feature-image

ချယ်လ်ဆီးအသင်းရဲ့ အကြီးကျယ်ဆုံး ဂိုးသွင်းစက် ဖြစ်ခဲ့တဲ့ ‘ဘော်ဘီ တန်ဘလင်း’

ချယ်လ်ဆီးအသင်းမှာ အကြီးကျယ်ဆုံး ဂန္ထဝင်ကစားသမားကြီးများထဲမှ တစ်ဦးဖြစ်သူ အသက် (၈၄) နှစ်အရွယ်ရှိ ဘော်ဘီ တန်ဘလင်း မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း အလွန်တရာ ဝမ်းနည်းကြေကွဲစွာဖြင့် အသိပေးအပ်ပါသည်။ တန်ဘလင်း မှာ အသင်း၏သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂိုးသွင်းရှင်များထဲက တစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ဖရန့်ခ် လမ်းပတ် က သူ၏ (၂၀၂) ဂိုးစံချိန်ကို ကျော်ဖြတ်မသွားမီအထိ ချယ်လ်ဆီးအသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးနိုင်သူအဖြစ် (၄၅) နှစ်တိုင်တိုင် စံချိန်တင် ပိုင်စိုးထားနိုင်ခဲ့သူ ဖြစ်သည်။

ထို့အပြင် တန်ဘလင်း သည် အကယ်ဒမီထွက် လူငယ်ကစားသမားအမြောက်အမြားဖြင့် ဖွဲ့စည်းထားပြီး တက်ကြွ၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော ရေစီးကြောင်းသစ် ချယ်လ်ဆီးအသင်းကြီး၏ အဓိက အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ခဲ့သည်။ အပြာရောင် ကစားသမားဘဝ တစ်လျှောက်တွင် သူသည်ဆုဖလား အောင်မြင်မှုများကိုလည်း ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ၁၉၆၅ ခုနှစ်တွင် အပြာရောင်တို့၏ သမိုင်းတစ်လျှောက် ပထမဦးဆုံးသော ရှုံးထွက်ဖလား အောင်မြင်မှုဖြစ်သည့် လိဂ်ဖလား (League Cup) ဆွတ်ခူးနိုင်ရန် ကူညီပေးခဲ့သည်။

တန်ဘလင်း သည် အင်္ဂလန်တောင်ဘက် ကမ်းရိုးတန်းအလွန်တွင်ရှိသော ဟေးလင်းကျွန်း၌ မွေးဖွားခဲ့ပြီး၊ နည်းပြဒစ်ကီ ဖော့စ် ၏ စနစ်တကျ ပျိုးထောင်မှုအောက်မှ အောင်မြင်ဖြစ်ထွန်းခဲ့သည့် ချယ်လ်ဆီးအသင်း လူငယ်ငယ်မွေးခြံပေါက်စနစ်၏ ဂုဏ်ယူစရာ ထွက်ကုန်တစ်ခု ဖြစ်ခဲ့သည်။ ဘော်ဘီ တန်ဘလင်း မှာ အသက် (၁၅) နှစ်သားအရွယ်ကတည်းက လူငယ်အသင်းအတွက် အံ့မခန်း ဂိုးသွင်းခြေ ပြသနိုင်ခဲ့သည်..။ ထို့ကြောင့် အသက် (၁၇) နှစ်အရွယ်မှာပင် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးထဲမှ ပရိသတ် (၅၃,၀၀၀) ရှေ့မှောက် ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်တွင် ပထမအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးအသင်း၏ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ဖြစ်လာမည့် အခြားအသက် (၁၇) နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သူ ဘာရီ ဘရစ်ချ်စ် လည်း ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့ပါသည်။ ဝက်စ်ဟမ်းအသင်းကို ၃-၂ ဂိုးနှင့် အနိုင်ရရှိခဲ့သည့် အဆိုပွဲစဉ်တွင် သူတို့နှစ်ဦးစလုံး ဂိုးသွင်းယူနိုင်ခဲ့ကြပြီး နောက်ထပ်တစ်ဂိုးကို ထိုစဉ်က အသက် (၁၈) နှစ်သာ ရှိသေးတဲ့ ဂျင်မီ ဂရီးဗ်စ် က သွင်းယူခဲ့သည်။ တန်ဘလင်း ၏ သမိုင်းဝင် (၂၀၂) ဂိုးထဲမှ ပထမဦးဆုံးသောဂိုးကို ပွဲစပြီး (၁၄) မိနစ်မှာပင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ လေ့ကျင့်ရေးကာလအတွင်း အဆောင်တစ်ခုတည်းမှာ အတူနေထိုင်ခဲ့ကြသော တန်ဘလင်း နှင့် ဘရစ်ချ်စ်တို့မှာ နောက်တစ်နေ့မနက် မိုးလင်းသည်နှင့် ဒေသခံ သတင်းစာအရောင်းဆိုင်ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် အပြေးရောက်ရှိခဲ့ပြီး ထွက်သမျှ သတင်းစာစောင်တိုင်းကို အလုအယက် ဝယ်ယူ၊ အောင်ပွဲခံ.. ပီတိများ ဖြာဝေခဲ့ကြသည်။



ချယ်လ်ဆီးအသင်းနှင့် အစတာထွက် ကောင်းမွန်ခဲ့သော်လည်း မန်နေဂျာ တက်ဒ် ဒရိတ်ခ် က ရာသီလက်ကျန် ပွဲစဉ်များတွင် အဆိုပါလူငယ်ကြယ်ပွင့်ကို ထပ်မံရွေးချယ်ခဲ့ခြင်း မပြုခဲ့ပါဘူး။ တန်ဘလင်း မှာ နောက်ရာသီတွင်လည်း (၄) ပွဲသာ ကစားခွင့်ရခဲ့ပြီး ဘာမင်ဂမ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်၌ သူ၏စတန်းဖို့ဒ် ဘရစ်ချ် ပြင်ပ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့သည်။ ထို့အပြင် တန်ဘလင်း မှာ ၁၉၆၀ ပြည့်နှစ်တွင် ချယ်လ်ဆီးအသင်းသမိုင်း၌ ပထမဦးဆုံးအကြိမ်အဖြစ် FA လူငယ်ဖလား ဆွတ်ခူးနိုင်ခဲ့သည့် ချယ်လ်ဆီးလူငယ်အသင်းတွင် အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ပြီး ပရက်စတွန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်လုပွဲ၊ ဒုတိယအကျော့ ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူကာ အသင်းကို ဖလားရအောင် စွမ်းဆောင်ပေးခဲ့သည်။

၁၉၆၀/၆၁ ရာသီ အောက်တိုဘာလနှောင်းပိုင်းမှစပြီး တန်ဘလင်း သည် အသင်း၏ ပုံမှန်ပွဲထွက်ခွင့်ရ အဓိက ကစားသမားတစ်ဦးအဖြစ် နေရာခိုင်မာလာခဲ့သည်။ အဆိုပါဘောလုံးရာသီတွင် (၂၈) ပွဲကစား၊ (၁၂) ဂိုး သွင်းယူပေးခဲ့ပြီး အားရစရာ သွင်းဂိုးအရေအတွက် ရရှိခဲ့သည်။ သို့သော်အဆိုပါရာသီမှာ ဂျင်မီ ဂရီးဗ်စ် ၏ ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးရာသီဖြစ်ခဲ့ပြီး ဂရီးဗ်စ် မှာ (၄၃) ပွဲတွင် (၄၃) ဂိုး သွင်းယူပေးခဲ့ပြီး အသင်း၏တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး ရရှိခဲ့သည်စံချိန် (ယနေ့ထက်တိုင် မကျိုးသေးသော) တင်နိုင်ခဲ့သည်..။ ထို့ကြောင့်ဂရီးဗ်စ် ၏ စံချိန်နှင့်နှိုင်းယှဉ်လိုက်ပါက တန်ဘလင်း ၏ သွင်းဂိုးအရေအတွက်မှာ သိသာထင်ရှားခြင်း မရှိခဲ့ပေ။

အီတလီ၊ စီးရီးအေသို့ ပြောင်းရွှေ့သွားခဲ့သည့် ဂရီးဗ်စ် ချန်ထားခဲ့သည့် ကွက်လပ်ကိုဖြည့်ဆည်းရန် တန်ဘလင်း ၏ ပုခုံးပေါ် ကျရောက်လာခဲ့ပြီး အဆိုပါတာဝန်မှာ အလွန်တရာ ဖိအားများလှသည့် တာဝန်တစ်ခု ဖြစ်ခဲ့ပါသည်။ အဆိုပါအခြေအနေကို တန်ဘလင်း က သူ၏ထုံးစံအတိုင်း နှိမ့်ချတတ်တဲ့ စိတ်ဓာတ်ဖြင့် 'ရိုးလ်ရွိုက်စ် (Rolls-Royce) ကားကြီးနေရာမှာ အိုဟောင်းနေတဲ့ ကားစုတ်တစ်စီးနဲ့ အစားထိုးလိုက်သလိုပါပဲ' ဟူ၍ နောက်ပြောင်၊ ပြောဆိုခဲ့သည်။ တန်ဘလင်း မှာ အစောပိုင်းကာလတွင် တောင်ပံနေရာမှာ အများဆုံး ကစားခဲ့ရသော်လည်း နောက်ပိုင်း၌ ဘာရီ ဘရစ်ချ်စ် က အထောင်တိုက်စစ်မှူး၊ တန်ဘလင်း က သူ၏နောက်မှ ပံ့ပိုးပေးရသည့် တိုက်စစ်မှူး (Inside-forward) အဖြစ် တွဲဖက်ကစားခဲ့ကြသည်။

သူတို့နှစ်ဦး၏ တိုက်စစ်အတွဲအဖက်မှာ ၁၉၆၁/၆၂ ရာသီတွင် အသင်းအတွက် လိဂ်သွင်းဂိုး (၃၉) ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပြီး သွင်းဂိုး (၂၀) ကို တန်ဘလင်း က သွင်းယူခဲ့သည်။ အဆိုပါဘောလုံးရာသီ ရှက်ဖီးလ် ယူနိုက်တက်အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် ပထမဆုံးအကြိမ် ဟက်ထရစ် ရယူနိုင်ခဲ့သည်။ သို့သော်လည်း အဆိုပါသွင်းဂိုးများမှာ အသင်းကို တန်းဆင်းရမည့် အန္တရာယ်မှ ကယ်တင်နိုင်ရန် လုံလောက်မှု မရှိခဲ့ပေ။

သို့သော် မန်နေဂျာ တွမ်မီ ဒိုချာတီ ၏ဦးဆောင်မှုအောက်တွင် လူငယ်များနှင့် ဖွဲ့စည်းထားသည့် ချယ်လ်ဆီးအသင်းသစ် တစ်သင်းစတင်ပေါ်ထွက်လာခဲ့ပြီး တန်းဆင်းသွားခဲ့ရသည့် နောက်တစ်ရာသီမှာပင် ပရီးမီးယားလိဂ် (ထိုစဉ်က Division One) သို့ ချက်ချင်းပြန်လည် တန်းတက်လာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။ အဆိုပါဘောလုံးရာသီတွင် တန်ဘလင်း မှာ လိဂ်ပွဲစဉ် (၄၀) သာ ကစားခဲ့ရသော်လည်း (၃၅) ဂိုးအထိ သွင်းယူပေးခဲ့ပါသည်။ အဆိုပါသွင်းဂိုးတွေထဲမှာ ဒုတိယတန်း (Division Two) ၌ (၆) ပွဲဆက်တိုက် ကစားခဲ့သည့် ပွဲစဉ်များအတွင်း (၁၂) ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ စံချိန်လည်း ပါဝင်ခဲ့ပြီး အသင်း၏သမိုင်းတစ်လျှောက် (၃) ကြိမ်သာ ကြုံတွေ့ဖူးသေးသည့် အကောင်းဆုံး ဆက်တိုက်ဂိုးသွင်းနိုင်သည့် ဖြတ်သန်းမှုတစ်ခု ဖြစ်ခဲ့သည်။

ဘောဘီ တန်ဘလင်း သည် ချာလ်တန်နှင့် အဝေးကွင်းပွဲ၊ ပို့စ်မောက်နှင့် အိမ်ကွင်းပွဲ (၇-၀ ဂိုးဖြင့် နိုင်ခဲ့သည့်ပွဲ) နှစ်ပွဲစလုံးတွင် ၄ ဂိုးစီ (Four in a game) သွင်းယူနိုင်ခဲ့ပြီး အသင်းကို တန်းတက်ခွင့်ရရှိအောင် အကောင်းဆုံး အဆုံးသတ် ပုံဖော်ပေးခဲ့ပါသည်။ သူသည်အဆိုပါအသင်းတွင် အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့ပြီး ထိုခေတ်ကာလက တစ်နိုင်ငံလုံးရှိ ဘောလုံးလိဂ် (Football League) တစ်ခုလုံးတွင် အသင်းကို တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် သမိုင်းတွင်ခဲ့ပါသည်။



ပရီးမီးယားလိဂ် (ထိုစဉ်က Division One) သို့ ပြန်လည်တန်းတက်လာခဲ့သည့် ပထမဆုံးရာသီတွင်လည်း တန်ဘလင်း သည် အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် သူ၏အရည်အချင်းကို ထပ်မံသက်သေပြခဲ့ပြီး၊ ယခုတစ်ကြိမ်တွင် ဟိုက်ဘူရီကွင်း၌ အာဆင်နယ်အသင်းကို တစ်ပွဲတည်း ၄ ဂိုး (Four-goal haul) သွင်းယူကာ ခြေစွမ်းပြခဲ့သည်။ သူသည်အဝေးကွင်းပွဲစဉ်များတွင် အမြဲတမ်းဂိုးမြူးလေ့ ရှိသူဖြစ်ပြီး ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ချယ်လ်ဆီးအသင်းမှာ အာဆင်နယ်အသင်းအပေါ် စိုးမိုးနိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း အမြှောက်ကြီးတို့နှင့်ပွဲများတွင် ဂိုးသွင်းကောင်းမွန်သည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့သည်။ တန်ဘလင်း သည် အာဆင်နယ်အသင်းဘက်သို့ သွင်းဂိုး (၁၀) ဂိုးရှိခဲ့ပြီး သူ၏ကစားသမားဘဝတွင် အက်စ်တွန် ဗီလာတစ်သင်းတည်းကိုသာ အာဆင်နယ်ထက် ဂိုးပိုမိုသွင်းယူနိုင်ခဲ့သည်။ ထို့အပြင်သူသည် အာဆင်နယ်အသင်းနှင့် ရင်ဆိုင်ခဲ့ရသည့် ပွဲစဉ် (၁၃) ပွဲတွင် တစ်ပွဲတည်းသာ ရှုံးနိမ့်ခဲ့ဖူးသည်။

အရပ်အမောင်း ၅ ပေ ၈ လက်မခွဲသာရှိသည့် တန်ဘလင်း မှာ အရပ်အမောင်း မြင့်မားသည့် တိုက်စစ်မှူးတစ်ဦး မဟုတ်သော်လည်း သူ၏ခါးကိုအနည်းငယ်ကိုင်း၍ ပြေးထွက်တတ်သည့်ပုံစံ (Hunched running style) တွင် လျှင်မြန်မှုအပြည့် ရှိနေသည်။ ဘောလုံးကို ဆွဲပြေးရင်း ဂိုးပေါက်ဆီသို့ တိုက်ရိုက်အရှိန်မြှင့် ထိုးဖောက်ပြီးနောက် ဂိုးသမားများ မကာကွယ်နိုင်စေရန် ဘောလုံးကို မြေပြင်နှင့်တစ်ချက်ဆောင့် bounce ဖြစ်စေကာ ဘယ်ခြေဖြင့် တိကျသေချာစွာ ကန်သွင်းတတ်သည့်ပုံစံသည် သူ၏ထင်ရှားသော အမှတ်သင်္ကေတ သွင်းဂိုးများ ဖြစ်လာခဲ့သည်။ ထို့အပြင် ညာခြေဖြင့်လည်း ဂိုးပေါက်ကို တိကျစွာ ရှာဖွေနိုင်စွမ်းရှိသူဖြစ်သည်။

ချယ်လ်ဆီးအသင်းမှာ ၁၉၆၄/၆၅ ဘောလုံးရာသီတွင် ဆုဖလားအောင်မြင်မှုများ ရယူနိုင်ခဲ့သော်လည်း တန်ဘလင်း သည် အသင်း၏ဂိုးသွင်းသူစာရင်းတွင် အသင်းဖော် ဘရစ်ချ်စ်နှင့် အသစ်ရောက်ရှိလာသူ ဂျော့ချ် ဂရေဟမ် တို့၏ နောက်သို့ ရောက်ရှိသွားခဲ့သည်။ အဆိုပါဘောလုံးရာသီတွင် အထောင်တိုက်စစ်မှူးအဖြစ် ကစားရသည့် ပွဲအရေအတွက် နည်းပါးသွားခဲ့ပြီး တိုက်စစ်သုံးယောက်တွဲစနစ်၏ ဘယ်တောင်ပံ တိုက်စစ်မှူးအဖြစ် ပြောင်းလဲကစားခဲ့ရသည်။ သို့သော်အခွင့်အရေးရတိုင်း ဂိုးပေါက်ဆီသို့ ဦးတည်ထိုးဖောက်ဆဲဖြစ်ကာ လိဂ်ပြိုင်ပွဲတွင် (၁၅) ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းကို အမှတ်ပေးဇယား အဆင့် (၃) နေရာ၌ ရပ်တည်နိုင်အောင် ကူညီပေးခဲ့သည်။

အဆိုပါရာသီပန်းဝင်ခါနီးတွင် ဘလက်ပူးလ်မြို့၌ "ညမထွက်ရအမိန့် ဖောက်ဖျက်မှု" ကြောင့် မန်နေဂျာ ဒိုချာတီ က ကစားသမား (၇) ဦးကို ပွဲမကစားမီ အိမ်သို့ ပြန်လွှတ်ခဲ့ရသဖြင့် အသင်း၏အရှိန်အဟုန် အနည်းငယ် တုန့်ဆိုင်းသွားခဲ့ရသည်။ တန်ဘလင်း ကတော့ စည်းကမ်းဖောက်ဖျက်ခဲ့သည့် ကစားသမားများထဲတွင် မပါဝင်ခဲ့ခြင်းမရှိပေ။ သူသည် အေးအေးဆေးဆေးနှင့် စည်းကမ်းရှိရှိ နေတတ်သူတစ်ဦး ဖြစ်ခဲ့ပြီး၊ သူနှင့်တွေ့ဖူးသူတိုင်းက တကယ့်ကိုစိတ်ရင်းကောင်းပြီး ရိုသေ၊ သပ်ရပ်မှုရှိသည့် လူကြီးလူကောင်းတစ်ဦး (Genuinely nice man) အဖြစ် သက်သေခံကြသည်။

ချယ်လ်ဆီးအသင်း၏ သမိုင်းတစ်လျှောက် ပထမဦးဆုံးသော ရှုံးထွက်ဖလား (First knockout trophy) အဖြစ် ဆွတ်ခူးနိုင်ခဲ့သည့် အဆိုပါရာသီတွင် လိဂ်ဖလားပြိုင်ပွဲ (၇) ပွဲအတွင်း တန်ဘလင်း သည် အသင်းအတွက် (၆) ဂိုးအထိ သွင်းယူပေးခဲ့သည်။ သူ၏လိဂ်ဖလားပြိုင်ပွဲ သွင်းဂိုးများအနက် တစ်ဂိုးကို လက်စ်တာ စီးတီး အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်လုပွဲစဉ် ပထမအကျော့တွင် သွင်းယူခဲ့ခြင်းဖြစ်ပြီး၊ အထက်ပါလိဂ်ဖလားသည် တန်ဘလင်း အတွက် သူ၏ ကစားသမားဘဝတစ်လျှောက် တစ်လုံးတည်းသော ဆုဖလား ဖြစ်လာခဲ့သည်။



၁၉၆၅/၆၆ ရာသီအတွင်း ယှဉ်ပြိုင်ခဲ့သည့် FA ဖလား တတိယအကျော့ ပွဲစဉ်တွင် တန်ဘလင်း သည် လီဗာပူးလ်အသင်း၏အိမ်ကွင်း အန်ဖီးလ်၌ ချယ်လ်ဆီးအသင်းအတွက် အဝေးကွင်းသွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည်။ ချယ်လ်ဆီးအသင်းမှာ အဆိုပါအနိုင်ပွဲနောက်ပိုင်း အန်ဖီးလ်ကွင်းတွင် ထပ်မံအနိုင်ရရှိရန် (၂၅) နှစ်ကျော် ရှည်လျားစွာ စောင့်ဆိုင်းခဲ့ရသည်။ သို့သော်ချယ်လ်ဆီးအသင်းမှာ FA ဖလားပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအဆင့်ကို နှစ်ရာသီဆက်တိုက် ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့သလို ရာသီအပိတ် ရက်သတ္တပတ်များတွင် အသင်းဖော်များဖြစ်ကြသည့် ဘရစ်ချ်စ်နှင့် တက်ရီ ဗင်နာဘဲလ်စ် တို့ အသင်းမှ ထွက်ခွာသွားခဲ့ကြသလို တန်ဘလင်း မှာ ဂိုးသမား ပီတာ ဘိုနက်တီ နှင့်အတူ အသင်းပြောင်းရွှေ့ခွင့် တောင်းခံခဲ့သည်။

သို့သော် သူ၏အသင်းပြောင်းရွှေ့ရန် တောင်းခံမှုမှာ ဖြစ်မြောက်မလာခဲ့ပဲ ၁၉၆၆/၆၇ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းမှာ ဝင်ဘလေကွင်းကြီးဆီသို့ တက်လှမ်းနိုင်ခဲ့သည်။ တန်ဘလင်း မှာ တော့တင်ဟမ် အသင်းနှင့် ရင်ဆိုင်ရမည့် သမိုင်းဝင် ပထမဦးဆုံးသော ‘လန်ဒန်ဒါဘီ ဗိုလ်လုပွဲ (Cockney Cup Final)’ သို့ ခရီးလမ်းတစ်လျှောက်တွင် (၅) ဂိုး သွင်းယူပေးခဲ့သည်။ အဆိုပါဘောလုံးရာသီအစောပိုင်း စပါးအသင်းနှင့် ပွဲစဉ်မှာပင် ပင်နယ်တီပြစ်ဒဏ်ဘောမှတစ်ဆင့် သွင်းယူကာ ရွိုင် ဘန့်တလေ တင်ရှိထားသည့် (၁၅၀) ဂိုးစံချိန်ကို ကျော်ဖြတ်ပြီး အသင်း၏သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သည်။ သို့သော် သူ၏ တစ်ခုတည်းသော FA ဖလား ဗိုလ်လုပွဲ အတွေ့အကြုံမှာ စိတ်ပျက်စရာဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

ပွဲပြီးခါနီးတွင် စပါးဂိုးသမား ပက် ဂျင်းနင်းစ် က ဖြတ်တင်ဘောကို ပုတ်ထုတ်ရန် လွဲချော်ခဲ့ရာမှတစ်ဆင့် တန်ဘလင်း က ခေါင်းတိုက်ကာ ချေပဂိုး သွင်းယူပေးခဲ့သော်လည်း ချယ်လ်ဆီးအသင်း၏ အားနည်းလှသော ခြေစွမ်းကြောင့် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ သို့သော်အဆိုပါသွင်းဂိုးကြောင့် သူသည် ကမ္ဘာ့စစ်ကြီးများအပြီး (Peace-time) ဝင်ဘလေကွင်း၌ ချယ်လ်ဆီးအသင်းအတွက် ပထမဦးဆုံး ဂိုးသွင်းယူပေးနိုင်ခဲ့သူအဖြစ် သမိုင်းတွင်ခဲ့သည်။

၁၉၆၆/၆၇ ဘောလုံးရာသီအတွင်း တန်ဘလင်း  သွင်းယူခဲ့သည့် လိဂ်ဂိုး (၂၁) ဂိုးအနက် (၅) ဂိုးကို အက်စ်တွန် ဗီလာအသင်း၏ အိမ်ကွင်း၌ ၆-၂ ဂိုးဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အတွင်း သွင်းယူပေးခဲ့သည်။ ထိုပွဲတွင် ပွဲပြီးရန်နာရီဝက်နီးပါးအလို၌ ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ပါက ၁၉၀၈ ခုနှစ် FA ဖလားပြိုင်ပွဲတွင် ဂျော့ချ် ဟီလ်စ်ဒွန် တင်ရှိထားသည့် ချယ်လ်ဆီးအသင်း၏ တစ်ပွဲတည်း (၆) ဂိုးသွင်း (Double hat-trick) စံချိန်ကို လိုက်မှီရန် အခွင့်အရေး ရရှိနိုင်ခဲ့ပေလိမ့်မည်။ သို့သော်လည်း တစ်ပွဲတည်း (၅) ဂိုးသွင်းယူနိုင်ခဲ့သည့် သူ၏လိဂ်ပြိုင်ပွဲ သွင်းဂိုးစံချိန်သည် ယနေ့ထက်တိုင် အသင်း၏သမိုင်းတစ်လျှောက် ပူးတွဲပိုင်ဆိုင်ထားသည့် အမြင့်ဆုံးစံချိန်တစ်ခု ဖြစ်နေဆဲဖြစ်သည်။

နောက်ပိုင်းတွင် မန်နေဂျာ ဒိုချာတီ ၏နေရာကို ၁၉၆၀ ပြည့်လွန်နှစ်များက ချယ်လ်ဆီးအသင်းတွင် နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူ ဒေ့ဗ် ဆက်စ်တွန် အစားထိုး ဝင်ရောက်လာခဲ့သည်။ မန်နေဂျာဟောင်း ဒိုချာတီ သည် အသင်းမှမထွက်ခွာမီ တိုက်စစ်မှူး ဂျော့ချ် ဂရေဟမ် ကို တွမ်မီ ဘောလ်ဒွင် နှင့် ကစားသမားချင်း အလဲအလှယ် ပြုလုပ်ခဲ့ပြီး မန်နေဂျာသစ် ဆက်စတွန်ကလည်း အဓိကတိုက်စစ်မှူး ပီတာ အော့စ်ဂုဒ် ခြေထောက်ကျိုးဒဏ်ရာမှ ပြန်လည်သက်သာလာချိန်တွင် ရှက်ဖီးယူနိုက်တက်အသင်းမှ အလန် ဘာချင်နယ် ကို ထပ်မံခေါ်ယူခဲ့သည်။ ထို့ကြောင့် ၁၉၆၇/၆၈ နှင့် ၁၉၆၈/၆၉ ရာသီများတွင် ချယ်လ်ဆီးအသင်း၏ ရှေ့တန်းတိုက်စစ်နေရာအတွက် တိုက်စစ်မှူးများအကြား ပွဲထွက်ခွင့်ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ခဲ့သည်။



တန်ဘလင်း သည် ဒဏ်ရာပြဿနာများကြောင့် ကွင်းပြင်ပတွင် အချိန်ကုန်ဆုံးခဲ့ရပြီး သူ၏အပြေးအရှိန်အဟုန် အနည်းငယ် လျော့ကျသွားခဲ့သော်လည်း ရာသီတိုင်းတွင် ဂိုးအရေအတွက် ဆယ်ဂိုးကျော် ပုံမှန်သွင်းယူ ပေးနိုင်ခဲ့ဆဲဖြစ်သည်။ ၁၉၆၈/၆၉ ရာသီတွင် ဆန်းဒါးလန်းအသင်းကို အိမ်ကွင်း၌တစ်ပွဲတည်း (၄) ဂိုး သွင်းယူခဲ့သည့် မှတ်တမ်းအပါအဝင် စုစုပေါင်း သွင်းဂိုး (၁၉) ဂိုးဖြင့် အသင်း၏ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပြန်သည်။ အဆိုပါပွဲစဉ်မှ hat-trick မှာ ချယ်လ်ဆီးအသင်းအတွက် သွင်းယူပေးခဲ့သည့် (၈) ကြိမ်မြောက် နောက်ဆုံး ဟက်ထရစ် ဖြစ်ခဲ့ပြီး အသင်းသမိုင်းတွင် သူထက်ဟက်ထရစ် ပိုမိုသွင်းယူနိုင်သူအဖြစ် ဂျင်မီ ဂရီးဗ်စ် နှင့် ဂျော့ချ် ဟီလ်စ်ဒွန် နှစ်ဦးသာ ရှိခဲ့သည်။

တန်ဘလင်း ၏ ချယ်လ်ဆီးကစားသမားဘဝ နောက်ဆုံး (၂၀၂) ဂိုးမြောက်ဂိုးကို ၁၉၆၉ ခုနှစ် ဧပြီလ ဘန်လေအသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် သွင်းယူခဲ့ပြီး ထိုအချိန်၌ သူသည်အသက် (၂၉) နှစ်ပင် မပြည့်သေးပေ။ ချယ်လ်ဆီးအသင်း၏ သမိုင်းတစ်လျှောက် ပထမဦးဆုံးသော FA ဖလားအောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့သည့် ၁၉၆၉/၇၀ ဘောလုံးရာသီမှာ တန်ဘလင်း ၏ တောက်ပလှသော ချယ်လ်ဆီးကစားသမားဘဝ လမ်းခရီးကိုပါ အောင်မြင်စွာဖြင့် လိုက်ကာချ၊ အဆုံးသတ်ပေးခဲ့သည်။ မန်နေဂျာ ဆက်စ်တွန် မှာ တိုက်စစ်မှူးသစ် အီယန် ဟတ်ချင်ဆန် ကို ထပ်မံခေါ်ယူလိုက်ပြီး ပီတာ အော့စ်ဂုဒ် နှင့် အတွဲအဖက် မိခဲ့သည့်အပြင် တန်ဘလင်း မှာ ရာသီပထမဆုံး ပွဲစဉ်မှာပင် ဒဏ်ရာရခဲ့သောကြောင့် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သည်..။

သူသည်ပုံမှန်ပွဲထွက်ခွင့်နှင့် ကြံ့ခိုင်မှု ကောင်းမွန်လာစေရန်အတွက် ၁၉၇၀ ခုနှစ်၊ ဇန်နဝါရီလတွင် ခရစ္စတယ် ပဲလေ့စ်အသင်းသို့ အဌားထွက်ခဲ့သည်..။ ချယ်လ်ဆီးအသင်းသို့ ပြန်လည်ရောက်ရှိလာပြီး သုံးပွဲသာ ကစားခဲ့ရသည်..။ FA ဖလားဗိုလ်လုပွဲမတိုင်မီ တစ်ပါတ်အလိုတွင် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်အတွင်း ပွဲချိန် (၃၇) မိနစ်တွင် နောက်ထပ်တစ်ကြိမ် ဒဏ်ရာရရှိခဲ့ပြီး ချယ်လ်ဆီးအသင်း ကစားသမားဘဝကို အဆုံးသတ်ခဲ့ရသည်..။

တန်ဘလင်း မှာ ချယ်လ်ဆီးအသင်းအတွက် (၃၇၀) ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ထိုနှစ်နွေရာသီတွင် ခရစ္စတယ်ပဲလေ့စ်အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၀,၀၀၀) ဖြင့် အပြီးသတ် ပြောင်းရွှေ့ခဲ့သည်။ သူသွင်းယူခဲ့သည့် (၂၀၂) ဂိုးစံချိန်သည် ထိုခေတ်ကာလက ဒုတိယဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေသည့် ရွိုင် ဘန့်တလေ ၏ သွင်းဂိုးစုစုပေါင်းထက် (၅၂) ဂိုး ပိုမိုများပြားခဲ့သည်။ တန်ဘလင်း ၏ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးစံချိန်ကို ၂၀၁၃ ခုနှစ်တွင် ဖရန့်ခ် လမ်းပတ် က ကျော်ဖြတ်နိုင်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းအတွက် အမှတ်ပေးလိဂ်ပြိုင်ပွဲ (League goals) (၁၆၄) ဂိုးအထိ သွင်းယူပေးခဲ့သည့်စံချိန်ကို ယနေ့အချိန်အထိ မည်သူမျှ မကျော်ဖြတ်နိုင်သေးပေ။ သူသည်ကစားသမား ဘဝတစ်လျှောက် ဟက်ထရစ် (၈) ကြိမ် ပြုလုပ်ခဲ့ပြီး၊ တစ်ပွဲတည်း (၄) ဂိုးသွင်းမှု (၄) ကြိမ်နှင့် တစ်ပွဲတည်း (၅) ဂိုးသွင်းမှုကို (၁) ကြိမ် စွမ်းဆောင်နိုင်ခဲ့သည်။

အင်္ဂလန် အသက် (၂၃) နှစ်အောက် လက်ရွေးစင်အသင်းတွင် ပုံမှန်ရွေးချယ်ခံခဲ့ရသည့် တန်ဘလင်း သည် အင်္ဂလန် လက်ရွေးစင် အသင်းကြီးအတွက်မူ (၃) ပွဲသာ ကစားခွင့်ရရှိခဲ့ပြီး (၁) ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ပြင်သစ်အသင်းနှင့်ပွဲတွင် သွင်းယူခဲ့သည့် လက်ရွေးစင်အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို တန်ဘလင်း က သူအကြိုက်ဆုံး သွင်းဂိုးအဖြစ် သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်၌ ရွေးချယ်ဖော်ပြခဲ့သည်။



၂၀၁၃ ခုနှစ် နွေဦးရာသီတွင် ဆေးရုံမှ ဆင်းလာပြီး မကြာမီမှာပင် ဘော်ဘီ တန်ဘလင်း ၏ ချယ်လ်ဆီးအသင်း ဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သည့် ဖရန့်ခ် လမ်းပတ် က စာအုပ်အမှာစာကို အမှတ်တရ ရေးသားပေးခဲ့သည်။ လမ်းပတ်သည် သူနှင့်ရင်းနှီးသော သံယောဇဉ်နှောင်ကြိုး တည်ဆောက်နိုင်ခဲ့သည့် လူကြီးလူကောင်းတစ်ဦးအပေါ် အလေးအနက် ဂုဏ်ပြုစကားများ ရေးသားခဲ့ရာတွင် အောက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့သည်။

"ဘော်ဘီ ဆိုတာ ဘောလုံးလောကနဲ့ ချယ်လ်ဆီးဘောလုံးကလပ်ရဲ့ စံပြလူကြီးလူကောင်းတစ်ဦးပါ။ တကယ်လို့ အသင်းရဲ့ အဓိပ္ပာယ်ကို ပုံဖော်ပေးနိုင်ပြီး မျိုးဆက်တစ်ခုကနေတစ်ခုကို ကူးပြောင်း ဆက်သွယ်ပေးနိုင်မယ့် သံတမန်တစ်ယောက်ကို ရှာနေတယ်ဆိုရင် သူဟာအသင့်တော်ဆုံးလူပါပဲ။ ခင်ဗျားကို ကျွန်တော့်ရဲ့ မိတ်ဆွေစစ်တစ်ဦးလို့ ခေါ်ခွင့်ရတာကိုပဲ တကယ်ကို ဂုဏ်ယူစရာ အခွင့်ထူးတစ်ခု ဖြစ်ပါတယ်။"



အသင်း၏ သမိုင်းစာမျက်နှာထက်တွင် သူ၏အမည်နာမကို အထင်ကရ ရေးထိုးနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းအပေါ် အမြဲတမ်း စိတ်အားထက်သန်မှု အပြည့်ရှိခဲ့သည့် တန်ဘလင်း နှင့် ဆုံတွေ့ဖူးသူ မည်သည့်ချယ်လ်ဆီးပရိသတ်မဆို လှိုက်လှဲသည့် ခံစားချက်ကို ထပ်တူ ဖွင့်ဟကြမည်သာ ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ယခုကဲ့သို့ အလွန်ခက်ခဲ၊ စိတ်မကောင်းရုံသာရှိသည့် အချိန်ကာလတွင် ဘော်ဘီ ၏ ဇနီးဖြစ်သူ ဗယ် (Val)၊ သူ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများအားလုံးထံသို့ အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။