feature-image

ဘရိုက်တန်နှင့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း နည်းစနစ် စကားဝိုင်း

အရင်အပါတ်တနင်္ဂနွေနေ့က စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ချယ်လ်ဆီးအသင်းက ဘရိုက်တန်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ တိုက်စစ်မှူး ဂျာအို ပီဒရို ၏ ကစားပုံ၊ ချယ်လ်ဆီးအသင်း၏ ခံစစ်ပိုင်း လိုအပ်ချက်များနှင့် နည်းပြသစ် ဇာဘီ အလွန်ဆို လက်ထက် အသင်း၏စွမ်းဆောင်ရည် အချက်အလက်များ အပါအဝင် နည်းစနစ်ပိုင်းဆိုင်ရာ သုံးသပ်ချက်များကို အာဆင်နယ်အသင်း ဂန္ထဝင်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီ နှင့် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့က Sky Sports သတင်းဌာန၏ Monday Night Football အစီအစဉ်မှတဆင့် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးခဲ့ကြသည်..။

ဒေးဗစ် ဂျုံးစ် - ဘရိုက်တန်အသင်းနဲ့ပွဲက ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာတွေ ရှိနိုင်ပါလိမ့်မယ်။ စတန်းဖို့ဒ် ဘရစ်ချ်အသင်းဟာ နည်းပြသစ် ဇာဘီ အလွန်ဆို ရဲ့ လက်အောက်မှာ (၂) ပွဲ ကစား (၂) ပွဲနိုင် ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်..။ ပြီးခဲ့တဲ့သီတင်းပါတ် ဘရိုက်တန်နဲ့ ပွဲစဉ်မှာတော့ ပွဲအပြီးရလဒ် ပုံစံက သူ လိုချင်တဲ့ ပုံစံမျိုး ဖြစ်ချင်မှ ဖြစ်မှာပါ၊ ဒါပေမယ့် သူတို့ဟာ ပွဲစစချင်းမှာပဲ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်..။

အိမ်ကွင်းပရိသတ်ရှေ့မှောက် ဘရိုက်တန်အသင်းကို ဦးဆောင်ဂိုးရတဲ့အချိန်က ပွဲချိန် (၄) မိနစ်ပဲ ရှိပါသေးတယ်။ နည်းပြသစ် တစ်ယောက်အနေနဲ့ အိမ်ကွင်းမှာအစကောင်းဖို့၊ ပရိသတ်တွေကို အားရဝမ်းသာ ဟစ်အော်နိုင်အောင် ဖန်တီးပေးနိုင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ရာသီတစ်ခုလုံးမှာတော့ ပရိသတ်တွေအတွက် အားရစရာ သိပ်မရှိခဲ့ပါဘူး။ အခုတော့ ရာသီအစကို ကောင်းကောင်း စတင်နိုင်ခဲ့တဲ့ ရိုမီယို လာဗီယာ က အသင်းအတွက် တာထွက်ကောင်းရရှိအောင် အနီးကပ်ပိတ်သွင်း ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်..။



အဲ့ဒီဂိုးမှာ ဂျိုအို ပီဒရို လည်း ပါဝင်ပတ်သက်ခဲ့တယ်ဗျ။ အခုဆိုရင် လူအများစုက ကိုးလ် ပါးမား၊ မော်ဂန် ရော်ဂျားစ် တို့အကြောင်း ပြောနေကြပြီး ဂျိုအို ပီဒရို ကတော့ ခြေစွမ်းထက်မြက်နေတဲ့ တိုက်စစ် (၃) ယောက် အတွဲအစပ်ကို ပြည့်စုံစေခဲ့ပါတယ်..။ သီယာရီ ရေ... ခင်ဗျားအနေနဲ့ သူဟာ ကိုးလ် နဲ့ မော်ဂန် တို့ထက် မနိမ့်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို တကယ်တမ်း ပိုပြီးတော့တောင် အရေးပါတယ်လို့ ငြင်းလို့ကော ရနိုင်တယ်မလား..?

သီယာရီ အွန်နရီ - ချယ်လ်ဆီးအသင်းရဲ့ လက်ရှိကစားပုံ၊ ခံစစ်ပိုင်းကို ပိုပြီးဦးစားပေးသလို ဖြစ်နေတဲ့ သူတို့တွေရဲ့ အခင်းအကျင်းကြောင့် ဂျာအို ပီဒရို ရဲ့ အခန်းကဏ္ဍဟာ အသက်သွေးကြောလို ဖြစ်နေပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာတစ်ဖက် နောက်တန်းလူတွေကို ဆွဲခေါ်နိုင်ပြီး သူတို့တွေရဲ့ ဖျက်ထုတ်မှုအောက်မှာ ဘောလုံးကိုင်ထားနိုင်စွမ်း (holds the ball) လို့ပါပဲ..။ ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့် မရခဲ့တဲ့အပေါ် သူ့ရဲ့ခြေစွမ်းကို သက်သေပြချင်စိတ်လည်း အရမ်းကိုပြင်းထန်နေပါတယ်..။ ဘရိုက်တန်နဲ့ပွဲမှာ သူ့ရဲ့ hold up play ကစားပုံကို ကြည့်ရတာ တချိန်တုန်းက ဒီဒီယာ ဒရော့ဘာ ကို ပြန်လည်မြင်တွေ့နေရသလိုပါပဲ..။

ပွဲချိန် (၁၄) မိနစ်မှာ ရရှိခဲ့တဲ့ ဒုတိယဂိုးမှာဆိုရင် ဂျာအို ပီဒရို ဟာ ဂျိုရယ်လ် ဟာတို ရဲ့ လက်ပစ်ဘောကို ခေါင်းတိုက်ပြီး မော်ဂန် ရော်ဂျားစ် ရဲ့ ပြေးလမ်းထဲကို ချပေးလိုက်ပါတယ်..။ မော်ဂန် က ဘရိုက်တန်နောက်ခံလူနဲ့ ယှဉ်လုပြီး ဘောလုံးကို ဆွဲယူနိုင်ခဲ့တယ်..၊ သူ့ရဲ့ဖြတ်တင်ပေးပို့မှုကနေ ပီဒရို နက်တို က ပိတ်သွင်းခဲ့တယ်ဗျာ..(ပုံ- ၁)။



ပွဲချိန် (၃၂) မိနစ်မှာ ရရှိခဲ့တဲ့ တတိယဂိုးမှာတော့ တိုက်စစ်ကို သူကစတင်ခဲ့တာ မဟုတ်ပါဘူး..။ ချယ်လ်ဆီးအသင်း ဂိုးဧရိယာထိပ်မှာ ပြန်ပြီးရလာတဲ့ ဘောလုံးကို မော်ဂန် ရော်ဂျားစ် က ဘရိုက်တန် ကစားသမားတွေကြားထဲက လှလှပပဆွဲထုတ်ပြီး ဘယ်တောင်ပံက ဟာတို ရဲ့ ပြေးလမ်းထဲ ထိုးပေးပါတယ်..။ ကဲ… မနားတမ်း မီးခိုးထွက်အောင် ဆွဲပြေးပေတော့..။ ဂိုးဧရိယာထိပ်ကို ရောက်တဲ့အချိန် ဂျာအို ပီဒရို ကို ထိုးပေးတယ်..၊ ဂိုးပါတယ်..။

ကျွန်တော်ကတော့ အဲဒီသွင်းဂိုးတွေထက်စာရင် သူ့ရဲ့ hold up play ကစားသွားပုံတွေကို ပိုပြီးသဘောကျမိပါတယ်..။ နောက်ခံလူတွေရဲ့ ဖိအားပေးမှုအောက်မှာ ဘောလုံးကို အကောင်းဆုံး ထိန်းထားနိုင်တဲ့ သူ့ရဲ့ hold up play ကစားပုံကြောင့်ချယ်လ်ဆီးအသင်းဟာ သူ့ဆီကို အဝေးဘောတွေနဲ့ တိုက်ရိုက်ပေးပို့ ကစားသွားနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် အီမီ မားတီးနက်ဇ် လို တိုက်စစ်မှူးတွေဆီ တိုက်ရိုက်ပေးပို့နိုင်စွမ်း ကောင်းမွန်တဲ့ ဂိုးသမားသစ် ရောက်လာချိန်မှာ တိုက်ရိုက်ပေးပို့မှုတွေနဲ့ ထိုးဖောက်လာမှာကို ပိုပြီးမြင်တွေ့လာရဖို့ ရှိနိုင်ပါတယ်..(ပုံ- ၂)။



ပွဲချိန် (၇၄) မိနစ်မှာ ကိုးလ် ပါးမား သွင်းယူပေးခဲ့တဲ့ စတုတ္ထဂိုးဟာလည်း သူ့ရဲ့ hold up play ကစားပုံ ကောင်းမွန်မှုကြောင့် ရရှိခဲ့တာပါ..။ မာလို ဂူစ်တို ရဲ့ လက်ပစ်ဘောကို ရင်ဘတ်နဲ့တစ်ချက်ထိန်းပြီး နောက်ကပြေးတက်လာတဲ့ ကိုးလ် ပါးမား ရဲ့ ပြေးလမ်းထဲ ချပေးလိုက်ပါတယ်..(ပုံ - ၃)။ ပါးမား က ကျန်တာကို အမှားအယွင်းမရှိ ဆက်လုပ်သွားရုံပါပဲ..။ ဒါ့ကြောင့်အခုအချိန်မှာ သူ့ရဲ့ကစားပုံဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းဗျူဟာ အခင်းအကျင်းပေါ်မှာ သက်ရောက်မှုကြီးမားခဲ့ပါတယ်..။


 
ဂျေမီ ကာရေဂါ - သီယာရီ ရေ.. တိုက်စစ်မှူးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ရင် ခင်ဗျားထက်ပိုပြီး နားလည်တဲ့သူ မရှိပါဘူး..။ ခင်ဗျားက ဂိုးသွင်းမုဆိုးသက်သက် တိုက်စစ်မှူးတွေ (poachers) ကို နှစ်သက်တဲ့သူ မဟုတ်ဘူးလို့ ကျွန်တော်သိထားပါတယ်..။ တိုက်စစ်မှူးတွေဆိုတာ ဂိုးသွင်းတာထက်ပိုပြီး အသင်းကို ကူညီပေးနိုင်ရပါမယ်လို့ ခံယူထားတယ်ပေါ့..။ ခင်ဗျားသာဆိုရင် ဂျာအို ပီဒရို ကို ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဘယ်လိုနေရာချထားမယ်.. လို့ စဉ်းစားထားလဲ..?

သီယာရီ အွန်နရီ - အခုအတိုင်းလည်း ကောင်းနေတာပဲလေ..။ အခုအချိန်မှာ သူ့ရဲ့ကစားပုံနဲ့ သူ့ရဲ့အသင်း ကစားပုံ ကိုက်ညီမှုရှိသလို သူကိုယ်တိုင်ကလည်း ကိုးလ် ပါးမား၊ မော်ဂန် ရော်ဂျားစ် တို့နဲ့ အနီးကပ်၊ တွဲဖက်ကစားရတာကို နှစ်သက်ပါတယ်..။ အခုလက်ရှိအချိန်မှာ ဂျာအို ပီဒရို ဟာ အထူးခြေစွမ်းပြနေပါတယ်.. လို့ ပြောရတာဟာ ဂိုးတွေသွင်းပေး၊ ဂိုးတွေဖန်တီးပေးနိုင်လို့ တခုတည်းကြောင့် မဟုတ်ပါဘူး..။ တခါတလေကျရင် တချို့ကစားသမားတွေဟာ ကိုယ်တိုင်ဂိုးမသွင်းနိုင်ပေမယ့် နည်းပြတွေရဲ့ ညွှန်ကြားချက်အရ အသင်းအတွက် အနစ်နာခံပြီး အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပံ့ပိုးမှုတွေ ပြုလုပ်ပေးခဲ့တာတွေ ရှိပါတယ်..။

ဒါပေမယ့် အခုမှပရီးမီးယားလိဂ် (၂) ပွဲထဲ ကန်ရသေးတာကြောင့် ဂျာအို ပီဒရို ရဲ့ခြေစွမ်း၊ သူတို့သုံးယောက်ရဲ့ တိုက်စစ်အတွဲအစပ် ခြေစွမ်းကို ဟိမဝန္တာချီးမွမ်းခန်းဖွင့်ပြီး တခမ်းတနား ချီးကျူးဖို့ရာ စောလွန်းပါသေးတယ်..။ ဘောလုံးရာသီ အရှည်အလျား.. ပွဲတွေအများကြီး ယှဉ်ပြိုင်ရဖို့ ရှိနေပါသေးတယ်..။ အခုအချိန်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ်အခင်းအကျင်းမှာ သူ့ရဲ့အခန်းကဏ္ဍက အင်မတန်မှ အရေးပါနေပါတယ်..။



ဒေးဗစ် ဂျုံးစ် - ဂျာအို ပီဒရို အစကောင်းခဲ့သလို အသင်းရဲ့တိုက်စစ် သုံးယောက်အတွဲအဖက်ရဲ့ ထိရောက်မှုကလည်း အပြာရောင်ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာပဲဗျ.။ ဒါပေမယ့် ဇာဘီ အလွန်ဆို ရဲ့အသင်းဟာ ပထမဆုံးနှစ်ပွဲမှာတင် ပေးဂိုး (၅) ဂိုး ရှိခဲ့ပါတယ်..။ ခံစစ်ပိုင်းမှာ ဘယ်လိုအားနည်းချက်တွေ ရှိနေလို့လဲ..?

သီယာရီ အွန်နရီ - သူတို့အသင်းရဲ့ ခံစစ်ကြောင်းနေရာယူမှုဟာ မှန်ကန်နေသလို ရှိနေပေမယ့် တစ်ချို့ကစားသမားတွေ.. ဒါမှမဟုတ် အသင်းလိုက်မှာပါ တာဝန်ယူမှုအပိုင်း၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပိုင်းတွေ လိုအပ်နေသလို တခါတလေကျရင် ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေတာတွေ သတိပြုမိပါတယ်..။ အဓိကပြောချင်တာက မာလို ဂူစ်တို၊ ဝက်စ်လေ ဖိုဖားနား နဲ့ ပီဒရို နက်တို တို့ပေါ့ဗျာ..။ မာလို ဂူစ်တို ကတော့ သူနဲ့အကျွမ်းတဝင်မရှိလှတဲ့ ကွင်းလယ်အဖျက် ကစားသမားနေရာမှာ တာဝန်ယူခဲ့ရလို့ ခြွင်းချက်ပေးလိုက်ပါမယ်..။



မာလို ဂူစ်တို ဆိုရင် ရှေ့ကိုတက် ဖျက်ထုတ်ဖို့ ကြိုးစားရမလား..? နောက်တန်းလူတွေနဲ့ပဲအတူတူ ရှိနေရမလား..? ဆိုပြီး ဝေခွဲမရ ဖြစ်နေခဲ့တဲ့ အခိုက်အတန့်တွေ မကြာခဏ မြင်တွေ့ခဲ့ရပါတယ်..။ နောက်ပြီးပီဒရို နက်တို ကို တာဝန်ပေးထားပုံနဲ့ ပတ်သက်ပြီး နားလည်ရခက်ခဲ့ပါတယ်..။ အခုအောက်မှာ ပြထားတဲ့ပုံ (ပုံ- ၄) ထဲက ဥပမာလိုပေါ့ဗျာ.. သူကအတွင်းဘက်ကိုဝင်ပြီး တစ်ဘက်အသင်းရဲ့ တောင်ပံ ကစားသမားတွေကို လွှတ်ထားလေ့ ရှိတာကို အမြဲတမ်းလိုလို မြင်တွေ့နေရပါတယ်..။

ဂျေမီ ကာရေဂါ - သူကတောင်ပံ ကစားသမားကိုဗျ..။ အဲဒါကြောင့် ခံစစ်ပိုင်း နေရာယူချိန်မှာ လိုအပ်ချက် ရှိနေတာပါ..။
သီယာရီ အွန်နရီ - ဒါပေမယ့် အခုဆိုရင် ဒီကစားကွက်နဲ့ ပွဲထွက်လာတာ (၃) ပွဲ ရှိပြီဆိုတော့ ကိုယ်စီကိုယ်စီ နေရာယူမှု အပိုင်းတွေကို ကျေကျေညက်ညက် သိသင့်နေပြီပေါ့ဗျာ..။ အထူးသဖြင့် ကိုယ့်အသင်းက ၃ - ၁ နဲ့ ဦးဆောင်နေတဲ့အချိန်မျိုးမှာဆိုရင် ဘယ်သူ့ကို လူကပ်ရမယ်..၊ ဘယ်နေရာကို ပြေးဝင်နေရာယူရမယ်..၊ ဘယ်သူ့ဆီကနေ ဖျက်ထုတ်ရမယ်.. စတဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချမှတ်နိုင်သင့်နေပါပြီ..။ ‘ချိန်သားကိုက် (Timing)’ ဖြစ်နေဖို့က အရေးကြီးဆုံးပါပဲ..။

 
အခုအပေါ်ကပုံမှာဆိုရင် သူဟာဘောလုံးကို ကျောပေးနေတယ်ဗျာ… အဲဒါကိုက ပြောစရာ ဖြစ်နေပြီ..။ ပြီးတော့ ကိုယ်ကပ်ထားရမယ့်.. ဒါမှမဟုတ် ကိုယ်စောင့်ကြည့်ရမယ့်သူကို သိနေရပါမယ်..။ ခုနကပြောခဲ့သလိုပါပဲ.. သူကဘောလုံးကိုကျောပြီး နောက်ဘက်ကို စောစောစီးစီး ဆင်းလိုက်တော့ ဘရိုက်တန်အသင်းဟာ သူတို့ရဲ့ဘယ်ဘက်ခြမ်းမှာ နေရာအကျယ်ကြီး ရသွားပါတယ်..(ပူံ- ၅)။

ပီဒရို နက်တို အပါအဝင် ကွင်းလယ်နဲ့တိုက်စစ်မှာ တာဝန်ယူနေရတဲ့ ကစားသမားတွေဟာ နောက်ကိုဆင်းခံဖို့ပဲ စိတ်အားထက်သန်နေပြီး ဘရိုက်တန်အသင်း ခံစစ်ကြောင်းနဲ့ ကွင်းလယ်မှာ ဘောလုံးကိုင်ထားချိန် ထိထိရောက်ရောက် ဖိအားပေး၊ ဖျက်ထုတ်ဖို့ကြိုးစားတာ မရှိခဲ့ပါဘူး..။ အဲဒါကြောင့်လည်း ဘရိုက်တန်အသင်းက ဘောလုံးပိုင်ဆိုင်မှု သိသိသာသာ အသာစီး ရရှိခဲ့တာပါ..။ ဒါ့အပြင် ဘရိုက်တန်အသင်းရဲ့ တောင်ပံတွေက ဖြတ်တင်ဘောတွေကိုလည်း တားဆီးနိုင်ဖို့ အားသွန်ခွန်စိုက် မရှိခဲ့ဘူးဗျ.။ ကိုယ့်အသင်း ခံစစ်ကြောင်းက ဖျက်ထုတ်လိုက်တဲ့ second ball..၊ third ball တွေကိုလည်း ရအောင် မယူနိုင်ခဲ့ပါဘူး..။



ဂျေမီ ကာရေဂါ - သူတို့တွေဟာ ကစားကွက်ပုံစံအသစ်နဲ့ တဖြည်းဖြည်းချင်း အသားကျလာမှာပါ..။ ကွင်းလယ်မှာ တစ်ဦးချင်း လူကပ်ကစားတဲ့ နေရာတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ အဝင်အထွက်နဲ့ အတက်အဆင်းတွေမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်..။

သီယာရီ အွန်နရီ - ဝေဖန်နေတာ မဟုတ်ပါဘူး..။ ပိုပြီးတိုးတက်အောင် လုပ်ဆောင်ရမယ့်အရာတွေကို အကြံပေး… ထောက်ပြနေတာပါ..။ ဘာပဲပြောပြော အခုဆိုရင် နှစ်ပွဲကန်၊ နှစ်ပွဲနိုင်.. ဆိုတော့ ကစားသမားတွေကို ထောက်ပြတဲ့နေရာမှာလည်း ကောင်းကောင်းမွန်မွန် လေပြည်လေးနဲ့ ပြောလို့ရတာပေါ့ဗျာ..။ ဒါပေမယ့် နှစ်ပွဲမှာ ပေးဂိုး (၅) ဂိုး.. ဆိုတာ အဲဒီအတိုင်း ဆက်သွားနေလို့တော့ မဖြစ်ဘူးဗျ..။ အခုပြထားတဲ့ပုံမှာဆိုရင် ဘရိုက်တန်က ကာဒီယိုဂလူး ကို ဗဟိုခံစစ်မှူးနေရာက ဝက်စ်လေ ဖိုဖားနား နဲ့ winger လား..? wing-back လား? ပီဒရို နက်တို နှစ်ယောက်ပူးပြီး အာရုံစိုက်နေခဲ့တာ တွေ့ခဲ့ပါတယ်..(ပုံ- ၆)။ အဲဒါ့ကြောင့် ဘယ်အစွန်မှာရှိနေတဲ့ ဒီ ခရိုက်ပါ ရော၊ အလယ်မှာ ရှိနေတဲ့ ကော့စ်တူးလပ်စ် ပါ လွတ်လွတ်လပ်လပ် ပြေးထွက်သွားနိုင်မယ့်သဘော ရှိခဲ့ပါတယ်..။



အဲဒီကနေ ဆက်တိုက်ဆိုသလို ဒီ ခရိုက်ပါ ကန်တင်မယ်ဗျာ..။ ဗဟိုခံစစ်မှူးနှစ်ယောက်ကြားက နေရာလွတ်ကြီးက အကျယ်ကြီး ဖြစ်နေပါတယ်..။ (ပုံ- ၇)ကောင်းကောင်းဒုက္ခရောက်သွားနိုင်မယ့် အနေအထားတွေပါ..။ ကံကောင်းထောက်မစွာနဲ့ အဲဒီဘောလုံးကို ဘရိုက်တန်အသင်းက အသုံးမချနိုင်ခဲ့ပါဘူး..။



အခုလိုခံစစ်ကြောင်းမှာ အတက်အဆင်း မမှန်ကန်တာ..၊ လူကပ်တာ၊ နေရာယူတာတွေ လွဲမှားနေတာဟာ ကစားသမားတစ်ချို့ ကိုယ့်ရဲ့တာဝန်ကို မသိတဲ့အတွက် ‘ဘာဆက်လုပ်ရမှန်းမသိ’ ဖြစ်ခဲ့ရတဲ့ အကျိုးဆက်တွေပါပဲ..။ အထူးသဖြင့် ဝက်စ်လေ ဖိုဖားနား နဲ့ ပီဒရို နက်တို တို့ပါ.။

ဒါပေမယ့် ကျွန်တော်ဟာ ဇာဘီ အလွန်ဆို နဲ့ သူ့ရဲ့အသင်းကို အများကြီးမျှော်လင့်ထားပါတယ်..။ အခုလိုဝေဖန်၊ ထောက်ပြနေတယ်.. ဆိုတာကလည်း အာဆင်နယ်အသင်းကို စိန်ခေါ်နိုင်တဲ့အဆင့် ရောက်လာဖို့၊ ဒီထက်ပိုပြီး တိုးတက်လာဖို့အတွက် ပြောပေးရတာပါ..။ (၇) ဂိုးသွင်းနိုင်တာ ကောင်းပါတယ်..၊ ဒါပေမယ့် ပွဲတိုင်းဂိုးတွေ ပေးနေရရင် အဆင်မပြေပါဘူး..။ ပွဲစဉ်တိုင်းကို ပြိုင်ဘက်တွေထက် ဂိုးပိုသွင်းပြီး အနိုင်ယူမယ်.. ဆိုတာ မဖြစ်နိုင်ပါဘူး..။

 
ဒေးဗစ် ဂျုံးစ် - ဘရိုက်တန်နဲ့ပွဲအပြီး ချယ်လ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို လေ့လာကြည့်တဲ့အခါမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ချို့ ရှိခဲ့ပါတယ်။ အိမ်ကွင်းမှာဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှု (၂၆ %) ရာခိုင်နှုန်းပဲ ရှိခဲ့တာကို တွေ့ရပြီး ပြီးခဲ့တဲ့ရာသီတုန်းက အင်ဇို မာရက်စ်ကာ လက်အောက်မှာဆိုရင် ဘောလုံးပိုင်ဆိုင်မှုပျမ်းမျှ (၅၈ %) ရာခိုင်နှုန်း ရှိခဲ့ပါတယ်..။ ပွဲစဉ်တစ်ခုလုံးမှာ အောင်မြင်တဲ့ ဘောလုံးပေးပို့မှု (၁၀၅) ကြိမ်ပဲ ရှိခဲ့ပြီး အဲ့ဒီအထဲက (၂၂ %) ရာခိုင်နှုန်းက အဝေးဘောပေးပို့မှုတွေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပျမ်းမျှ (၁၀ %) ရာခိုင်နှုန်းအောက်မှာပဲ ရှိခဲ့ပါတယ်..။

ဒါ့အပြင်ဂိုးသမားသစ် အီမီ မာတီးနက်ဇ် ဟာ အသင်းမှာချက်ချင်း ဝင်ရောက်ကစားခဲ့ရပြီး သူ့ရဲ့ပေးပို့မှုတွေမှာ အဝေးဘောပေးပို့မှု (၉၇ %) ရာခိုင်နှုန်းအထိ ပါဝင်ခဲ့ပြီး အနီးပေး (၁) ကြိမ်ပဲ ရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဂျေမီ ရေ… သူတို့ဟာ ပင်နယ်တီမပါတဲ့ ဂိုးရနိုင်ခြေ (xG) (၃) ဂိုး နီးပါးအထိ ဖန်တီးနိုင်ခဲ့တာ တွေ့ရပါတယ်..။ ဒါဟာ ချယ်လ်ဆီးအသင်းအတွက် ဘောလုံးပိုင်ဆိုင်မှုအနည်းဆုံး၊ အောင်မြင်တဲ့ပေးပို့မှု အနည်းဆုံး ပြုလုပ်နိုင်ခဲ့တဲ့ပွဲစဉ်မှာ xG အများဆုံး ရရှိခဲ့တဲ့ မှတ်တမ်း၊ စံချိန်သစ် ဖြစ်ခဲ့ပါတယ်။ ဇာဘီ အလွန်ဆို ရဲ့ အသင်းဆီကနေ ကျွန်တော်တို့ မျှော်လင့်ထားတာ အဲဒီလိုပုံစံလားဗျ..?

ဂျေမီ ကာရေဂါ - မဟုတ်ပါဘူး၊ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ လေဗာကူဆင်အသင်းမှာ ဘောလုံးပိုင်ဆိုင်မှု ပျမ်းမျှ (၆၀ %) ရာခိုင်နှုန်း နီးပါးအထိ ရှိခဲ့တာပါ။ နောက်ပြီးထိပ်တန်း အသင်းကြီးတွေမှာ ဒီလိုဘောလုံးပိုင်ဆိုင်မှု ကိန်းဂဏန်းမျိုး မြင်တွေ့ရလေ့ မရှိပါဘူး..။ ဇာဘီ အလွန်ဆို ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့မြင်တွေ့ခဲ့ရဖူးသမျှ အကောင်းဆုံး ဘောလုံးပေးပို့သူတွေထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်..။ အခုက (၂) ပွဲပဲ ရှိသေးတာဖြစ်သလို သီယာရီ ကလည်း သတိထားစရာ အချက်တချို့ကို အစောပိုင်းမှာ ထောက်ပြသွားခဲ့ပါတယ်။

သူတို့ဟာ အခုပုံစံအတိုင်းပဲ ရှေ့ဆက်သွားမှာလား? ဒါမှမဟုတ် အခုယှဉ်ပြိုင်ခဲ့တဲ့ (၂) ပွဲစလုံးမှာ ဂိုးတွေစောစောစီးစီး ရခဲ့လို့လား? ဆိုတာလည်း စဉ်းစားစရာ ရှိပါတယ်..။ ဒါမှမဟုတ် ဘရိုက်တန်နဲ့ ကစားရတာ ဖြစ်ခဲ့လို့လား? စင်ရော်ကောင်တွေဟာ အက်စတွန် ဗီလာနဲ့ပွဲမှာ သူတို့ ရဲ့ ဖိအားပေး (pressing) ကစားပုံ ဘယ်လောက်တောင် ကောင်းခဲ့လဲ? ဆိုတာ ငါတို့ အလေးပေး ပြောခဲ့ကြသေးတယ်လေ။ ဒါကြောင့် သူတို့က "အိုကေ… ငါတို့ဆီမှာ အဝေးပေးပို့မှုကောင်းပြီး ဂျိုအို ပီဒရို ဆီ ရောက်အောင်ပေးနိုင်တဲ့ ဂိုးသမားတစ်ယောက် ရှိနေပြီ" လို့ တွေးလိုက်တာ ဖြစ်နိုင်ပါတယ်။



ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ (၂) ပွဲစလုံးမှာရော ပြီးခဲ့တဲ့တနင်္လာနေ့မှာပါ ၅- ၄- ၁ အထိုင်ကို ချက်ချင်းပြောင်းလိုက်ပြီး ပြိုင်ဘက်ကို ဘောလုံးကိုင်ထားခွင့် ပေးလိုက်ဖို့ကို လွယ်လွယ်ကူကူနဲ့ လက်ခံလိုက်တဲ့အပေါ် ကျွန်တော်တို့တွေ နည်းနည်းတော့ စိတ်ဝင်စားခဲ့ကြတယ်မလား..? တစ်ဆက်တည်း တွေးစရာ ရှိလာတာက ပရီးမီးယားလိဂ် ဟာ တကယ်ပဲ ပြောင်းလဲသွားပြီလား? ပက်ပ် ဂွါဒီယိုလာ လည်း မရှိတော့ပါဘူး..။

ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ပြောင်းလဲလာခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပြစ်ဒဏ်ဘောတွေ၊ လက်ပစ်ဘော အဝေးပေးပို့မှုတွေကနေ ဂိုးသွင်းနိုင်ဖို့ ပိုမိုကြိုးစား လာကြတဲ့အကြောင်းတွေကို ကျွန်တော်တို့ ပြောခဲ့ကြပါသေးတယ်။ အထူးခြားဆုံးကတော့ လွန်ခဲ့တဲ့ရက်သတ္တပါတ်လောက်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ လီဗာပူးလ်နည်းပြ အီရာယိုလာ က ‘သူဟာဘောလုံးပိုင်ဆိုင်မှု အသာစီးရယူတာ..၊ ဘောလုံးကိုင်ထားနိုင်တာကို စိတ်မဝင်စားဘူး..’လို့ ပြောခဲ့တဲ့အချက်ပါပဲ။

သူ့အတွက် ပိုပြီးအရေးကြီးတာက ပွဲတစ်ပွဲမှာ ဘယ်သူက အခွင့်အရေး ပိုရလဲ ဆိုတာပါပဲ။ ချယ်လ်ဆီးရဲ့  (၂) ပွဲစလုံးက xG ကို ကြည့်မယ်ဆိုရင် သူတို့ကထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ ဒါတွေဟာ ပရီးမီးယားလိဂ်က ထိပ်တန်းအသင်းကြီးတွေဆီက ပုံမှန်မြင်တွေ့နေကျ အရာတွေတော့ မဟုတ်ပါဘူး။

ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ… လာမယ့် တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်တဲ့ပွဲကျရင် ချယ်လ်ဆီးအသင်းရဲ့အကြောင်းကို အခုထက်ပိုပြီး သိလာရလိမ့်မယ်လို့ ထင်ပါတယ်။

သီယာရီ အွန်နရီ - မဟုတ်ဘူး၊ ကျွန်တော်ပြောချင်တာက သူတို့အနေနဲ့ ခံစစ်ကြောင်းကနေ ကစားကွက် စတင် တည်ဆောက်ချင်ရင် (play out from the back) ဘောလုံးကို ရဲရဲဝံ့ဝံ့ ကိုင်ထားရဲတဲ့ ယုံကြည်မှု၊ စိတ်ဓာတ်မျိုးရှိဖို့ လိုအပ်တာပေါ့..။ အခုအချိန်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ခဲ့ကြပြီး အသင်းကိုနောက်ကျမှ ပြန်ရောက်လာတာကြောင့် သူ့ရဲ့ကစားနည်းစနစ်နဲ့ သေသေချာချာ မလေ့ကျင့်ရသေးတဲ့ ကစားသမားတချို့ ရှိနေပုံ ရပါတယ်…။ အဲ့ဒါကြောင့်ပဲ အလွန်ဆို ဟာ ဘောလုံးကို အဝေးပေးနဲ့ တိုက်စစ်မှူးတွေဆီကို တိုက်ရိုက်ပေးပို့တဲ့ နည်းစနစ်ကို အသုံးပြုနေတာလို့ ထင်မိပါတယ်..။



နောက်ပိုင်းမှပါဝင်နိုင်မယ့် ကစားသမားအချို့နဲ့ လေ့ကျင့်ဖို့အချိန်မရသေးတာကြောင့် စနစ်တကျ ကြိုတင်စီမံပြီး အဝေးပေးနဲ့ ကစားနေတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစောကပြောခဲ့သလိုပါပဲ.. နည်းပြတစ်ယောက်အနေနဲ့ သူ့ရဲ့စိတ်ကြိုက် နည်းစနစ်တွေကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပေမယ့် ကစားသမားတွေနဲ့ ပတ်သက်တဲ့ တစ်ချို့အချက်အလက်တွေကို အပြည့်အဝ နားလည်နိုင်ဖို့ စောလွန်းနေတာလည်း ဖြစ်နိုင်ပါတယ်။

ဂျေမီ ကာရေဂါ - ဒါကြောင့်အခုအချိန်မှာ ဥရောပပြိုင်ပွဲတွေလည်း ယှဉ်ပြိုင်ရဖို့မရှိတာကြောင့် ပွဲစဉ်တွေကြား လေ့ကျင့်ရေးကွင်းထဲ အချိန်အများကြီး ရနေတော့မှာ ဖြစ်တာကြောင့် လူတွေက ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်လာရင် သာသာထိုးထိုး စဉ်းစားပေးနေတာလည်း ဖြစ်နိုင်တာပဲ..

သီယာရီ အွန်နရီ - အဲ့ဒီလိုနဲ့ပဲ သူတို့အနိုင်ရခဲ့ပါတယ်..။ ဒါပေမယ့် ခံစစ်ထိုင်ပြီး ပိတ်ဆို့တဲ့အခါ (low block) သူတို့တွေရဲ့ ခံစစ်ဆင်တဲ့ ပုံစံကိုတော့ ပြောင်းလဲရပါလိမ့်မယ်။