၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ ဇွန်လ (၁၂) ရက်မှာ ခြိမ့်ခြိမ့်သဲသဲ စတင်ကျင်းပမှာဖြစ်ပြီး အခုပြိုင်ပွဲကြီးမှာ ချယ်လ်ဆီးအသင်းက ကစားသမား (၁၁) ဦး ပါဝင်ခွင့်ရပါတယ်..။ အဲဒီကစားသမားတွေဟာ ယခင်ပြိုင်ပွဲတွေမှာ သွင်းဂိုးတွေ ရရှိခဲ့ဖူးတဲ့ အပြာရောင်ကစားသမားကြီး (၁၉) ဦးရဲ့ ခြေရာကိုနင်းနိုင်အောင် ကြိုးစားသွားကြမှာ အသေအချာပါပဲ…။
၁၉၅၀ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရွိုင်း ဘန်တလေ ဟာ အင်္ဂလန်အသင်းနဲ့အတူ ချယ်လ်ဆီးအသင်းကနေ ပထမဆုံး ရွေးချယ်ခံခဲ့ရတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်…။ ချယ်လ်ဆီးကစားသမားတွေထဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲသွင်းဂိုး ပထမဆုံး ရရှိဖူးတဲ့ ကစားသမားကတော့ ရိုမေးနီးယား ညာနောက်ခံလူ ဒန် ပီထရက်စ်ကူ ရဲ့ အင်္ဂလန်အသင်းဘက်ကို သွင်းယူပေးခဲ့တဲ့ဂိုး ဖြစ်ပါတယ်..။
ချယ်လ်ဆီးအသင်း ကစားသမားတွေရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ သွင်းဂိုးတွေကတော့…
ဒန် ပီထရက်စ်ကူ (၁၉၉၈)
ရိုမေးနီးယား ညာနောက်ခံလူ ဟာ ရိုမေးနီးယားအသင်းက အင်္ဂလန်အသင်းကို ပြင်သစ်နိုင်ငံ၊ တူးလော့စ်မြို့မှာ အနိုင်ရခဲ့တဲ့ပွဲစဉ်မှ အနိုင်ဂိုးကို ချယ်လ်ဆီးအသင်းဖော်ဖြစ်တဲ့ ဘယ်နောက်ခံလူ ဂရမ်မ် လီဆောက်စ် နဲ့ ဘောလုံးယှဉ်လုပြီး ဂိုးသမားကြီး ဒေးဗစ် ဆီးမင်း ရဲ့ ခြေထောက်ကြားကနေ အနိမ့်ဘော ကန်သွင်း၊ ရယူသွားခဲ့ပါတယ်..။ ရိုမေးနီးယားအသင်းဟာ အင်္ဂလန်အသင်းကို ၂ဂိုး- ၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်..။

တိုးရ် အန်ဒရေ ဖလိုး (၁၉၉၈)
ဒန် ပီထရက်စ်ကူ ရဲ့ သွင်းဂိုးရရှိပြီး နောက်ရက်မှာပဲ အပြာရောင်တွေရဲ့ နော်ဝေးတိုက်စစ်မှူး အန်ဒရေ ဖလိုး ဟာ ဘရာဇီးလ်အသင်းဘက်ကို တစ်ကိုယ်တော်အစွမ်းနဲ့ လှလှပပ သွင်းယူပေးခဲ့ပါတယ်..။ မာဆေးလ်မြို့မှာ ကျင်းပခဲ့တဲ့ပွဲစဉ်မှာ သူဟာဘယ်တောင်ပံကနေ ဘရာဇီးလ် နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ဂိုးသမား တာဖာရယ်လ် ရဲ့ဘေးကနေ ကန်သွင်းယူခဲ့ပါတယ်..။ အဲဒီပွဲစဉ်မှာ ဘရာဇီးလ်အသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့ပေမယ့် စကင်ဒီနေးဗီးယားအသင်းဟာ ပွဲပြီးခါနီး လက်ကျန် (၇) မိနစ်အတွင်း ဖလိုး ရဲ့ သွင်းဂိုးအပါအဝင် နှစ်ဂိုးဆက်တိုက်သွင်းယူ၊ အနိုင်ရခဲ့ပါတယ်..။
ဟာနန် ခရက်စ်ပို (၂၀၀၆)
ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၀၆ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တိုက်စစ်မှူး ဟာနန် ခရက်စ်ပို ဟာ အိုင်ဗရီကို့စ်၊ ဆားဗီးယား နဲ့ မက္ကဆီကို အသင်းတို့နဲ့ ပွဲစဉ်တွေမှာ အာဂျင်တီးနားအသင်းအတွက် (၃) ဂိုး သွင်းယူပေးခဲ့ပါတယ်…။ အာဂျင်တီးနားအသင်းဟာ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး အိမ်ရှင်ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်..။
ဒီဒီယာ ဒရော့ဘာ (၂၀၀၆)
အပြာရောင်ဂန္ထဝင်တိုက်စစ်မှူးကြီး ဒီဒီယာ ဒရော့ဘာ ဟာ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ အိုင်ဗရီကို့စ်အသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်..။ တောင်အမေရိကအသင်းကို ၂ဂိုး- ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ အိုင်ဗရီကို့စ်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်..။
ဂျိုး ကိုးလ် (၂၀၀၆)
အင်္ဂလန်အသင်းနဲ့ ဆွီဒင်အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ဂျိုး ကိုးလ် ဟာ ဆွီဒင်နောက်တန်းက ရှင်းထုတ်လိုက်တဲ့ ဘောလုံးကိုရင်ဘတ်နဲ့ တစ်ချက်ထိန်းပြီး ဂိုးဧရိယာအပြင်ဘက် (၃၅) ကိုက် အကွာကနေ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို မနားတမ်းသွင်းယူပေးခဲ့ပါတယ်..။ အဲဒီဂိုးဟာ ချယ်လ်ဆီးအသင်း ကစားသမားတွေရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ သွင်းဂိုးတွေထဲမှာ အလှပဆုံးသွင်းဂိုးအဖြစ် ဘောလုံးကျွမ်းကျင်သူတွေနဲ့ ပရိသတ်များက သတ်မှတ်ကြပါတယ်..။

အာဂျင် ရော်ဘင် (၂၀၀၆)
တောင်ပံတိုက်စစ်မှူး အာဂျင် ရော်ဘင် ဟာ နယ်သာလန်အသင်းက ဆားဗီးယားအသင်းကို ၁ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး နယ်သာလန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသွင်းဂိုး စတင်ဖွင့်လှစ်ခဲ့ပါတယ်..။ သူဟာ ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလည်း နယ်သာလန်အသင်းအတွက် နောက်ထပ်သွင်းဂိုး (၅) ဂိုး ရယူပေးနိုင်ခဲ့ပါတယ်..။
ဒီဒီယာ ဒရော့ဘာ (၂၀၁၀)
အိုင်ဗရီကို့စ် တိုက်စစ်မှူးဟာ မတူညီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုမှာ သွင်းဂိုးရယူပေးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ချယ်လ်ဆီးကစားသမားအဖြစ် မှတ်တမ်းတင်ထားနိုင်ဆဲ ဖြစ်ပါတယ်..။ သူ့ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဒုတိယသွင်းဂိုးကို ဘရာဇီးလ်အသင်းအား ၂ဂိုး- ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်..။

ဆော်လ်မွန် ကာလူး (၂၀၁၀)
တောင်ပံ ကစားသမား ဆော်လမွန် ကာလူး ဟာလည်း အိုင်ဗရီကို့စ်အသင်းက မြောက် ကိုရီးယားအသင်းကို ၃ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်..။ ဒါပေမယ့် အိုင်ဗရီကို့စ်အသင်းကတော့ ဒီပြိုင်ပွဲမှာလည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး..။
ဖလောရင့် မာလူဒါ (၂၀၁၀)
ပြင်သစ်အသင်းရဲ့ ၂၀၁၀ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အသင်းအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲပြီး ကစားသမားအချင်းချင်း၊ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကြားက ပဋိပက္ခ တိုက်ပွဲတွေကြောင့် ဆိုးရွားတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်..။ အဲဒီပြိုင်ပွဲတစ်လျှောက် ပြင်သစ်အသင်းနဲ့ တစ်လုံးတည်းသော သွင်းဂိုးကို အိမ်ရှင်တောင် အာဖရိကအသင်းကို ၂ဂိုး- ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက တောင်ပံ ကစားသမား ဖလောရင့် မာလူဒါ က သွင်းယူပေးခဲ့ပါတယ်..။
ဒေးဗစ် လူးဝစ်ဇ် (၂၀၁၄)
နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ် ဟာ ၂၀၁၄ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ဘရာဇီးလ်အသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်..။ ချီလီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ အနီးကပ်ပိတ်သွင်းချက်နဲ့ တစ်ဂိုးရယူခဲ့ပြီး သူ့ရဲ့ဒုတိယဂိုးကိုတော့ ကိုလံဘီယာအသင်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်မှာ ပြစ်ဒဏ်ဘောကို လှလှပပ တိုက်ရိုက်ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်..။
အော်စကာ (၂၀၁၄)
ကွင်းလယ် ဖန်တီးရှင် အော်စကာ ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်..။ သူဟာပြိုင်ပွဲကြီးရဲ့ အဖွင့်ဂိုးကို ခရိုအေးရှား အသင်းနဲ့ပွဲစဉ်မှာ တစ်ကိုယ်တော် ခြေစွမ်းပြ၊ သွင်းယူပေးခဲ့ပါတယ်..။ ဒုတိယဂိုးကိုတော့ ချန်ပီယံဖြစ်သွားတဲ့ ဂျာမနီအသင်းကို ၇ဂိုး- ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အကြိုဗိုလ်လုပွဲစဉ်မှာ ဘရာဇီးလ်အသင်းရဲ့ တစ်လုံးတည်းသောဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်..။

အင်ဒရေ ရှာရယ်လ် (၂၀၁၄)
ဂျာမနီအသင်းမှာ လူစားဝင် ကစားသမားအဖြစ် ဝင်ရောက်ကစားလေ့ရှိတဲ့ တောင်ပံ ကစားသမား အင်ဒရေ ရှာရယ်လ် ဟာ ဘရာဇီးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂျာမနီအသင်းရဲ့ နောက်ဆုံးနှစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်..။ ဒါ့အပြင် အယ်လ်ဂျီးရီးယားအသင်းကို ၂ဂိုး- ၁ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာလည်း အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်..။ ရှာရယ်လ် ဟာ ဂျာမနီအသင်းက အာဂျင်တီးနားကို အနိုင်ရ၊ ဗိုလ်စွဲစေခဲ့တဲ့ ဗိုလ်လုပွဲစဉ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုလည်း မာရီယို ဂေါ့တ်ဇေး သွင်းယူနိုင်အောင် ဖန်တီးပေးခဲ့ပါတယ်..။
ဖာနန်ဒို တောရက်စ် (၂၀၁၄)
ဘရာဇီးလ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီးမှာ ဖာနန်ဒို တောရက်စ် လည်း သွင်းဂိုးရရှိခဲ့ပါတယ်..။ ဩစတြေးလျအသင်းကို ၃ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သွင်းယူပေးနိုင်ခဲ့တဲ့ သူ့ရဲ့သွင်းဂိုးဟာ စပိန်အသင်းကို အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ဖို့အတွက် မလုံလောက်ခဲ့ပါဘူး..။
အီဒင် ဟာဇက် (၂၀၁၈)
ရုရှနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးမှာ အီဒင် ဟာဇက် ဟာ ကြယ်ပွင့် ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ဘယ်လ်ဂျီယမ်အသင်းဟာ အကြိုဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်..။ သူဟာ တူနီးရှားအသင်းကို အနိုင်ရရှိခဲ့တဲ့ အုပ်စုအဆင့်ပွဲစဉ်မှာ နှစ်ဂိုး၊ အင်္ဂလန်အသင်းကို ၂ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ တတိယနေရာလုပွဲမှာ တစ်ဂိုး..၊ စုစုပေါင်း (၃) ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်..။

မစ်ချီ ဘတ်ရှူအားယီ (၂၀၁၈)
တိုက်စစ်မှူး ဘတ်ရှူအားယီ ဟာ ပြိုင်ပွဲတစ်လျှောက် ဘယ်လ်ဂျီယမ်အသင်းရဲ့ လူစားဝင် ကစားသမားအဖြစ် အများဆုံး ကစားခဲ့ရပြီး တူနီးရှားအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဖြတ်တင်ဘောကတဆင့် အနီးကပ်ပိတ်သွင်း၊ ဂိုးရယူပေးခဲ့ပါတယ်..။
ရာဟင်း စတာလင်း (၂၀၂၂)
တောင်ပံ တိုက်စစ်မှူး စတာလင်း ဟာ ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးကစားသမားတွေထဲက ပထမဆုံး ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားအဖြစ် အီရန်အသင်းကို ၆ဂိုး- ၂ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မြေမကျကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်..။
ကာလီဒူ ကူလီဘာလီ (၂၀၂၂)
နောက်ခံလူ ကူလီဘာလီ ဟာ ဆီနီဂေါအသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးကို အီကွေဒေါအသင်းနဲ့ ပွဲစဉ်မှာ သွင်းယူပေးခဲ့ပါတယ်..။ အဲဒီပွဲစဉ်မှာ ဆီနီဂေါအသင်းက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် မွိုက်စ် ကိုင်ဆီဒို က အီကွေဒေါအသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်..။ ပွဲချိန်မိနစ် (၇၀) မှာ ပြစ်ဒဏ်ဘောကတဆင့် ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ကူလီဘာလီ က မနားတမ်းကန်သွင်းပြီး အာဖရိကခြင်္သေ့တွေကို (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ် တက်ရောက်စေခဲ့ပါတယ်..။
ခရစ္စတီယန် ပူလီဆစ် (၂၀၂၂)
အမေရိကန် ပြည်ထောင်စုအသင်းရဲ့ တိုက်စစ်မှူး ပူလီဆစ် ဟာ အီရန်အသင်းကို ၁ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အဆုံးအဖြတ် အနိုင်ဂိုးကို အနီးကပ်ပိတ်သွင်း၊ ရယူပေးခဲ့ပါတယ်..။
ကိုင် ဟာဗာ့ဇ် (၂၀၂၂)
ဂျာမနီအသင်းရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ကော်စတာရီကာ အသင်းကို ၄ဂိုး - ၂ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ်နဲ့ နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အခြားပွဲစဉ်မှာ ဂျပန်အသင်းက စပိန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံ (၄) ကြိမ် ဆွတ်ခူးခဲ့ဖူးတဲ့ ဂျာမနီအသင်းဟာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်..။
ဟာကင် ဇီယက်ချ် (၂၀၂၂)
မော်ရိုကိုအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး အကြိုဗိုလ်လုပွဲအဆင့် ရောက်ရှိခဲ့တဲ့ အာဖရိကတိုက်မှ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်..။ တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ဟာ အဲဒီပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကြယ်ပွင့် ကစားသမား တစ်ယောက် ဖြစ်ခဲ့ပြီး ကနေဒါအသင်းကို အနိုင်ရခဲ့တဲ့ အုပ်စုပွဲစဉ်မှာ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်..။
ဇွန်လ (၁၁) ရက်နေ့မှာ စတင်တော့မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ချယ်လ်ဆီးအသင်းမှ (၂၀) ဦးမြောက် ဂိုးသွင်းယူပေးနိုင်မယ့် ကစားသမား ဘယ်သူဖြစ်လာမလဲ..? ဆိုတာ ရင်ခုန်၊ မျှော်လင့်.. စောင့်စားရင်း..