feature-image

ချယ်လ်ဆီးအသင်းရဲ့ လုပ်ဆောင်မှုတွေကို ဝေဖန်ခဲ့တဲ့ ‘မာ့စ် ကူကူရယ်လာ’..

ပြီးခဲ့တဲ့ သောကြာနေ့က မက်ဒရစ်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ရုံးစိုက်ရာ လာရိုဆပ်စ် မှာ နေသာတဲ့ မွန်းလွဲပိုင်းအချိန်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဆားဘီးယားအသင်းနဲ့ ခြေစမ်းပွဲစဉ်အတွက် ပြင်ဆင်နေကြတဲ့ စပိန်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်က အခုလေးတင် ပြီးဆုံးသွားတာပါ။

နည်းပြကြီး လူဝစ် ဒီ လာ ဖွန်တေး ရဲ့ ကစားသမားတချို့ဖြစ်တဲ့ မာတင် ဇူဘီမန်ဒီ၊ ပီဒရီ နဲ့ ဂိုးသမား ဒေးဗစ်ရာယာ တို့ကတော့ ကွင်းထဲမှာ နေပူဆာလှုံရင်း စကားစမြည် ပြောနေကြပါတယ်။ ခရစ္စတယ် ပဲလေ့စ် က ယီရမီ ပီနို နဲ့ အိုဆာဆူနာအသင်းကနေ လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရတဲ့ ဗစ်တာ မူနော့ဇ် တို့ အပါအဝင် တချို့ကစားသမားတွေကတော့ ဂိုးကန်သွင်းမှု လေ့ကျင့်ခန်းတွေ ပြုလုပ်နေကြပါတယ်။

၂၀၂၄ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Euro 2024 ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ စပိန်အသင်းရဲ့ လေ့ကျင့်ရေးစခန်းဟာ ပျော်ရွှင်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်..။ အဓိကအချက်ကတော့ နည်းပြချုပ် ဒီ လာ ဖွန်တေး ဟာ ကစားသမားတွေကြားမှာ ခိုင်မာတဲ့ ရင်းနှီးမှု တည်ဆောက်ဖို့နဲ့ အသင်းရဲ့အဝတ်လဲခန်း စည်းလုံး ညီညွတ်မှု (Dressing-room chemistry) ကို အထူးဦးစားပေးလေ့ရှိလို့ပါပဲ။ အဲ့ဒီလိုအသင်းရဲ့အတွင်း ညီညွတ်မှု ဖန်တီးပေးရာမှာ ချယ်လ်ဆီးနောက်ခံလူ မာ့ခ် ကူကူရယ်လာက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

"လက်ရွေးစင်အသင်းကို လာရတာဟာ လူတိုင်းအတွက် ခံစားချက် အသစ်အဆန်းအနေနဲ့ လန်းဆန်း၊ တက်ကြွမှုကို ပေးစွမ်းနိုင်ပါတယ်" လို့ ဗီလာရီးရဲလ်မြို့မှာ ကျင်းပခဲ့တဲ့ ဆားဘီးယားကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမတိုင်င်ခင်မှာ ကူကူရယ်လာက The Athletic နဲ့ သီးသန့်တွေ့ဆုံခန်းမှာ ပြောကြားခဲ့ပါတယ်။ "တစ်ခါတလေကျရင် ကျွန်တော်တို့ ကစားရမယ့် ပွဲစဉ်တွေထက် ဒီလူတွေနဲ့ အတူတူ အချိန်ကုန်ခွင့်ရတာ ပိုပြီးအရေးကြီးသလိုတောင် ခံစားရပါတယ်။ ကျွန်တော်တို့ကြားမှာ သိပ်ကိုခိုင်မာတဲ့ ရင်းနှီးမှုတွေ တည်ဆောက်ထားနိုင်တာကြောင့် တစ်ပတ်ဆိုတဲ့ အချိန်ကုန်သွားတာ သတိတောင် မထားမိလိုက်ပါဘူး။"



ဒါပေမယ့် ကူကူရယ်လာအတွက် စပိန်လက်ရွေးစင်အသင်းနဲ့အတူ စိတ်ဓာတ်ပိုင်းဆိုင်ရာ အသစ်တစ်ဖန် ပြန်လည်မွေးဖွား၊ အစတည်နိုင်ဖို့ (reset လုပ်ဖို့) ပိုပြီး လိုအပ်နေခဲ့ပါတယ်။

အသက် (၂၇) နှစ်အရွယ် ဘယ်နောက်ခံလူဟာ ချယ်လ်ဆီးအသင်းရဲ့ နောက်ဆုံးပွဲစဉ်တွေက ရလဒ်တွေကို လက်ခံဖို့ ခက်ခဲနေတာပါ။ နည်းပြလီယမ် ရိုဆီနာ ရဲ့ အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၁၂) ပွဲမှာ (၄) ပွဲသာ အနိုင်ရခဲ့ပြီး (၆) ပွဲ ရှုံးနိမ့်ထားပါတယ်။ ချန်ပီယံလိဂ် (၁၆) သင်းအဆင့်၊ ရှုံးထွက်ပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းကို နှစ်ကျော့စလုံး သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲတွေ အပါအဝင် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၄) ပွဲစလုံး ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

"တစ်ခါတလေကျရင် ကိုယ့်ရဲ့အသင်း ခြေစွမ်းပြနေတဲ့အချိန်မှာ နိုင်ငံတကာပွဲစဉ်တွေအတွက် အနားရတာဟာ နိုင်ပွဲအရှိန်အဟုန် (momentum) ကို ပျက်စေတတ်ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက် နားရတာကတော့ ကျွန်တော်တို့ အသင်းအတွက် ကောင်းကျိုးရှိစေမှာပါ" လို့ ကူကူရယ်လာ က ဆိုပါတယ်။

အထူးသဖြင့် ပီအက်စ်ဂျီအသင်းကို ခြေပြတ်၊ ဂိုးပြတ်နဲ့ နှစ်ကျော့ပေါင်း ၈ - ၂ ဆိုတဲ့ ရလဒ်နဲ့ လူးဝစ် အင်းနရစ်ခ် ရဲ့ လက်ရှိဥရောပချန်ပီယံအသင်းကို ရှုံးနိမ့်ခဲ့ရခြင်းဟာ ချယ်လ်ဆီးအသင်း ကစားသမားတွေကို နက်နက်ရှိုင်းရှိုင်း ဆူးနစ်၊ နာကျင်စေခဲ့ပါတယ်..။

"ကျွန်တော်တို့မှာ အတွေ့အကြုံ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ အသင်းက ကစားသမား အများစုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ရှုံးထွက်ဆင့်လို အဆင့်အတန်းမျိုးကို အခုမှပထမဆုံးအကြိမ် ကစားဖူးတာဖြစ်လို့ အဲ့ဒီအတွက် ပေးဆပ်ခဲ့ရတာပါ။

မှားယွင်းမှုဆိုတာ အမြဲရှိနိုင်ပေမယ့် ကျွန်တော်တို့ အခုထက်ပိုကောင်းတဲ့ပုံစံနဲ့ ပွဲကိုထိန်းကျောင်း နိုင်ခဲ့သင့်ပါတယ်..။ ဒုတိယအကျော့ပွဲစဉ် ကျန်သေးတာ ဖြစ်တာကြောင့် စိတ်အေးအေးထားပြီး ကစားခဲ့ရင် ပထမအကျော့မှာ ၃ - ၂ ရလဒ်နဲ့ (ပွဲပြီးခါနီး (၅) မိနစ်အလိုအထိ ရလဒ်) လန်ဒန်မြို့ကို ပြန်လာနိုင်ခဲ့သင့်ပါတယ်..။ အဲ့ဒီလိုဆိုရင် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ အမှားလုပ်ခဲ့ပါတယ်၊ ခိုင်မာတိကျတဲ့ ပုံစံမရှိဘဲ တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ရာကနေ ပီအက်စ်ဂျီက အခွင့်အရေးတွေကို အသုံးချပြီး သူတို့ရဲ့ ပြတ်သားတဲ့ အဆုံးသတ်နိုင်စွမ်း (cutting edge) ကို သက်သေပြသွားခဲ့တာပါ"
လို့ သူက ဆက်ပြောပါတယ်။



ကူကူရယ်လာ ဟာ ချယ်လ်ဆီးအသင်းရဲ့ အဝတ်လဲခန်းထဲမှာလည်း ကစားသမားတွေရဲ့ လေးစားမှုခံရတဲ့သူ တစ်ယောက် ဖြစ်ပါတယ်..။ အခုဆိုရင် သူဟာချယ်လ်ဆီးအသင်းမှာ စတုတ္ထမြောက်ရာသီကို ရောက်ရှိနေပါပြီ..။ ဒါကြောင့် "BlueCo" စီမံကိန်းရဲ့ အနီးကပ် အနေအထားမှာ ရှိနေသူ တစ်ယောက်အနေနနဲ့ လက်ရှိအခြေအနေကို သုံးသပ်ဖို့ အသင့်တော်ဆုံး အနေအထားမှာ ရှိနေပါတယ်။

လက်ရှိအချိန်မှာ လန်ဒန်အနောက်အသင်းအပေါ် အကောင်းမြင်နိုင်စရာ အခြေအနေ အနည်းငယ်သာ မြင်တွေ့နေရပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ဝမ်းနည်းစရာရလဒ်အပြင်၊ ပီအက်စ်ဂျီကို ရှုံးနိမ့်ပြီးနောက် အင်ဇို ဖာနန်ဒက်ဇ် ကလည်း သူရဲ့ ချယ်လ်ဆီးအသင်းနဲ့ အနာဂတ်အပေါ် သံသယဖြစ်ဖွယ် စကားမျိုး ပြောကြားခဲ့တာကြောင့် အခြေအနေတွေက ပိုဆိုးလာခဲ့ပါတယ်။ ကူကူရယ်လာ ကတော့ သူ့အသင်းဖော်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မပြောကြားခဲ့ပဲ အဲ့ဒီပွဲစဉ်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲ? ဆိုတဲ့ အကြောင်းကိုပဲ အာရုံစိုက်၊ ဖြေကြားခဲ့ပါတယ်။

"အခုလို ရလဒ်မျိုးကို လက်ခံနိုင်ဖို့ ခက်ခဲပါတယ်.။" လို့ သူကပြောပါတယ်။ "နေ့စဉ်နေ့တိုင်း ကြိုးစား၊ လေ့ကျင့်နေပေမယ့် တကယ့်အရေးကြီးတဲ့ ပွဲစဉ်တွေရောက်တဲ့အခါ ကျွန်တော်တို့ဟာ ထိပ်တန်းအဆင့် (top level) နဲ့ အလှမ်းဝေးနေသေးတယ်ဆိုတာ သိလိုက်ရတာပါပဲ။

လူငယ်ကစားသမားတွေကို ဦးစားပေး၊ ခေါ်ယူတာဟာ အသင်းရဲ့မူဝါဒဖြစ်တယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ သူတို့ဟာ လူငယ်ကစားသမားတွေကို ခေါ်ယူပြီး မျှော်မှန်းထားတဲ့လမ်းကြောင်းအတိုင်း အနာဂတ်ကို သွားချင်ကြတာပါ။ ဒါပေမယ့် အသင်းမှာဆက်ရှိနေပြီး အောင်မြင်မှုကြီးကြီးမားမား ရချင်တဲ့ ကျွန်တော်တို့အားလုံးအတွက် အခုလိုအချိန်မျိုးဟာ တကယ့်ကို စိတ်ဓာတ်ကျစရာပါ။

ကျွန်တော်တို့မှာ အမာခံကျောရိုး ကစားသမားကောင်းတွေ ရှိပါတယ်။ အသင်းရဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ် (foundations) တွေလည်း ရှိနေပြီးသားပါ။ ဒါပေမယ့် ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ် ဆုဖလားကြီးတွေကို စိန်ခေါ်နိုင်ဖို့ဆိုရင် ဒီထက်ပိုပြီး လိုအပ်နေပါသေးတယ်။ လူငယ်ကစားသမားတွေကိုပဲ ခေါ်ယူတာမျိုးက အဲ့ဒီပန်းတိုင်တွေရောက်ရှိနိုင်ဖို့ ပိုပြီးခက်ခဲ၊ ရှုပ်ထွေးစေနိုင်ပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲတုန်းက ကျွန်တော်တို့မှာ အဲ့ဒီလိုအခြေအနေမျိုးတွေကို ဖြတ်သန်းဖူးတဲ့ အတွေ့အကြုံရှိ၊ သမ္ဘာရင့် ကစားသမားတွေ လိုအပ်ခဲ့တာပါ။

အချိန်ပေးဖို့ လိုအပ်တယ်ဆိုတာလည်း သိပါတယ်။ လက်ရှိအသင်းက လူငယ်တွေဟာ အနာဂတ်မှာ အတွေ့အကြုံ ရင့်ကျက်တဲ့ ကစားသမားကြီးတွေ ဖြစ်လာမှာပါ။ ဒါပေမယ့် လက်ရှိအခြေအနေနဲ့ အနာဂတ် ရည်မှန်းချက်ကြားမှာ မျှတတဲ့ အနေအထား (balance) တစ်ခု ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်"
လို့ သူက သုံးသပ်၊ ပြောကြားခဲ့ပါတယ်။



အင်ဇို မာရက်စ်ကာ နဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်…

အထက်ပါ အချက်တွေအပြင် အခုဘောလုံးရာသီမှာ မန်နေဂျာအပြောင်းအလဲရဲ့ ဂယက်၊ ရိုက်ခတ်မှုတွေကလည်း ရှိနေပါသေးတယ်။ အင်ဇို မာရက်စ်ကာ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲကို အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် (၆) လအတွင်းမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် ဇန်နဝါရီလမှာ လီယမ် ရိုဆီနာ က သူ့ရဲ့နေရာကို အစားထိုး၊ ဝင်ရောက်လာခဲ့ပါတယ်..။ ကူကူရယ်လာ ကတော့ စထရာ့ဘာ့ဂ်အသင်း နည်းပြဟောင်း ရိုဆီနာ ရဲ့ လုပ်ဆောင်ချက်တွေကို အခုလိုပဲ ကာကွယ်ပြောဆိုခဲ့ပါတယ်။

"လီယမ်က လူကောင်းတစ်ယောက်ဖြစ်သလို ကစားသမားတွေနဲ့ သူတို့ရဲ့ ပင်ကိုယ်၊ အကျင့်စရိုက်တွေကို ကိုင်တွယ်၊ ထိန်းသိမ်းတဲ့နေရာမှာလည်း အရမ်းကိုထူးချွန်ပါတယ်။ သူဟာကျွန်တော်တို့နဲ့ နီးနီးကပ်ကပ် နေလေ့ရှိသလို သူ့ရဲ့ ဘောလုံးအယူအဆတွေကလည်း ကောင်းမွန်ပါတယ်။ ဒါပေမယ့် အဲ့ဒီနည်းစနစ်တွေကို လေ့ကျင့်ဖို့အတွက် ကျွန်တော်တို့မှာ အချိန်အလုံအလောက် မရှိခဲ့ပါဘူး"
လို့ သူကပြောပါတယ်။

"ကျွန်တော်တို့ဟာ ပွဲစဉ်တွေအကြားမှာပဲ လေ့ကျင့်ခန်းဆင်းနေခဲ့ရပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ သုံးရက်တစ်ပွဲ ကစားနေရတာကြောင့် လေ့ကျင့်ရေးကွင်းထဲမှာ နည်းစနစ်ပိုင်းတွေကို အသေအချာ လုပ်ဆောင်ဖို့ အချိန်မရပါဘူး..။ အဲဒီလိုအခြေအနေမျိုးမှာ ကိုယ်ဆွဲထားတဲ့ အစီအမံတွေ တခါတလေ အလုပ်မဖြစ်တာမျိုးဟာ သဘာဝကျပါတယ်..။ အဲ့ဒီကနေ အစပြုလို့ ခက်ခဲတဲ့အခိုက်အတန့်တွေကို ဖြတ်သန်းရတာပါပဲ။

အင်ဇို မာရက်စ်ကာ လက်ထက်တုန်းက ကျွန်တော်တို့ဟာ (၁၈) လလောက် အတူတူလက်တွဲခဲ့ကြတာ ဖြစ်တဲ့အတွက် ပိုပြီးတည်ငြိမ်မှု ရှိခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲတွေကို ပြန်ပြီးကြည့်မယ်ဆိုရင် ((၆) ပွဲမှာ (၁) ပွဲပဲနိုင်ပြီး (၃) ပွဲရှုံးခဲ့တာကြောင့်) သံသယဖြစ်စရာတွေ ရှိခဲ့ပါတယ်။ ကစားသမားတိုင်း ဘာလုပ်ရမလဲ? ဆိုတာ နားလည်နိုင်ဖို့ လုပ်ငန်းစဉ် (process) တစ်ခု လိုအပ်ခဲ့ပါတယ်။ မာရက်စ်ကာ နဲ့ နောက်ဆုံးလတွေမှာ ကျွန်တော်တို့ဟာ ဘယ်လိုကစားရမလဲ? အလွတ်ရနေသလိုပါပဲ။ တကယ်လို့ ကစားနည်းစနစ် ပြောင်းလဲဖို့ လိုအပ်လာရင်တောင် ဘာတွေလုပ်ရမလဲ? ဆိုတာ ကျွန်တော်တို့ သိနေကြပါတယ်။ အဲ့ဒီလိုဖြစ်လာဖို့ အချိန်လိုအပ်ပါတယ်။

အခုအချိန်မှာ ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်အသင်းကိုပဲ ကြည့်ပါ။ သူတို့ဟာ မီခေးလ် အာတီတာ နဲ့အတူ (၇) နှစ်နီးပါး ဖြတ်သန်းနေတာဖြစ်ပြီး အောင်မြင်မှုအများကြီး မရသေးပါဘူး။ ဒါပေမယ့် အဲ့ဒီလိုစီမံကိန်းအပေါ် တစိုက်မတ်မတ် ယုံကြည်မှုထားရှိခြင်းကပဲ အကျိုးကျေးဇူးတွေကို ပြန်လည်ရရှိစေပါတယ်.."
လို့ ကူကူရယ်လာ က သုံးသပ်ပြသွားပါတယ်။



နှစ်သစ်ကူးကာလအပြီးမှာ မာရက်စ်ကာ ရဲ့ ရာထူးကနေ ထွက်ခွာသွားမှုဟာ BlueCo စီမံကိန်းအတွက်သာမက ချယ်လ်ဆီးဝတ်လဲခန်းအတွင်းမှာပါ အချိုးအကွေ့ (turning point) တစ်ခု ဖြစ်ခဲ့ပါတယ်။ ကူကူရယ်လာ ကတော့ စတန်းဖို့ဒ် ဘရစ်ချ်မှာ သူလက်တွဲခဲ့ဖူးတဲ့ အမြဲတမ်းနည်းပြ (၆) ဦးထဲမှာ အီတလီနည်းပြ ကတော့ "အရေးအကြီးဆုံး" ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

"မာရက်စ်ကာ ဟာ ကျွန်တော်တို့ဆီက ဘာကိုအလိုရှိလဲ? ကျွန်တော်တို့ အသေအချာ သိခဲ့ကြပါတယ်" ဟု သူက ပြောပြပါတယ်..။ "ကလပ်အသင်းများ ကမ္ဘာ့ဖလား ချန်ပီယံဆုလို အောင်မြင်မှုမျိုး ရရှိခဲ့တာဟာ အသင်းသားတွေရဲ့ကြားမှာ ရင်းနှီးမှု ပိုမိုခိုင်မာစေခဲ့သလို အောင်ပွဲခံနေစဉ်အတွင်းမှာ ကောင်းမွန်တဲ့ ဆက်နွှယ်မှုတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မန်နေဂျာတစ်ယောက်က ကိုယ့်အပေါ်မှာ ယုံကြည်မှု အပြည့်အဝ ပေးအပ်ပြီး ဆုဖလားတွေအတွက် တိုက်ပွဲဝင်ဖို့ လမ်းခင်းပေးထားပြီဆိုရင်တော့ အဲ့ဒီနည်းပြအတွက် အသက်ပေးပြီး အစွမ်းကုန် တိုက်ပွဲဝင်ချင်စိတ်တွေ (you'd die for him) ဖြစ်ပေါ်လာမှာပါ..။

မာရက်စ်ကာ ထွက်ခွာသွားတဲ့အချိန်မှာ ကျွန်တော်တို့အပေါ် သက်ရောက်မှု ကြီးမားခဲ့ပါတယ်။ ဒါတွေဟာ အသင်းဘက်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်..။ တကယ်လို့ကျွန်တော့်ကိုသာ လာပြီးမေးခဲ့မယ်ဆိုရင် ဒီလိုဆုံးဖြတ်ချက်မျိုး ချမှတ်မိမှာ မဟုတ်ပါဘူး။ အခုလိုအပြောင်းအလဲမျိုး ပြုလုပ်ဖို့ ရာသီကုန်အထိစောင့်တာ အကောင်းဆုံးပါ။ ဒါမှသာ ကစားသမားတွေရော၊ နည်းပြသစ်အတွက်ပါ အဆင်သင့်ဖြစ်ဖို့နဲ့ ရာသီကြို လေ့ကျင့်ခန်းတွေ အပြည့်အဝ လုပ်ဆောင်နိုင်ဖို့ အချိန်ရမှာ ဖြစ်ပါတယ်။

အသင်းရဲ့အတွင်းမှာ မတည်မငြိမ်မှု ဖြစ်နေရတဲ့ အဂိကအကြောင်းအရာဟာ အဲဒီအချက်ကြောင့်ပါပဲ။ မာရက်စ်ကာ ထွက်သွားခဲ့ပြီး အစောပိုင်းကာလမှာ ယာယီနည်းပြ (ယူ-၂၁ နည်းပြဟောင်း ကလမ် မက်ဖာလိန်း) က တာဝန်ယူခဲ့ပါတယ်..။ အဲဒီနောက်တော့ အယူအဆအသစ်တွေရှိတဲ့ နည်းပြသစ် ရောက်လာပါတယ်..။ ဒါပေမယ့် အဲ့ဒီအယူအဆတွေကို အကောင်အထည်ဖော်ဖို့ အချိန်မရှိပါဘူး။ ဒါဟာလက်ရှိ ဖြစ်ပျက်နေတဲ့ အရှိတရားပါပဲ။"

ဒါ့အပြင် ချယ်လ်ဆီးကစားသမားတွေဟာ အာရုံစူးစိုက်မှုရှိဖို့နဲ့ စည်းလုံးမှုရှိဖို့ နည်းလမ်းသစ်တွေကို ရှာဖွေခဲ့ကြရပါတယ်။ အဲ့ဒီထဲက နည်းလမ်းတစ်ခုက အခုနောက်ပိုင်း လူပြောများနေတဲ့ ပွဲမစခင် ကွင်းလယ်စက်ဝိုင်းထဲမှာ လူစုပြီး တိုင်ပင်ကြတဲ့ (huddle) အစီအစဉ် ဖြစ်ပါတယ်။ ဒါဟာ အသင်းရဲ့ အင်အား၊ တောင့်တင်းမှုကို ပြသဖို့အတွက် နောက်ကွယ်မှာ ရှိနေတဲ့ နည်းပြဝန်ထမ်းတွေက (backroom staff) ပေးအပ်ခဲ့တဲ့ အကြံဉာဏ်ဖြစ်တယ်လို့ ကူကူရယ်လာ က ဆိုပါတယ်။

"နည်းပြတစ်ယောက်ရဲ့ အကြံပေးချက်အတိုင်း ကစားသမားအားလုံးဟာ ပွဲမစခင်မှာ ပွဲမစခင် စုဝေး၊ တိုင်ပင်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်..။ ကျွန်တော်တို့အသင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာဖို့ ကူညီပေးနေတဲ့ နည်းပြတစ်ယောက် ရှိပါတယ်။ လက်ရှိအသင်းမှာ အတွေ့အကြုံရှိတဲ့၊ သမ္ဘာရင့် ကစားသမားတွေ နည်းပါးနေတာကြောင့် ကျွန်တော်တို့ကို ပိုပြီးတောင့်တင်းတဲ့ အသင်းတစ်သင်းအဖြစ် ပုံဖော်ပြသနိုင်ဖို့ အဲဒီလိုအကြံပြုချက်တွေ သူကပေးအပ်ခဲ့တာပါ..။" လို့ ကူကူရယ်လာ က ရှင်းပြပါတယ်။



ဒိုင်လူကြီး တီယာနီ အပေါ် ကူကူရယ်လာ ရဲ့ ဝေဖန်ချက်…

ချယ်လ်ဆီးနဲ့ နယူးကာဆယ် အသင်းတို့ရဲ့ပွဲစဉ်မှာ ဒိုင်လူကြီး ပေါလ် တီယာနီ ဟာ ကစားသမားတွေ ဝိုင်းဖွဲ့တိုင်ပင်နေကြတဲ့ အလယ်တည့်တည့် ရောက်နေခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကူကူရယ်လာ က အခုလို ဆက်လက် ပြောပြပါတယ်။ "အဲ့ဒီအကြောင်းကို ကျွန်တော် သိပ်မပြောချင်တော့ပါဘူး။ ကျွန်တော့်အတွက်တော့ ဒါဟာ လေးစားမှု ကင်းမဲ့တာပဲလို့ ယူဆမိပါတယ်..။ သူက ကျွန်တော်တို့ဆီ လာပြီးတော့ ‘မင်းတို့အဲဒါမျိုး လုပ်လို့မရဘူး' လို့ တားမြစ်လို့ရပါတယ်။ ဒါပေမယ့် သူဟာအဲ့ဒီလိုမလုပ်ပဲ အလယ်မှာပဲ လာပြီးရပ်နေခဲ့တာပါ။ အမှန်အတိုင်းပြောရရင် အဲ့ဒီအကြောင်း ထပ်မပြောချင်တော့ပါဘူး။ ကျွန်တော်လည်း နားမလည်နိုင်ဘူး ဖြစ်ခဲ့ရပါတယ်။ သူဟာ လူအများရဲ့ အာရုံစိုက်မှု ခံချင်နေတာလို့ပဲ ကျွန်တော် ယုံကြည်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ အခြေအနေတွေအပေါ် ကူကူရယ်လာ ရဲ့ စိတ်ပျက်မှုတွေဟာ အသင်းကိုရောက်ခါစ အစောပိုင်းကာလတုန်းက စတန်းဖို့ဒ် ဘရစ်ချ်မှာ အံမဝင်ခဲ့တဲ့ ကစားသမားဘဝကနေ အသင်းရဲ့အနာဂတ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာရတဲ့အထိ တိုးတက်လာခဲ့တဲ့ သူ့ရဲ့ပြောင်းလဲမှုကို ထင်ဟပ်နေပါတယ်။ သူဟာပြီးခဲ့တဲ့နွေရာသီမှာပဲ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပါသေးတယ်။

လက်ရွေးစင်အသင်းမှာလည်း အလားတူအခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။ ဗလင်စီယာအသင်းက ဟိုဆေး လူးဝစ် ဂါယာနဲ့ ဘာစီလိုနာက အလီဂျန်ဒရို ဘယ်လ်ဒီ တို့ ဒဏ်ရာရရှိခဲ့ကြတာကြောင့် ကူကူရယ်လာ ဟာ ၂၀၂၄ ခုနှစ်၊ ဥရောပဖလားပြိုင်ပွဲ (Euro 2024) ဝင်မယ့် စပိန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရခဲ့တာပါ။

ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ သူဟာအရေးပေါ် လူစားဝင်ကစားသမားဘဝကနေ ဒီ လာ ဖွန်တေး ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့သူအဖြစ် တဟုန်ထိုး တိုးတက်ခဲ့ပြီး ဂျာမနီမှာ ကျင်းပခဲ့တဲ့ ယူရိုပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် သူဟာလာမယ့်နွေရာသီ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘယ်နောက်ခံလူနေရာမှာ ဘယ်သူနဲ့မျှ ယှဉ်ပြိုင်စရာမလိုတဲ့ ပထမဦးစားပေး ဘယ်နောက်ခံလူ ဖြစ်နေပါပြီ။

"ကျွန်တော့်ရဲ့ တိုးတက်မှုတွေအတွက် အဆင့်ဆင့်ဖြတ်သန်းခဲ့ရတဲ့ ဖြစ်စဉ်တွေဟာ တကယ့်ကို ကောင်းမွန်ပါတယ်။ အသင်းတိုင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရနေတာကိုလည်း ဝမ်းသာ၊ ဂုဏ်ယူမိပါတယ်။ ဒီနေရာကိုရောက်လာဖို့ မလွယ်ကူပါဘူး..။ ကျွန်တော်တို့အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေဟာ တကယ့်ကိုအံ့မခန်းပါပဲ။ အသင်းမှာ အလားအလာရှိတဲ့ ကစားသမား (prospect) ဆိုတဲ့ အဆင့်ကနေ အသင်းရဲ့ ယုံကြည်စိတ်ချရတဲ့ အစိတ်အပိုင်းတစ်ခု (trusted part) အဖြစ် တိုးတက်လာရတဲ့အပေါ် ဂုဏ်ယူမိပါတယ်..။" လို့ ကူကူရယ်လာ က ဝံ့ဝံ့ကြွားကြွား ပြောခဲ့ဆိုပါတယ်။



စပိန်အသင်းဟာ ဥရုဂွေး၊ ဆော်ဒီအာရေဗျနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရတဲ့ ကိပ်ဗာဒီ ကျွန်းစုအသင်းတို့နဲ့ အုပ်စုတူကျနေပြီး အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေလား? လို့ မေးတဲ့အခါမှာ သူက အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့ပါတယ်။

"ဟုတ်ပါတယ်၊ အဲ့ဒီလိုပဲ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့အပေါ် ယုံကြည်မှုရှိလာအောင် ကျွန်တော်တို့ဘက်က သက်သေပြနိုင်ခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲတုန်းက ကျွန်တော်တို့ကို လျှော့တွက်ခဲ့ကြတာမျိုး ရှိခဲ့ပါတယ်။ အခုတော့ အသင်းတစ်သင်းလုံးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မျှော်လင့်ချက်တွေ ပြည့်နှက်နေပါပြီ။ ဒီ လာ ဖွန်တေး ဟာ ကျွန်တော်တို့ကို ကိုယ့်ကိုယ်ကို ယုံကြည်ဖို့နဲ့ ဥရောပချန်ပီယံ ဖြစ်စေခဲ့တဲ့ အခြေခံအချက်တွေကို ဆက်လက် လုပ်ဆောင်သွားဖို့ပဲ အမြဲတမ်း ပြောဆိုလေ့ရှိပါတယ်.." လို့ သူက ပြောကြားသွားပါတယ်။

သူက အင်္ဂလန်အသင်းကို သူတို့ရဲ့ အခက်ခဲဆုံး ပြိုင်ဘက်တွေထဲက တစ်သင်းအဖြစ် ရှုမြင်ထားပြီး၊ ချယ်လ်ဆီးအသင်း မန်နေဂျာဟောင်းလည်းဖြစ်တဲ့ နည်းပြ သောမတ်စ် တူခယ်လ် ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အသိအမှတ် ပြုထားပါတယ်။ "အင်္ဂလန်အသင်းမှာ လူကောင်းတွေ အမြဲတမ်း ရှိခဲ့ပါတယ်..။ နည်းပြတူခယ်လ် ဟာ သူတို့ကို ပိုပြီးကောင်းမွန်တဲ့ နည်းစနစ်ပိုင်း ပုံစံ (tactical structure) တစ်ခု ပေးစွမ်းနိုင်ပါလိမ့်မယ်။ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးမှာ ပြသခဲ့တဲ့ သူ့ရဲ့ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီးသားပါ။ အင်္ဂလန်အသင်းဟာ အထူးဂရုစိုက်၊ စောင့်ကြည့်ရမယ့် အသင်းတစ်သင်း ဖြစ်လာပါလိမ့်မယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေအများကြီး ပါဝင်လာမှာပါ။ ကျွန်တော် လူကပ်ပြီး မကာကွယ်ချင်ဆုံး ကစားသမားတွေလား? အင်္ဂလန် တိုက်စစ်မှူးဖြစ်သလို ကျွန်တော့်ရဲ့ ချယ်လ်ဆီးအသင်းဖော်လည်းဖြစ်တဲ့ ကိုးလ်ပါးလ်မား၊ မိုက်ကယ်အိုလီဆီ နဲ့ ပြင်သစ်အသင်းက အော့စ်မာနီ ဒမ်ဘီလီ တို့ကို ပြောရမှာပါ။ သူတို့တွေဟာ ကျွန်တော်ရင်ဆိုင်ခဲ့ရသမျှ အခက်ခဲဆုံး တိုက်စစ်မှူးတွေထဲမှာ ပါဝင်ပါတယ်။ လီဗာပူးက နယ်သာလန် နောက်ခံလူ ဂျယ်ရမီ ဖရင်ပေါင်း လည်း ပါတာပေါ့။ သူက တကယ့်ကို မြန်လွန်းပါတယ်!”


"ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရတဲ့အပေါ် ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲ?ဆိုတာ လူတိုင်းက ချီးမွမ်း၊ ပြောဆိုနေကြပါတယ်..။ ဒါ့ကြောင့်အခုလာမယ့် နွေရာသီမှာ ကျင်းပမယ့်ပြိုင်ပွဲကြီးမှာ ပါဝင်ဆင်နွှဲရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။" ဆိုပြီး ကူကူရယ်လားက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်..။

(The Athletic သတင်းဌာနမှ တင်ဆက်သည့် ဆောင်းပါးရှင် Pol Ballús နှင့် Guillermo Rai တို့ တင်ဆက်သော  ‘Marc Cucurella: Chelsea have ‘paid the price’ for inexperience and why Enzo Maresca shouldn't have left’ ဆောင်းပါးကို ပြန်ဆို၊ ရေးသားပါသည်။)