feature-image

လိဒ် ယူနိုက်တက်အသင်းနှင့် ပွဲအပြီး ကာလမ် မက်ခ်ဖာလိန်း နှင့် တွေ့ဆုံခြင်း

မနေ့က ဝင်ဘလေ ကစားကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် လိဒ် ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်အပြီး TNT Sports သတင်းဌာနမှ ဂျိုး ကိုးလ်၊ စတီဗင် ဂျရတ် နှင့် ဂျာမိန်း ဘက်ခ်ဖို့ဒ် တို့၏ မေးမြန်းချက်များကို ချယ်လ်ဆီးအသင်း ယာယီနည်းပြ ကာလမ် မက်ခ်ဖာလိန်း  အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်..။

လော်ရာ ဝုဒ် – ဟုတ်ကဲ့ပါရှင့်..။ ပထမဦးဆုံးအနေနဲ့ ကျွန်မတို့နဲ့အတူ လာရောက်၊ ပူးပေါင်းပေးတဲ့အတွက် ကာလမ်ကို အထူးကျေးဇူးတင်ရှိတဲ့အကြောင်း အရင်ဆုံး ပြောကြားလိုပါတယ်။ ချယ်လ်ဆီးအသင်း ကစားသမားတွေနဲ့အတူ အောင်ပွဲခံနေကြတဲ့ အဝတ်လဲခန်းထဲကနေ ကျွန်မတို့ ရှင့်ကို ခေါ်ထုတ်လာခဲ့တာပါ.. ဟားဟား..။ ဒီနေ့ပွဲမှာ ရှင်တို့ပြသခဲ့တဲ့ စွမ်းဆောင်ရည်ဟာ ကစားသမားတွေ အတွက်တင်မကဘဲ ပရိသတ်တွေအတွက်ပါ ဘယ်လောက်တောင် စိတ်သက်သာရာရစေလဲ? ဆိုတာ ပြောပြပေးပါဦး..

ကာလမ် မက်ခ်ဖာလိန်း - ဟုတ်ကဲ့၊ "စိတ်သက်သာရာရမှု" ဆိုတာကတော့ အမှန်ကန်ဆုံး စကားလုံးပါပဲ။ ဒီနေ့ပွဲမကစားခင်မှာ ကတည်းက ယုံကြည်မှုရှိခဲ့ကြပါတယ်။ ပြီးခဲ့တဲ့သုံးရက်အတွင်းမှာ အသင်းအစည်းအဝေးတွေ၊ လေ့ကျင့်ခန်း အစီအစဉ်တွေနဲ့ အကောင်းဆုံးပြင်ဆင်နိုင်ခဲ့သလို ကစားသမားတွေရဲ့ အခြေအနေကလည်း ကောင်းမွန်နေခဲ့ပါတယ်။ ဒါပေမယ့် ပွဲအခြေအနေကို ကြိုမသိနိုင်တာကြောင့် ကျွန်တော်တို့ဟာ အသင်းရဲ့ ဆိုးရွားနေတဲ့ အခြေအနေကို ပြောင်းလဲပစ်ဖို့ အမှန်တကယ်ကို အားခဲထားခဲ့တာပါ။ အခုတလောမှာ ကျွန်တော်တို့တွေဟာ ပုံစံကောင်း ပျောက်ဆုံးနေခဲ့တာကြောင့် အခုလိုအနိုင်ပွဲ ရရှိတာဟာ တကယ်ပဲ စိတ်သက်သာရာ ရစေပါတယ်။



လော်ရာ ဝုဒ် – ရှင်ဟာချယ်လ်ဆီးအသင်းကို အရင်ကလည်း အခုလိုတာဝန်ယူခဲ့ဖူးတာကို သိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပါတ်အတွင်းမှာ ရှင့်အတွက် အရာရာဟာ ဘယ်လောက်တောင် ရုတ်ချည်းပြောင်းလဲ သွားခဲ့လဲ.. ဆိုတာ သိပါရစေ

ကာလမ် မက်ခ်ဖာလိန်း - ဟုတ်ကဲ့ပါ..။ ပြီးခဲ့တဲ့ဇန်နဝါရီမှာတုန်းက အသင်းကိုတစ်ပါတ်လောက် တာဝန်ယူခဲ့ဖူးတာကြောင့် ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်မယ်.. ဆိုတာ ကျွန်တော် သိထားခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်ဟာ ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားသလို သူတို့နဲ့အတူ လက်တွဲခဲ့တာ (၃) လ၊ (၄) လလောက် ရှိပြီဖြစ်လို့ အရင်တစ်ခေါက်ထက်စာရင် ပိုပြီးလွယ်ကူပါတယ်

ပြီးတော့ လက်ရှိမှာလည်း ကျွန်တော်ဟာ အသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါဝင်နေဆဲ ဖြစ်တာကြောင့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ၊ အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ဘာတွေလိုအပ်နေလဲ? ဆိုတာနဲ့ သူတို့တွေကို စိတ်ဓါတ်ပိုင်းအရ ဘယ်လိုမြှင့်တင်ရမလဲ? ဆိုတာတွေကို နားလည်ထားပါတယ်။ အလုပ်တွေကတော့ ပြင်းထန်ပြီး များပြားခဲ့ပေမယ့် အရင်တစ်ခေါက်လောက်တော့ ကမောက်ကမ မဖြစ်ခဲ့ဘူးလို့ ထင်ပါတယ်။

စတီဗင် ဂျရတ် – ဒီနေ့ပွဲမှာ ခင်ဗျားတို့အသင်းရဲ့ စွမ်းဆောင်ရည်မှာ အဓိကကွာခြားသွားတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ? ဒီနေ့ပွဲဗီဒီယို ပြန်မကြည့်ရသေးခင် ခင်ဗျားရဲ့လတ်တလောအမြင်ကို မေးကြည့်တာပါ..။ အခုမှ ပွဲပြီးခါစဆိုတော့ အရာရာက လတ်ဆတ်နေတုန်းပဲ မဟုတ်လားဗျ..။ ဘောလုံးခြေထဲရှိတဲ့အချိန် (with the ball) နဲ့ ကိုယ့်ရဲ့ခြေထဲ ဘောလုံးမရှိချိန်  (without the ball) တွေမှာ ဘယ်လိုအချက်တွေက ပိုပြီးကောင်းမွန်ခဲ့တယ်လို့ ထင်မိလဲ?

ကာလမ် မက်ခ်ဖာလိန်း - ကျွန်တော်တို့အသင်းကို ဘယ်လိုပုံစံနဲ့ ကစားမလဲ? ဆိုတာနဲ့ လိဒ်စ်အသင်းကို ဘယ်လိုရင်ဆိုင်မလဲ? ဆိုတာကို အရင်ဆုံး ရှင်းရှင်းလင်းလင်း ရှိနေစေချင်ခဲ့ပါတယ်..။ ဒါကြောင့် ကျွန်တော်တို့ဟာ တိကျတဲ့မူဝါဒတချို့ (principles) ကို ချမှတ်ပြီး အဲဒီအတိုင်း အတိအကျ လိုက်နာနိုင်အောင် ကြိုးစား၊ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းကို အားနည်းနေပြီလို့ထင်ပြီး သူတို့ဘက်က ပွဲအစမှာတင် ဖိအားပေးလာလိမ့်မယ် ဆိုတာ ကျွန်တော်တို့ ကြိုတင် မှန်းဆထားပါတယ်။



ဒါကြောင့်ပထမဂိုးမှာ ခင်ဗျားတို့ မြင်တွေ့ခဲ့ရတဲ့အတိုင်း ပတ်ဒရို နက်တို ကို ကွင်းလယ်အထိ ပြန်ဆင်းခိုင်းပြီး ကွင်းလယ် ကစားသမားတွေနဲ့ တခြားတိုက်စစ်မှူးတွေ ပြေးဝင်နိုင်ဖို့ နေရာလွတ်တွေ ဖန်တီးခိုင်းခဲ့ပါတယ်။ ဂိုးသမား ရောဘတ် ကိုလည်း နောက်တန်းခံစစ်ကြောင်းမှာပဲ ပေးပို့ကစားတာမျိုး မဟုတ်ဘဲ တိုက်စစ်ဇုန်ထဲကို တိုက်ရိုက်ပေးပို့နိုင်တဲ့ ရွေးချယ်ခွင့် (Direct option) ကို ပေးထားခဲ့ပါတယ်။

ပထမဆုံး ဂိုးကန်ချက်မှာတင် ကျွန်တော်တို့ အဝေးကို တိုက်ရိုက်ကန်ခဲ့တာဟာ အဲဒီအချိန်မှာ ကျွန်တော်တို့ အနည်းငယ် အားနည်းနိုင်တဲ့ အနေအထားမှာ ရှိနေတာကို သိနေခဲ့လို့ပါပဲ။ ဒါကြောင့် သူတို့ဘက်က ပေးလာမယ့် ဖိအားတွေကို လျှော့ချပစ်ချင်တာလည်း ပါပါတယ်..။ အဲဒီနောက် ဒုတိယအဆင့်အနေနဲ့ သူတို့က ခံစစ်ကြောင်းကို နောက်ဆုတ်သွားတဲ့အခါမှာ နောက်တန်းငါးယောက်တန်း (back five) ပုံစံမျိုး ဖြစ်သွားတာကြောင့် အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ ပွဲကိုစတင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

စတီဗင် ဂျရတ် – ခင်ဗျားအနေနဲ့ ပွဲကိုထိန်းချုပ်နိုင်ဖို့ အဲဒီအတိုင်း တုံ့ပြန်ခဲ့ဖို့ စိတ်ကူးခဲ့တာလား? ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ဟာ သူတို့အသင်းရဲ့ back five ခံစစ်ကြောင်းကို ပိတ်ဆို့ထားနိုင်ခဲ့ပြီး တိုက်စစ်ဆင်တဲ့အချိန်မှာ ကိုယ့်ဘက်က (၇) ယောက် vs (၅) ယောက် (7 vs 5) အသာစီးနဲ့ ဘောလုံးပိုင်ဆိုင်မှု ရယူ၊ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့် လိဒ် ယူနိုက်တက် အသင်းအနေနဲ့ ဒုတိယပိုင်းမှာ အပြောင်းအလဲတစ်ခုခု ပြုလုပ်ဖို့ လိုအပ်နိုင်တဲ့အကြောင်းကို ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

ကာလမ် မက်ခ်ဖာလိန်း - ဟုတ်ပါတယ်။ အဲဒီအတိုင်း အတိအကျပါပဲ။ ကျွန်တော်တို့ဘက်က ကိုယ့်အသင်းရဲ့ ခံစစ်ကြောင်းရှေ့မှာ ဘောလုံးကိုင်ထားချိန်တွေမှာ သူတို့ဘက်က တစ်ဦးချင်း ရှေ့တက်ပြီး (man to man) အတင်းလိုက် ဖိအားပေး လိုက်လံပိတ်ဆို့မှာ ဖြစ်တာကြောင့် အဲဒီအချိန်ဟာ အန္တရာယ်အရှိဆုံးအချိန် ဖြစ်မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။

ဒါကြောင့် အဲဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ ဘောလုံးကို အဝေးဘောတွေနဲ့ တိုက်ရိုက်ပေးပို့လိုက်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အသင်းရဲ့တိုက်စစ်မှာ ကြံ့ခိုင်မှုကောင်းတဲ့ ကစားသမားတွေ ရှိနေတာကြောင့် သူတို့အသင်းအတွက် စိုးရိမ်စရာ ဖြစ်သွားစေပါတယ်။ ဒီလိုနဲ့သူတို့ဘက်က ခံစစ်ကိုဦးစားပေးဖို့ နောက်ကိုဆင်းသွားတဲ့အချိန်မှာ ကျွန်တော်တို့ကစားဖို့ နေရာလွတ်တွေ ပိုပြီးရလာပါတော့တယ်။

နောက်ပြီး အင်ဇို ရဲ့ နေရာယူပုံကလည်း တကယ်ကို ပြောင်မြောက်ခဲ့တယ်ဗျ..။ သူကဘေးဘက်ကို ဆွဲထွက်ပြီး ပြိုင်ဘက်အသင်းရဲ့ ညာတောင်ပံကစားသမားတွေကို တိုက်စစ်လိုက်ပါမှု မပြုလုပ်နိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းရဲ့  တိုက်စစ် build up play မှာ ကစားသမား တစ်ယောက် အပိုရရှိခဲ့ပြီး ပွဲကိုထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားတွေဟာ ကျွန်တော်တို့ရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ အကောင်အထည်ဖော်နိုင်ခဲ့တဲ့အပေါ် တကယ်ပဲ ကျေနပ်မိပါတယ်။



ဂျိုး ကိုးလ် – အင်ဇို ဖာနန်ဒက်စ်အကြောင်း နည်းနည်းမေးချင်ပါတယ်..။ ခင်ဗျားဟာ ပြီးခဲ့တဲ့တစ်ခေါက် ယာယီနည်းပြအဖြစ် တာဝန်ယူစဉ်တုန်းကလည်း သူဟာအသင်းအတွက် တကယ့်ကို ထူးချွန်၊ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့သလို ဒီနေ့ပွဲမှာလည်း အကောင်းဆုံးခြေစွမ်း ပြသခဲ့ပါတယ်။ ခင်ဗျားတို့အသင်းမှာ အခုလိုခေါင်းဆောင်မှုပေးနိုင်တဲ့ ကစားသမားမျိုး ရှိနေတာဟာ ကောင်းမွန်တဲ့အချက်ပဲ မဟုတ်လားဗျ..? သူဟာ နည်းပြအလိုရှိတဲ့အရာတွေကို နားလည်သဘောပေါက်ပြီး ကွင်းအတွင်းမှာ အကောင်းဆုံး အကောင်အထည် ဖော်ပြနိုင်တဲ့ ကစားသမားမျိုးလို့ ထင်မိတာပဲ..

ကာလမ် မက်ခ်ဖာလိန်း - တကယ့်ကို ကောင်းမွန်တဲ့ ထောက်ပြချက်တစ်ခုပဲဗျ..။ သူဟာ နည်းစနစ်ပိုင်းအရ နည်းပြအလိုရှိတဲ့ အရာတွေကို သေချာပေါက်လုပ်ဆောင် ပေးနိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာ သူ့ဆီကနေ အထင်ကြီးစရာ အကောင်းဆုံးအချက်ကတော့ နည်းစနစ်ပိုင်းတွေထက်စာရင် လိဒ်စ်အသင်းရဲ့ ဖိအားပေးမှုတွေကြားမှာ သူပြသခဲ့တဲ့ အနိုင်မခံ၊ အရှုံးမပေး တိုက်ပွဲဝင်လိုစိတ်ပါပဲ။ သူဟာ တကယ့်ကို တိုက်ပွဲဝင်စိတ် အပြည့်ရှိတဲ့သူ တစ်ယောက် ဖြစ်ပါတယ်..။

အခက်အခဲတွေနဲ့ ရင်ဆိုင်နေတဲ့အချိန် ကျွန်တော်တို့အသင်းမှာ ပြည့်စုံတဲ့ကစားကွက်မျိုး မရှိခဲ့ရင်တောင် သူဟာအသင်းအတွက် ပြေးလွှားမယ်၊ တွန်းတိုက် ကစားမယ်၊ မရမက အတင်းလိုက် ဖျက်ထုတ်မယ်၊ နောက်ပြီးတခြားအသင်းဖော်တွေကိုလည်း ရှေ့ဆုံးကနေ မားမားမတ်မတ် ဦးဆောင်၊ တွန်းအားပေးနိုင်ပါတယ်။ အဲဒီအချက်တွေဟာ ဒီနေ့ပွဲရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ခဲ့တဲ့ အဓိကအချက်လို့ ကျွန်တော်ထင်ပါတယ်။

ဂျိုး ကိုးလ် – ဟုတ်ပါတယ်။ အဲဒီလို ပြင်းပြတဲ့ စိတ်ဓါတ်တွေကပဲ ပွဲရဲ့ အလှည့်အပြောင်းတွေကို ဖန်တီးပေးလေ့ရှိတာပါ။ နည်းစနစ်ပိုင်းအရ ဘယ်လောက်ပဲ စိတ်ကြိုက် ခင်းကျင်းထားပါစေ.. တခါတလေကျရင် ပွဲအခြေအနေ အရမ်းရှုပ်ထွေး၊ ခက်ခဲလာတဲ့အခါမျိုးမှာ အခုလိုကစားသမားမျိုး ရှိနေဖို့ပ လိုအပ်ပါတယ်။ ဒါနဲ့ လာဗီးယား အကြောင်းလည်း မေးပါရစေဦးဗျ..။ ဒီနေ့မှာတော့ သူဟာ မိနစ် (၆၀) လောက် ကစားနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းအတွက် အပြုသဘောဆောင်တဲ့ လက္ခဏာတစ်ခုပဲ မဟုတ်လားဗျ?

ကာလမ် မက်ခ်ဖာလိန်း - ဟုတ်ပါတယ်၊ သိပ်ကိုအရေးပါတဲ့ အချက်ပါပဲ..။ သူဟာ ဒဏ်ရာပြဿနာတွေ အများကြီး ကြုံတွေ့ခဲ့ရပြီးနောက် အခုမှပုံစံကောင်းရဖို့ တဖြည်းဖြည်းချင်း ကြိုးစားနေရဆဲအချိန် ဖြစ်ပါတယ်..။ ရိုမီယို ကို ကျွန်တော် သိလာတာကြာပါပြီ..။ ကျွန်တော်ဟာ လွန်ခဲ့တဲ့ငါးနှစ်လောက်က မန်ချက်စတာ စီးတီး လူငယ်အသင်းမှာ သူ့နဲ့အတူ လက်တွဲခဲ့ဖူးပါတယ်။ ဒါကြောင့် သူ့ရဲ့အဆင့်အတန်းနဲ့ အရည်အချင်းကို ကျွန်တော် ကောင်းကောင်းသိပါတယ်။

ဒါ့အပြင်ကျွန်တော်တို့အသင်းမှာ အန်ဒရေ ဆန်းတို့စ်၊ ဒါရီယို အက်စ်ဆူဂို တို့လည်း ရှိနေတာကြောင့် ဘယ်သူ့ကို ထုတ်သုံးမလဲ? ဆိုတာ ဝေခွဲရ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီနေရာမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီး ရှိသလို အင်ဇိုကလည်း ကွင်းလယ်အဖျက်နေရာမှာ ကစားပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ ရိုမီယို အတွက် တကယ်ကို ဝမ်းသာမိပါတယ်..။ ပထမပိုင်းမှာတော့ သူနဲ့ မွိုက်ဆက်စ် ကိုင်စီဒို အတွဲအဖက်ဟာ တကယ်ကို ထူးခြား၊ ပြောင်မြောက်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။



ဂျာမိန်း ဘက်ခ်ဖို့ဒ် – ဟုတ်ကဲ့ပါ..။ တိုက်စစ်ပိုင်းနဲ့ ပတ်သက်ပြီး နည်းနည်းမေးကြည့်ချင်ပါတယ်..။ ခင်ဗျားတို့အသင်းမှာ ဂျာအို ပီဒရို လို ကစားသမားမျိုး ရှိနေတာဟာ အသင်းအတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ခက်ခဲတဲ့ပေးပို့မှုတွေ သူ့ဆီကို ရောက်လာချိန်မှာတောင် ဂျာအို ဟာ ဘောလုံးကို လှလှပပ ထိန်းထားပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ လိဒ် အသင်းရဲ့ ဗဟိုနောက်ခံလူ သုံးယောက်စလုံးကို သူတစ်ယောက်တည်းနဲ့ ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့တာဗျ..။ ဒုတိယပိုင်းမှာ နောက်ခံလူ နှစ်ယောက်တည်း ကျန်တော့တဲ့အချိန်မှာလည်း အဲဒီအတိုင်းပါပဲ။‌ သူ့လိုကစားသမားမျိုးကို ခင်ဗျားတို့အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းထားနိုင်တာဟာ တကယ်ပဲ စိတ်သက်သာရာ ဖြစ်စေမှာ အမှန်ပဲ..

ကာလမ် မက်ခ်ဖာလိန်း - ခင်ဗျားကိုယ်တိုင်လည်း အဲဒီနေရာမှာ ကစားခဲ့တာ ဆိုတော့ လိဒ် အသင်းလို အားနဲ့အင်နဲ့ ဖိအားပေးလာမယ့် အသင်းတွေကို ရင်ဆိုင်တဲ့အခါ အဝေးဘောတွေကို အကောင်းဆုံး ထိန်းထားပေးနိုင်မယ့် တိုက်စစ်မှူးတစ်ယောက်ဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာ သိမှာပါ။ သူတို့ဘက်က ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်လာတဲ့အချိန်တိုင်း ကျွန်တော်တို့ဘက်က တန်ပြန်တိုက်စစ်နဲ့ ပြန်လည်ထိုးဖောက်နိုင်ဖို့ ဂျာအို ဟာ အဓိကထွက်ပေါက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ခုန်နေတဲ့ ဘောလုံးတွေ ဒါမှမဟုတ် ထိန်းရတာ ခက်ခဲမယ့် ဘောလုံးတွေမှာလည်း သူ့ရဲ့ဘောလုံး ထိန်းသိမ်းမှု အရည်အသွေးဟာ တကယ်ကို ပြောင်မြောက်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာတကယ့်ကို ကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုး ရလုနီးပါး ဖြစ်ခဲ့ပါသေးတယ်..။ ဂိုးတိုင်အတွင်းဘက်ကိုထိပြီး ပြန်ထွက်သွားခဲ့လို့သာ ဂိုးမရခဲ့တာပါ။
ဂျာအို ပြန်ပါလာတာက တကယ်ကိုကောင်းပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း လီယမ် ဒီလပ် ဟာ ပြီးခဲ့တဲ့ နှစ်ပွဲလုံးမှာ ကျွန်တော်တို့အတွက် အကောင်းဆုံး ကြိုးစား၊ စွမ်းဆောင်ပေးခဲ့တာကြောင့် ယုံကြည်၊ အားကိုးရတဲ့ တိုက်စစ်မှူးနှစ်ယောက် ရှိနေတာဟာ ကျေနပ်စရာပါ။ ဒုတိယပိုင်းမှာ ပွဲအခြေအနေအရ ကျွန်တော်ဟာ အပြောင်းအလဲတွေ အများကြီးမလုပ်ချင်တာကြောင့် ရနိုင်သမျှ အချိန်အကြာဆုံးအထိ ဒီလူစာရင်းနဲ့ပဲ ဆက်သွားခဲ့တာ ဖြစ်ပါတယ်။



လော်ရာ ဝုဒ် – ကာလမ် ရေ.. အခုဆိုရင် ရှင်တို့အသင်းဟာ ဗိုလ်လုပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ရက်သတ္တပါတ် (၃) ပတ်လောက် အချိန်ရပါသေးတယ်။ ဗိုလ်လုပွဲမှာ ရှင်တို့အသင်းဟာ မန်ချက်စတာ စီးတီးနှင့် ရင်ဆိုင်ရမှာပါ..။ ပြီးခဲ့တဲ့ ဇန်နဝါရီ.. ယာယီနည်းပြအဖြစ် စတင်တာဝန်ယူခဲ့စဉ်ကလည်း မန် စီးတီးနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး သရေရလဒ် ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ရှင့်မှာ အစီအစဉ်တစ်ခု ရှိပြီးသားလို့ ပြောလို့ရမလာ်? မန် စီးတီးဆိုတာ အနိုင်မရနိုင်တဲ့အသင်း မဟုတ်ဘူးဆိုတာကို ရှင်သိထားတဲ့ပုံပါပဲ..

ကာလမ် မက်ခ်ဖာလိန်း - သူတို့အသင်းအတွက် သီးခြားအစီအမံတစ်ခုနဲ့ ရင်ဆိုင်လို့ ရနိုင်ပေမယ့် သူတို့အသင်းဟာ တကယ်ကို အံ့အားသင့်စရာကောင်းတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်..။ ကျွန်တော်တို့ကတော့ ကစားသမျှ ပွဲတိုင်းအတွက် အစီအမံတွေ အမြဲရှိပါတယ်။ ပြိုင်ဘက်တွေမှာလည်း သူတို့တွေရဲ့ သီးခြားကိုယ်စီ အစီအစဉ်တွေ ရှိကြမှာပါပဲ..။ မန် စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပုံစံကောင်းတွေ ရရှိနေတဲ့ ထိပ်တန်းအသင်းကြီး တစ်သသင်းဖြစ်တာကြောင့် သူတို့တွေနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်ဟာ သိပ်ကိုကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာပါ။

ဒါပေမယ့် ကျွန်တော့်ကစားသမားတွေရဲ့ ထူးခြားချက်တစ်ခုက ပွဲကပိုကြီးလေ၊ ပြိုင်ဘက်အသင်းရဲ့ အခြေအနေ ပိုပြီးခက်ခဲလေလေ၊ သူတို့ရဲ့ စွမ်းဆောင်ရည် ပိုပြီးကောင်းမွန် မြင့်တက်လာလေလေပါပဲ။
အဲဒီထူးခြားချက်ကို ပီအက်စ်ဂျီအသင်းနဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက မြင်တွေ့ခဲ့ရပြီး ဖြစ်သလို အခုဘောလုံးရာသီအတွင်းမှာလည်း အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီးပါပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အစီအမံတွေ မှန်ကန်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပါပဲ.. ထိပ်တန်းအသင်းတွေနဲ့ ကစားတဲ့အခါ အစီအမံတိုင်းဟာ အမြဲတမ်း မှန်ကန်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း သိပ်ကိုအရေးကြီးပါတယ်။