခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ အထူးခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး ဂျာအို ပီဒရို ဟာ ညာတောင်ပံက ပီဒရို နက်တို ရဲ့ ဖန်တီးပေးပို့မှုတစ်ကြိမ်ကို အံ့အားသင့်စရာကောင်းလောက်အောင် လွဲချော်ခဲ့ပေမယ့် နောက်ထပ်တစ်ကြိမ်မှာတော့ သူ့ရဲ့အဆုံးသတ်ဟာ အမှားအယွင်းမရှိခဲ့ပါဘူး..။
အဲဒီဂိုးရရှိစေခဲ့တဲ့ build up play ဟာ ဘရိုက်တန်အသင်းရဲ့ ညာတောင်ပံက ထိုးဖောက်မှုကို ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းက ဖျက်ထုတ်ပြီး ဂိုးဧရိယာထိပ်မှာ ဘောလုံးလက်ခံရရှိတဲ့ မော်ဂန် ရော်ဂျားစ် က ဟာတို ရဲ့ ပြေးလမ်းထဲကို လှလှပပ ပေးပို့လိုက်ပါတယ်.။ အခုအောက်ကပုံ (ပုံ- ၆) မှာဆိုရင် တန်ပြန်တိုက်စစ် စတင်တာနဲ့ wing-back နှစ်ယောက်ရဲ့ ပြေးတက်သွားပုံဟာ မီတာ (၁၀၀) အပြေးသမားတွေအလား သိပ်ကိုမြန်ဆန်လွန်းလှတယ်ဗျာ..။

ညာတောင်ပံက နက်တို ဟာ ဂျာအို ပီဒရို အဆုံးမသတ်နိုင်ခဲ့လို့ လျှံထွက်လာခဲ့ရင် ကူညီပေးနိုင်ဖို့ အသင့်ရှိနေခဲ့တာကို သတိပြုမိကြမှာပါ..။ ဒီနေ့ပွဲမှာတော့ ဘရာဇီးလ် တိုက်စစ်မှူးရဲ့ ထိုးဖောက်မှုတွေ သိပ်ကိုကောင်းမွန်ခဲ့သလို ဇာဘီ အလွန်ဆို ရဲ့ three at back ကစားနည်းစနစ်ဟာ အလုပ်ဖြစ်နိုင်တယ်ဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တဲ့ (၁၀) နှစ်က အန်တိုနီယို ကွန်တီ ရဲ့ three back ကစားနည်းစနစ်နဲ့ ချယ်လ်ဆီးအသင်းဟာ အောင်မြင်မှုတွေ ရရှိခဲ့တာကို ပြန်ပြီးအမှတ်ရမိလို့ပါပဲ..။ အရေးကြီးတာက ဒီနေ့ပွဲမှာလို သူတို့ရဲ့ wing-backs တွေ အလုပ်ဖြစ်ဖို့ လိုအပ်ပါလိမ့်မယ်..။
ကယ်လီ ကိတ်စ် - ဂျာအို ပီဒရို ရဲ့ ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ခြေစွမ်းကို ကြည့်နေရင်းနဲ့ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်းမှာ ပါဝင်ခွင့်မရခဲ့တာဟာ အရမ်းကိုအံ့အားသင့်ဖို့ ကောင်းတယ်လို့ မထင်မိဘူးလား..?
အယ်လီ ဝှိုက် - Yeah..! သေချာတာပေါ့..။ ဂျာအို ဟာ ဘရာဇီးလ်အသင်းအတွက် အရွေးမခံရတဲ့အပေါ် အရမ်းကို စိတ်ပျက်ခဲ့ပါလိမ့်မယ်..။ ဒါ့ကြောင့်သူ့ကိုချန်လှပ်ထားခဲ့တာ မှားယွင်းတယ်.. ဆိုတဲ့ သက်သေပြချင်စိတ်လည်း ပြင်းထန်ခဲ့ပါတယ်..။ အထူးသဖြင့် ဘရာဇီးလ်အသင်းမန်နေဂျာ ကာလို အန်စလော့တီ ကို ရည်ရွယ်ပုံ ရပါတယ်..။ အခုအောက်မှ ပြထားတဲ့ပူးတွဲပုံ (ပုံ- ၇) မှာ ဘရိုက်တန်နဲ့ပွဲက သူ့ရဲ့စွမ်းဆောင်ရည် အချက်အလက်တွေကို မြင်တွေ့ရမှာပါ..။

ဂျာအို ပီဒရို ဟာ တစ်ပွဲလုံးဂိုးကန်သွင်းချက် (shots) အများဆုံး ပြုလုပ်နိုင်ခဲ့သလို ပြစ်ဒဏ်ဘော ရယူနိုင်မှု (fouls won)၊ ဘောလုံးပြန်ပြီး အရယူနိုင်မှု (duels) တွေမှာလည်း ထိပ်ဆုံးပါပဲ.။ ဒီနေ့ပွဲမှာ သူဟာအထူးခြေစွမ်း ပြနိုင်ခဲ့တဲ့ အကောင်းဆုံး ကစားသမားဆိုတာ သံသယရှိစရာ မလိုပါဘူး..။ သူဟာဂိုးသွင်းအဆုံးသတ် စွမ်းရည်ကောင်းမွန်သလို ခန္ဓာကိုယ် ကြံ့ခိုင်မှုကောင်းမွန်တယ်..၊ တွန်းတွန်းတိုက်တိုက် ကစားနိုင်စွမ်း ရှိပါတယ်..။
သူဟာပြီးခဲ့တဲ့ရာသီမှာ (၁၅) ဂိုးသွင်းပေးနိုင်ခဲ့ပြီး အခုရာသီမှာ အဲဒီသွင်းဂိုး အရေအတွက်ထက် သာလွန်ချင်တဲ့ ဂိုးဆာလောင်စိတ် ပြင်းပြနေပုံပါပဲ..။ အခုနှစ်ပွဲကန်ပြီးချိန်မှာ ဂျာအို ဟာ နှစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီးပါပြီ..။ ဒါ့ကြောင့်သူဟာ အခုလက်ရှိအချိန်မှာ ပါးမား၊ ရော်ဂျားစ် တို့နဲ့အတူ ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့်ကစားသမား တစ်ယောက်ဆိုတာ အသေအချာပဲရှင့်..။
ကယ်လီ ကိတ်စ် - ဟုတ်ကဲ့ပါ… ဇာဘီ အလွန်ဆို ရဲ့ ကစားနည်းစနစ်ဟာ တိုက်စစ်ပိုင်းမှာ အင်မတန် ထက်မြက်တယ်..၊ အလုပ်ဖြစ်တယ်.. ဆိုတာ သံသယမရှိပါဘူး..။ နောက်ပြီးမန်နေဂျာ အလွန်ဆို ပြောသလို သူတို့အသင်းဟာ အခုအချိန်မှာ ဆက်လက်တိုးတက်အောင် ကြိုးစားနေတဲ့ အသင်းတစ်သင်း ဖြစ်တယ်ဆိုတာကိုလည်း လက်ခံပါတယ်..။ ဒါပေမယ့် ခံစစ်ပိုင်းမှာ မြင်တွေ့နေရတဲ့ အားနည်းချက်တွေကိုလည်း သုံးသပ်ပေးပါဦး..
ရှေး ဂစ်ဗင်း - အသင်းတိုင်းမှာ တိုက်စစ်နဲ့ ခံစစ်ပိုင်း ဟန်ချက် (balance) ညီမျှဖို့က အရေးကြီးပါတယ်..။ တိုက်စစ်ပိုင်းဟန်ချက်အတွက် သိပ်ကိုထူးချွန်တဲ့ ထိပ်တန်းကစားသမားတွေ ရှိနေပါတယ်…။ နောက်တန်းခံစစ်ကြောင်းက ကစားသမားတွေရဲ့ခြေစွမ်း ဆိုးရွားတယ်.. လို့ ပြောချင်တာ မဟုတ်ပါဘူး..။ ဒါပေမယ့် ခံစစ်ပိုင်းဟန်ချက်ညီဖို့ လိုအပ်နေပါတယ်..။ အခုအောက်မှာပြထားတဲ့ပုံ (ပုံ- ၈) မှာဆိုရင် ဘရိုက်တန်အသင်းက ဘယ်တောင်ပံကနေ ညာတောင်ပံဘက်ကို ရုတ်တရက်ပြောင်းပြီး တိုက်စစ်ဆင်ချိန် ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်း back five နေရာယူပုံကို တွေ့နိုင်ပါတယ်..။

ဘောလုံးခြေထဲရှိချိန် (with the ball) မှာ တိုက်စစ်ပံ့ပိုးမှု ထက်မြက်သလောက် ဘောလုံးဟာ ကိုယ့်အသင်း ခြေထဲမရှိချိန် (without the ball) ခံစစ်ကစားသမားတွေရဲ့ နေရာယူမှုဟာ ပြန့်ကျဲကြီး ဖြစ်နေပါတယ်..။ အဲဒီလို ခံစစ်ကာကွယ်ချိန် နေရာယူကောင်းမွန်ဖို့ လေ့ကျင့်ကွင်းမှာ အထူးကြိုးစား၊ လေ့ကျင့်ရဦးမှာပါ..။ အဲဒီဘောလုံးကို ဘရိုက်တန်အသင်းက ဂိုးရှေ့ကိုဖြတ်တင်ပါမယ်..။ ဂျိုရယ်လ် ဟာတို ကတော့ အချိန်မှီပိတ်ဆို့နိုင်ဖို့ အသင့်ရှိနေပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးရဲ့ ဗဟိုနောက်ခံလူတွေက အချိန်မှီပြန်မဆင်းနိုင်လို့ ကိုယ့်အသင်းရဲ့ ဂိုးဧရိယာထဲမှာ ဘရိုက်တန်အသင်းက 3 vs 2 အသာစီး ရယူနိုင်ခဲ့ပါတယ်..(ပုံ -၉)။

နောက်ပြီးအဲဒီပုံရဲ့ ညာဘက်ထိပ်ဆုံးက ပီဒရို နက်တို ဟာ ခံစစ်ကူဖို့ နောက်ပြန်ဆင်းတဲ့နေရာမှာ ဘရိုက်တန်အသင်းရဲ့ ဘယ်တောင်ပံ တိုက်စစ်မှူးထက် (၁၅) ကိုက်လောက် နောက်ကျနေပါတယ်..။ အဲဒါလည်း မဖြစ်သင့်ဘူးဗျ..။ အလွန်ဆို ရဲ့ ကစားနည်းစနစ်မှာ wing-back တွေဟာ တိုက်စစ်လိုက်ပါတဲ့အပိုင်းမှာ သိပ်ကိုထူးချွန်ပေမယ့် ခံစစ်လိုက်ပါနိုင်မှုပိုင်းမှာ အခုထက်ပိုပြီး ကောင်းမွန်ဖို့ လိုအပ်နေပါသေးတယ်..။
အဲဒီဘောလုံးကို ဒီယေဂို ဂိုးမက်ဇ် ဂိုးဧရိယာထဲ ဖြတ်တင်ရာမှာ ဘရိုက်တန်အသင်းက မာလစ် ယာကိုရဲလ် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးသမား မာတီးနက်ဇ် တည့်တည့်ဖြစ်သွားတာကြောင့် ချေပဂိုးမရရှိခဲ့တာပါ..။
ပွဲချိန် (၃၅) မိနစ်မှာ ဘရိုက်တန်အသင်း ရရှိသွားတဲ့ ချေပဂိုးဟာ မော်ဂန် ရော်ဂျားစ် ဆီက ဘောလုံးပျက်သွားရာကနေ စတင်တာပါ..။ ဘရိုက်တန်အသင်းဟာ သူတို့ရခဲ့တဲ့ လက်ပစ်ဘောကို မြန်မြန်ဆန်ဆန် မြှောက်ပေးလိုက်ပြီး တိုက်စစ်ကို စတင်ပါတယ်..။ ဘယ်တောင်ပံက ဟာတို ပါ တိုက်စစ်ကျွံသွားတာကြောင့် ညာဘက်က ဖြတ်ပြေးလာတဲ့ နက်တို ဟာ ဂိုးမက်ဇ်၊ ယာကိုရဲလ် တို့နဲ့ 2 vs 1 အနေအထား ဖြစ်သွားပါတယ်..(ပုံ- ၁၀)။

နက်တို အနေနဲ့ ရွေးချယ်စရာ နှစ်ခုရှိလာပါတယ်..။ ဘောလုံးကိုရအောင် ဖျက်ထုတ်၊ ဖျက်လို့မရရင်လည်း လူချပြီး ပြစ်ဒဏ်ဘောပေးလိုက်..၊ ဒါမှမဟုတ်ရင် နောက်ကိုလိုက်ဆင်းပြီး သူတို့ကိုရနိုင်သမျှ တားဆီးနိုင်ဖို့ (delay the attack) ကြိုးစားရမှာပါ..။ အဲဒီအနေအထားမှာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်း နေရာယူထားမှု မကောင်းပါဘူး..။ ပြန့်ကျဲကြီး ဖြစ်နေပါတယ်..။ နက်တို လွတ်သွားတယ်..၊ ကိုဝဲလ် ထပ်ပြီးဖျက်ထုတ်ဖို့ ကြိုးစားပေမယ့် လွတ်ထွက်သွားပြန်ပါတယ်..။
ဘယ်သူကမှ မရမက အတင်းဝင်ဖျက်ထုတ်ဖို့ မကြိုးစားခဲ့ပါဘူး..။ ယာကိုရဲလ် ဟာ တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပြီး ဧည့်သည်အသင်းကို မျှော်လင့်ချက်တွေ ရှိစေခဲ့ပါတယ်..။ အလားတူပါပဲ.. အခုအောက်မှာ ပြထားတဲ့ပုံ (ပုံ- ၁၁) မှာဆိုရင် ဘရိုက်တန်အသင်းက ဂိုးမက်ဇ် ဟာ ဗဟိုခံစစ်မှူးနှစ်ယောက်ကြားမှာ နေရာလွတ် အကြီးကြီးရခဲ့ပြီး လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရခဲ့ပါသေးတယ်..။ ဒါပေမယ့် သူ့ရဲ့ခေါင်းတိုက်ချက်ဟာ ဂိုးဘားတန်းကျော်သွားခဲ့တာကြောင့် ကံကောင်းသွားခဲ့တယ်လို့ ပြောရမှာပါပဲ..။
အခုဆိုရင် အသင်းရဲ့ခံစစ်ကြောင်းမှာ ဝါရင့်၊ သမ္ဘာရင့်ဂိုးသမား မာတီးနက်ဇ် ကို အားဖြည့်ထားပါပြီ…။ သူ့အနေနဲ့ ခံစစ်ကြောင်းကို ထိရောက်တဲ့ ညွှန်ကြားမှုတွေ ပေးနိုင်မယ်..၊ ပြိုင်ဘက်အသင်းရဲ့ ဖြတ်တင်ဘောတွေကနေ အဆုံးသတ်ခွင့်တွေ ရရှိနေတာကို တားဆီးနိုင်လိမ့်မယ်..၊ ခံစစ်မှူးတွေကြားမှာ ပေါ်နေတဲ့ နေရာလွတ်တွေ နည်းပါးသွားအောင် ကွင်းထဲကနေ ထိန်းညှိပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်..။
ဒါ့ကြောင့်ခြုံငုံပြီး ပြောရမယ်ဆိုရင် ဇာဘီ အလွန်ဆို ရဲ့ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ဆင်တဲ့အချိန် စိတ်လှုပ်ရှားဖို့ ကောင်းမွန်လှပေမယ့် ခံစစ်ပိုင်းမှာတော့ တိုးတက်ဖို့ လိုအပ်နေတဲ့အရာတွေ၊ ပြင်ဆင်ရမယ့်အရာတွေ အများကြီးရှိနေပါသေးတယ်..။ သူတို့အနေနဲ့ လေ့ကျင့်ကွင်းမှာ ကြိုးစား၊ ပြင်ဆင်ရမှာဖြစ်ပြီး အခုဆိုရင် ဥရောပဘောလုံးပွဲတွေလည်း ယှဉ်ပြိုင်ရဖို့ မရှိတာကြောင့် ခံစစ်ပိုင်းအားနည်းချက်တွေကို ပြုပြင်သွားနိုင်ပါလိမ့်မယ်..။
ကယ်လီ ကိတ်စ် - ချယ်လ်ဆီးအသင်းဟာ three back ကစားနည်းစနစ်နဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ပါ့မလား..? ဆိုပြီး ကျွန်မတို့ရဲ့စကားဝိုင်း အစပိုင်းမှာ ရှင်မေးခဲ့ပါသေးတယ်...။ သူတို့တွေ ဗိုလ်စွဲဖို့ ဖြစ်နိင်ပါ့မလား..?
ရှေး ဂစ်ဗင်း -ဖြစ်နိုင်ပါလိမ့်မယ်.. လို့ ထင်ပါတယ်။ ခံစစ်ပိုင်းကို ပိုပြီးကျစ်လျစ်အောင် ပြုပြင်နိုင်ဖို့ပဲ လိုအပ်တာပါ။ ပထမဆုံး ပရီးမီးယားလိဂ် (၂) ပွဲမှာတင် (၅) ဂိုးအထိ ပေးလိုက်ရတာကတော့ မကောင်းလှပေမယ့် တိုက်စစ်ပိုင်းမှာတော့ ထက်မြက်ပြီး တကယ်ကို ကောင်းမွန်တဲ့ ပုံစံရှိနေပါတယ်။

ကယ်လီ ကိတ်စ် - ဂိုးသမား တစ်ယောက်အနေနဲ့ ရှင့်ကို အီမီ မာတီနက်ဇ် အကြောင်း မေးရပါဦးမယ်။ အခုခေါ်ယူမှုအတွက် သုံးစွဲခဲ့တဲ့ စတာလင်ပေါင် (၇.၅) သန်းဟာ တကယ့်ကို လိမ္မာအပါးနပ်ဆုံး ခေါ်ယူမှုတွေထဲကတစ်ခု ဖြစ်လာနိုင်လား..?
ရှေး ဂစ်ဗင်း -ဟုတ်ပါတယ်၊ တကယ်တော့ ဈေးပေါပေါနဲ့ ရလိုက်သလိုတောင် ခံစားရပါတယ်။ မာတီနက်ဇ် ဟာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖူးသလို FIFA ရဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုကို (၂) ကြိမ်တိုင်တိုင် ချီးမြှင့်ခံထားရတဲ့သူ ဖြစ်ပါတယ်..။ သူဟာ ချယ်လ်ဆီးရဲ့ နံပါတ် (၁) ဂိုးသမား ဖြစ်လာခဲ့ပြီလို့ ထင်ပါတယ်။ နောက်ပြီးလိဂ်ဖလား ဆွတ်ခူးချင်တယ်ဆိုရင် ထိပ်တန်းဂိုးသမားတစ်ယောက် သေချာပေါက်လိုအပ်နေပြီး သူ့ဆီမှာ ဖိအားတွေအောက်မှာ ယှဉ်ပြိုင်ရတဲ့ အတွေ့အကြုံတွေ အများကြီးရှိနေပါတယ်။ ဒါ့အပြင် မာတီနက်ဇ် ဟာ ကွင်းထဲမှာလည်း ထက်မြက်ပြီး ခံစစ်ကြောင်းအပေါ် ဩဇာညောင်းတဲ့ ဂိုးသမားကြီးတစ်ယောက် ဖြစ်ပါတယ်..။ တကယ့်ကိုကောင်းမွန်တဲ့ ခေါ်ယူမှုကြီးတစ်ခုလို့ သုံးသပ်ချင်ပါတယ်..။