feature-image

‘ချယ်လ်ဆီးကနေပြောင်းဖို့ အစီအစဉ် မရှိပါဘူး..’ ဆိုတဲ့ ကိုးလ် ပါးမား နဲ့ တွေ့ဆုံခန်း

ကိုးလ် ပါးမား ကို သေသေချာချာ လေ့လာကြည့်မယ်ဆိုရင် ကွဲပြားခြားနားတဲ့ ပင်ကိုယ်စရိုက် လက္ခဏာနှစ်မျိုး ရှိနေတာ တွေ့မိမှာပါ။ သူဟာ စကားအပြောအဆို နည်းပါးလွန်းပြီး ကိုယ့်ရဲ့အစွမ်းအစကို ထုတ်ဖော်ပြသနိုင်စွမ်း ရှိသူမဟုတ်လောက်ဘူး.. လို့ ထင်မှတ်ရလောက်အောင် ရှက်ကြောက်တတ်တဲ့ သဘောရှိသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အခြားတစ်ဖက်မှာတော့ ဘောလုံးကို သူ့ရဲ့ခြေဖျားနဲ့ ထိလိုက်တာနဲ့ ကကြိုးကကွက် လှပညက်ညောလှတဲ့ အနုပညာရှင်တစ်ဦး ဖြစ်သွားပါတယ်။ သူ့ရဲ့နာမည်ကျော် “Ice Cold” အောင်ပွဲခံပုံဟာ နေရာအနှံ့မှာရှိတဲ့ ကစားကွင်းတွေထဲက ကလေးငယ်တွေကြား လိုက်လံ၊ အတုယူရတဲ့အထိ ရေပန်းစားလှပါတယ်။ ဒါ့အပြင် သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားဟန်ကလည်း ပွဲကြည့်လက်မှတ်ဝယ်ယူ ကြည့်ရှုရတဲ့ ပရိသတ်တွေကို ထိုက်တန်တဲ့ စိတ်ကျေနပ်မှု ပြန်လည်ရရှိစေသူ ဖြစ်ခဲ့ပါတယ်။

နေသာတဲ့မွန်းလွဲပိုင်းတစ်ခုရဲ့ ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်းမှာတော့ ပါးမား ရဲ့ ရှက်ရွံ့ရွံ့ စကားပြောဟန်နဲ့ မြက်ခင်းစိမ်းပေါ် ရောက်သွားတာနဲ့ လူအများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ သူ့ရဲ့ဆန့်ကျင်ဘက် စရိုက်၊ လက္ခဏာအကြောင်းကို ဆွေးနွေးဖြစ်ကြတဲ့အခါမှာ “ခင်ဗျားပြောတာကို ကျွန်တော် နားလည်ပါတယ်” ဆိုပြီး ပါးမား က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဆက်လက်တော့သူက “ယေဘုယျအားဖြင့် ကျွန်တော်ဟာ စကားတွေ အများကြီးမပြောဖြစ်ပါဘူး။ ဒါပေမယ့် ကွင်းထဲရောက်ရင်တော့ တတ်နိုင်သလောက် စကားပြောနိုင်ဖို့ ကြိုးစားပါတယ်။ ဒါဟာ ကွဲပြားခြားနားတဲ့ ပင်ကိုယ်စရိုက် နှစ်မျိုးလိုပါပဲ။ ကွင်းပြင်ပမှာတော့ ကျွန်တော်က ငြိမ်ငြိမ်ဆင်းဆင်းပဲ နေတတ်ပါတယ်။ လူစိမ်းတွေနဲ့ စကားပြောဖို့ ခက်ခဲတယ်လို့ ခံစားရပေမယ့် ကွင်းထဲမှာဆိုရင်တော့ (ကစားဟန်တွေက) သူ့အလိုလို လွတ်လွတ်လပ်လပ်နဲ့ ထွက်ပေါ်လာတာပဲ..” လို့ ပြောပါတယ်။

ကျွန်တော်တို့ရဲ့စကားဝိုင်းအတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ကျောနံပါတ် (၁၀) ပိုင်ရှင်ဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုလာဖို့ အချိန်နည်းနည်း ယူခဲ့ရပါတယ်။ 'ဘောလုံးကစားခြင်း' ဆိုတာက သူရွေးချယ်ထားတဲ့ ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ ဝှိုက်သမ်ရှော အရပ်မှာ ကြီးပြင်းလာတဲ့ လူငယ်လေးဟာ လူသစ်တွေ၊ လူစိမ်းတွေနဲ့ ဆက်ဆံရာမှာ ကိုယ့်ကိုယ်ကို စောင့်စည်း၊ ထိန်းသိမ်းတတ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ငယ်စဉ်တုန်းက သူ့ရဲ့စံပြကစားသမားတွေကို အတုယူဖို့ ကြိုးစားခဲ့ပုံတွေ… ဒါမှမဟုတ် ဂန္ထဝင်တွေရဲ့ ကစားကွက်တွေကို စိတ်ကူးနဲ့ ကြိုတင်ပုံဖော်ကြည့်ခြင်း ရှိ၊ မရှိ မေးမြန်းချက်တွေအပေါ်မှာ ထူးထူးခြားခြား ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။



ဒါပေမယ့် မေးမြန်းခန်းအဆုံးသတ်ခါနီးမှာတော့ အသက် (၂၃) နှစ်အရွယ် လူငယ်ကစားသမားလေးဟာ စိတ်ပါလက်ပါနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဆိုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘင်ဖီကာအသင်းကို အနိုင်ရရှိခဲ့တဲ့ ပရမ်းပတာပွဲစဉ်အကြောင်း (မြောက် ကာရိုလိုင်းနား ပြည်နယ်ရဲ့ မိုးကြိုးမုန်တိုင်းထန်တဲ့ ရာသီဥတုကြောင့် ပွဲရပ်နားခဲ့ရတဲ့အတွက် အဲဒီပွဲဟာ လေးနာရီလောက် ကြာမြင့်ခဲ့ပါတယ်..) ကို ရယ်ရယ်မောမော ပြောပြခဲ့သလို၊ တောင်ပိုင်းသားတွေအပေါ် သူ့ရဲ့အမြင်တွေကိုလည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူရင်ဆိုင်ခဲ့ရတဲ့ ဒဏ်ရာပြဿနာတွေအကြောင်း အသေးစိတ် ပြောပြခဲ့ပြီး အခုလိုတွေ့ဆုံရန် သဘောတူညီခဲ့ခြင်းမှာ ထူးခြားသည့်အချက်တစ်ခုလို့ ခံစားရတဲ့အကြောင်း ပြန်ပြောပြခဲ့ပါတယ်..။ အသင်းနိုင်ပွဲတွေ ဆက်နေချိန်မှာ စကားပြောဆိုဖို့ လွယ်ကူပေမယ့် လောကဓံရဲ့ ဖိအားတွေအောက်ကို ရောက်ရှိနေချိန်မှာ အခုလို ရင်ဆိုင်စကားပြောဆိုနိုင်ခြင်းဟာ သူ့ရဲ့ခိုင်မာတဲ့ စိတ်ဓာတ်ကို ထုတ်ဖော်ပြသလိုက်တာပါပဲ..။

အခုဘောလုံးရာသီဟာ ပါးမား ရဲ့ ကစားသမားဘဝမှာ အခက်ခဲဆုံး ရာသီတစ်ခုဖြစ်သလို ချယ်လ်ဆီးအသင်းအတွက်လည်း လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်မှာ စိန်ခေါ်မှုတွေ များပြားခဲ့ပါတယ်။ အင်ဇို ဖာနန်ဒက်ဇ် နဲ့ မာ့ခ် ကူကူရယ်လာ တို့က အသင်းရဲ့စီမံကိန်းအပေါ် မေးခွန်းထုတ်မှုတွေ ရှိခဲ့သလို ပရိသတ်တွေကလည်း လာမယ့်စနေနေ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲစဉ်မတိုင်ခင်မှာ ကန့်ကွက်၊ ဆန္ဒပြပွဲတစ်ခု ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ကိုးလ် ပါးမား ဟာ ငယ်စဉ်ကတည်းက အားပေးခဲ့တဲ့ ယူနိုက်တက်အသင်းကို လာမယ့်နွေရာသီကျရင် ပြန်လည်ပြောင်းရွှေ့တော့မယ် ဆိုတဲ့ သတင်းတွေကလည်း သူ့ရဲ့ပတ်ဝန်းကျင်မှာ အစဉ်တစိုက် ထွက်ပေါ်နေခဲ့ပါတယ်။

ဒါပေမယ့် ပါးမား ကတော့ လန်ဒန်မှာပဲ ရှိနေမှာဖြစ်ပြီး အသင်းအပေါ် သစ္စာရှိစွာ အပ်နှံထားပါတယ်။ သူဟာ ချယ်လ်ဆီးအသင်းရဲ့ အကျော်ကြားဆုံး ကစားသမား တစ်ဦးဖြစ်တဲ့အပြင် မကြာသေးခင်က ပေါ့တ် ဗေးလ် အသင်းနှင့် ကစားခဲ့သည့် FA ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းခေါင်းဆောင် လက်ပတ်ကို ပထမဆုံးအကြိမ် ဝတ်ဆင်ခွင့်ရရှိပါတယ်..။ အဲဒီနောက်မှာတော့ ပါးမား ဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ အမှန်တရားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားလိုနေတဲ့ ဆန္ဒရှိနေပါတယ်။

ပါးမား က “အသင်းခေါင်းဆောင် အမျိုးအစား အမျိုးမျိုး ရှိကြပါတယ်။ တချို့တွေက အသင်းဖော်တွေကို အော်ဟစ်၊ အားပေးပြီး လှုံ့ဆော်တတ်ကြသလို အချို့ကတော့ စံနမူနာပြပြီး ဦးဆောင်တတ်ကြပါတယ်။ ကျွန်တော် ဒီကိုရောက်ကတည်းက သွင်းယူခဲ့တဲ့ဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အချက်တွေကို ကြည့်မယ်ဆိုရင် ကျွန်တော်ဟာ ကိုယ့်ရဲ့ကစားဟန်နဲ့ စံနမူနာပြဖြစ်အောင် ဦးဆောင်နိုင်လိမ့်မယ်လို့ ခံစားရပါတယ်” ဆိုပြီး သူ့ရဲ့ခေါင်းဆောင်မှုဆိုင်ရာ အယူအဆကို ပြောကြားခဲ့ပါတယ်..။



ပါးမား ဟာ လက်ရှိအချိန်မှာ အရပ် (၆) ပေ၊ (၁) လက်မ ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့ငယ်ဘဝနည်းပြတွေကတော့ ပွဲကြီးပွဲကောင်းတွေမှာ ရင်ဆိုင်ရဲတဲ့ သတ္တိအပြည့်ရှိတဲ့ ကလေးငယ်တစ်ဦးအဖြစ်နဲ့သာ မှတ်သားထားကြဆဲ ဖြစ်ကြပါတယ်။ သူက “ဒါဟာကျွန်တော့်ရဲ့ ကစားဟန်ပါပဲ၊ ကျွန်တော် အမြဲတမ်း ဘောလုံးရချင်နေတာပါ။ တကယ်လို့ ဘောလုံးဆုံးရှုံးသွားရင်လည်း မရရအောင် ပြန်လုရပါမယ်။ ပြီးရင်နောက်တစ်ကြိမ် မဆုံးရှုံးအောင် ။လုပ်ရမှာပေါ့ဗျာ။ ပွဲတစ်ပွဲမှာ ခင်ဗျားဟာ ပုန်းကွယ်နေလို့ မရပါဘူး။ ပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနိုင်ဖို့ပဲ ကြိုးစားရမှာပါ” လို့ ပြောပါတယ်။

ကွင်းအတွင်း ကစားနေချိန် သူ့ကိုကြည့်မယ်ဆိုရင် ဘယ်တော့မှ စိုးရိမ်ထိတ်လန့်ပုံ၊ စိတ်လှုပ်ရှားနေတဲ့ပုံ မပေါ်တဲ့အကြောင်း ပြောတဲ့အခါ ပါးမား က ပြုံးရယ်လျက် “လူတိုင်းက ကျွန်တော့်ကို အဲဒီလိုပဲ ပြောကြပါတယ်။ တကယ်တော့ လူတိုင်းမှာ စိုးရိမ်စိတ်ဆိုတာ ရှိကြတာပါပဲ” လို့ တုံ့ပြန်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ် စိုးရိမ်စိတ် အပြင်းအထန် ခံစားခဲ့ရတဲ့ အခိုက်အတန့်ကတေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားပေးရခါနီးအချိန် ဖြစ်ခဲ့ပါတယ်။

သူက “အဲဒီပွဲဟာ သာမာန်ပွဲတစ်ပွဲ ဖြစ်တယ်လို့ပဲ သဘောထားနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။ အများကြီး အလေးအနက် မတွေးပါဘူး။ အဲဒါဟာ ကျွန်တော် ကြီးပြင်းလာတဲ့ပုံစံပါပဲ - အများကြီး မတွေးဘဲ ကစားဖို့ပါ။ ဘောလုံးထက် ပိုအရေးကြီးတဲ့ အရာတွေ ရှိပါသေးတယ်။ ဟုတ်ပါတယ်.. လွဲချော်ခဲ့တဲ့ အခွင့်အရေးတွေအတွက် စိတ်မကောင်းဖြစ်နိုင်သလို အဲဒီပွဲဟာ စိတ်ခံစားမှု ပြင်းထန်ခဲ့တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသွင်းခွင့် လွဲချော်သွားတဲ့အခါမှာလည်း ဂရုမစိုက်ဘဲ ကျော်လွှားနိုင်ရပါမယ်။ ဒါက ဖြစ်ပျက်ပြီးသွားခဲ့တဲ့ အရာတစ်ခုလေ၊ ခင်ဗျား ပြန်လည်ပြောင်းလဲလို့ မရနိုင်တော့ပါဘူး” ဆိုပြီး ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းပိုင်းကလည်း ပြောင်းလဲဖို့ အထူးလိုအပ်နေပါတယ်။ ပြီးခဲ့တဲ့လက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အခုဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲ အမှတ်ပေးဇယားမှာ အဆင့် (၆) နေရာ ရောက်ရှိနေပါတယ်..။ အဲဒီလိုအနေအထားတွေကြောင့် ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူးနေ့မှာပဲ အီတလီနည်းပြ အင်ဇို မာရက်စ်ကာ အသင်းကနေ ရုတ်တရက် ထွက်ခွာသွားပြီးနောက် နည်းပြချုပ်အဖြစ် ရောက်ရှိလာခဲ့တဲ့ အင်္ဂလိပ်နည်းပြ လီယမ် ရိုဆီနာ အပေါ်မှာ ဖိအားတွေ ပိုမိုမြင့်တက် လာခဲ့ပါတယ်။



ပါးမား ကတော့ “အကြောင်းအမျိုးမျိုးကြောင့် အခုရာသီမှာ ရလဒ်တွေ တည်ငြိမ်မှု မရှိခဲ့ပါဘူး။ ကျွန်တော့်အမြင်မှာတော့ အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ဆိုရင် မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ လိုအပ်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေရာသီကျရင် အသင်းတည်ဆောက်ပုံစံ (Model) ပြုပြင်ပြောင်းလဲမှုတချို့ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ Clearlake Capital နဲ့ တော့ဒ် ဘိုလေး တို့ရဲ့ အသင်းကို ဝယ်ယူပြီးနောက်ပိုင်း လူငယ်ကစားသမားတွေကိုသာ အဓိကအာရုံစိုက် ခေါ်ယူခဲ့ပေမယ့် အခုအခါမှ, အသင့်သုံးနိုင်မယ့် အရည်အသွေးမြင့် ကစားသမားတွေ (Readymade talent) ပိုမိုလိုအပ်နေပြီဖြစ်ကြောင်း အသိအမှတ်ပြု လာကြပါပြီ။

ပါးမား ကတော့ အသင်းရဲ့အနာဂတ်အပေါ်မှာ ယုံကြည်မှု အပြည့်အဝရှိနေပါတယ်။ သူဟာ မကြာသေးခင်က အသင်းနဲ့ ရေရှည်စာချုပ်သစ် လက်မှတ်ရေးထိုးခဲ့တဲ့ အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် နဲ့အတူ လာမယ့်နွေရာသီမှာ ခေါ်ယူမယ့် ပစ်မှတ်ကစားသမားတွေနဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင်တွေ၊ အားကစားဒါရိုက်တာ (၅) ဦးတို့နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အခုဆိုရင် အသင်းရဲ့ အဓိက ကစားသမား တစ်ယောက်ဖြစ်တဲ့ ကွင်းလယ် ကစားသမား မွိုက်စ် ကိုင်စီဒို ဟာလည်း ချယ်လ်ဆီးအသင်းနဲ့ ၂၀၃၃ ခုနှစ်အထိ စာချုပ်သစ် သက်တမ်းတိုးမြှင့်နိုင်ခဲ့ပါပြီ။

ပါးမား က “ချယ်လ်ဆီးအသင်းရဲ့ စီမံကိန်းဟာ ကျွန်တော်တို့ အတူတကွ လုပ်ဆောင်နေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အသင်းကချမှတ်ထားတဲ့ လမ်းကြောင်းအပေါ်မှာ ကျွန်တော်တို့အားလုံးရဲ့ သဘောထားချင်း တိုက်ဆိုင်ပါတယ်။ ကျွန်တော်တို့ အခုချက်ချင်း အနိုင်ရချင်တာပါ၊ တကယ်လို့ နွေရာသီမှာ မှန်ကန်တဲ့ ဖြည့်တင်းမှုတွေ လုပ်နိုင်မယ်ဆိုရင် လာမယ့်ရာသီမှာ အဓိကဆုဖလားတွေကို စိန်ခေါ်၊ ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ အောင်မြင်မှုတွေနဲ့ အလှမ်းမဝေးဘူးလို့ ထင်ပါတယ်။ မှန်ကန်တဲ့ နေရာတွေမှာ မှန်ကန်တဲ့ အရည်အချင်းနဲ့ ပင်ကိုယ်ပါရမီ အရည်အသွေးကေင်းတွေရှိတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်မယ်ဆိုရင် ပိုပြီးတည်ငြိမ်တဲ့ စွမ်းဆောင်ရည်မျိုးနဲ့ ယှဉ်ပြိုင်နိုင်ဖို့ လုံလောက်တဲ့ အရည်အသွေးတွေ ကျွန်တော်တို့ဆီမှာ ရှိနေပြီးသားပါ။” ဆိုပြီး ယုံကြည်မှုအပြည့်နဲ့ တုံ့ပြန်ခဲ့ပါတယ်..။



ဒါ့အပြင်သူက “ရာသီဝက်မှာ နည်းပြသစ်တစ်ဦး ခန့်အပ်လိုက်တဲ့အတွက် ရာသီကြိုပြင်ဆင်မှုပြုလုပ်ဖို့ အချိန်မရသလို လေ့ကျင့်ခန်းဆင်းဖို့လည်း အချိန်မရှိသလောက်ပါပဲ။ အသင်းကို စပြီးရောက်လာကတည်းက ပွဲစဉ်တွေအပေါ်မှာပဲ အာရုံစိုက်ခဲ့ရပါတယ်။ ဒါပေမယ့် နည်းပြရိုဆီနာ ဟာ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူသာ ကြိုတင်ပြင်ဆင်မှုတွေ အပြည့်အဝ လုပ်ခွင့်ရပြီး သူ့ရဲ့စိတ်ကူးအတိုင်း ကစားဟန်တွေကို အသေအချာ ချပြနိုင်မယ်ဆိုရင် ထိပ်တန်းနည်းပြတစ်ဦး ဖြစ်တဲ့အကြောင်း သက်သေပြနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကျွန်တော်တို့ ကစားသမားတွေဘက်ကလည်း စွမ်းဆောင်သင့်သလောက် ခြေစွမ်းပြနိုင်ပြီး၊ အသင်းအတွက် သင့်တော်၊ မှန်ကန်တဲ့ ကစားသမားတွေကို ရရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေဟာ နည်းပြရိုဆီနာ နဲ့အတူ အောင်မြင်မှုတစ်ခုခု ရယူ၊ ဖန်တီးနိုင်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်..။

ပါးမား ဟာ သူ့ရဲ့ဇာတိမြေ.. အင်္ဂလန်အနောက်မြောက်ပိုင်းဒေသက ဘဝဟောင်းကို တမ်းတနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့တော့မယ် ဆိုတဲ့ သတင်းများအပေါ် ပြတ်ပြတ်သားသား တုံ့ပြန်ပယ်ချခဲ့ပါတယ်။ သူက "လူတွေကတော့ အမျိုးမျိုးပြောနေကြတာပါပဲ။ အဲဒီသတင်းတွေကို မြင်ရင် ကျွန်တော် ရယ်ပဲရယ်နေမိပါတယ်။ မန်ချက်စတာဟာ ကျွန်တော့်ရဲ့ မွေးရပ်မြေဖြစ်ပြီး မိသားစုအားလုံး အဲဒီမှာ ရှိနေတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော် အဲဒီနေရာကို လွမ်းဆွတ်၊ တမ်းတမနေပါဘူး။ တကယ်လို့ သုံးလလောက် အိမ်မပြန်ဖြစ်ဘူးဆိုရင် လွမ်းမိကောင်း လွမ်းမိပါလိမ့်မယ်။ ဒါပေမယ့် အိမ်ပြန်ရောက်တဲ့အခါမှာလည်း အဲဒီမှာ ကျွန်တော့်အတွက် ဘာမှထူးထူးခြားခြား မရှိတော့ပါလား.. လို့ပဲ တွေးမိနေခဲ့ပါတယ်.." လို့ ပြောခဲ့ပါတယ်။

"ကျွန်တော်ဟာ ချယ်လ်ဆီးကနေ ထွက်ခွာဖို့အစီအစဉ် လုံးဝမရှိပါဘူး။ အခုရာသီမှာလည်း ကျွန်တော်တို့အတွက် ယှဉ်ပြိုင်ရမယ့် ပွဲတွေအများကြီး ကျန်ရှိနေပါသေးတယ်။ လိဒ် ယူနိုက်တက် အသင်းနဲ့ ကစားရမယ့် FA ဖလားပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲစဉ် ရှိနေသလို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့မယ်ဆိုရင် လိုအပ်နေတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းတစ်ခု ဖြစ်ထွန်းလာမှာပါ။

ကျွန်တော်တို့ အသင်းပိုင်ရှင်တွေနဲ့ စကားပြောခဲ့ပြီးပါပြီ၊ သူတို့ကတော့ အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးနိုင်မယ့် ကစားသမားတွေရဲ့အကြောင်း သေချာပေါက် သိရှိထားကြပါတယ်။ ရိစ် (ရိစ် ဂျိမ်းစ်) ဆိုရင်အသင်းပိုင်ရှင်တွေ၊ ဒါရိုက်တာတွေနဲ့ မဆွေးနွေးဘဲ ခြောက်နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ကို လက်မှတ်ရေးထိုးမှာ မဟုတ်ပါဘူး။

ကျွန်တော်နဲ့ ရိစ် တို့ဟာ အသင်းမှာ လိုအပ်နေတဲ့အရာတွေ၊ ခေါ်ယူရမယ့် ကစားသမားတွေအပြင် ဘယ်လိုဖြစ်သင့်တယ် ဆိုတဲ့ အခြေအနေတွေအပေါ် အများကြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ သူဟာ အသင်းမှာ ဘာတွေဖြစ်ပျက်နေတယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိဘဲနဲ့ စာချုပ်သစ်ချုပ်ဆိုမှာ မဟုတ်ပါဘူး"
ဆိုပြီး ဆက်လက်ပြောကြားခဲ့ပါတယ်။



ပါးမား ကတော့ အသင်းနဲ့ ၂၀၃၃ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါသေးတယ်။ သူ့ရဲ့အသင်းအပေါ် သစ္စာရှိမှုကို ပိုမိုခိုင်မာစေတဲ့ သက်သေပြချက်တစ်ခုကတေ့ မကြာသေးမီကပဲ အသင်းရဲ့လေ့ကျင့်ကွင်းတည်ရှိရာ ဆာရေး (Surrey) အရပ်မှာ အိမ်တစ်လုံး ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတော့ တောင်ပိုင်းသားတွေဟာ "စိတ်ကူးပေါက်ရာ လျှောက်လုပ်တတ်သူတွေ (Moody)” ဖြစ်တယ်ဆိုပြီး ၎င်းသည် သတင်းထောက်အချို့ကို ပြောကြားခဲ့ဖူးပါတယ်။

အခုအချိန်မှာတော့ သူ့ရဲ့အမြင်တွေ ပြောင်းလဲသွားခဲ့ပါပြီ။ ပါးမား က "တကယ်လို့ ကျွန်တော့်လို မန်ချက်စတာကလူနဲ့ နောက်ထပ် မန်ချက်စတာက လူတစ်ယောက်နဲ့သာဆိုရင် ကျွန်တော်တို့ဟာ ဒီအခန်းထဲမှာ စကားတစ်ခွန်းမှမပြောဘဲ ထိုင်နေကြမှာပါ။ အခုတော့ တောင်ပိုင်းသားတွေကို ကျွန်တော် သဘောကျလာပါပြီ။ သူတို့က ခင်ဗျားကို အမြဲတမ်း စကားတွေ တတွတ်တွတ် ပြောနေကြတာလေ။" ဆိုပြီး ပြောပါတယ်။ ဒါဆိုရင် သူတို့ကို စကားပြောရပ်စေချင်တဲ့ အခါမျိုးတွေရော ရှိပါသေးလား? လို့ မေးမြန်းရာမှာတော့ သူက "No.. မရှိပါဘူး၊ ဒါပေမယ့် ဘယ်သူပြောနေတာလဲ? ဆိုတဲ့အပေါ်မှာတော့ မူတည်မှာပေါ့.. ဟားဟား.." ဟူ၍ ပြုံးရယ်လျက် ဖြေကြားခဲ့ပါတယ်..။

သူဟာ လူငယ်တစ်ဦးပဲ ဖြစ်သေးတယ် ဆိုတဲ့အချက်ကို မေ့လျော့နေဖို့ ခဲယဉ်းလှသော်ငြား ကြယ်ပွင့်ကစားသမား တစ်ယောက်အဖြစ် ထင်ပေါ်ကျော်ကြားမှုကို အလွန်အမင်း လိုလားသူတော့ မဟုတ်ပါဘူး..။ ပြီးခဲ့တဲ့နွေရာသီမှာ နယူးယောက်မြို့အနှံ့တွင် သူ့ရဲ့ပုံပါရှိတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေကို နေရာအနှံ့ တွေ့မြင်ခဲ့ရပါတယ်။ လမ်းပေါ်မှာလူတွေက သူ့အပေါ် အာရုံစိုက်၊ စောင့်ကြည့်နေကြရတဲ့ အကြောင်းရင်းကို နားလည်လာခဲ့ပြီ ဆိုပေမယ့် အခြားသူတွေနည်းတူ သာမန်လူတစ်ယောက် အဖြစ်နဲ့သာ ခံယူထားကြောင်း ပါးမား က ပြောပါတယ်။

ဒါပေမယ့် ကွဲပြားခြားနားတဲ့အချက်ကတော့ လူအများရဲ့ အာရုံစိုက်မှုကို ခံရခြင်းပဲ ဖြစ်ပါတယ်။ မန်ချက်စတာ စီးတီးအသင်းမှာတုန်းက နည်းပြကြီး ပက်ပ် ဂွာဒီယိုလာ ဟာ သူ့ကိုပွဲထွက်ခွင့်ပေးမယ့်အချိန်ကို စောင့်ဆိုင်းရင်း စိတ်ကုန်လာခဲ့ပြီးတဲ့နောက် ပါးမား အတွက် အရာရာတိုင်းဟာ အဆင်ပြေ ချောမွေ့စွာ ပြောင်းလဲသွားခဲ့ပါတယ်။ သူဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး နည်းပြမော်ရီစီယို ပိုချက်တီနို ရဲ့ လက်အောက်မှာ လွတ်လွတ်လပ်လပ် ကစားခွင့်ရရှိခဲ့ပါတယ်..။



အိမ်ကွင်းပွဲစဉ် နှစ်ပွဲဆက်တိုက် ဟက်ထရစ်ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး အနောက်လန်ဒန်အသင်းနဲ့ ပထမဆုံးရာသီကို ပြိုင်ပွဲစုံသွင်းဂိုး (၂၅) ဂိုးနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် PFA ရဲ့ ‘တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု’ ကို ဆွတ်ခူးရရှိခဲ့သလို၊ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း အင်္ဂလန်အသင်းတဲ့ တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာလည်း သူဟာအောင်မြင်မှုတွေ ထပ်မံရရှိခဲ့ပါတယ်။ ဘရိုက်တန်အသင်းနဲ့ပွဲစဉ် ပထမပိုင်းမှာပဲ လေးဂိုးသွင်းယူခဲ့ပြီး ကွန်ဖရင့်လိဂ် ဗိုလ်လုပွဲအဖြစ် ရီးရဲလ် ဘက်တစ်နဲ့ ပွဲစဉ်မှာလည်း ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကလပ်အသင်းများ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိစေတဲ့ အံ့မခန်း အဝေးကန်ချက် နှစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။

လောကကြီးက ပါးမား ရဲ့ ခြေဖျားအောက်ကို ရောက်ရှိလာတဲ့အချိန်မှာပဲ သူ့ရဲ့ခန္ဓာကိုယ်က သူ့ကိုပြန်ဒုက္ခ ပေးခဲ့ပါတယ်။ နာတာရှည် ပေါင်ခြံဒဏ်ရာကြောင့် သူ့ရဲ့ကစားနိုင်စွမ်း ကန့်သတ်ခံခဲ့ရပြီး အတက်အကျများနေတဲ့ အခုဘောလုံးရာသီမှာ ပထမဆုံး ဂိုးဖန်တီးမှုကို ဇန်နဝါရီလရောက်မှသာ စတင်ပြုလုပ်နိုင်ခဲ့ပါတယ်။

ပါးမား က “အဲဒီဒဏ်ရာမျိုးဟာ သက်သာမယ့်အချိန်ကို အတိအကျ ပြောလို့မရတဲ့ဒဏ်ရာ ဖြစ်ပါတယ်။ ရက်သတ္တပါတ် ရှစ်ပတ်လောက် ကြာမယ်လို့ ခန့်မှန်းလို့ရတဲ့ ကြွက်သားဒဏ်ရာနဲ့ မတူပါဘူး။ စက်တင်ဘာလ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ကျွန်တော်ပြန်ကစားခဲ့ပြီး ပွဲပြီးခါနီးမှာ အခုဒဏ်ရာကို ထပ်ရခဲ့တာပါ။ ပွဲချိန် (၉၄) မိနစ်မှာ ဘောလုံးကို ဖြတ်တင်ဖို့ကြိုးစားရင်း တစ်ခုခုဖြစ်သွားပြီဆိုတာ သိလိုက်ပါတယ်။ အဲဒီနောက် ယူနိုက်တက်နဲ့ပွဲမှာ ကျွန်တော် ပါဝင်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ပြေးဖို့၊ လမ်းလျှောက်ဖို့တောင် မရတဲ့အထိ ဖြစ်သွားခဲ့တာပါ” လို့ ပြောပါတယ်။



'ဘယ်လောက်ကြာကြာ အနားယူရမလဲ? ဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။ အထူးကုဆရာဝန်နဲ့ သွားပြတဲ့အခါမှာ ရက်သတ္တပါတ် (၁၀) ပတ်ကနေ (၁၂) ပတ်လောက် အနားယူရနိုင်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ (၁၂) ပတ် ကြာတဲ့အထိ မသက်သာသေးပဲ ဒဏ်ရာနဲ့ပဲ ဆက်ကစားနေခဲ့ရတာပါ” ဆိုပြီး သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။

အဲဒီအခက်အခဲဟာ ပါးမား အတွက် အသစ်အဆန်း ဖြစ်နေခဲ့ပါတယ်။ “ဒီလိုဒဏ်ရာမျိုး တစ်ခါမှ မရခဲ့ဖူးပါဘူး။ ကျွန်တော်ဟာ ကွင်းဘေးမှာ သုံးလကျော်လောက် ထိုင်နေခဲ့ရပါတယ်။ ဒီဇင်ဘာလအစောပိုင်း လိဒ် အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ကျွန်တော် ပြန်လည်ပါဝင်ခဲ့ပါတယ်။ မိနစ် (၃၀) လောက် ကစားခဲ့ရပေမယ့် အမြန်နှုန်းနဲ့ အရှိန်တင်ပြေးလို့တောင် မရခဲ့ပါဘူး။ ဘောလုံးကို ပေးရုံလောက်ပဲ လုပ်နိုင်ခဲ့တာပါ။

ဘောလုံးကို အနီးပေးလောက်ပဲ ကန်လို့ရခဲ့ပါတယ်..။ အဝေးဘောတွေ မကန်နိုင်သလို ဂိုးထဲကန်သွင်းမယ့် အပြင်းကန်ချက်တွေလည်း မကန်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် အရမ်းကစားချင်နေခဲ့တာပါ။ ကစားဖို့ ကြိုးစားခဲ့ပေမယ့် အရာအားလုံ်ဟာ ထူးဆန်းနေခဲ့ပါတယ်”
လို့ ပါးမား က ပြောပါတယ်။ တကယ်တော့ ကိုယ်ကိုယ်ကို အတင်းအကျပ် ကစားစေခဲ့ခြင်းဟာ သူ့အတွက် အကျိုးမရှိခဲ့ပါဘူး..။ “အဲဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲ? ကျွန်တော် မသိခဲ့ပါဘူး။ အဲဒါကြောင့်လည်း ဒဏ်ရာဟာ ပိုဆိုးသွားတာ ဖြစ်နိုင်ပါတယ်” ဆိုပြီး ဝန်ခံခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ပါးမား ဟာ ခြေစွမ်းမပြနိုင်ပဲ ရုန်းကန်နေရတဲ့ပုံစံ မကြာခဏ မြင်တွေ့နေခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြချုပ် သောမတ်စ် တူခယ်လ် ကတော့ မတ်လအစောပိုင်း အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်ကျမှသာ သူ့ရဲ့ သွက်လက်တဲ့အရှိန်အဟုန် ပြန်လည်ရရှိလာခဲ့တယ်.. လို့ သုံးသပ်ခဲ့ပါတယ်။

ပါးမား ကတော့ လွန်ခဲ့တဲ့ ရက်သတ္တပါတ်အနည်းငယ်… မကြာသေးတဲ့အချိန်ကမှသာ စိတ်လွတ်ကိုယ်လွတ် ပြန်လည်ကစားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်..။ "အခုတော့ ကျွန်တော်အဆင်ပြေသွားပါပြီ။ အဓိကကတော့ ကစားပွဲရဲ့ အရှိန်အဟုန်ကို ပြန်လည်ရှာဖွေနိုင်ဖို့နဲ့ အရင်လိုခြေစွမ်း ပြန်လည်ရရှိနိုင်ဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ချယ်လ်ဆီးအသင်းကို စတင်ရောက်ရှိကတည်းက ကျွန်တော်ဟာ ခြေစွမ်းပြနိုင်ခဲ့တပါ။ ပြီးခဲ့တဲ့ရာသီကလည်း ပရီးမီးယားလိဂ် ပွဲ (၂၀) မှာ (၁၄) ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဂိုးတွေသွင်းခဲ့ပါတယ်။ အဲဒီအရည်အသွေးတွေဟာ ဒီအတိုင်း ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေ ဆုံးရှုံးသွားတာမဟုတ်ပဲ ဒဏ်ရာကြောင့် ကစားရခက်နေခဲ့တာပဲ ရှိတာပါ” ဆိုပြီး ပါးမား က ပြောပါတယ်။



ကြံ့ခိုင်မှု တစ်ဝက်တစ်ပျက်သာ ရှိနေပေမယ့် သူဟာအခုဘောလုံးရာသီမှာ ဆယ်ဂိုးအထက် သွင်းယူနိုင်ခဲ့ပါပြီ..။ အဲဒီလို စွမ်းဆောင်ရည်တွေကြောင့် သောမတ်စ် တူခယ်လ် ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းမှာပါဝင်ဖို့ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါးမား ဟာ သူ့ရဲ့စွမ်းဆောင်ရည် အဆင့်အတန်းအပေါ် ကျေနပ်မှုရှိခဲ့ပါတယ်။ ဥရုဂွေးအသင်းနဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ်လို့ ခံစားခဲ့ရပေမယ့် ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲဟာ ခက်ခဲခဲ့တဲ့ညတစ်ည ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

“အခုတော့ ရာသီကုန်ဖို့ ကျန်ရှိနေတဲ့ နောက်ဆုံးရက်သတ္တပါတ်တွေ အပေါ်မှာပဲ အာရုံစိုက်သွားမှာပါ” လို့ ပါးမား က ဆိုပါတယ်။ “ကျွန်တော် ကောင်းကောင်းသိထားတဲ့ ကျွန်တော့်ရဲ့ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိအောင် အစွမ်းကုန် ကြိုးစားသွားပါမယ်။ ဒါ့အပြင် အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို လိုက်ပါသွားခွင့်ရနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။” အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးကွင်းအတွင်း တူခယ်လ် က ပါးမား ကို ဖက်လဲတကင်း ရှိနေခဲ့တဲ့ ပုံရိပ်များစွာ ထွက်ပေါ်ခဲ့ပါတယ်။ “ဟုတ်ပါတယ်၊ ကျွန်တော်ပျော်ရွှင်နေတဲ့အခါ ကျွန်တော့်ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ပါတယ်” လို့ ပါးမား က ပြောကြားခဲ့ပါတယ်..။ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းကလည်း သူ့ကိုဆက်လက်ပြီး ပျော်ရွှင်နေစေအောင် စီမံပေးဖို့ ရည်ရွယ်ထားမှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(The Gurdian သတင်းဌာနမှ ဆောင်းပါးရှင် Jacob Steinberg ၏ ‘I’ve got no plans to move’: Cole Palmer on being happy at Chelsea and his World Cup ambitions’ ဆောင်းပါးကို ဘာသာပြန်၊ တင်ဆက်ပါသည်..။)