feature-image

မော်ရစ္စစီယို ပိုချက်တီနို ပြောပြတဲ့ ချယ်လ်ဆီးအသင်း စီမံချက်

လက်ရှိအချိန်တွင် အမေရိကန်လက်ရွေးစင်အသင်းအား တာဝန်ယူနေသည့် အာဂျင်တီးနားနည်းပြ မော်ရစ္စစီယို ပိုချက်တီနို မှာ SkyBet မှ တင်ဆက်သည့် The Overlap: Stick to Football အစီအစဉ်တွင် ချယ်လ်ဆီးအသင်း၌ တာဝန်ယူနေခဲ့သည့် ကာလအတွင်း အသင်း၏စီမံချက်အပေါ် သူ၏နားလည်မှု၊ ကစားသမား ခေါ်ယူမှု၊ အပြောင်းအရွှေ့များတွင် ပါဝင်ခဲ့ရသည့် အနေအထား၊ အတွေ့အကြုံများနှင့် ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများကို အောက်ပါအတိုင်း ပြောပြခဲ့ပါသည်..။     

ဂယ်ရီ နဗီးလ် - ချယ်လ်ဆီးအသင်းရဲ့ စီမံချက်နဲ့ ပတ်သက်ရင် ကျွန်တော်တို့အားလုံး ဘယ်သူကမှ ပြည့်ပြည့်ဝဝ နားလည်မထားကြပါဘူး.။ ကစားသမားတွေကို (၈) နှစ်သက်တမ်းနဲ့ နှစ်ရှည်စာချုပ်ချုပ်တာ၊ လူငယ်ကစားသမားတွေကိုပဲ ခေါ်ယူတာ..၊ ဒါ့အပြင်နည်းပြကအစ သမ္ဘာရင့်နည်းပြတွေကို မခန့်တာက အစပေါ့ဗျာ..။

ခင်ဗျားက ချယ်လ်ဆီးအသင်းမှာ တာဝန်ယူခဲ့ဖူးပါတယ်..။ အခုကျွန်တော်မေးမယ့် အကြောင်းအရာကို ဖြေရခက်မယ်ဆိုတာ နားလည်ပါတယ်..၊ ဒါပေမယ့် ချယ်လ်ဆီးအသင်းကလူတွေ အမှန်တကယ်ပဲ ရူးနေကြတာလား..? ဒါမှမဟုတ် အစီအစဉ်တကျ မရှိကြတာလား..? သူတို့ဆီမှာ ရေရှည်အတွက် အစီအမံ ချမှတ်ထားတာ အမှန်တကယ်ရော ရှိနေရဲ့လား..?

မော်ရစ္စစီယို ပိုချက်တီနို - သူတို့ဆီမှာ ရေရှည်အစီအမံ ရှိပါတယ်..။ ဒါပေမယ့် အဲဒီအစီအမံဟာ အတိတ်က ချယ်လ်ဆီးအသင်းတွေ ကျင့်သုံးခဲ့တဲ့ အစီအစဉ်တွေနဲ့ ကွဲပြား၊ ခြားနားနေတဲ့ အစီအစဉ်တစ်ခု ဖြစ်နိုင်ပါတယ်..။ သူတို့ရဲ့ သွားချင်နေတဲ့ လမ်းကြောင်း၊ ရေရှည်အစီအမံတွေကို လူတိုင်းနားလည်နိုင်ဖို့ မလွယ်ဘူး.. ဆိုတာကတော့ အမှန်ပါပဲ..။ 

စိမံကိန်း အသစ်ပဲပြောပြော၊ ရေရှည် စီမံကိန်းထဲက အစီအစဉ် တစိတ်တဒေသပဲပြောပြာ အရေးအကြီးဆုံးက အဲဒီအစဉ်က ဘာကိုရည်ရွယ်လဲ? ဘယ်လိုအရာတွေကို ရရှိနိုင်ဖို့ ရည်မှန်းချက်ထားမှာလဲ..? အဲဒီရည်မှန်းချက်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်အထည် ဖော်မှာလဲ..? ဆိုတာကို နားလည်လာအောင် ရှင်းပြနိုင်ဖို့က အရေးကြီးပါတယ်..။

 
ဘောလုံးလောကမှာတော့ အဲဒီလို ရေရှည်အစီအမံတွေအကြောင်း ရှင်းပြနိုင်ဖို့က အတော်ခက်ခဲပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေက ‘ရလဒ်’ တွေကိုပဲ ကြည့်ကြတာ..၊ နားထောင်ကြတာလေ…။ နောက်ပြီးအဲဒီမှာက ဆုံးဖြတ်ချက်တွေ ချမယ့်သူတွေက သိပ်ကိုများလွန်းနေပါတယ်..။ 

ဆောက်ပ်သမ်တန်အသင်းမှာ ကျွန်တော်ရှိစဉ်တုန်းက အသင်းဥက္ကဌ နီကိုလာ ကော့တက်ဇ် ရဲ့ အကြောင်းကို အမြဲတမ်း ပြောခဲ့ဖူးပါတယ်..။ သူ့ရဲ့ရုံးခန်းထဲက white board တစ်ခု ထောင်ထားပြီး ‘ဘောလုံးအသင်းဟာ သမာရိုးကျ လုပ်ငန်းတစ်ခုနဲ့ မတူဘူး..၊ ဘောလုံးအသင်းကို အခြားလုပ်ငန်းတွေနဲ့ နှိုင်းယှဉ်လို့ မရဘူး..’ ဆိုတဲ့ စာတန်းကို ရေးထားတာဗျ..။

အခုလက်ရှိ ချယ်လ်ဆီးအသင်း ပိုင်ရှင်တွေဆီမှာ ရေရှည်အတွက် အစီအမံ ရှိပါတယ်..။ သူတို့ရဲ့အစီအစဉ်တွေကို သေသေချာချာ ရှင်းပြနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။

ဂယ်ရီ နဗီးလ် - ဒါဆိုရင် ခင်ဗျားရော နားလည်ခဲ့ရဲ့လား..?
မော်ရစ္စစီယို ပိုချက်တီနို - အခုနောက်ပိုင်းမှာကျတော့ ကျွန်တော်နားလည်ထားခဲ့တဲ့အရာတွေ ဖြစ်မလာခဲ့ဘူးဗျ..။ ကျွန်တော်မှားတာလည်း ဖြစ်နိုင်ပါတယ်..။

ဂယ်နီ နဗီးလ် - ဘာကိုဆိုလိုချင်တာလဲ..? ဆိုတာ နည်းနည်းလောက် ရှင်းပြပေးနိုင်မလား..
ရွိုင် ကိန်း - ဒါပေမယ့် အသင်းအတော်များများမှာ ပြောတဲ့အတိုင်း ဖြစ်မလာတာ များပါတယ်..။ သူတို့ဆီမှာ ရေရှည်အတွက် အစီအစဉ် ရှိတယ်လို့ ခင်ဗျားယူဆထားတယ်..၊ ပြီးတော့ ချယ်လ်ဆီးကို ခင်ဗျားရောက်သွားပါတယ်..။ အဲဒီနောက်ပိုင်းမှာ သူတို့တွေက ရည်မှန်းချက်တွေ၊ လမ်းကြောင်းတွေ ပြောင်းသွားတာလည်း ဖြစ်နိုင်တာပဲလေ…



မော်ရစ္စစီယို ပိုချက်တီနို - Yes.. ချယ်လ်ဆီးအသင်းဟာ အစဉ်အလာအရ ‘အနိုင်ရဖို့..’ ဆိုတဲ့ ရည်မှန်းချက် တစ်ခုတည်းအတွက် တည်ဆောက်ထားခဲ့တဲ့ အသင်းဖြစ်ပါတယ်…။ ချယ်လ်ဆီးကိုသွားပြီး ‘ရာသီကုန်ကျရင် အဆင့်ဘယ်လောက်ရအောင် စွမ်းဆောင်ပြပါမယ်..’ ဆိုပြီး သွားပြောလို့ မရပါဘူး..။ ကျွန်တော်သိခဲ့တဲ့ ချယ်လ်ဆီး.. ဆိုတာ ချန်ပီယံလိဂ် ဖလားရဖို့ ရည်မှန်းပြီး အတွေ့အကြုံရင့် ကစားသမားတွေ..၊ ဈေးကွက်ထဲမှာ ရှိနေတဲ့ အကောင်းဆုံး.. ဆိုတဲ့ ကစားသမားတွေကို ခေါ်ယူမယ်..၊ ပိုက်ဆံသုံးမယ်.. ဆိုတဲ့အသင်း ဖြစ်ခဲ့ပါတယ်..။

ဒါပေမယ့် အခုအသင်းပိုင်ရှင်သစ်တွေရဲ့ စီမံကိန်းကတော့ အဲဒီအတိုင်း မဟုတ်ဘူးဗျ..။ ကျွန်တော့်အတွက် ပြဿနာက အဲဒီအကြောင်းကို သေသေချာချာ ရှင်းပြနိုင်ရမယ်..၊ အရင်လိုနည်းလမ်းနဲ့ မဟုတ်ပဲ တခြားနည်းလမ်းတွေနဲ့ ရေရှည်အနာဂတ်မှာ အောင်မြင်မှုတွေ ရရှိလာအောင် လုပ်ဆောင်လို့ရတယ်.. ဆိုတာကို တခြားလူတွေ နားလည်လာအောင် လက်ခံလာအောင် လုပ်နိုင်ဖို့ လိုအပ်တာလို့ မြင်မိတာပါပဲ..။ 

အသင်းကိုကျွန်တော် မရောက်ခင် ဘောလုံးရာသီမှာ ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၁၂) ရခဲ့ပါတယ်..။ ဥရောပပြိုင်ပွဲဝင်ခွင့် မရပါဘူး..။ No ကွန်ဖရင့်စ်လိဂ်၊ No ယူရိုပါလိဂ်၊ No ချန်ပီယံလိဂ်..။ အသင်းဟာ ပိုင်ရှင်အပြောင်းအလဲ ပြုလုပ်နေဆဲ ကာလမှာပဲ ရှိနေပါသေးတယ်..။ ရှုပ်ထွေး… များမြောင်လှတဲ့ အရာတွေကို အစီအစဉ်တကျ ဖြစ်လာအောင် ပြန်လည်ပြုုလပ်နေရဆဲ ဖြစ်သလို ဦးစားပေး သတ်မှတ်ပြီး ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေလည်း ရှိနေပါတယ်..။

ချယ်လ်ဆီးကို ကျွန်တော်ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ လေ့လာတွေ့ရှိချက်တွေ၊ အသင်းရဲ့ရေရှည် အနာဂတ်အပေါ် ကျွန်တော်တို့ရဲ့ ရှုမြင်၊ သုံးသပ်ပုံတွေအရ အသင်းကိုပုံမှန်အတိုင်း ဖြည်းဖြည်းချင်းနဲ့ တိုးတက်အောင် ဆောင်ရွက်သွားသင့်တယ်.. လို့ပဲ ယူဆခဲ့ကြပါတယ်..။ Yes.. အရည်အသွေးပိုင်းမှာ ထပ်မံဖြည့်တင်းဖို့ လိုအပ်တာတွေ ရှိတယ်.. ဆိုတာ သဘောတူပါတယ်..၊ ဒါပေမယ့် လူတွေလိုချင်နေတဲ့ အမြန်နှုန်းလောက်နဲ့ သွားဖို့တော့ မဖြစ်နိုင်ဘူးပေါ့ဗျာ..။ ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆိုရင် တိုးတက်မှုနှုန်းဟာ ကျွန်တော်တို့ မျှော်မှန်းသလောက်တောင် မရခဲ့တဲ့အပေါ် စိတ်ပျက်ခဲ့ရပါတယ်..။

ဘောလုံးရာသီရဲ့ အဆုံးသတ်ပိုင်း (၅) ပွဲ၊ (၆) ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး အဆင့် (၆) နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်..။ Carabao ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ ရောက်ခဲ့ပြီး FA ဖလားပြိုင်ပွဲမှာတော့ အကြိုဗိုလ်လုပွဲအဆင့်မှာ မန်ချက်စတာ စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်..။ တကယ်တမ်းမှာ အဲဒီနှစ်ပွဲစလုံး အနိုင်ရသင့်ခဲ့ပါတယ်..။ ဒါဆိုရင် Carabao ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲပြီး နောက်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ ရောက်မယ်.. ပေါ့ဗျာ..။ ဒါပေမယ့် ကျွန်တော်တို့အသင်းမှာ အတွေ့အကြုံပိုင်း အားနည်းချက် ရှိခဲ့တာကြောင့် အနိုင်မရခဲ့တာပါ..။

စီမံချက်တစ်ခုလုံးအနေနဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေခဲ့ပါတယ်..။ ဒါပေမယ့် ရာသီကုန်ပြီးနောက်ပိုင်း အဖြစ်အပျက်တွေဟာ ကျွန်တော်တို့ သွားချင်တဲ့လမ်းကြောင်းနဲ့ ကိုက်ညီမှု မရှိခဲ့ပါဘူး..။ အဲဒါနဲ့ ‘လမ်းခွဲတာ ပိုကောင်းတယ်..’ လို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်..။ အသင်းဘက်က သူတို့လုပ်ချင်တဲ့ ဆန္ဒအတိုင်း စိတ်ကြိုက်ဆက်လုပ်လို့ ရသွားတာပေါ့..။ ဒါပါပဲ..။



ဂယ်ရီ နဗီးလ် - ကစားသမားတွေကို ခေါ်ယူတဲ့အခါမှာ သူတို့ဘက်က နည်းပြကို ပါဝင်ခွင့် မပေးခဲ့တာကြောင့်လား..? တော့တင်ဟမ်အသင်းကို ခင်ဗျားရောက်လာခါစက ပထမဆုံး တွေ့ဆုံခန်းမှာ မြင်ခဲ့ရတဲ့ အခြေအနေလေးကို အခုအချိန်ထိ မှတ်မိနေပါသေးတယ်..။ ခင်ဗျားရဲ့ရုံးခန်းထဲက white board ပေါ်မှာ ဘယ်ဘက်ခြမ်းမှာ ကစားသမားအုပ်စုတစ်ခု ရေးထားတယ်..၊ ညာဘက်ခြမ်းမှာ နောက်ထပ်အုပ်စုတစ်ခု..။ ခင်ဗျားမှတ်မိသေးတယ်မလား..?
မော်ရစ္စစီယို ပိုချက်တီနို - ဒါပေါ့.. မှတ်မိပါသေးတယ်..။

ဂယ်ရီ နဗီးလ် - ပြီးတော့ ခင်ဗျားဆက်ပြောပါတယ်..။ ဘယ်ဘက်ခြမ်းက ကစားသမားအုပ်စုဟာ ရေရှည်အနာဂတ်မှာ အသင်းနဲ့အတူ ရှေ့ဆက်ရမယ့် ကစားသမားတွေဖြစ်တယ်..၊ တခြားဘက်က ကစားသမားတွေကတော့ လာမယ့်နှစ်တွေကျရင် အသင်းက ထွက်ရမယ့်သူတွေပဲ..။ အဲဒီအချိန်တုန်းက ခင်ဗျားဟာ ရှေ့လာမယ့် နှစ်နှစ်စာအတွက် ကြိုတင် အစီအစဉ် ဆွဲထားခဲ့ပါတယ်..။ ခင်ဗျားဟာ

ချယ်လ်ဆီးမှာလည်း အဲဒီလိုလုပ်ချင်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ တစ်ကြိမ်တည်းနဲ့ ကစားသမား (၅) ယောက်၊ (၁၀) ယောက် ခေါ်ယူခဲ့တာဆိုတော့ ခင်ဗျားအတွက် သိပ်ကိုမြန်ဆန်လွန်းတယ်.. လို့ ယူဆခဲ့တာလား..?

မော်ရစ္စစီယို ပိုချက်တီနို - မျှမျှတတ ပြောရမယ်ဆိုရင် အသင်းကိုရောက်လာခါစတုန်းက သူတို့တွေရဲ့ အစီအမံတွေ အားလုံးကို ထောက်ခံခဲ့ပါတယ်..။ အသင်းနဲ့ လက်မှတ်ထိုးအချိန်မှာ ကစားသမားတွေကို ခေါ်ယူခဲ့ပြီးသားပါ..။ ကျွန်တော်ပါဝင်ခဲ့တဲ့ ခေါ်ယူမှု.. ဆိုလို့ ‘အက်ဆယ်လ် ဒီဆာဆီ..’။ ရာသီကြိုပွဲစဉ်မှာ ဝက်စ်လေ ဖိုဖားနား ဒဏ်ရာရခဲ့တာကြောင့် သူ့ကိုခေါ်ဖို့ ကျွန်တော်တိုက်တွန်းခဲ့ပါတယ်..။ နောက်တစ်ယောက်က ‘ကိုးလ် ပါးမား’ ပါ..။

ကျွန်တော်မှတ်မိတာ မမှားဘူး.. ဆိုရင် ကစားသမားခေါ်ယူတဲ့ ဆုံးဖြတ်ချက်တွေမှာ ကျွန်တော်တို့ ပါဝင်ခဲ့တာ သူတို့နှစ်ဦးပဲ ရှိခဲ့ပါတယ်..။ ကျွန်တော့်ရဲ့အယူအဆ.. ဒဿန အရဆိုရင် အသင်းရဲ့ဆုံးဖြတ်ချက်တိုင်းမှာ နည်းပြ၊.. ဒါမှမဟုတ် နည်းပြအဖွဲ့ဝင် တစ်ယောက်ယောက်တော့ ပါဝင်သင့်ပါတယ်..။ နည်းပြအဖွဲ့ဟာ အသင်းရဲ့ဆုံးဖြတ်ချက်တိုင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်သင့်ပါတယ်..။

အဲဒီလိုမှ မဟုတ်ရင် ရေရှည်မှာ မလွယ်ပါဘူး..။ မန်ချက်စတာ စီးတီးအသင်းဆိုရင် အသင်းရဲ့ ဆုံးဖြတ်ချက်တိုင်းမှာ ပက်ပ် ဂွာဒီယိုလာ ပါဝင်နေတာပဲ..။ ဒါပေမယ့် အလုပ်ဖြစ်နေတာပဲလေ..။ နည်းပြဆိုတာ အသင်းရဲ့ ချောင်ထဲမှာပဲ ထိုင်နေပြီး ‘yes’ ‘လား.. no’ လား တောင် ပြောပိုင်ခွင့်မရှိတဲ့ အနေအထား မဖြစ်သင့်ပါဘူး..။ ကစားသမားတွေ ကိုယ်ရဲ့အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ဆိုရင် နည်းပြတွေဆီမှာ လုပ်ဆောင်ပေးရမယ့် အရာတွေ အများကြီးရှိပါတယ်..။



ကစားသမားတွေဟာ နည်းပြတွေနဲ့ ဆက်နွယ်မှု၊ ဆက်ဆံရေး ကောင်းမွန်နေရပါတယ်..။ ကစားသမား တစ်ယောက်ဟာ နည်းပြအတွက် ကစားပေးနေတယ်.. ဆိုရင် အသင်းအတွက်လည်း ကစားပေးနိုင်ရမှာပေါ့..။ ဒါပေမယ့် အသင်းအတွက်ပဲ ကစားပေးပြီး နည်းပြအတွက် ကစားပေးတာ မဟုတ်ဘူး.. ဆိုတဲ့ ကစားသမားမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး..။ နည်းပြအတွက် မကစားပေးပဲနဲ့ ကစားသမား တစ်ယောက်ဟာ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး..။

ကစားသမားတွေနဲ့ နည်းပြတွေကြားမှာ စိတ်ပိုင်းဆိုင်ရာ ရင်းနှီး ဆက်နွယ်မှုတွေ၊ ဆက်ဆံရေးတွေ ကောင်းမွန်နေရပါမယ်..။ အဲဒါပြီးမှ ပရိသတ်တွေအတွက်၊ အသင်းအတွက် ကစားပေးတယ်.. စသဖြင့်ပေါ့ဗျာ…။ အဲဒီဆက်ဆံရေးဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ရမယ်..၊ မှန်ကန်တဲ့ဆက်ဆံရေး ဖြစ်ရပါမယ်..။

ဂယ်ရီ နဗီးလ် - ချယ်လ်ဆီးမှာ အင်မတန်အာရုံနောက်ရလား..? ဆိုလိုချင်တာက အသင်းရဲ့ကိစ္စတွေမှာ တစ်ယောက်တစ်မျိုး ပါဝင်စွက်ဖွက်မှုတွေ များတာလား..? ဘာဖြစ်လို့လည်းဆိုတော့ ‘ချယ်လ်ဆီးမှာ ဆုံးဖြတ်ချက်တွေ ချမယ့်သူတွေက သိပ်ကိုများလွန်းတယ်..’ လို့ အစောပိုင်းမှာ ခင်ဗျားပြောခဲ့လို့လေ..။ အသင်းရဲ့ ဖွဲ့စည်း တည်ဆောက်ပုံထက်စာရင် ပိုပြီးရှုပ်ထွေးမှုတွေ များပြားနေခဲ့လား..?
 
’ မော်ရစ္စစီယို ပိုချက်တီနို - အခုအချိန်မှာ ဘယ်လိုတွေ ဖြစ်နေလဲ? ကျွန်တော်မသိတော့ပါဘူး..။ အသင်းကိုရောက်စတုန်းက အသင်းနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တိုင်းကို ကျွန်တော်တို့ဘက်က အပြည့်အဝ ထောက်ခံ၊ အားပေးခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ ထွက်လာခဲ့ပြီးနောက်ပိုင်းမှာ အသင်းရဲ့ဖွဲ့စည်းပုံနဲ့ ဆုံးဖြတ်ချက်တွေဟာ ပိုပြီးရှင်းရှင်းလင်းလင်း ရှိလာခဲ့တယ်.. လို့ မှန်းဆမိတာပါပဲ..။

ချယ်လ်ဆီးအသင်းရဲ့ ဖွဲ့စည်းပုံနဲ့ ရှုပ်ထွေးမှုတွေအပေါ် ကျွန်တော့်အနေနဲ့ စောဒကတက်ဖို့ မရှိပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းကနေ ထွက်ခွာဖို့ ကျွန်တော့်ဘက်က ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်တဲ့အတွက်ပါပဲ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကို လာမယ်ဆိုရင် အသင်းပိုင်ရှင်သစ်တွေ၊ ကစားဟန် အသစ်တွေ၊ နည်းပြအသစ်၊ အားကစား ဒါရိုက်တာအသစ်‌တွေ.. အစစအရာရာ အသစ်အဆန်းတွေပါပဲ..။

တခါတလေကျရင် ကျွန်တော်တို့ဟာ ‘ကျိုးကြောင်းဆက်နွယ်မှု၊ ဆင်ခြင်စဉ်းစားမှု (logic things)’ တွေကို လျော့တွက်ကြပါတယ်..။ ကျွန်တော်တို့ ဘောလုံးလောကမှာ ‘ကျိုးကြောင်း ဆက်နွယ်မှု (logic things(’ နဲ့ ဆိုင်တဲ့အပိုင်းရယ် ‘သိပ္ပံနည်းကျ လေ့လာမှုနဲ့ သက်ဆိုင်တဲ့အပိုင်း၊ ကိန်းဂဏန်း အချက်အလက်တွေနဲ့ သုံးသပ်တဲ့အပိုင်း (digital)’ ဆိုပြီး ရှိပါတယ်..။



အရာရာတိုင်းကို သိပ္ပံနည်းကျပဲ လေ့လာမယ်..၊ ကျိုးကြောင်းဆက်နွယ် စဉ်းစားမှုတွေကို မြောင်းထဲပစ်ထည့်လိုက်မယ်.. ဆိုပြီး ဆုံးဖြတ်လိုက်လို့ မရပါဘူး..။ အထူးသဖြင့် ဘောလုံးကစားခြင်းမှာ အဲဒီလိုလုပ်လို့ မရဘူးဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ ဘောလုံးကစားနည်းမှာ သိပ္ပံနည်းကျ တိုင်းတာလို့ မရတဲ့အရာ၊ ကိန်းဂဏန်း အချက်အလက်တွေနဲ့ သက်သေပြလို့ မရတဲ့အရာတွေ အများကြီးရှိပါတယ်..။

ဘောလုံးပွဲတစ်ပွဲမှာ ထုတ်ဖော်၊ သက်သေပြလို့မရတဲ့ လျှို့ဝှက်ချက်တွေ၊ ပဟေဠိတွေ (mystery) အများကြီးရှိပါတယ်..။ ဒီလိုကစားသမားဟာ ဒီလိုပတ်ဝန်းကျင်မျိုးထဲမှာဆိုရင် သေချာပေါက် ခြေစွမ်းပြနိုင်လိမ့်မယ်.. ဆိုပြီး ညီမျှခြင်း (equation) ချပြလို့လည်း မရပါဘူး..။ တချို့အရာတွေဟာ အတွေ့အကြုံတွေ၊ ခံစားမှုတွေအပေါ် မူတည်ပြီး (smell things) ဆုံးဖြတ်လိုက်ရတာတွေ ရှိပါတယ်..။ No… ဒေတာ.. အချက်အလက် တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး..။ 

ဂိုးကန်သွင်းမှု ဘယ်နှစ်ကြိမ်ရတယ်..၊ ဘယ်လောက်ဝေးဝေး ပြေးလို့ရတယ်..၊ လက်ပစ်ဘော ဘယ်နှစ်ကြိမ်ရတယ်.. စတဲ့ ကိန်းဂဏန်း အချက်အလက်တစ်ခုတည်းနဲ့ ဘောလုံးပွဲတွေကို ဆုံးဖြတ်လို့ မရပါဘူး..။ သိပ္ပံနည်းကျ တိုင်းတာလို့မရတဲ့၊ ကိန်းဂဏန်း အချက်အလက်နဲ့ သက်သေပြလို့ မရတဲ့အရာတွေ အများကြီးရှိပါတယ်..။

ရွိုင် ကိန်း - ချယ်လ်ဆီးအသင်းမှာ ခင်ဗျားကြုံခဲ့ရတဲ့ အခက်ခဲဆုံးအပိုင်းက ‘ကစားသမား ခေါ်ယူမှု (recruitment)’ ပိုင်းမှာ ဖြစ်ပါလိမ့်မယ်..။ ကျွန်တော်ဟာ ဒီအသင်းမှာ ကစားသမားကောင်း တစ်ယောက်ဖြစ်တယ်..၊ ခြေစွမ်းပြနိုင်တယ်..၊ ဒါပေမယ့် တခြားအသင်းကို ရောက်သွားတဲ့အခါ ခြေစွမ်းပြချင်မှ ပြနိုင်ပါလိမ့်မယ်..။ အသင်းသစ်မှာ ရင်ဆိုင်ရတဲ့ ဖိအားတွေ၊ မျှော်လင့်ချက်တွေ.. စသဖြင့် သိပ္ပံနည်းကျ ဖော်ပြလို့မရတဲ့အရာတွေ အများကြီးပါပဲ..။

ဂယ်ရီ နဗီးလ် - မော်ရစ္စစီယို ရေ.. ပရီးမီးယားလိဂ်ကို ပြန်လာဖို့ အစီအစဉ်ရှိသေးလား..?
မော်ရစ္စစီယို ပိုချက်တီနို - Yes.. တစ်နေ့နေ့ကျရင် ပြန်လာပါမယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ အင်္ဂလန်မြေကို နှစ်သက်ပါတယ်..။ ကျွန်တော့်ရဲ့တစ်ကိုယ်ရည်ပုံစံ.. အကျင့်စရိုက်၊ နည်းပြတဲ့ပုံစံ (coaching style) ဟာ အင်္ဂလိပ် ဘောလုံးလောကနဲ့ ကိုက်ညီတယ်လို့ ယူဆမိလို့ပါပဲ..။