ရီးရဲလ် မက်ဒရစ်အသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနှင့် ယှဉ်ပြိုင်နေသည့် ကွင်းလယ် ကစားသမား အင်ဇို ဖာနန်ဒက်စ် အား ခေါ်ယူရန် ကြိုးပမ်းနေခြင်း သို့မဟုတ် ကြိုးပမ်းသွားရန် အစီအစဉ် လုံးဝမရှိကြောင်း တရားဝင် ထုတ်ပြန်ချက်ထုတ်ကာ ငြင်းဆိုလိုက်ခဲ့သည်..။ အဆိုပါကြေငြာချက်မှာ အင်ဇို နှင့် သူ၏အေးဂျင့်ဖြစ်သူ ဟာဗီယာ ပက်စ်တိုရေး တို့အဖွဲ့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
အင်ဇို ၏ ကိုယ်တိုင် သို့မဟုတ် သူ၏အသိုင်းအဝိုင်းမှ ထုတ်ဖော်ပြောကြားခဲ့သည့် မှတ်ချက်များကို စောင့်ကြည့်ခဲ့ကြသူတိုင်းက အာဂျင်တီးနား ကွင်းလယ် ကစားသမားမှာ ယခုနွေရာသီတွင် စတန်းဖို့ဒ် ဘရစ်ချ်မှ ထွက်ခွာခွင့်ရနိုင်မည့် လမ်းကြောင်းအပေါ် စိတ်ဝင်စားမှု ရှိနေခဲ့ကြောင်း သိရှိခဲ့ကြပြီး စပိန်မြေက ရီးရဲလ် မက်ဒရစ်အသင်းဆီသို့ ပြောင်းရွှေ့ခွင့်ရရှိရန်မှာ သူ၏စိတ်တိုင်းအကျဆုံး ရွေးချယ်စရာ ဖြစ်ခဲ့ကြောင်း နားလည်ထားကြသည်။
ရီးရဲလ် မက်ဒရစ်အသင်းက ဖာနန်ဒက်စ် နှင့် ပတ်သက်ပြီး လူသိရှင်ကြား သီးခြားခွဲထုတ်၊ ငြင်းဆိုလိုက်သည့် လုပ်ရပ်သည် ယခင်က အင်ဇို နှင့် သတင်းထွက်ခဲ့ဖူးသည့် ပီအက်စ်ဂျီ၊ မန်ချက်စတာစီးတီး အသင်းတို့၏ အတွင်းသတင်းရင်းမြစ်များမှ သီးသန့်အရိပ်အမြွက် ငြင်းဆိုထားခဲ့မှုများနှင့် ထပ်တူထပ်မျှ ဖြစ်နေပါသည်။

ချယ်လ်ဆီးအသင်း၏ခြေစွမ်း စတင်ကျဆင်းခဲ့သည့် ပြီးခဲ့သည့် မတ်လ၊ ပီအက်စ်ဂျီအသင်းအား ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ဖာနန်ဒက်စ် မှာ စပိန်ဘာသာဖြင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးများစွာတွင် အသင်းအခြေအနေအပေါ် လူသိရှင်ကြား ဝေဖန်၊ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးသည်။
အင်ဇို မှာ မတ်လနောက်ပိုင်း လက်ရွေးစင်အသင်းနှင့် နိုင်ငံတကာပွဲစဉ်များ သွားရောက်နေစဉ် ကာလအတွင်း စပိန်မြေသို့ ပြောင်းရွှေ့နိုင်ခြေရှိသည့် အလားအလာနှင့်ပတ်သက်၍ အင်တာဗျူးအချို့တွင် ထည့်သွင်းပြောကြားခဲ့ရာ ချယ်လ်ဆီးအသင်းက နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။
သူ၏အေးဂျင့်ဖြစ်သူ ဟာဗီယာ ပက်စ်စတိုရေး ကလည်း အင်ဇို ၏ အနာဂတ်နှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ဆွေးနွေးခဲ့ပြီး ဖာနန်ဒက်စ် သည် စတန်းဖို့ဒ် ဘရစ်ချ်တွင် သူနှင့်ထိုက်တန်သည့်လစာထက် လျော့နည်း၊ ရရှိနေကြောင်းနှင့် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ပါက အသင်းတွင် ဆက်ရှိရေးအတွက် ပြဿနာတစ်ရပ် ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

အဆိုပါမှတ်ချက်များမှာ ချယ်လ်ဆီးအသင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေတစ်ရပ်ကို ဖန်တီးခဲ့သည်မှာ အမှန်ပင်ဖြစ်သည်..။ အဘယ်ကြောင့်ဆိုသော် ဖာနန်ဒက်စ် သည် အသင်းအတွက် အလွန်အရေးပါသော ကစားသမားတစ်ဦး ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ကွင်းလယ် ကစားသမား အင်ဇို ဖာနန်ဒက်စ် သည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် အသင်းအတွက် သွင်းဂိုး (၁၅) ဂိုး၊ ဂိုးဖန်တီးမှု (၇) ကြိမ် အထိ ပြုလုပ်ပေးခဲ့ပြီး ဒုတိယအသင်းခေါင်းဆောင် (Vice-captain) အဖြစ်ပါ တာဝန်ယူခဲ့သူဖြစ်သည်။
သို့သော်ချယ်လ်ဆီးအသင်းမှာ ၎င်းတို့၏ ရပ်တည်ချက်ကို တည်ငြိမ်စွာပင် ဆက်လက်ထိန်းသိမ်းထားပြီး အသင်းက သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၁၂၀) ဖြင့် လာရောက်ကမ်းလှမ်းမည့် အသင်းရှိပါက ဆွေးနွေးမှုများကို နားထောင်ရန် အသင့်ရှိနေကြောင်း အသိပေးခဲ့သည်..။ သို့သော်လည်း ကစားသမားကို အတင်းအဓမ္မ ရောင်းချရန်အတွက် တက်တက်ကြွကြွ ကြိုးပမ်းနေခြင်းမရှိပေ။ ချယ်လ်ဆီးအသင်းအနေဖြင့် ဖာနန်ဒက်စ် အား မန်နေဂျာသစ် ဇာဘီ အလွန်ဆို ၏ စီမံကိန်းများတွင် အဓိကသော့ချက်အဖြစ် ဆက်လက်၊ ပါဝင်စေရန်အတွက်လည်း တံခါးဖွင့်ထားဆဲဖြစ်သည်။

အင်ဇို ဖာနန်ဒက်စ် နှင့် ပတ်သက်သည့် အခြေအနေများသည် အသင်းအတွက် ကြီးမားသည့် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်သော်လည်း ချယ်လ်ဆီးအသင်းအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် အကျပ်အတည်းကို ပြုပြင်နိုင်မည့်လမ်းကြောင်း မရှိတော့လောက်အောင် လုံးဝပျက်စီးသွားပြီ (Irreparable) ဟု ယူဆထားခြင်း မရှိသေးပေ။
မန်နေဂျာသစ် ဇာဘီ အလွန်ဆို မှာ အင်ဇို ဖာနန်ဒက်စ် အား အသင်းလူစာရင်းအတွင်းသို့ အောင်မြင်စွာဖြင့် အံဝင်ဂွင်ကျဖြစ်အောင် ပြန်လည်ပေါင်းစပ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ထို့အပြင် သူ၏ကွင်းအတွင်း ကောင်းမွန်သော ခြေစွမ်းပြသမှုများနှင့် ရလဒ်ကောင်းများမှတစ်ဆင့် ပရိသတ်များနှင့် အင်ဇို ကြားမှ တင်းမာနေသည့် ဆက်ဆံရေးကိုလည်း ပြန်လည်ကုစားပေးနိုင်လိမ့်မည်ဖြစ်ကြောင်း စတန်းဖို့ဒ် ဘရစ်ချ် အသင်း၌ ခိုင်ခိုင်မာမာယုံကြည်လျှက် ရှိနေကြပါကြောင်း တင်ဆက်လိုက်ပါသည်။
(BBC Sports သတင်းဌာနမှ ဆောင်းပါးရှင် Nizaar Kinsella ၏ ‘Real statement a blow for Fernandez - can Chelsea relationship be repaired?’ ဆောင်းပါးကို ပြန်ဆိုပါသည်။)