မက်ဒရစ်မြို့ကို နှစ်သက်ပါတယ်.. လို့ အကြိမ်ကြိမ် ပြောကြားခဲ့တဲ့ အင်ဇို ဖာနန်ဒက်စ် ကို နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ချယ်လ်ဆီးအသင်းကို နည်းပြလီယမ် ရိုဆီနာ တာဝန်ယူပြီးနောက်ပိုင်း သူရင်ဆိုင်ရတဲ့ ပထမဆုံး စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်..။
အသက် (၂၅) နှစ်အရွယ် အာဂျင်တီးနား ကွင်းလယ် ကစားသမားဟာ လက်ရွေးစင်အသင်းအတွက် ဗြူနို အေးရိစ် မြို့ကို ရောက်ရှိချိန်မှာ သူ့ရဲ့အပြာရောင်အနာဂတ်အတွက် သံသယဖြစ်စရာ စကားတွေကို စတင်၊ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်..။
အဲဒီနောက်မှာတော့ သူဟာ YouTuber တစ်ယောက်နဲ့ တွေ့ဆုံ၊ မေးမြန်းခန်းပြုလုပ်ခဲ့သလို အတူနေချစ်သူ ဗယ်လင်တီးနား ဆာဗားတေးစ် နဲ့အတူ ပြုလုပ်ခဲ့တဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာလည်း သူတို့ဟာ မက်ဒရစ်မြို့မှာ နေထိုင်ဖို့ 'ဆန္ဒရှိတယ်' ဆိုပြီး ထပ်မံဖြေကြားခဲ့ပါတယ်..။ ဒါ့အပြင် မက်ဒရစ်မြို့တော်မှာ နေထိုင်ချင်စိတ် 'အလွန်ထက်သန်'နေတဲ့အကြောင်း ထပ်လောင်း ပြောကြားခဲ့တဲ့အပြင် ရီးရဲလ် မက်ဒရစ် ကွင်းလယ် ကစားသမားဟောင်း တိုနီ ခရူးစ် အပေါ် သူ့ရဲ့အားကျ၊ နှစ်သက်မှုကိုလည်း အလေးပေး ထုတ်ဖော်၊ ပြောကြားခဲ့ပါတယ်..။
နည်းပြရိုဆီနာ နဲ့ ချယ်လ်ဆီးအသင်း ဒါရိုက်တာအဖွဲ့ကတော့ ဖာနန်ဒက်စ် ရဲ့ လုပ်ရပ်ဟာ "သတ်မှတ်ထားတဲ့ ကျင့်ဝတ်၊ စည်းကမ်းကို ကျော်လွန်သွားခြင်း" ဖြစ်တယ်လို့ ယူဆခဲ့ပြီး အသင်းအတွင်း အရေးယူမှုအနေနဲ့ နှစ်ပွဲပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းနဲ့ တုံ့ပြန်ခဲ့ပါတယ်..။ အဲဒီပွဲပယ်ပြစ်ဒဏ်ကြောင့် အာဂျင်တီးနား ကွင်းလယ် ကစားသမားဟာ ပေါ့တ် ဗေးလ်အသင်းနှင့် FA ဖလားပွဲစဉ်အပြင်၊ လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာ စီးတီးအသင်းနဲ့ ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကိုလည်း လွဲချော်ပါလိမ့်မယ်..။ အဲဒီဆုံးဖြတ်ချက်ကို နည်းပြ ရိုဆီနာ နဲ့ အားကစားဒါရိုက်တာတွေဖြစ်ကြတဲ့ ပေါလ် ဝင်စတန်လေ၊ လောရန့်စ် စတီးဝပ် တို့နှင့်အတူ ချမှတ်ခဲ့တာဖြစ်ပြီး ဘာဒက် အက်ဂ်ဘာလေ အပါအဝင် အသင်းပိုင်ရှင်တွေရဲ့ ထောက်ခံမှုကို ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်..။

အဲဒီဖြစ်ရပ်ဟာ ဇန်နဝါရီလက အင်ဇို မာရက်စ်ကာ ထွက်ခွာသွားပြီးနောက် အစားထိုးခန့်အပ်ခံခဲ့ရတဲ့ အင်္ဂလန်လူမျိုး နည်းပြအတွက် အစောပိုင်းကာလ အရေးကြီးတဲ့ စမ်းသပ်ချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင် ချယ်လ်ဆီးအသင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာရတာကလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်..။
ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပီအက်စ်ဂျီအသင်းကို နှစ်ကျော့ပေါင်း ၈ ဂိုး - ၂ ဂိုး စံချိန်တင် ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်သုံးရက်အကြာမှာ အဲဗာတန်အသင်းကို ၃ဂိုးပြတ်နဲ့ ထပ်မံရှုံးနိမ့်ခဲ့ပြန်ပါတယ်..။ အဲဒီရလဒ်တွေကြောင့် ပရိသတ်တွေကြားမှာ စိတ်ပျက်မှုတွေ ပိုမိုမြင့်တက်ခဲ့သလို အသင်းရဲ့ ကစားသမားဝယ်ယူမှု မူဝါဒအပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ကြတဲ့ ဒုတိယအသင်းခေါင်းဆောင် အင်ဇို ဖာနန်ဒက်စ် နဲ့ ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာ တို့ရဲ့ မှတ်ချက်တွေအပြီး ပရိသတ်တွေဘက်က ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်..။
ချယ်လ်ဆီးအသင်းကတော့ ကစားသမားနှစ်ဦးစလုံးနဲ့ ဆွေးနွေးခဲ့ပြီး ဖာနန်ဒက်စ် ကို အသင်းအတွင်း အရေးယူမှုအနေနဲ့ နှစ်ပွဲပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပေမယ့် ကူကူရယ်လာ ကိုတော့ အရေးယူမှု ပြုလုပ်ခဲ့ခြင်း မရှိပါဘူး..။ အဲဒီလိုအသင်းဘက်က တုံ့ပြန်ပုံ ကွာခြားသွားရခြင်းကတော့ သူတို့နှစ်ဦးရဲ့ ပြုမူပုံတွေအပေါ် မူတည်နေလို့ပါပဲ..။
မာ့ခ် ကူကူရယ်လာ ဟာ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို အသင်းကို ကြိုတင်၊ တင်ပြခြင်းမရှိခဲ့ပဲ လူသိရှင်ကြား ထုတ်ဖော်၊ ပြောကြားခဲ့တဲ့အပေါ် စိတ်ရင်းအမှန်နဲ့ နောင်တရ၊ တောင်းပန်ခဲ့တယ်လို့ ရှုမြင်ခြင်းခံရပါတယ်..။ စပိန်သတင်းဌာန တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းဟောင်း ဘာစီလိုနာကို ပြန်လည် ပြောင်းရွှေ့နိုင်ခြေနဲ့ ပတ်သက်တဲ့ ထပ်တလဲလဲမေးခွန်းတွေကို ဖြေကြားခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ချယ်လ်ဆီးအသင်းအပေါ်မှာပဲ ဆက်လက်သစ္စာရှိသွားမယ် ဆိုတဲ့အကြောင်း ပြန်လည်အတည်ပြုသွားပါတယ်..။
ဒါ့အပြင် ကူကူရယ်လာ ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလ အစီအစဉ်တွေအပါအဝင် အသင်းရဲ့ ရှေ့ဆက်သွားမယ့် ဦးတည်ချက်တွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အားတက်၊ ကျေနပ်မှုရှိခဲ့တယ်လို့ သိရပါတယ်..။

ဆန့်ကျင်ဘက်အနေနဲ့ အင်ဇို ဖာနန်ဒက်စ် ကတော့ လာမယ့်နွေရာသီမှာ ကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ရီးရဲလ် မက်ဒရစ် အသင်းအမည်ကို တိုက်ရိုက်ရည်ညွှန်းပြောဆိုခြင်း မပြုခဲ့ပေမယ့် ရီးရဲလ် ကိုပြောင်းရွှေ့လိုတဲ့ဆန္ဒ ပြင်းပြနေဆဲဖြစ်တယ်လို့ နားလည်ရပါတယ်..။
သူ့ရဲ့အေးဂျင့်ဖြစ်သူ ပီအက်စ်ဂျီနှင့် အာဂျင်တီးနား ကွင်းလယ် ကစားသမားဟောင်း ဟာဗီယာ ပါစတိုရေး ကတော့ အသင်းဘက်က အပြစ်ပေးမှုဟာ "တရားမှုတမှု လုံးဝမရှိကြောင်း" The Athletic သတင်းဌာနကို ပြောကြားခဲ့ပါတယ်..။
အင်ဇို ဖာနန်ဒက်စ် ရဲ့ ဖြစ်ရပ်အပေါ် ကိုင်တွယ်ပုံ မှန်ကန်ခဲ့ရလား..?
နည်းပြ ရိုဆီနာ ကတော့ ပြစ်ဒဏ်ချမှတ်ပြီးနောက်ပိုင်း အင်ဇို ဖာနန်ဒက်စ် နဲ့ ပြန်လည်သင့်မြတ်ရေး လမ်းစကို ရှာဖွေခဲ့သလို အားလုံးအတွက် သင့်တော်မယ့် ရှေ့ဆက်ရမယ့် လမ်းကြောင်းကိုလည်း ဖော်ဆောင်ပေးခဲ့ပါတယ်..။ အာဂျင်တီးနား ကွင်းလယ် ကစားသမားဟာ ပထမအသင်းကြီးနဲ့အတူ လေ့ကျင့်ခန်း ဆက်လက်ဆင်းနေဆဲဖြစ်သလို လက်ရှိအချိန်အထိ သူ့ကိုအသင်းခေါင်းဆောင် တာဝန်တွေကနေ ဖယ်ရှားမယ့် အရိပ်အယောင်တွေ မရှိသေးပါဘူး..။
အင်ဇို ဖာနန်ဒက်စ် ဟာ ပေါ့တ် ဗေးလ်နဲ့ပွဲကို အရန်ခုံတန်းရဲ့ နောက်ကွယ်ကနေ ကြည့်ရှုအားပေးခဲ့သလို ပွဲအပြီးမှာ ရိုဆီနာ က သူတို့နှစ်ယောက်ရဲ့ကြား ဆက်ဆံရေးဟာ "လူတွေထင်သလို မဟုတ်ကြောင်း" ပြောကြားခဲ့ပါတယ်..။
"ကျွန်တော်နဲ့ အင်ဇို ကြားမှာ ဘာတွေပြောဆိုခဲ့လဲ? ဆိုတာနဲ့ ပတ်သက်ပြီး သင့်တော်တဲ့အချိန်၊ သင့်တော်တဲ့ အခိုက်အတန့်ကျရင် ထုတ်ဖော်၊ ဆွေးနွေးမှုတွေ ရှိလာမှာပါ.." ဆိုပြီး သူက ဆက်လက်ပြောကြားခဲ့ပါတယ်..။ "အင်ဇို နဲ့ ကျွန်တော်ဟာ သိပ်ကိုကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အခြေအနေတွေက လူတွေထင်နေကြသလို မဟုတ်ပါဘူး။"

စထရာဘော့ဂ်၊ ဟားလ် စီးတီး နဲ့ ဒါဘီ ကောင်တီ အသင်းနည်းပြဟောင်းဖြစ်သူ ရိုဆီနာ ဟာ ဖာနန်ဒက်စ် ရဲ့ ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်အပေါ် လူသိရှင်ကြား တုံ့ပြန်မှုမပြုဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်..။ ဖာနန်ဒက်စ် ရဲ့ အေးဂျင့်တွေကတော့ သူတို့ရဲ့ကစားသမားဟာ ချယ်လ်ဆီး သို့မဟုတ် လန်ဒန်မြို့မှ ထွက်ခွာလိုတယ်.. လို့ ဘယ်တုန်းကမှ မပြောခဲ့သလို၊ ရီးရဲလ် မက်ဒရစ်အသင်း အမည်ကိုလည်း တိုက်ရိုက် ရည်ညွှန်းခဲ့ခြင်း မရှိကြောင်း အခိုင်အမာ ပြောကြားထားပါတယ်..။
သို့ပေမယ့် ဖာနန်ဒက်စ် ရဲ့ အသိုင်းအဝိုင်းဘက်က ကျယ်ကျယ်ပြန့်ပြန့် ဖြေကြားခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ အာဂျင်တီးနား ကစားသမားဟာ "လက်ရှိရရှိနေတဲ့ လစာထက် ပိုမိုရရှိဖို့ ထိုက်တန်ကြောင်း" အခိုင်အမာ ပြောကြားခဲ့တဲ့အပြင်၊ အာဂျင်တီးနား သတင်းဌာနတွေကနေ ပေါ်ထွက်လာတဲ့ နောက်ဆက်တွဲ သတင်းတွေအရ အခုအပါအတွင်း ချမှတ်ထားတဲ့ ပွဲပယ်ပြစ်ဒဏ်ကို လျှော့ပေါ့ပေးဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်..။
အဲဒီကိစ္စရပ်တွေအပေါ်မှာ ပုံကြီးချဲ့ဝေဖန်မှုတွေ လျော့ပါးသွားဖို့မရှိပဲ လာမည့်အပါတ် မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲစဉ်မှာ ဖာနန်ဒက်စ် ပြန်လည်ပါဝင်လာခဲ့ရင် သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် နောက်ထပ် ဖိအားတစ်ရပ် ပေါ်ထွက်လာမယ့် အလားအလာတစ်ရပ် ရှိနေပါသေးတယ်..။
တကယ်တော့ အင်ဇို ဖာနန်ဒက်စ် ရဲ့ ပွဲပယ်ပြစ်ဒဏ်ဟာ အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် ကို ဒဏ်ရာကြောင့် လက်လွှတ်ထားရတဲ့ ချယ်လ်ဆီးအသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာပြီး မန် စီးတီးနှင့်ပွဲမှာ အင်ဇို ရဲ့ နေရာကို အန်ဒရေ ဆန်းတို့စ် ဒါမှမဟုတ် ရိုမီယို လားဗီးယား တို့ကို အစားထိုး အသုံးပြုဖို့ ရှိလာနိုင်ပါတယ်..။
ချယ်လ်ဆီးအသင်းကတော့ သူတို့တွေရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်အပေါ် နောင်တရခြင်း လုံးဝမရှိခဲ့ပါဘူး..။ နည်းပြ ရိုဆီနာ က သူ့အနေနဲ့ "အသင်းရဲ့ကျင့်ဝတ်၊ ယဉ်ကျေးမှုကို ကာကွယ်ပေးဖို့" လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်..။ အသင်းတာဝန်ရှိသူတွေကလည်း ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး အငြင်းပွားဖွယ် အင်တာဗျူးနှစ်ခု အပါအဝင် အင်ဇို ရဲ့ ဆက်တိုက်ပြောကြားချက်တွေအပေါ် အသင်းဘက်က အရေးယူ ဆောင်ရွက်ဖို့ လိုအပ်လာတဲ့ အခြေအနေ ရောက်ရှိနေပြီလို့ ယုံကြည်ခဲ့ကြပါတယ်..။

အသင်း၏ စီမံခန့်ခွဲမှုပိုင်းမှာ စံနမူနာတစ်ရပ် ချမှတ်လိုတဲ့ဆန္ဒ ရှိခဲ့သလို သမ္ဘာရင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဖာနန်ဒက်စ် အပေါ် မျက်နှာသာပေး ဆက်ဆံတယ်.. ဆိုတဲ့ အမြင်မျိုးကိုလည်း ရှောင်လွှဲလိုခဲ့ကြပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အခုဘောလုံးရာသီ ပြိုင်ပွဲအရပ်ရပ်မှာ အနီကတ်ဒ် (၉) ကတ်ဒ်အထိ ရရှိထားပြီး အသင်းရဲ့အတွင်းမှာ စည်းကမ်းမဲ့မှုတွေ အမြစ်တွယ်မလာစေဖို့ကို အလေးထား လုပ်ဆောင်လိုခြင်း ဖြစ်ဟန်တူပါတယ်..။
ချယ်လ်ဆီးအသင်းဟာ ဝါရင့်ကစားသမားတွေနဲ့ ပုံမှန်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဝေဖန်မှုအချို့ကိုလည်း လက်ခံရရှိထားပါတယ်..။ အဲဒီဝေဖန်မှုတွေထဲမှာ လူငယ်ကစားသမားတွေကိုပဲ စုဖွဲ့၊ ဝယ်ယူခြင်းကြောင့် ပီအက်စ်ဂျီနဲ့ပွဲစဉ် ပထမပိုင်းမှာ အတွေ့အကြုံပိုင်း အားနည်းတဲ့ စွမ်းဆောင်ရည်မျိုး ထွက်ပေါ်ခဲ့ရခြင်းအပေါ် ကူကူရယ်လာ ရဲ့ မှတ်ချက်ပေးမှုလည်း ပါဝင်ခဲ့ပါတယ်..။
ဒါပေမယ့် ဝါရင့်ကစားသမားတွေဟာ အသင်းရဲ့ လာမယ့်နွေရာသီ စီမံကိန်းတွေကို သိရှိထားပြီး ဖြစ်ပါတယ်..။ အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် ကလည်း အသင်းနဲ့နောက်ဆုံး စာချုပ်သက်တမ်းတိုးခဲ့အပြီး အသင်းနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းတွေကို ရည်ညွှန်းပြောဆိုခဲ့ပါသေးတယ်..။ ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေရာသီမှာ ဗဟိုနောက်ခံလူ၊ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းတွေမှာ အတွေ့အကြုံရှိပြီး ကစားသမားတွေကို ခေါ်ယူလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။
ချယ်လ်ဆီးအသင်းရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး နည်းပြ ရိုဆီနာ ကို မေးတဲ့အခါမှာ "ခင်ဗျားတို့ မြင်တွေ့ ကြရပါလိမ့်မယ်.." လို့ပဲ တုံ့ပြန်ခဲ့ပါတယ်..။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ပွဲစဉ်မတိုင်မီ အသင်းကိုဆန္ဒပြဖို့ ပရိသတ်အဖွဲ့ငယ်တစ်ခုက စီစဉ်နေတဲ့ လှုပ်ရှားမှုတွေ ရှိနေတာကြောင့် လက်ရှိအချိန်မှာ အသင်းဟာ ရည်မှန်းချက် ခိုင်ခိုင်မာမာရှိကြောင်း သတင်းစကားပါးနိုင်ဖို့ အရေးကြီးတယ်.. လို့ အသင်းတာဝန်ရှိသူတွေက ရှုမြင်ကြပါတယ်..။

ဒါ့အပြင် ကစားသမားအချို့ဟာ အခုရာသီမကုန်ခင်မှာ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေတဲ့အကြောင်း ရိုဆီနာ က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်..။ ဒါပေမယ့် အင်ဇို ဖာနန်ဒက်စ် ရဲ့ အေးဂျင့်ဖြစ်သူ ပါစတိုရေး ကတော့ ကစားသမားနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေကို အာဂျင်တီးနားအသင်း ချန်ပီယံဆု ကာကွယ်ရမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးမှသာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အကြံပြုထားပါတယ်..။
မွိုက်စ် ကိုင်စီဒို နဲ့ လီဗိုင်း ကိုဝဲလ် တို့ဟာလည်း ပိုမိုကောင်းမွန်တဲ့ စာချုပ်သစ် ကမ်းလှမ်းချက်တွေကို ရရှိနိုင်မယ်လို့ မျှော်လင့်နေကြသူများထဲမှာ ပါဝင်ကြောင်း သိရပါတယ်..။
အသင်းရဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲ..?
အင်ဇို ဖာနန်ဒက်စ် အနေနဲ့ လက်ရှိထက် သိသိသာသာ ပိုမိုကောင်းမွန်တဲ့ စာချုပ်သစ်မရခဲ့ဘူး.. ဒါမှမဟုတ် အသင်းဘက်က ရောင်းထုတ်ခြင်း မခံရဘူး.. ဆိုရင် သူ့ရဲ့ရပ်တည်ချက်ကို လျှော့ချပေးဖွယ် မရှိဘူးလို့ သိရပါတယ်..။
ဒါပေမယ့် လက်ရှိအနေအထားမှာ သူဟာအသင်းကနေ ထွက်ခွာခွင့်ရအောင် ဖန်တီးပေးဖို့ အရမ်းကိုခက်ခဲဖွယ် ရှိနေပါတယ်..။ အကြောင်းကတော့ ဖာနန်ဒက်စ် ဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၃၂ ခုနှစ်အထိ (၆) နှစ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် အသင်းဘက်က အသာစီးနဲ့ ညှိနှိုင်းနိုင်တဲ့ အနေအထားမှာ ရှိနေလို့ပါပဲ..။ ဒါ့အပြင် ၂၀၂၃ ခုနှစ်က သူ့ကိုခေါ်ယူခဲ့စဉ်မှာ ဘင်ဖီကာအသင်းကို ပေးချေခဲ့ရတဲ့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၀၇) သန်းထက် မနည်းတဲ့ပမာဏကို ရရှိရမယ်.. ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချယ်လ်ဆီးဘက်က ဆုပ်ကိုင်ထားဖွယ် ရှိနေပါတယ်..။

အသင်းက ဝါရင့်ကစားသမားကြီးတွေနဲ့ အခုလက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေဟာ ချယ်လ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည် အခြေပြု (Incentive-based) စာချုပ်ချုပ်ဆိုတဲ့ မူဝါဒရဲ့ လက်တွေ့အရှိတရားကိုလည်း မီးမောင်းထိုးပြနေပါတယ်..။ ကစားသမားတွေနဲ့ စာချုပ်တွေထဲမှာ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှုတွေအပေါ် မူတည်ထားတဲ့ အပိုဆုကြေးတွေ ထည့်သွင်းထားခြင်းဟာ အသင်းအတွက် အကျိုးရှိစေပေမယ့် နှစ်ရှည်စာချုပ် ချုပ်ဆိုထားတဲ့ နာမည်ကြီး ကစားသမားများအတွက် အောင်မြင်မှုတွေနဲ့ ဝေးကွာနေရင် ရေရှည်မှာ စိတ်ပျက်စရာ ဖြစ်လာစေနိုင်ပါတယ်..။
ဒါ့အပြင်ချယ်လ်ဆီးဘက်က အဲဒီလိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုမှုကြောင့် သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေကလည်း နောက်ဆုတ်သွားဖွယ် ရှိနေပါတယ်..။ ရီးရဲလ် မက်ဒရစ် နဲ့ အက်သလက်တီကို မက်ဒရစ်တို့ဟာ အင်ဇို ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေကြတယ်.. ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အခုလိုအခြေအနေတွေအောက်မှာ ကမ်းလှမ်းလာဖို့ မဖြစ်နိုင်လောက်ဘူး.. လို့ ယူဆရသလို ဖာနန်ဒက်စ် ကို ပီအက်စ်ဂျီနဲ့ ဆက်စပ်နေတဲ့ သတင်းများမှာလည်း မှန်ကန်မှုမရှိဘူး.. လို့ သိရပါတယ်..။
နည်းပြ ရိုဆီနာ ကတော့ ဖာနန်ဒက်စ် ဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည်တွေရရှိအောင် ဆက်လက် ကြိုးစားပေးနေပြီးသူတို့နှစ်ယောက်ရဲ့ လုပ်ငန်းခွင် ဆက်ဆံရေးနှင့် ပတ်သက်လို့လည်း အပြုသဘောဆောင် ပြောကြားထားပါတယ်..။
နောက်ဆုံးမှာတော့ အင်ဇို ဖာနန်ဒက်စ် နဲ့ ချယ်လ်ဆီးအသင်းရဲ့ကြားက အကြပ်အတည်းဟာ နည်းပြရိုဆီနာ နဲ့ သိပ်ပြီးသက်ဆိုင်မှုမရှိပဲ ငွေကြေးပိုင်းဆိုင်ရာ ဖြေရှင်းမှု တစ်နည်းမဟုတ်တစ်နည်းနဲ့သာ ပြေလည်သွားနိုင်လိမ့်မယ်.. လို့ ခန့်မှန်းရပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(BBC Sports မှ ဆောင်းပါးရှင် Nizaar Kinsella ၏ ‘Dropping Fernandez - a sign of Rosenior's authority or a big risk?’ ဆောင်းပါးကို ပြန်ဆိုပါသည်။)