ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့သည့် သောကြာနေ့က အသင်း၏တံဆိပ်အသစ် (Club Badge) ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ စတင်မိတ်ဆက်ခဲ့သည်။ မူလဒီဇိုင်းဟောင်းမှ ကြီးမားစွာ သွေဖီသွားခြင်း မရှိစေပဲ ပိုမိုသစ်လွင်ပြတ်သားလာသည့် အမှတ်တံဆိပ်သစ်ကို အသင်း၏ လူမှုကွန်ရက်စာမျက်နှာများ (Social Media platforms) တွင် စတင်အသုံးပြုနေပါပြီ..။
သို့သော်လည်း၊ အသင်း၏ Official website စာမျက်နှာပေါ်တွင် လက်ရှိအချိန်အထိ အပြောင်းအလဲ မရှိသေးပေ။ ချယ်လ်ဆီးအသင်းမှာ ရာသီသစ်မစတင်မှီ အသင်း၏ အမှတ်တံဆိပ်ကို ပိုမိုလန်းဆန်း၊ ဆန်သစ်စေရန်အတွက် ပြန်လည်မွမ်းမံ၊ ပြင်ဆင်ထားခြင်း ဖြစ်သည်ဟု ယူဆရပါသည်။
တံဆိပ်၏ အပြာရောင်နောက်ခံကို ပိုမိုအရောင်ရင့်ပြီး ပြတ်သားအသက်ဝင်သော အရောင်အသွေး (Darker shade with a sharper look) သို့ ပြောင်းလဲထားပါသည်။ ထို့အပြင် တံဆိပ်၏ အလယ်ဗဟိုရှိ အဖြူရောင်စက်ဝိုင်းကို ဝန်းရံထားသည့် အဝါရောင်ကွင်းလိုင်းကို ဖယ်ရှားလိုက်သကဲ့သို့၊ "Chelsea Football Club" ဟူသည့် စာသားများကို ဝန်းရံထားသော အဝါရောင်အနားသတ်လိုင်းကိုလည်း ဖယ်ရှားလိုက်ပြီ ဖြစ်သည်။
ထို့အပြင် ယခင်က ရိုးရာဘောလုံးလေးလုံးကို ဖုံးအုပ်ထားသည့် အဖြူရောင်အနားသတ်ဘောင်များကိုလည်း တံဆိပ်ပေါ်မှ ဖယ်ရှားလိုက်ပါသည်။ အလယ်ဗဟိုရှိ အပြာရောင်ခြင်္သေ့ရုပ်တွင် အရိပ် (Shadows) များ မပါဝင်တော့ပဲ ပိုမိုတောက်ပသည့် အပြာရောင်ကိုသာ ရွေးချယ်အသုံးပြုထားသည်။ နောက်ဆုံးအနေဖြင့် အသုံးပြုထားသည့် စာလုံးဖောင့် (Font) ဒီဇိုင်းကိုလည်း ပိုမိုခေတ်မှီအောင် အဆင့်မြှင့်တင်ထားပါသည်။

ခြုံငုံသုံးသပ်ရလျှင် စတန်းဖို့ဒ် ဘရစ်ချ်၌ ခေတ်သစ်တစ်ခုကို စတင်ပျိုးထောင်ရန် ပြင်ဆင်နေချိန်တွင် ချယ်လ်ဆီးအသင်းသည် ပိုမိုပြတ်သားပြီး သန့်ရှင်းသပ်ရပ်သော တံဆိပ်ပုံစံ (Sharper and cleaner look) ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤတံဆိပ်သစ်ကို အိမ်ကွင်းဝတ်စုံ (Home Kit) ပေါ်တွင် တွေ့ရမည်မဟုတ်ဘဲ၊ အသင်းမှာ အိမ်ကွင်းဝတ်စုံအတွက် ပိုမိုရိုးရှင်းပြီး ဆွဲဆောင်မှုရှိစေရန် (Minimalist vibe) ရည်ရွယ်ပြီး ခြင်္သေ့ရုပ်သက်သက်ကိုသာ အဝါရောင်ဖြင့် အသုံးပြုရန် ရွေးချယ်ထားသည်။