feature-image

ကစားသမားဟောင်းတွေပြောတဲ့ လီယမ် ရိုဆီနာ ရဲ့ အနာဂတ်

The Overlap YouTube Podcast မှ ယခုအပါတ်တွင် တင်ဆက်သော Stick to Football စကားဝိုင်း၌ ပရီးမီးယားလိဂ် ထိပ်တန်း ကစားသမားဟောင်းများဖြစ်သော ဂယ်ရီ နဗီးလ်၊ ဂျေမီ ကာရေဂါ၊ အီယန် ရိုက်၊ ရွိုင် ကိန်း နှင့် မန်ချက်စတာ စီးတီး အမျိုးသမီးအသင်း ကစားသမားဟောင်း ဂျီးလ် စကော့တ် တို့က ချယ်လ်ဆီးအသင်းနည်းပြ လီယမ် ရိုဆီနာ အပေါ် သူတို့၏အမြင်များ၊ အတွေ့အကြုံပိုင်း အားနည်းနေသည့် ချယ်လ်ဆီးအသင်း၏ လက်ရှိဖွဲ့စည်းပုံ၊ ချယ်လ်ဆီးအသင်းနှင့် ပတ်သက်ပြီး ဆိုရှယ်လ် မီဒီယာပေါ်တွင် လူပြောများနေသည့် အကြောင်းအရာတို့အပေါ် ထင်မြင်ချက်များကို အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်..။  

ဂယ်ရီ နဗီးလ် - လီယမ် ရိုဆီနာ ရဲ့ အကြောင်း ဆွေးနွေးကြရအောင်ဗျာ..။ ပီအက်စ်ဂျီ ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အင်ဇို ဖာနန်ဒက်စ် ရဲ့ ပြောကြားချက်တွေဟာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 'ကျွန်တော်တို့အသင်းကို တည်ငြိမ်တဲ့ပုံစံ (identity)၊ ကစားကွက် တည်ဆောက်ပုံ (structure) နဲ့ ခိုင်မာတဲ့ ဦးတည်ချက်လားရာ (direction) ပေါ်ထွက်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ၊ ကလပ်အသင်းများ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အနိုင်ရအောင် စွမ်းဆောင်ပေးထားတဲ့ နည်းပြ (အင်ဇို မာရက်စကာ) ကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပါတယ်..။ ဘာကြောင့်အဲလိုဖြစ်ခဲ့တာလဲ? ဆိုတာ ကစားသမားတွေ အပါအဝင် ဘယ်သူမှ နားမလည်ခဲ့ကြပါဘူး။ ရာသီတစ်ဝက်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ စနစ်တစ်ခုလုံး ပြိုလဲသွားခဲ့သလို တည်ငြိမ်မှုတွေလည်း ပျောက်ဆုံးသွားခဲ့တယ်' လို့ ပြောခဲ့တာဗျ..။ ဒါဟာ အသင်းရဲ့ လက်ထောက် အသင်းခေါင်းဆောင် တစ်ယောက်ဆီက ထွက်လာတဲ့ တကယ့်ကို ပြင်းထန်တဲ့ စကားတွေပါ။

အဲဒီအကြောင်း မဆွေးနွေးခင် ချယ်လ်ဆီးနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ချင်တဲ့ အရာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ပွဲမစခင် ကစားသမားတွေ ‘ဝိုင်းကြီးပတ်ပတ်.. စုဝေး၊ တိုင်ပင်ကြတဲ့ (Huddle)’ ကိစ္စပါ။

အီယန် ရိုက် - ဘာလဲဗျ..? ဒိုင်လူကြီးကို အလယ်မှာဝိုင်းပြီး သူတို့တွေ စကားပြောနေကြတာကို ပြောတာလား?

ဂယ်ရီ နဗီးလ် - မှန်တာပေါ့..။ ရိုဆီနာ က ‘ကစားသမားတွေ ကိုယ်တိုင်ဆန္ဒရှိလို့ လုပ်ခဲ့တာပါ’ လို့ ပြောပေမယ့် ကျွန်တော်ကတော့ လုံးဝလက်မခံပါဘူး။ ခင်ဗျားတို့၊ ကျွန်တော်တို့ဟာ အသက် (၅) နှစ်သားအရွယ် လောက်ကတည်းက ဘောလုံးကစားလာတာ၊ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းဆင်းတယ်၊ ဗီဒီယိုတွေ ကြည့်တယ်၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားပြီး နောက်ရက်မှာ ကန်ရမယ့်ပွဲအကြောင်း အကြိမ်ကြိမ် ဆွေးနွေးကြပါတယ်..။ ဒါ့အပြင် ပြိုင်ဘက်အသင်းက ကစားသမားတိုင်းရဲ့ အကြောင်းတွေကိုလည်း ပြီးခဲ့တဲ့ (၂၄) နာရီလုံးလုံး အတင်းအကျပ် ကြည့်ခိုင်းထားလို့ အကုန်လုံးသိနေကြပါပြီ။ ပွဲမစခင် (၁၀) မိနစ်အလို အဝတ်လဲခန်းထဲမှာလည်း နောက်ဆုံးမှာကြားစရာ ရှိတာတွေ အကုန်လုံးပြောကြားပြီးပါပြီ။



ဒါဆိုရင်ပွဲစဖို့ (၅) စက္ကန့်၊ (၁၀) စက္ကန့်အလိုမှာမှ ထပ်ပြီး စကားပြောဖို့ လိုနေသေးလား..? လိုအပ်တယ်.. ဆိုရင်တော့ ခင်ဗျားတို့ တကယ်ကို ဒုက္ခရောက်နေပြီလို့ ပြောရမှာပဲ..။ ဒါဟာ အဓိပ္ပာယ်မရှိတဲ့ အရာတစ်ခု၊ လူမြင်ကောင်းအောင် ဟန်လုပ်ပြနေတဲ့ လုပ်ဇာတ် (gimmick) သက်သက်ပါပဲ။

ရွိုင် ကိန်း - အခုနောက်ပိုင်း အသင်းတော်တော်များများ ဒါကိုလုပ်နေကြတာပဲ မဟုတ်လား? ဒါပေမယ့် မင်းပြောတာ ငါလည်းသဘောတူပါတယ်။ ပွဲစခါနီးလေးမှာမှ နောက်ထပ်စကားပြောဖို့ လိုနေသေးတယ်ဆိုရင် အဲ့ဒီအသင်းဟာ ပြဿနာရှိနေပါပြီ။ ဟန်ပြသက်သက် လုပ်ပြနေတာမျိုးလည်း ဖြစ်နိုင်တာပဲ။

ဂယ်ရီ နဗီးလ် - အဲဒီကိစ္စကို ထားလိုက်ပါဗျာ..။ ချယ်လ်ဆီးအသင်းမှာ လီယမ် ရိုဆီနာ ရဲ့ အနေအထားကို ခင်ဗျားတို့ ဘယ်လိုမြင်ကြလဲ? သူဟာ တကယ့်ကိုထူးချွန်တဲ့ လူငယ်နည်းပြ တစ်ယောက် ဖြစ်ပါတယ်..။ သူ့နဲ့အတူ လက်တွဲခဲ့ဖူးတဲ့ ဝိန်း ရွန်နီ ကလည်း လီယမ် ဟာ ထူးချွန်တဲ့နည်းပြဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။ ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်စဉ်မှာ ပွဲအတော်တော်များများ အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ အခြေအနေတွေဟာ အောက်ကိုတဖြည်းဖြည်း ထိုးစိုက်ပြီးဆင်းနေပြီလား? အသင်းရဲ့ ရလဒ်ပိုင်းမှာတင် မဟုတ်ပဲ သူ့အပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေပါ ပိုမိုများပြားလာနေပါတယ်..။

အီယန် ရိုက် - Memes တွေနဲ့ လှောင်ပြောင်တာတွေလည်း ပါတာပေါ့..။  အဲဒီအရာတွေကို ပြောင်းလဲပေးနိုင်ဖို့ အသင်းရဲ့ ရလဒ်ပိုင်းတွေ တိုးတက်လာဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် စကားပြောကြည့်တဲ့ ချယ်လ်ဆီးပရိသတ်တွေကတော့ သူ့အပေါ်မှာ တကယ့်ကို အဆိုးမြင် သဘောထားတွေ (negative) လွှမ်းမိုးနေသလိုပဲ..။

ဂယ်ရီ နဗီးလ် -နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးထားတာလေ.. အီယန် ရဲ့..
အီယန် ရိုက် - ဟုတ်ပါတယ်။ ဒါပေမယ့် တစ်ဖက်ကကြည့်မယ့်ဆိုရင် လီယမ် ဟာ သူ့ရဲ့အရည်အချင်းကို သက်သေပြဖို့ ကြိုးစားနေတဲ့ လူငယ်နည်းပြတစ်ယောက်ပဲ ရှိသေးတာလေ။



ရွိုင် ကိန်း - ချယ်လ်ဆီးအသင်းမှာ ဘယ်တော့မှ အချိန်အများကြီးရမှာ မဟုတ်ဘူး။ ဘယ်လိုလူငယ် နည်းပြပဲဖြစ်ဖြစ်၊ ရလဒ်နည်းနည်း ဆိုးလာတာနဲ့ ထုတ်ပစ်လိုက်ကြတာပါပဲ။ သူတို့တွေထက် ပိုပြီးထူးချွန်တဲ့၊ အတွေ့အကြုံများတဲ့ နည်းပြတွေကိုလည်း အဲ့ဒီလို ဆက်ဆံခဲ့ကြတာပဲလေ။

အီယန် ရိုက် - ကျွန်တော်တို့ကတော့ ပွဲတွေပြန်အနိုင်ရပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပါစေလို့ အားပေးချင်တာပေါ့။ ဒါပေမယ့် အခုအချိန်မှာ ပွဲတွေဆက်တိုက် ရှုံးနေသလို၊ လူတွေကလည်း သူ့ရဲ့ ပင်ကိုယ်၊ အကျင့်စရိုက် (personality) ကိုပါ တိုက်ခိုက်လာကြပါပြီ။ အားလုံးကသူ့ကိုဝိုင်းပြီး ‘အနိုင်ကျင့် (pylon/bullish)’ နေသလို ခံစားရတယ်ဗျာ။

ဂျေမီ ကာရေဂါ - သူ့ဘက်ကကြည့်ရင် ချယ်လ်ဆီးနည်းပြ တာဝန်ကို ကမ်းလှမ်းခံရချိန်မှာ ငြင်းပယ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီလိုအခွင့်အရေးကို နောက်တစ်ခါ ဘယ်တော့ပြန်ရမှာလဲ? ဒါပေမယ့် ချယ်လ်ဆီးပရိသတ် တစ်ယောက်ကိုပဲဖြစ်ဖြစ်၊ တခြားဘယ်သူ့ကိုပဲဖြစ်ဖြစ်... မေးကြည့်မယ်ဆိုရင် ‘သူ့ရဲ့ကိုယ်ပိုင် အရည်အချင်းထက် ပိုပြီးကြီးကျယ်တဲ့နေရာတစ်ခုကို (overpromoted) ရောက်နေသလိုပဲ’ လို့ ဖြေကြပါမယ်..။ စထရာ့ဘာ့ဂ် အသင်းကနေ ဥရောပရဲ့အကြီးဆုံး ထိပ်တန်းအသင်းကြီးထဲက တစ်ခုဖြစ်တဲ့ ချယ်လ်ဆီးကို တန်းပြီးရောက်ရှိလာတာလေ..

ပြီးတော့ အသင်းပိုင်ရှင်တွေ ခိုင်းသမျှ 'ဟုတ်ကဲ့' လို့ ‌ခေါင်းငြိမ့်မယ့်သူ (Yes man) အဖြစ်နဲ့ပဲ မြင်နေကြပါတယ်။ ပရိသတ်တွေက ပိုင်ရှင်တွေကို မကြိုက်ကြဘူး၊ ပွဲတိုင်းမှာလည်း ပိုင်ရှင်တွေကို ဆန့်ကျင်ပြီး အော်ဟစ်နေကြတာ..။ အဲ့ဒီတော့ သူကပိုင်ရှင်တွေရဲ့ ဘက်တော်သားလို့ အမြင်ခံရတဲ့အခါ ပရိသတ်တွေရဲ့ လေးစားမှုကို လုံးဝမရတော့ပါဘူး။

နောက်ပြီးချယ်လ်ဆီးပရိသတ်တွေရဲ့ သဘော၊ သဘာဝက တခြားအသင်း ပရိသတ်တွေနဲ့ မတူပါဘူး..။ သူတို့ဟာ တကယ့်ကို ‘ပြတ်သားကြပါတယ် (ruthless)’။ သူတို့ မျှော်လင့်ထားတာက ‘ချန်ပီယံလိဂ်ဖလား ရဖူးတဲ့ နည်းပြမျိုးပါ..။ ဒီတစ်ယောက်နဲ့ အဆင်မပြေရင် နောက်တစ်ယောက်ပြောင်းမယ်၊ ဒါပဲ။ လက်ရှိချယ်လ်ဆီး ပရိသတ်တွေဟာ အောင်မြင်မှုတွေနဲ့ ယဉ်ပါးနေကြတာပါ။ '(၅) နှစ်စီမံကိန်း' တို့၊ 'အနာဂတ်မှာ ကြီးမားတဲ့အရာတွေ ဖြစ်လာဖို့ တည်ဆောက်နေတာပါ' ဆိုတဲ့ စကားလုံးတွေဟာ တော့တင်ဟမ်တို့၊ အာဆင်နယ် တို့မှာပဲရှိတာ။ ချယ်လ်ဆီးမှာတော့ 'အလုပ်မဖြစ်ရင် ထွက်သွား' ..၊ ဒါပါပဲ..။



အရင်တုန်းကဆိုရင် ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၆) နဲ့ ရာသီသိမ်းပေမယ့် နောက်နှစ်မှာ ချက်ချင်းဖလား ရတတ်ပါတယ်။ နည်းပြတစ်ယောက်အပေါ် ‘ရက်စက်တယ်’ လို့ ထင်ရပေမယ့် ကျွန်တော်ကတော့ သူတို့တွေရဲ့ 'ပြတ်သားမှု' ကို သဘောကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဖလားမရရင်၊ ဒါမှမဟုတ် ဖလားနဲ့ အနီးစပ်ဆုံးအဆင့်မရခဲ့ရင် ‘ထွက်ရမယ်’ ဆိုတာ အားလုံးသိပါတယ်။ အနည်းဆုံးတော့ FA ဖလားဖြစ်ဖြစ်၊ Carabao ဖလားပဲဖြစ်ဖြစ်၊ ဥရောပဖလားတစ်ခုခု သူတို့အမြဲတမ်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုဆိုရင် သူတို့တွေဟာ ပြည်တွင်းဖလားတစ်ခုခုနဲ့ ဝေးကွာနေခဲ့တာ ဆယ်စုနှစ်တစ်ခုလောက် ရှိတော့မယ် ထင်ပါတယ်။

အသင်းပိုင်ရှင်သစ်တွေဟာ 'တည်ဆောက်နေတယ်' လို့ အမြဲတမ်း ပြောနေကြတာပဲ။ ဘာအတွက် တည်ဆောက်နေတာလဲ? ပရိသတ်တွေက ‘ဆုဖလား (Silverware)’ ပဲ လိုချင်တာပါ။ အနာဂတ်အတွက် တည်ဆောက်နေတာတွေကို စိတ်မဝင်စားပါဘူး။ အခုဆိုရင် အသင်းပိုင်ရှင်သစ်တွေ၊ အားကစား ဒါရိုက်တွေဟာ တကမ္ဘာလုံးက လူငယ်ကစားသမားတွေကို လိုက်ပြီးဝယ်ယူနေပါတယ်..။ အဲဒီလူငယ်လေးတွေနဲ့ ဘယ်လိုအရာတွေ ရရှိ၊ ဆွတ်ခူးနိုင်အောင် ချီတက်ကြမှာလဲ..?

အင်ဇို ဖာနန်ဒက်စ်  ပြောတာတွေကို ဖတ်လိုက်ရတဲ့အချိန် ယုံတောင်မယုံနိုင်ခဲ့ပါဘူး။ ချယ်လ်ဆီးအသင်းမှာ အင်ဇို၊ ကိုင်စီဒို၊ ရိစ် ဂျိမ်းစ်၊ ပါးမား တို့လို ထိပ်တန်းကစားသမား (၅) ယောက်၊ (၆) ယောက်လောက် ရှိနေပါတယ်..။ ရှေ့တန်းက ဂျာအို ပီဒရို လည်း တော်တော်ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီကစားသမားတွေဟာ ငါတို့ဘာဖြစ်လို့ ဒီအသင်းမှာ ကစားနေရတာလဲ? လို့ တွေးမိလာပါလိမ့်မယ်။ ငါတို့ဟာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရမယ့် အသင်းမှာရှိနေသင့်တာ မဟုတ်လား? ဘာအတွက် တည်ဆောက်နေတာလဲ? ဆိုတာကို သူတို့ မေးခွန်းထုတ်လာကြလိမ့်မယ်။

ဂယ်ရီ နဗီးလ် - အင်ဇို ဖာနန်ဒက်စ် ပြောခဲ့တဲ့စကားကလည်း အဲ့ဒီသဘောပါပဲ.။ သူတို့ယုံကြည်ရတဲ့ နည်းပြ အင်ဇို မာရက်စကာ ရှိခဲ့တယ်၊ ဒါပေမယ့် အခုအချိန်မှာ အရာအားလုံး ပြောင်းလဲသွားပြီလို့ ဆိုလိုတာပါ။

အီယန် ရိုက် - ဂျေမီ ပြောသလိုပါပဲ။ လီယမ် ကို 'Yes man' လို့ မြင်နေကြသလို မာရက်စကာ ကတော့ အထက်လူကြီးခိုင်းသမျှ 'ဟုတ်ကဲ့' လို့ ပြောမယ့်သူ မဟုတ်တာ သေချာပါတယ်။ ကစားသမားတွေကလည်း အဲ့ဒါကိုသိကြတယ်။ ဒါကြောင့်သူထွက်သွားရတာကို ကစားသမားတွေဘက်က အကြီးအကျယ် စိတ်ပျက်နေကြတာပေါ့။



ဂယ်ရီ နဗီးလ် - လီယမ် ရိုဆီနာ ကို 'Yes man' လို့ ခေါ်တာ မတရားဘူး လို့ ထင်တာပဲ..။
ဂျေမီ ကာရေဂါ - 'Yes man' လို့ ငါတို့ပြောတာ မဟုတ်ပါဘူး။ ပရိသတ်တွေက သူ့ကို အဲ့ဒီလို မြင်နေကြတယ်လို့ ပြောတာပါ..။

ဂယ်ရီ နဗီးလ် - အိုကေ။ ငါ့အမြင်မှာတော့ သူ့ဆီမှာ သမာရိုးကျ အင်္ဂလိပ်နည်းပြတွေနဲ့မတူတဲ့ ထိုးထွင်း၊ အသိဉာဏ် (intelligence) ရှိပါတယ်။ ဒါဟာကောင်းတဲ့အချက်ပါ..။ တွေ့ဆုံခန်းတွေမှာ သူ့ရဲ့ဖြေကြားချက်တွေ၊ စကားလုံး ရွေးချယ်ပုံတွေ သိပ်ကိုကောင်းမွန်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဲ့ဒီအချက်ကိုပဲ လူတွေက ရက်ရက်စက်စက် လှောင်ပြောင် (mocked) နေကြတာပေါ့။

ကျွန်တော်ကတော့ သူ့ကိုအပြစ်တင်ဖို့ မရှိပါဘူး။ အခုဖြစ်နေတဲ့ အခြေအနေတွေဟာ အသင်းပိုင်ရှင်တွေနဲ့ ပိုပြီးသက်ဆိုင်ပါလိမ့်မယ်။ အသင်းမှာ ပျမ်းမျှအသက် (၂၄) နှစ်ဝန်းကျင်ပဲရှိတဲ့ လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတယ်၊ ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး အသင်းပေါ့ဗျာ..။ အားကစား ဒါရိုက်တာတွေကလည်း ဥရောပထိပ်တန်း အသင်းကြီး အတွေ့အကြုံမရှိပါဘူး..။ အဲ့ဒီတော့ အသင်းရဲ့တစ်နေရာရာမှာ 'အတွေ့အကြုံ' (Experience) ရှိဖို့ လိုအပ်ပါတယ်။ အဲဒီနေရာဟာ အသင်းရဲ့ 'နည်းပြချုပ် (Head Coach)’ နေရာ ဖြစ်သင့်တာပေါ့။ အတွေ့အကြုံ ရင့်ကျက်တဲ့နည်းပြ ဖြစ်သင့်တာပေါ့ဗျာ။

ရွိုင် ကိန်း - ဒါမှမဟုတ် လီယမ် ရိုဆီနာ အနေနဲ့ သူ့ရဲ့နည်းပြ အဖွဲ့ထဲမှာ အတွေ့အကြုံရှိတဲ့သူ တစ်ယောက်ယောက် ခေါ်လာလို့လည်း ရတာပါပဲ..။ အထူးသဖြင့် အခုလိုသူ့အပေါ်မှာ မေးခွန်းထုတ်စရာတွေ ရှိနေတဲ့အချိန်..၊ 'Yes man' လို့ အမြင်ခံနေရတဲ့အချိန်မှာ အနည်းဆုံး အတွေ့အကြုံ ရင့်ကျက်တဲ့ နည်းပြအဖွဲ့ဝင်တွေ ရှိနေသင့်ပါတယ်။ မိုက်ကယ် ကားရစ် တုန်းကလည်း စတိဗ် ဟော်လန် ကို ခေါ်လာလို့ ငါတို့ချီးကျူးခဲ့ကြတာပဲ။ လီယမ်ကော အဲ့ဒီလို လုပ်ခွင့်ရခဲ့လား?

ဂယ်ရီ နဗီးလ် - စတိဗ် ဟော်လန် ဟာ အတွေ့အကြုံတွေ အများကြီးရှိတဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်။ ကားရစ် က သူ့ကိုခေါ်နိုင်ခဲ့တာဟာ တကယ့်ကို ပြောင်မြောက်တဲ့ လုပ်ဆောင်ချက် (Master stroke) ဖြစ်ခဲ့ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ သူဟာလေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေကို ပြတ်ပြတ်သားသား တောင်းဆိုရဲတယ်၊ စံချိန်စံညွှန်းတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တတ်ပါတယ်။ လီယမ် ရဲ့ ဘေးမှာ အဲ့ဒီလိုအတွေ့အကြုံမျိုး ရှိတဲ့သူ ပါရဲ့လား? နည်းပြကလူငယ်၊ ကစားသမားတွေကလည်း ချာတိတ်တွေ၊ အားကစား ဒါရိုက်တာတွေ… အသင်းပိုင်ရှင်တွေကလည်း ပရီးမီးယားလိဂ် အတွေ့အကြုံ နုသေးတဲ့သူတွေ ဖြစ်နေတာဆိုတော့ သိပ်တော့မလွယ်လှပါဘူး။



ဂျီးလ် စကော့တ် - ဒါပေမယ့် သူတို့ဆီမှာလူငယ်ကစားသမားတွေပဲ ရှိတာဆိုတော့ အာဆင်နယ်အသင်းမှာ မီခေးလ် အာတီတာ လုပ်ပြခဲ့သလို ‘အဆင့်ဆင့် တည်ဆောက်သွားတာမျိုး (A bit of building)’ မဖြစ်နိုင်ဘူးလား?

ဂျေမီ ကာရေဂါ - ကျွန်တော်ပြောချင်တာက... ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အဆင့် (၄) နဲ့ အဆုံးသတ်ခဲ့တာပါ..။ ဒါ့ကြောင့်အခုဒီနှစ်လည်း အဆင့် (၄) ဒါမှမဟုတ် အဲဒီထက်ပိုပြီး မြင့်တဲ့အဆင့်မှာ ရှိနေသင့်တာပေါ့။ အာဆင်နယ်ဟာ အစပိုင်းမှာ အဆင့် (၈) လောက် ရောက်ခဲ့ပေမယ့် တစ်ရာသီထက် တစ်ရာသီ တိုးတက်တွေ ရှိနေတယ်.. ဆိုတဲ့ ခံစားချက်ကိုရတယ်။ ကျွန်တော်တို့ရဲ့ လီဗာပူးလ်မှာတုန်းကလည်း ဖလားမရသေးရင်တောင် ရာသီတိုင်းမှာ အဆင့်တစ်ခုစီ တက်လှမ်းနေတယ်လို့ ခံစားခဲ့ရပါတယ်။ အခုချယ်လ်ဆီးအသင်းမှာ အဲ့ဒီလိုခံစားချက်မျိုး ရရှိမနေပါဘူး..။

ဂယ်ရီ နဗီးလ် - ကာရာ ရယ်.. နေပါဦးဟ..။ အခုမှသူက (၁၅) ပွဲလောက်ပဲ ကိုင်ရသေးတ‌ေ..
ဂျေမီ ကာရေဂါ - မဟုတ်ဘူး၊ ချယ်လ်ဆီးရဲ့ စီမံကိန်း (Project) တစ်ခုလုံးကို ပြောတာပါ။ လူငယ်တွေချည်းပဲ ဝယ်ယူနေတဲ့ သူတို့ရဲ့အယူအဆကြီးက ဘယ်ကိုဦးတည်နေမှန်း မမြင်မိနေတာကို ဆိုလိုချင်တာ..

ရွိုင် ကိန်း - နည်းပြတစ်ယောက်ရဲ့ ပုံရိပ် သူ့အပေါ် ထားရှိကြတဲ့အမြင် (Perception)၊ ဆိုတာကလည်း အရေးကြီးပါတယ်။ ပြီးခဲ့တဲ့အပါတ်က ပီအက်စ်ဂျီနဲ့ပွဲမှာ ဂိုးပြတ်ရှုံးနေတဲ့အချိန်၊ ပွဲပြီးဖို့ (၁) မိနစ်လောက်ပဲ လိုတော့တဲ့အချိန်မှာမှ လူစားဝင်မယ့် ကစားသမားတွေကို 'စာရွက်ကလေးတွေ' (Tactical notes)’ ပေးနေတာမျိုးက သတိထားရပါမယ်။ ဒါမျိုးတွေကို လူတွေကဝိုင်းပြောကြမှာပဲ..။

ခင်ဗျားတို့ကတော့ နည်းပြကို အချိန်ပေးပါလို့ ပြောချင်ပြောပါမယ်..၊ ကစားသမားတွေက အဲ့ဒီစာရွက်ဝေတာတွေကို မကြိုက်ဘူးလို့ သတင်းတွေ ထွက်လာရင်၊ ဂန္ထဝင် ကစားသမားဟောင်းတွေက 'ပွဲပြီးခါနီးမှ ဘာစာရွက်ပေးနေတာလဲ?' လို့ ဝေဖန်လာရင်... အဲ့ဒီအဆိုးမြင်လှိုင်းကြီး (momentum of negativity) က ခင်ဗျားဘက်ကို ဒလဟော စီးဝင်လာတော့မှာပဲ။



အီယန် ရိုက် - နေပါဦး..။ ဒီတစ်ပါတ်ထဲမှာ လီယမ် ရိုဆီနာ ရဲ့အကြောင်း ဗီဒီယိုထဲမှာ ဝေဖန်သွားခဲ့တဲ့ ကစားသမားဟောင်းက ဘယ်သူလဲ?

ဂျေမီ ကာရေဂါ - ‘ကီဗင် ကီးလ်ဘိန်း’ လေ။ အမှန်အတိုင်း ပြောရရင် အဲ့ဒီဗီဒီယိုမှာ သူ့ရဲ့ဝေဖန်ချက်ဟာ လွန်ပါတယ်။ ကျွန်တော်တော့ သဘောမကျမိဘူး။ 'လီယမ် ဟာ ကစားသမားဘဝတုန်းကနဲ့ လုံးဝကို ကွဲပြားခြားနားတဲ့ လူတစ်ယောက် ဖြစ်နေပြီ' လို့ သူပြောသွားတာလေ။

ဂယ်ရီ နဗီးလ် - ကျွန်တော်တို့ရဲ့ အစီအစဉ်မှာ တခြားသူတွေရဲ့ ထင်မြင်ချက်အပေါ် ဆွေးနွေးလေ့မရှိဘူးဆိုတာ သိပါတယ်..။ ဒါပေမယ့် ကီဗင် က လီယမ်နဲ့အတူ ကစားခဲ့ဖူးသူဆိုတော့ သူက 'ငါသူနဲ့အတူ ကစားခဲ့ဖူးတယ်၊ ဒါပေမယ့် အခုသူ့ကိုကြည့်လိုက်ရင် ငါသိတဲ့လူနဲ့ လုံးဝမတူတော့ဘူး၊ လုံးဝကို မမှတ်မိနိုင်တော့ဘူး..' လို့ ပြောသွားတာပါ။ ဒါဟာတကယ့်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တာပါပဲ။ အဓိကကတော့ သူက လီယမ်ဟာ ပြောင်းလဲသွားပြီ၊ 'အဘိဓာန်တစ်ခုလုံးကို ဝါးမြိုထားသလို၊ တက်ကျမ်းတွေကို အလွတ်ကျက်ပြီး စကားကြီးစကားကျယ်တွေ ပြောနေတယ်’ လို့ ပြောသွားခဲ့တာဗျ..။

အီယန် ရိုက် - သူက လီယမ် ရဲ့ လုပ်ဆောင်ချက်တွေဟာ 'ဟန်ဆောင်မှု (act)’ တစ်ခုလို ပုံစံမျိုး ပြောသွားတာဗျ။ ကစားသမားတွေအပေါ်မှာလည်း အဲ့ဒီလိုပဲ...။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ရဲ့ပြုမူပုံတွေဟာ ဟန်ဆောင်မှုလို့ မထင်ပါဘူး။ ကီဗင် ကီးလ်ဘိန်း က လီယမ် ရဲ့ ဝတ်စားဆင်ယင်မှုတွေအကြောင်းပါ ထည့်ပြောနေတာ။ လူငယ်တစ်ယောက်အပေါ် ဘာတွေလိုက်ပြောနေတာလဲ? သူက လီယမ် ကို ကုတ်အင်္ကျီ (car coat) နဲ့ပဲ မြင်ချင်တာလား? ဘာတွေလဲဗျာ။ သူက လီယမ် ရဲ့ လုပ်ဆောင်ချက်ကလွဲလို့ ကျန်တာတွေအကုန် လိုက်ပြီးဝေဖန်နေတာပါ..။ တကယ်လို့ ခင်ဗျားဟာ လီယမ် ရဲ့ လူထုတ်ပုံတွေ၊ နည်းဗျူဟာတွေ၊ ဟိုစာရွက်လေးတွေ ပေးတာတွေကို ဝေဖန်ချင်ရင် အဲဒီအကြောင်းကိုပဲ တည့်တည့်ဝေဖန်သင့်ပါတယ်..။

အမှန်အတိုင်း ပြောရရင် ကီဗင် ရဲ့ ဝေဖန်ချက်တွေဟာ အဆင်မပြေပါဘူး။ ဒါပေမယ့် ကီဗင် ပြောသလို လီယမ် ဟာ အမှန်တကယ် ပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုနေရာကို ရောက်လာဖို့အတွက် 'ငါဒီလိုမျိုး စကားပြောမယ်၊ ဒီလိုမျိုးလုပ်မယ်' လို့ ပြောင်းလဲလိုက်တာ မှားတယ်လို့တော့ မပြောနိုင်ဘူးမလား..? 

ဂယ်ရီ နဗီးလ် - ဟုတ်ပါတယ် အီယန်၊ ခင်ဗျားပြောတဲ့အချက်ကို သဘောတူပါတယ်။ ကစားသမားဘဝတုန်းက အဝတ်လဲခန်းထဲမှာ အတူရှိခဲ့တဲ့သူဟာ နောက် (၁၀) နှစ်၊ (၁၅) နှစ်ကြာလို့ နည်းပြဖြစ်လာတဲ့အခါ အတူတူပဲလား? ဒါမှမဟုတ် ပြောင်းလဲသွားသလား? ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒီအပေါ်မှာ စိတ်မသက်မသာ ဖြစ်မိတာမျိုး ရှိနိုင်ပေမယ့် ဒါဟာအရှိတရားပါပဲ..။ လူဆိုတာ ပြောင်းလဲခွင့် ရှိပါတယ်..။ ဒါပေမယ့် အဲဒီလို လူတစ်ဦးတစ်ယောက်ရဲ့ အမူအကျင့်၊ အပြောင်းအလဲတွေဟာ အသင်းရဲ့လက်ရှိအခြေအနေနဲ့ရော ပတ်သက်မှုရှိလို့လား..?



ရွိုင် ကိန်း - ချယ်လ်ဆီးမှာ အခုလိုဖြစ်နေတာကို ငါတို့ အံ့သြနေကြလို့လား? No.. မဟုတ်ပါဘူး။ ချယ်လ်ဆီးအတွက် ဒါတွေဟာ အဟောင်းတွေပါပဲ။ အရင်ကလည်း အခုလိုဖြစ်နေတာမျိုးတွေ မြင်ခဲ့ဖူကြတာပဲလေ။

ဂယ်ရီ နဗီးလ် - ဒါပေမယ့် သူတို့ဟာ အခုထိတော့ အဆိပ်ရှိနေတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။ နိုင်ငံတကာ ပွဲစဉ်တွေပြီးရင် ပို့တ် ဗေးလ် နဲ့ FA ဖလားပွဲရှိတယ်၊ ပြီးရင် မန် စီးတီး၊ မန်ချက် စတာယူနိုက်တက် တို့နဲ့ ကစားရပါမယ်။ FA ဖလား ရနိုင်တဲ့ အခွင့်အရေး ရှိနေသလို၊ ပြီးခဲ့တဲ့နှစ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့တာပဲ။ အခုရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေး ရှိနေဆဲပါ။ လက်ရှိအနေအထားအရ ပရီးမီးယားလိဂ်ပြိုင်ပွဲ အမှတ်ပေးဇယားထိပ်ပိုင်းမှာ အခြေအနေတွေဟာ အတော်လေး ခန့်မှန်းရခက်ပါတယ်။

ဂျေမီ ကာရေဂါ - ဒီမနက် သတင်းတစ်ခု ဖတ်လိုက်ရတယ်။ အသင်းဘက်ကပြောတယ် ဆိုတဲ့ သတင်းအရ. ‘အခုရာသီမှာ အခြေအနေတွေ ဆိုးဆိုးရွားရွား ချောက်ထဲကျသွားတာမျိုး မရှိခဲ့ဘူးဆိုရင် လီယမ် ဟာ လာမယ့်ရာသီမှာလည်း နည်းပြအဖြစ် ဆက်ရှိနေဦးမယ်' တဲ့။ ဆိုလိုချင်တာက ချန်ပီယံလိဂ်ဝင်ခွင့် မရရင်တောင် သူဟာ အသင်းမှာဆက်ရှိနေမယ့် သဘောပဲ။

အီယန် ရိုက် - ဒါကကစားသမားတွေ နည်းပြအပေါ် ဘယ်လိုခံစားရသလဲ? ဆိုတဲ့အပေါ်မှာပဲ အမြဲတမ်း မူတည်နေတာပါပဲ။

ဂယ်ရီ နဗီးလ် - ဒါပေမယ့် အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် (vice-captain) ကိုယ်တိုင်က အဲ့ဒီလို ထုတ်ပြောလိုက်တာဟာ တကယ့်ကို ပြင်းထန်လွန်းပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲအပြီးမှာ အင်ဇို ပြောခဲ့တာတွေဟာ တကယ့်ကို ရက်စက်ပါတယ်။ သူဟာနိုင်ငံအသင်းမှာရော၊ ကလပ်အသင်းမှာပါ ကမ္ဘာ့ဖလား ဆွတ်ခူထားတဲ့ ထိပ်တန်းကစားသမား တစ်ယောက်လေ..

ဂျေမီ ကာရေဂါ - အဲဒီ podcast ကို နားထောင်လိုက်ရပါတယ်..။. သူ့ရဲ့နိုင်ငံက လူတစ်ယောက်နဲ့ စကားပြောရင်း ရှင်းပြနေတဲ့ပုံစံလို့ သုံးသပ်မိတာပါပဲ..။



အီယန် ရိုက် - Oh..! တဆင့်ဘာသာပြန် (translation) ကနေတစ်ဆင့် သိရတာပေါ့။ ကစားသမားတွေဟာ နိုင်ငံတကာပွဲစဉ်တွေ သွားကစားတဲ့အခါ သူတို့ပြောတာကို ဘယ်သူမှသိကြမှာ မဟုတ်ဘူးလို့ ထင်နေကြတာ။ ဒါပေမယ့် သူ့ရဲ့ပြောကြားချက်ဟာ အသင်းအပေါ် တိုက်ရိုက်တိုက်ခိုက် လိုက်တာပဲ။

ရွိုင် ကိန်း - အင်ဇို ဟာ ကစားသမားကောင်း တစ်ယောက်ပါ။ ဒါပေမယ့် နွေရာသီရောက်လို့ လက်ရှိအခြေအနေတွေအပေါ် မပျော်ရွှင်ဘူးဆိုရင် အသင်းကနေ ထွက်သွားရုံပါပဲ။ အဲ့ဒါက သူလုပ်ရမယ့်အရာပဲ။ သူဟာကစားသမားကောင်း ဖြစ်နိုင်ပေမယ့် ကစားသမားတွေဟာ ကိုယ့်ရဲ့ရပ်တည်ချက်တွေကို ပြောကြားတဲ့အခါမှာ သတိရှိဖို့ လိုအပ်ပါလိမ့်မယ်..။

ဂယ်ရီ နဗီးလ် - သူဟာ အသင်းနဲ့ (၈) နှစ်စာချုပ်ချုပ်ထားတာ ထင်တယ်..

ဂျေမီ ကာရေဂါ - ဒါဆိုရင် သူကဘယ်လိုလုပ်ပြီး အသင်းကနေ ထွက်လို့ရမှာလဲ? အသင်းကနေ သူထွက်ချင်နေတယ်လို့ မဆိုလိုပါဘူး၊ ဒါပေမယ့်…

အီယန် ရိုက် - စဉ်းစားကြည့်ပါဦး။ ခင်ဗျားပြောသလို ချယ်လ်ဆီးက လူငယ်ကစားသမားတွေ အကုန်လုံးဟာ ရေရှည်စာချုပ်တွေနဲ့ ချည်နှောင်ခံထားရတာလေ။ အခုလက်ရှိ ချယ်လ်ဆီးအသင်းရဲ့ အခြေအနေမျိုးမှာဆိုရင် ခင်ဗျားဟာ ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်နေရင် အသင်းကနေ ထွက်ချင်စိတ်မပေါက်ဘဲ ရှိပါ့မလား? အခုလိုမျိုး အနာဂတ်ဝေဝါးနေတဲ့အချိန်မှာ ကိုးလ် ပါးလ်မား တစ်ယောက် ဘယ်လိုခံစားနေရမလဲ? ကျွန်တော် သိချင်မိတယ်ဗျာ။

ရွိုင် ကိန်း - ဒါပေမယ့် သူတို့ကိုယ်တိုင် အဲဒီစာချုပ်တွေကို လက်မှတ်ထိုးခဲ့ကြတာလေ။ ငါကတော့ သူတို့ကို စာနာ၊ နားလည်မပေးနိုင်ပါဘူး။ သူတို့ဘာသာ သဘောတူပြီး လက်မှတ်ထိုးခဲ့ကြတာပဲ။ ဘယ်လိုလူငယ်ကစားသမားမျိုးက (၇) နှစ်၊ (၈) နှစ် သက်တမ်းရှိတဲ့ စာချုပ်ကြီးကို လက်မှတ်ထိုးမှာလဲ?



ဂယ်ရီ နဗီးလ် - ကျွန်တော် ထိုးခဲ့တယ်လေ။ (လက်ညှိုးထောင်လျှက်ပြော..)

ရွိုင် ကိန်း - ငါသိပါတယ်..။ ဒါပေမယ့် အခုခေတ်မှာဆိုရင်တော့ မင်းအဲဒီလို လက်မှတ်ထိုးမှာ မဟုတ်ပါဘူး။

ဂယ်ရီ နဗီးလ် - အသင်းမှာ တည်ငြိမ်မှု (stability) ပေးနိုင်မယ်ဆိုရင် အဲဒီထက် ကာလရှည်လျားတဲ့ စာချုပ်မျိုးကိုတောင် လက်မှတ်ထိုးချင်တာ..။ ကိုယ်က ဘယ်အချိန်မှာ ဒဏ်ရာရသွားမလဲ? ဘယ်အချိန်မှာ ခြေစွမ်းကျသွားမလဲ? ဆိုတာ ဘယ်သူမှ ကြိုတင်မသိနိုင်ဘူးလေ။ ဒါကြောင့် ရေရှည်စာချုပ်က ပိုပြီးအာမခံချက် ရှိတာပေါ့။

ရွိုင် ကိန်း - ဒါက မင်းက မန်ချက်စတာယူနိုက်တက်မှာ ကစားနေတဲ့ ငယ်မွေးခြံပေါက်.. ဒေသခံကောင်လေး (Local lad) မို့လို့လေ။
ဂယ်ရီ နဗီးလ် - ယူနိုက်တက်အသင်းမှာ ကစားနေတဲ့အချိန်တုန်းက သူတို့သာ ကျွန်တော့်ကို (၇) နှစ် သက်တမ်းစာချုပ်နဲ့ ကမ်းလှမ်းမယ်ဆိုရင် တကယ့်ကိုပျော်ရွှင်နေမိမှာပါ။ ကျွန်တော့်အတွက်တော့ ‘Ok’ ပါတယ်..။

အီယန် ရိုက် - အဲ့ဒီစာချုပ်ကို လက်မှတ်ထိုးတုန်းက မင်းရဲ့အသက်ဘယ်လောက်လဲ?
ဂယ်ရီ နဗီးလ် - အား..!! (၁၄) နှစ်ပေါ့ဗျာ..။ (ရယ်မောလျက်)