feature-image

ဝေဖန်မှုတွေကြားက အပြာရောင်တွေရဲ့ ရှေရှည်စီမံကိန်း..

"လုပ်ငန်းစဉ်အပေါ် ယုံကြည်ပါ၊ ဝေဖန်သူတွေကို လျစ်လျူရှုပါ၊ ဆုဖလားတွေ ဆွတ်ခူး ရရှိလိမ့်မယ်လို့ ကတိပေးပါ" — ဒါတွေဟာ အသင်းရဲ့ မူဝါဒတွေပါ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ နိုင်ငံတကာပွဲစဉ်တွေ သွားကစားချိန်မှာ ရီးရဲလ် မက်ဒရစ် အသင်းကို ရည်ရွယ်ပြီး "ကျွန်တော့်ကို လာခေါ်လှည့်ပါ" လို့ ဗြောင်ကျကျ ဖိတ်ခေါ်တာမျိုး၊ “ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ ခက်ခဲလိမ့်မယ်” လို့ အရိပ်အမြွက် ပြောတာမျိုးတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဆူညံသံတွေကို ပျောက်ကွယ်သွားအောင် ပြုလုပ်တာမဟုတ်ပဲ ဆူညံသံတွေ ပိုပြီးပေါ်ထွက်လာအောင် လုပ်ဆောင်နေကြသလိုပါပဲ။ အသင်းရဲ့ အပြောင်းအလဲ မူဝါဒကို မေးခွန်းထုတ်တာ၊ နည်းပြဟောင်းကို လွမ်းဆွတ်ကြောင်း ပြောတာ၊ မက်ဒရစ်ဟာ ဥရောပမှာ သူ့ရဲ့အကြိုက်ဆုံး မြို့ဖြစ်ကြောင်း တစ်ကြိမ်ထက်မက ပြောဆိုတာတွေဟာ အသင်းရဲ့ မူဝါဒလမ်းကြောင်းကနေ သွေဖည်သွားတာ.. လို့ ပြောနိုင်ပါလား..?

ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေဟာ ချယ်လ်ဆီးအသင်းအတွက် မုန်တိုင်းထန်ခဲ့တဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်။ ဥရောပစင်မြင့်ထက်မှာ ပီအက်စ်ဂျီအသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့သလို၊ ပရီးမီးယားလိဂ်မှာလည်း အခြေအနေတွေဟာ ထိန်းရသိမ်းရ ခက်ခဲဦးမယ့် အနေအထား ဖြစ်နေပါတယ်။ အဲဒီလိုအချိန်မျိုးမှာ အသင်းရဲ့ အဝတ်လဲခန်းမှာ အရေးအပါဆုံး ကစားသမားနှစ်ဦးက PR မုန်တိုင်း တိုက်ခတ်အောင် လုပ်ဆောင်ခဲ့ခြင်းဟာ အသင်းအတွက် မလိုအပ်ပဲ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်စေခဲ့ပါတယ်။

အင်ဇို ဖာနန်ဒက်ဇ် ကတော့ နွေရာသီမှာ အသင်းပြောင်းဖို့ အစီအစဉ် ရှိနေပုံရပြီး "မက်ဒရစ်မြို့ကို တကယ်သဘောကျပါတယ်၊ ကျွန်တော့်ရဲ့ဇာတိမြေ ဗျူနို အေးရိစ်မြို့နဲ့ ဆင်တူတယ်" လို့ ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကူကူရယ်လာ က The Athletic သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ချယ်လ်ဆီးအသင်းဟာ အတွေ့အကြုံမရှိမှုအတွက် "ပေးဆပ်နေရပြီ" လို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်..။ ဒါ့အပြင် ရာသီဝက်ကာလမှာ အင်ဇို မာရက်စ်ကာ ကို ထုတ်ပယ်ခဲ့တဲ့ အသင်းရဲ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့တာဟာ ကစားသမားတွေကို "စိတ်ဓာတ်ကျစေတယ်" လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် ချယ်လ်ဆီးအသင်းကို BlueCo ကုမ္ပဏီလုပ်ငန်းစုက ဝယ်ယူပြီး (၄) နှစ်နီးပါး ကြာလာချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ မော်ဒယ်ဟာ ထိပ်တန်းအဆင့်မှာ ရေရှည်အောင်မြင်မှုတွေကို အမှန်တကယ် ရယူ၊ ဆောင်ကြဉ်းပေးနိုင်ပါ့မလား? ဆိုတဲ့ စိုးရိမ်စရာ မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။ အထူးသဖြင့် လူငယ်ကစားသမားတွေကိုပဲ အာရုံစိုက်ခေါ်ယူနေတဲ့ စီမံကိန်းအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဇန်နဝါရီလမှာ မာရက်စ်ကာရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ နည်းပြသစ် လီယမ် ရိုဆီနာ ကတော့ ချယ်လ်ဆီးအသင်းရဲ့ လူငယ်သွေးသစ်တွေကို ၁၉၉၅/၉၆ ဘောလုံးရာသီက မန်ချက်စတာ ယူနိုက်တက်ရဲ့ "Class of 92" ကို နမူနာပေးခဲ့ပေမယ့် အဲ့ဒီအချိန်တုန်းက ယူနိုက်တက်မှာ ကန်တိုနာ၊ ရွိုင်ကင်း၊ ရှမိုက်ကယ်တို့လို အတွေ့အကြုံရင့် ဝါရင့်ကစားသမားကြီးတွေ ရှိနေခဲ့ပါတယ်..။ အခုလက်ရှိ ချယ်လ်ဆီးအသင်းမှာကော လူငယ်တွေကို လမ်းပြပေးမယ့် အဲ့ဒီလို ဝါရင့်ခေါင်းဆောင်တွေ ရှိနေပြီလား?



လက်ရှိ အခြေအနေတွေအရ ချယ်လ်ဆီးမှာ ဝါရင့်၊ သမ္ဘာရင့်.. အခက်အခဲတွေကြားမှာ အသင်းကို ဦးဆောင်ပေးနိုင်မယ့် ခေါင်းဆောင်ကောင်းတွေ ရှိမနေဘူးဆိုတာ ထင်ရှားပါတယ်။ အင်ဇို ရဲ့ ဝေဖန်မှုတွေဟာ မှန်ကန်နေနိုင်ပေမယ့်၊ ရိစ် ဂျိမ်းစ် မရှိချိန်မှာ အသင်းခေါင်းဆောင် လက်ပတ်ရယူထားတဲ့ ကစားသမား တစ်ဦးအနေနဲ့ အခုလို လူသိရှင်ကြား အသင်းကိုတိုက်ခိုက်တာမျိုးဟာ မသင့်တော်ပါဘူး။ ပီအက်စ်ဂျီနဲ့ ပွဲတုန်းက ဂိုးသမား ဖိလစ် ဂျော်ဂန်ဆန် ရဲ့ အမှားအပေါ် လူအများရှေ့မှာ အော်ဟစ်၊ ငေါက်ငမ်းခဲ့တဲ့ အင်ဇို ဟာ ခေါင်းဆောင်မှု အရည်အချင်းကို ဘယ်လိုပုံစံမျိုးနဲ့ ပြသနေတာလဲ? ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။

ခိုင်မာတဲ့ယဉ်ကျေးမှုရှိတဲ့ အသင်းတစ်သင်းဟာ အဲဒီလိုပြုမူလေ့မရှိပါဘူး။ အဲဗာတန်၊ နယူး ကာဆယ်နဲ့ ပီအက်စ်ဂျီ အသင်းတွေကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ကစားသမားတချို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းမှုအပေါ် စိုးရိမ်စရာတွေ ဖြစ်လာပါပြီ။ အင်ဇို ရဲ့ ပေါက်ကွဲမှုတွေဟာ စိတ်မရှည်တော့ဘူး.. ဆိုတဲ့ ပြယုတ်ဒ်ပါပဲ..။ ချယ်လ်ဆီးအသင်းဟာ တက်သစ်စနည်းပြနဲ့ အတွေ့အကြုံမရှိတဲ့ လူငယ်ကစားသမားတွေ အတူတူ တိုးတက်၊ ကြီးပြင်းလာဖို့ မျှော်လင့်ထားပေမယ့် တကယ့်ထိပ်တန်း ကစားသမားတွေဟာ တခြားသူတွေ တိုးတက်လာမယ့်အချိန်အထိ စောင့်ဆိုင်းလိုစိတ် မရှိကြဘူးဆိုတာ အင်ဇို ရဲ့ ပြောကြားချက်တွေက သက်သေပြနေပါတယ်။

အင်ဇို ဟာ အသင်းနဲ့ ၂၀၃၂ ခုနှစ်အထိ စာချုပ်ရှိထားတဲ့အချက်ကို ချယ်လ်ဆီးအသင်းဘက်က ထောက်ပြနိုင်ပါတယ်။ အသင်းဟာ အခြေခံလစာကိုလျှော့ချပြီး ဆုကြေး (incentives) တွေအပေါ် အခြေခံတဲ့ ရေရှည်စာချုပ်တွေနဲ့ အသင်းရဲ့ဘဏ္ဍာရေး အခြေအနေကို အကာအကွယ် ပြုလုပ်ထားပါတယ်။ ဒါပေမယ့် ပြဿနာက ကစားသမားတွေကြားက “ပြိုင်ဆိုင်မှု” ပါပဲ။ အသင်းရဲ့ အမာခံကစားသမားတစ်ဦးဟာ စာချုပ်ပါအတိုင်း ဆုကြေးတွေရရှိမယ်ဆိုရင် လိဂ်ပြိုင်ပွဲရဲ့ လစာအများဆုံး ကစားသမားတွေနဲ့ ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပေမယ့်၊ တခြားအသင်းက သူငယ်ချင်းတွေဟာ အာမခံချက်ရှိတဲ့ ပုံသေလစာ ပိုပြီးများနေတာကို ကြားသိရတဲ့အချိန်မှာ ရတက်မအေးစရာ ဖြစ်လာနိုင်ပါတယ်..။

အင်ဇို ဟာ လစာတိုးမြှင့်ပေးဖို့ တောင်းဆိုနေတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ စာချုပ်သက်တမ်းအရ ချယ်လ်ဆီးအတွက် လောလောဆယ်မှာ လစာတိုးပေးဖို့ ဖိအားမရှိပေမယ့် ကစားသမားဘက်ကတော့ ဆက်လက်ပြီး ဆန္ဒပြနေဦးမယ်လို့ ယူဆရပါတယ်။

ဒါပေမယ့် သူတို့ရဲ့စီမံကိန်းဟာ အောင်မြင်မှုတွေလည်း ရရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နွေရာသီ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့တာမျိုးပေါ့။ ဒါပေမယ့် ၂၀၂၆ နှစ်သစ်ကူးနေ့မှာပဲ မာရက်စ်ကာ ရာထူးက ထွက်သွားခဲ့ပါတယ်။ အသင်းအုပ်ချုပ်သူတွေနဲ့ သဘောထားကွဲလွဲမှုဟာ အရမ်းကို မြန်ဆန်ခဲ့ပါတယ်။ ချယ်လ်ဆီးဘက်ကတော့ မာရက်စ်ကာကို ထုတ်ပယ်ခဲ့တာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဂွါဒီယိုလာ ရဲ့ နေရာကို အစားထိုးဖို့ မန် စီးတီးအသင်းနဲ့ ဆက်သွယ်မှုတွေရှိခဲ့တဲ့ မာရက်စကာဟာ သူ့ဘာသာသူ အသင်းက ထွက်သွားရအောင် နည်းလမ်းရှာခဲ့တာလို့ အသင်းအတွင်းက သတင်းရင်းမြစ်တွေက ပြောပါတယ်။



ဒါပေမယ့် အီတလီနည်းပြဟာ အဝတ်လဲခန်းအတွင်း သြဇာကြီးတဲ့ ကစားသမားတွေအပေါ်မှာ လွှမ်းမိုးမှုရှိခဲ့ပါတယ်။ "သူထွက်သွားတာက ကျွန်တော်တို့ကို တော်တော်လေး နာကျင်စေခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူ့ရဲ့လက်ထက်က ကျွန်တော်တို့အသင်းမှာ ကိုယ်ပိုင်ကစားဟန် (identity) ရှိခဲ့လို့ပါ" ဆိုပြီး အင်ဇို ဖာနန်ဒက်ဇ်က ပြောပါတယ်။ ပတ်ဒရို နက်တို ကလည်း "ကျွန်တော်နည်းနည်းတော့ အံ့သြမိတယ်" လို့ ဝန်ခံခဲ့သလို၊ ကူကူရယ်လာကလည်း "ဒါဟာ ကျွန်တော်တို့အပေါ် သက်ရောက်မှု အကြီးအကျယ် ရှိခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ကူကူရယ်လာ ဟာ လက်ရှိနည်းပြ ရိုဆီနာ ကို ထောက်ခံကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။ စထရာ့ဘော့ဂ်အသင်း နည်းပြဟောင်းဟာ ပြီးခဲ့တဲ့သီတင်းပါတ်တွေမှာ ရုန်းကန်နေရပေမယ့် ချယ်လ်ဆီးအသင်းဟာ သူ့ကို (၆) နှစ်ခွဲ သက်တမ်းနဲ့ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းအနေနဲ့ သူတို့ခန့်အပ်ထားတဲ့ နည်းပြဘက်ကနေ ရပ်တည်ပေးဖို့ လိုအပ်ပါတယ်။

ချယ်လ်ဆီးဘက်ကတော့ ထိတ်လန့်တုန်လှုပ်ခြင်း မရှိသေးပါဘူး။ သူတို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ချက် ရှိနေဆဲဖြစ်သလို FA ဖလားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်မှာ ပေါ့ ဗေးလ်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ဒါပေမယ့် လာမယ့်နွေရာသီမှာတော့ ကစားသမားသစ် ခေါ်ယူမှုမူဝါဒကို အပြောင်းအလဲလုပ်မယ့် အရိပ်အမြွက်တွေ ရှိနေတယ်လို့ အသင်းနဲ့နီးစပ်သူတွေက အသိပေးလာပါတယ်။ လူငယ်တွေကိုပဲ အာရုံစိုက်ခေါ်ယူခဲ့တဲ့ အကြောင်းရင်းဟာ အရင်တုန်းက ဝါရင့်ကစားသမားတွေအတွက် ငွေကြေးအမြောက်အမြား အလဟဿဖြစ်ခဲ့တာကြောင့် အစကနေ ပြန်စချင်တဲ့ ဆန္ဒကြောင့်ဖြစ်တယ်.. လို့ ဆိုပါတယ်။ အသင်းရဲ့အတွင်းက သတင်းရင်းမြစ်တွေကတော့ အရည်အချင်းရှိတဲ့ လူငယ်တွေကိုပဲ ခေါ်ယူရမယ်.. ဆိုတဲ့ တိကျတဲ့မူဝါဒမျိုး မရှိဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ဘရိုက်တန်ကနေ ပြောင်းရွှေ့လာတဲ့ ဂျာအို ပီဒရို ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အခြေကျပြီးသား ကစားသမားတစ်ဦး ဖြစ်သလို၊ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာလည်း ထိပ်တန်းအဆင့် နောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ စဉ်းစားခဲ့ပါသေးတယ်။

အသင်းခေါင်းဆောင် ရီစ် ဂျိမ်းစ် ဟာ ဘာဖြစ်လို့ အသင်းနဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုခဲ့တာလဲ? အသင်းခေါင်းဆောင်ဖြစ်သူဟာ အသင်းတာဝန်ရှိသူတွေနဲ့ နွေရာသီအပြောင်းအရွှေ့ ပစ်မှတ်တွေအကြောင်း ဆွေးနွေးခဲ့ချိန်မှာ ကျေနပ်အားရမှု ရှိသွားခဲ့ပုံရပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ သတင်းတွေ အမြဲထွက်နေပေမယ့် အသင်းဟာ ကိုးလ် ပါးမား ကို အထိမခံ..၊ "ဘယ်လိုနည်းနဲ့မှ မရောင်းနိုင်တဲ့ ကစားသမား (untouchable)” အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ မွိုက်စ် ကိုင်စီဒို ကလည်း သူ့ရဲ့အနာဂတ်ကို ချယ်လ်ဆီးအသင်းမှာပဲ မြှုပ်နှံထားမှာ ဖြစ်သလို ကူကူရယ်လာ ဟာ ပြီးခဲ့တဲ့နွေရာသီမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့ပါတယ်။



ဒါပေမယ့် အရာအားလုံးဟာ အဆင်ပြေ၊ ချောမွေ့မနေပါဘူး။ ချယ်လ်ဆီးအသင်းဟာ အင်ဇို ဖာနန်ဒက်ဇ်ရဲ့ လုပ်ရပ်တွေအပေါ် မကျေမနပ်ဖြစ်နေပြီး၊ တချို့တာဝန်ရှိသူတွေကလည်း အသင်းကနေ သူထွက်သွားရင်တောင် ချယ်လ်ဆီးအတွက် ကြီးကြီးမား ဆုံးရှုံးသွားမှာ မဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။ သူ့အတွက် ပြောင်းရွှေ့ကြေး အမြောက်အမြား ပေးနိုင်ဖို့ လိုအပ်နေမှာဖြစ်ပြီး စပိန်ကသတင်းရင်းမြစ်တွေအရ ရီးရဲလ် မက်ဒရစ်အသင်းဟာ စတာလပေါင် သန်း (၁၀၀) အထိ ပေးချေဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် အသင်းရဲ့ မျှော်မှန်းချက်နဲ့ ထပ်တူမကျတော့တဲ့ ကစားသမားတစ်ယောက်ကို ဆက်ထိန်းထားတာက ချယ်လ်ဆီးအတွက် ဘယ်လိုအကျိုးကျေးဇူး ရှိမလဲ? ဆိုတာ စဉ်းစားစရာပါ။

ဒါ့ကြောင့်အခုလာမယ့် နွေရာသီကာလဟာ ချယ်လ်ဆီးအသင်းအတွက် နောက်ထပ်အရေးကြီးတဲ့ အချိန်ကာလတစ်ခု ဖြစ်လာပါလိမ့်မယ်။ ချယ်လ်ဆီးဟာ ၂၀၂၄/၂၅ ဘောလုံးရာသီအတွက် အခွန်မဆောင်မီ အရှုံးပမာဏ စတာလင်ပေါင် (၂၆၂.၄) သန်း ရှိကြောင်း ထုတ်ပြန်ထားသလို၊ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်အတွက် အဆင့် (၅) အတွင်းဝင်ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။ တကယ်လို့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် လွဲချော်ခဲ့မယ်ဆိုရင် ကစားသမားတွေဟာ အသင်းရဲ့ ဦးတည်ချက်အပေါ် မေးခွန်းတွေ ပိုပြီးထုတ်လာကြပါလိမ့်မယ်။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့စီမံကိန်းအပေါ် ယုံကြည်မှု ပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်ဖို့ အထူးလိုအပ်နေပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(The Guardian သတင်းဌာနမှ ဆောင်းပါးရှင် Jacob Steinberg ၏ ‘Chelsea’s precarious project further rocked by Cucurella and Fernández comments’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)