feature-image

၂၀၂၆/၂၇ ဘောလုံးရာသီ စကော်လာရှစ်ဆုရ လူငယ်ကစားသမားများ မိတ်ဆက်...

ချယ်လ်ဆီးအသင်းသည် ၂၀၂၆/၂၇ ရာသီမစတင်မီ လူငယ်ကစားသမား (၁၂) ဦးအား ပညာသင်ဆု (scholarship) စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ယခုမျိုးဆက်သစ် လူငယ်များအား ပညာသင်ဆု သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းနှင့် အချိန်ပြည့် ဘောလုံးလောကသို့ ဝင်ရောက်မည့် လူငယ်လေးများ၏ အနာဂတ်ခြေလှမ်းသစ်များကို ကြိုဆိုနိုင်ရန်အတွက် ယခုလအစောပိုင်းက ပညာသင်ဆုရ လူငယ်လေးများအား စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ အထူးအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်းနည်းပြချုပ် ဒန် ဟိုဂန် သည် ပြီးခဲ့သည့်ရာသီက လူငယ်ပရီးမီးယားလိဂ် အမျိုးသားအဆင့် ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်၊ ပေးနိုင်ခဲ့သူဖြစ်ပြီး ယခုရာသီသစ်တွင်လည်း လက်ထောက်နည်းပြ ဖရေဇာ ရောဘတ်ဆန် ၏ ပံ့ပိုးမှုနှင့်အတူ အသင်းအား ဆက်လက်ဦးဆောင်သွားပါမည်။

ပညာသင်ဆုရရှိသော လူငယ်ကစားသမားအချို့မှာ ပြီးခဲ့သည့်ရာသီက U- 18 အသင်းအတွက် ပွဲဦးထွက် မကစားရမီကတည်းက အသင်း၏ လူငယ်ပြုစု ပျိုးထောင်ရေးဌာနမှတစ်ဆင့် တက်လှမ်းလာခဲ့ကြသူများဖြစ်ပြီး ကော့ဘ်ဟမ်ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်ပြီးသူများ ဖြစ်ကြသည်။ အဆိုပါအုပ်စုထဲမှ အချို့မှာ U- 19 နှင့် U- 21 အသင်းများတွင် ပါဝင်ခဲ့ဖူးပြီး အကယ်ဒမီ၏ အဆင့်ဆင့်တက်လှမ်းမှုတစ်လျှောက် တန်ဖိုးရှိသော အတွေ့အကြုံကောင်းများ ရရှိထားကြသူများလည်း ဖြစ်ကြသည်။

လူငယ် ကစားသမားများအတွက် ပညာသင်ဆုစာချုပ် လက်မှတ်ရေးထိုးခွင့်ရခြင်းသည် စီနီယာအသင်းကြီးသို့ တက်လှမ်းရန် ကြိုးစားနေသော လူငယ်ကစားသမားအတွက် တကယ့်ကို အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ ပညာသင်ဆုရ ကစားသမားများသည် အသက် (၁၇) နှစ် ပြည့်မြောက်ပြီးနောက်တွင် သူတို့၏ ကစားသမားဘဝ နောက်ထပ်ခြေလှမ်းသစ်ကို တက်လှမ်းနိုင်ရန်အတွက် ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်များကိုပါ လက်မှတ်ရေးထိုးခွင့် ရရှိကြမည် ဖြစ်ပါသည်။

စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ ပညာသင်ဆု သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်းသို့ ပူးပေါင်းမည့် ကစားသမားများအကြောင်းကို ချယ်လ်ဆီးအသင်း Offical Website မှ အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။


ကွာမီနာ အမ်ပါး (Kwamina Ampah)
ကွာမီနာ သည် အသက် (၈) နှစ်အောက် အဆင့်ကတည်းက ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီ၏ လူငယ်ပြုစုပျိုးထောင်ရေးစင်တာသို့ စတင်ပူးပေါင်းခဲ့သည်..။ နေရာစုံ ကစားနိုင်သော တိုက်စစ်ကစားသမားသည် အမြင့်ဘော ယှဉ်ပြိုင်မှုများတွင် ထူးချွန်ပြီး သူ၏အမြန်နှုန်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဘောလုံးအခြေခံ ကျွမ်းကျင်များဖြင့် ပြိုင်ဘက်အသင်းခံစစ်ကြောင်းကို အစဉ်မပြတ် ခြိမ်းခြောက်နိုင်စွမ်း ရှိသူဖြစ်သည်။



ဂျက် အန်ဒါဆန် (Jack Anderson)
ပြီးခဲ့သည့် ဘောလုံးရာသီအတွင်း ဘလက်ဘန်း ရိုဗာစ် အသက် (၁၅) နှစ်အောက် အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သည်။ ယုံကြည်မှုကောင်းမွန်ပြီး တီထွင်ဖန်တီးမှု အားကောင်းသော တိုက်စစ်အားသန် ကွင်းလယ်ကစားသမားသည် ဘယ်ခြေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည့်အပြင် တိုက်စစ်ပိုင်းတွင် နေရာစုံ ကစားနိုင်စွမ်းရှိသူ ဖြစ်သည်။ သူ၏လုပ်အားနှုန်း ကောင်းမွန်မှုနှင့် စိတ်ဓာတ် ပြင်းထန်မှုများကို လေ့ကျင့်ကွင်းနှင့် ပွဲစဉ်များတွင် ပြသခဲ့သောခြေစွမ်းဖြင့် ထင်ဟပ်နိုင်ခဲ့သည်။



အီမန်နူရယ် အာယင်ဒေး (Emmanuel Ayinde)
အီမန်နူရယ်သည် ပြီးခဲ့သည့် ဘောလုံးရာသီအတွင်း မီးလ်ဝေါလ် အသက် (၁၅) နှစ်အောက် အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သည်။ သန်မာ၍ တည်ငြိမ်မှု ကောင်းမွန်သော ဗဟိုနောက်ခံလူဖြစ်ပြီး အတင်းဝင်၊ အတင်းထွက် ကစားလေ့ရှိသည့် ခံစစ်ကစားဟန်ကို ခိုင်မာသော စိတ်ဓာတ်ပိုင်း၊ အသင်းအတွက် အစွမ်းကုန် ပေးဆပ်လိုသောဆန္ဒများနှင့် ပေါင်းစပ်ကစားတတ်သူဖြစ်သည်။ သူ၏ ပြောင်မြောက်သော ခြေစွမ်းများကြောင့် အင်္ဂလန်လူငယ် (အသက် ၁၅ နှစ်အေက်) လက်ရွေးစင်အဆင့်၌ ရွေးချယ်ခြင်းခံရသည်အထိ အသိအမှတ်ပြုခံခဲ့ရသည်။



အိုင်ဆက် ကော်လင်ဆန် (Isaac Collinson)
မစ်ဒယ်ဘရော့အသင်းမှတဆင့် အိုင်ဆက်သည် သူ၏ အသက် ၁၅ နှစ်အောက် ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည်။ ယုံကြည်မှုကောင်းမွန်ပြီး ခံစစ်ကြောင်းကို ထိန်းကျောင်းနိုင်စွမ်းရှိသော လူငယ်ဂိုးသမားသည် ဘောလုံးအထိန်းအသိမ်းနှင့် ဖြန့်ဝေမှုအပိုင်းတွင်လည်း ထူးချွန်ပါသည်။ ကော့ဘ်ဟမ်၌ မစ်ဒယ်လ်ဘရော့ အသင်းနှင့် ၃ ဂိုး - ၃ ဂိုးဖြင့် သရေကျခဲ့သော ပရီးမီးယားလိဂ်ဖလား ပွဲစဉ်တွင် ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်းအတွက် ပထမဆုံး ပွဲဦးထွက် ကစားခွင့်ရခဲ့ပြီး အင်္ဂလန်လူငယ် U- 15 နှင့် U- 16 လက်ရွေးစင်အသင်းများတွင်လည်း ကိုယ်စားပြု ကစားခဲ့ဖူးသည်။


အိုင်ဆက် ဘာဒူ ဒါ ဆေးလ်ဗား (Isaac Badu Da Silva)
အသက် (၈) နှစ်အရွယ်တွင် ချယ်လ်ဆီးအသင်းနှင့် လက်မှတ်ရေးထိုးခဲ့ပြီးနောက် နည်းစနစ်ပိုင်း ကောင်းမွန်ပြီး တည်ငြိမ်မှုရှိသော ကွင်းလယ်အဖျက် ကစားသမားတစ်ဦးအဖြစ် တိုတက်လာခဲ့သည်။ ဘောလုံးခြေထဲ ရှိချိန်များတွင် အေးဆေးတည်ငြိမ်ပြီး နည်းဗျူဟာပိုင်း နားလည်မှု (tactical awareness) အားကောင်းသဖြင့် ကွင်းလယ်ပိုင်းတွင် စိတ်ချရသော ကစားသမားတစ်ဦး ဖြစ်သည်။ အိုင်ဆက် မှာ ကျောင်းသားအရွယ်သာ ရှိသေးသော်လည်း ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်းတွင် ပုံမှန်ကစားခွင့် ရခဲ့ပြီး ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်း၏ လူငယ် ပရီးမီးယားလိဂ် (တောင်ပိုင်း) ချန်ပီယံဆု ဆွတ်ခူးနိုင်စေရန် ကူညီပေးခဲ့သည်။

ထို့အပြင် EFL ဖလားပြိုင်ပွဲတွင် နော့သ်ဟမ်ပတန် တောင်း၊ ဝေါလ်ဆော စသည့် စီနီယာအသင်းကြီးများနှင့် ရင်ဆိုင်ရသော ပွဲစဉ်၌ U- 21 အသင်းအတွက် ပထမဆုံး ပွဲဦးထွက် ကစားခွင့် ရရှိခဲ့သည်။ ပရီးမီးယားလိဂ် အင်တာနေရှင်နယ် ဖလားပြိုင်ပွဲတွင်လည်း ရီးရဲလ် ဆိုစီဒက် အသင်းနှင့်ပွဲစဉ်တွင် U- 21 အသင်းနှင့် ပွဲထွက်ခွင့်ရခဲ့ပြီး သူ၏ပြောင်မြောက်သော ခြေစွမ်းများကြောင့် ပေါ်တူဂီလူငယ် (အသက် ၁၇ နှစ်အောက်) လက်ရွေးစင်အသင်းသို့ ခေါ်ယူခြင်းခံခဲ့ရသည်။



ဟီဇီ ဂရင်ဝိတ်ဒ် (Heze Grimwade)
အသက် (၈) နှစ်အောက်အသင်း အဆင့်တွင် အသင်းနှင့်စာချုပ်ချုပ်ဆိုပြီး ချယ်လ်ဆီးအကယ်ဒမီ၏ လူငယ်ပြုစုပျိုးထောင်ရေးစင်တာမှ တက်လှမ်းလာခဲ့သူဖြစ်သည်..။ နည်းစနစ်ပိုင်း ကျွမ်းကျင်၍ တီထွင်ဖန်တီးမှု အားကောင်းသော တိုက်စစ်အားသန် ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်..။ တောင်ပံကစားသမား အဖြစ်နှင့်လည်း ထိရောက်စွာ ကစားနိုင်စွမ်း ရှိသူဖြစ်သည်။

ဟီဇီ သည် အသက် (၁၄) နှစ်သားအရွယ်မှာပင် U- 18 အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့် ရရှိခဲ့သည်။ အသက် (၁၆) နှစ်အောက် အသင်းနှင့် ရာသီအတွင်းတွင် ဟီဇီ သည် U- 18 အသင်း၌ ပုံမှန်ကစားခွင့်ရခဲ့ပြီး နောဝစ်ချ်စီးတီး အသင်းအား အဝေးကွင်း၌ ၃ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် အသက် (၁၅) နှစ်အရွယ်ဖြင့် ဂိုးသွင်းယူနိုင်ခဲ့ကာ သူ၏ ဂိုးသွင်းနိုင်စွမ်း ခြိမ်းခြောက်မှုကို သက်သေပြနိုင်ခဲ့သည်။



ဂျေဒင် မာလွန်ဒါမာ (Jayden Malundama)
ဂျေဒင် သည် အသက် (၈) နှစ်အောက် ရာသီအတွင်း ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့ခြင်ပြီး နေရာစုံ ကစားနိုင်သော ကွင်းလယ်အဖျက် ကစားသမားတစ်ဦး တိုးတက်လာခဲ့သည်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိဖြင့် ဘောလုံးနှင့်အတူဆွဲထွက် (dribble) တတ်သော ကစားသမားတစ်ဦးဖြစ်သသည်..။ ပြိုင်ဘက်များမှာ သူ့ထံမှ ဘောလုံးလုယူရန် ခက်ခဲလှပြီး သူ၏ဘောလုံးအထိန်းအသိမ်း ကောင်းမွန်မှုကို အသုံးချ၍ ကွင်းလယ်မှတိုက်စစ်သို့ အမြန်ဆုံးပြောင်းလဲနိုင်အောင် စွမ်းဆောင်ပေးတတ်သည်။ ကျောင်းသားလူငယ်အရွယ်ဖြင့်ပင် ပြီးခဲ့သည့်ရာသီအတွင်း လူယ် (အသက် ၁၇ နှစ်အောက်) ပရီးမီးယားလိဂ်ဖလား ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရခဲ့ပြီး ချာလ်တန် အက်သလက်တစ်နှင့် ၂ ဂိုး - ၂ ဂိုး သရေကျခဲ့သော ပွဲစဉ်၌လည်း ဂိုးသွင်းယူနိုင်ခဲ့သည်။



ဂျိတ်ခ် မာရေး (Jake Murray)
လူတန် တောင်း ၏ အသက် (၁၂) နှစ်အောက် အသင်းမှတဆင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သော ဂိုးသမား ဂျိတ်ခ် သည် အသင်းကို ကွပ်ကဲနိုင်စွမ်းရှိသော စိတ်ချရသည့် ဂိုးသမားတစ်ဦးအဖြစ် တိုးတက်လာခဲ့သည်။ အမြင့်ဘောများ ဖမ်းယူမှုတွင် ကောင်းမွန်ပြီး မိမိ၏ဂိုးဧရိယာအတွင်း သြဇာရှိရှိ ထိန်းချုပ်နိုင်စွမ်းရှိသဖြင့် U- 18 အသင်း၏ ပွဲစဉ်များတွင် ပါဝင်ခွင့်ရခဲ့သည်။ အသက် (၁၆) နှစ်အောက် အသင်းနှင့် ဘောလုံးရာသီအတွင် ကော့ဘ်ဟမ်တွင် ကျင်းပခဲ့သော ရီးစ် နှင့် လော်ရန် ဂျိမ်းစ် ဖလား (Reece and Lauren James Cup) ပြိုင်ပွဲတွင် အထူးပြောင်မြောက်သော လက်စွမ်းများ ပြသကာ အသင်းအား ချန်ပီယံဆု ဆွတ်ခူးနိုင်စေရန် ကူညီပေးခဲ့သည်။ ဂျိတ်ခ် သည် အင်္ဂလန် လူငယ် (အသက် ၁၆ နှစ်အောက်) လက်ရွေးစင်အသင်းတွင် ပုံမှန်ရွေးချယ်ခံနေရသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။



မာဒီ နီကိုးလ်-ဂျာဇူလီ (Mahdi Nicoll-Jazuli)
မာဒီ သည် အသက် (၈) နှစ်အောက်အဆင့်တွင် ချယ်လ်ဆီးအသင်းနှင့် ရောက်ရှိလာခဲ့ပြီး ကော့ဘ်ဟမ် အကယ်ဒမီ၏ သက်တမ်းအလိုက် အသင်းများတွင် အဆင့်ဆင့် တက်လှမ်းလာခဲ့ကာ တီထွင်ဖန်တီးမှု ကောင်းမွန်သော တိုက်စစ်အားသန် ကွင်းလယ် ကစားသမားတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ အသက် (၁၅) နှစ်သားအရွယ်တွင်ပင် ဘင်ဖီကာနှင့် UEFA လူငယ် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အုပ်စုအဆင့်ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲထွက်ကစားသမား ဖြစ်လာခဲ့သည်..။

အိုင်းယက်စ်အသင်းနှင့် ပွဲစဉ်၌လည်း ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ချယ်လ်ဆီးအသင်းအတွက် လူငယ်ချန်ပီယံလိဂ် ပြိုင်ပွဲတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မာဒီ သည် ၂၀၂五/၂၆ ရာသီ၌ U- 18 အသင်း၏ အောင်မြင်မှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး U- 18 လူငယ်ပရီးမီးယားလိဂ် အမျိုးသားအဆင့် ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် ကူညီပေးခဲ့သည်။ ထို့ပြင် U- 21 အသင်းအတွက် ပရီးမီးယားလိဂ် (၂) ပြိုင်ပွဲနှင့် EFL ဖလား ပြိုင်ပွဲများတွင် ပါဝင်ကစားခဲ့သည်။ နိုင်ငံတကာအဆင့်တွင် အင်္ဂလန်လူငယ် (အသက် ၁၇ နှစ်အောက်) လက်ရွေးစင်အသင်း ကိုယ်စားပြု ကစားခဲ့သည်။



အန်ဒရူး ပန်နီ (Andrew Pennie)
တိုက်စစ်မှူး ပန်နီ သည် အသက် (၈) နှစ်အောက် အသင်းအဆင့်ကတည်းက ချယ်လ်ဆီးအသင်း၏ လူငယ်ပြုစုပျိုးထောင်ရေးစင်တာသို့ ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး လျှင်မြန်မှုကောင်းမွန်ပြီး ခွန်အားသုံး ထိုးဖောက်နိုင်သူဖြစ်သည့်အပြင် ဂိုးသွင်းဗီဇအမြင် ရှိသော အထောင်တိုက်စစ်မှူးအဖြစ် တိုးတက်လာခဲ့သည်။ ကျောင်းသားလူငယ်အရွယ်မျှသာ ရှိသေးသော်လည်း U- 18 အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး ကော့ဘ်ဟမ်၌ ဘာမင်ဂမ်စီးတီးအား ၃ ဂိုး - ၁ ဂိုးဖြင့် နိုင်ခဲ့သောပွဲတွင် အလွန်လှပသော အဝေးကန်ချက်ဖြင့် သွင်းဂိုးအပါအဝင် အရေးကြီးသော ဂိုးများကို သွင်းယူပေးခဲ့သည်..။

နည်းပြ ဒန် ဟိုဂန်၏ အသင်းအတွက် ဝက်စ်ဟမ်းယူနိုက်တက်နှင့် ပွဲစဉ်၌လည်း ဂိုးသွင်းယူပေးခဲ့သည်။ တိုက်စစ်မှူ ပန်နီ သည် အသက် (၁၅) နှစ်သားအရွယ်ဖြင့် ဝေါလ်ဆောအသင်းနှင့် ကစားခဲ့သော EFL ဖလားပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရခဲ့ပြီး အသက် (၁၆) နှစ်အောက် အသင်းအတွက် ကစားနေစဉ်အတွင်း U- 21 အသင်းနှင့် ပထမဆုံး ပွဲထွက်ကစားခွင့် ရရှိခဲ့ သည်။



ဂါဘရီရယ် ဆမ်ဘူ (Gabriel Sambou)
လူတန် တောင်း ၏ အသက် ၁၂ နှစ်အောက် အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ညာအစွန် နောက်ခံလူနှင့် ဗဟိုနောက်ခံလူ နေရာများတွင် ကစားနိုင်သော ခံစစ်မှူးအဖြစ် တိုးတက်လာခဲ့သည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်၍ နည်းစနစ်ပိုင်း ပင်ကိုယ်ပါရမီ ထူးချွန်သော နောက်ခံလူသည် ဘာမင်ဂမ် အသင်းအား ၅ ဂိုး - ၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီး U- 18 အဆင့်တွင် အဖိုးတန် အတွေ့အကြုံများ ရရှိခဲ့သည်။

ထို့ပြင် ကာရာဘတ်အသင်းအား ၅ ဂိုး - ၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သောပွဲတွင် သူ၏ UEFA လူငယ် ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲထွက်ခွင့်ရခဲ့သည်။ ဆမ်ဘူ သည် နိုင်ငံတကာအဆင့်တွင် အင်္ဂလန်လူငယ် (အသက် ၁၅ နှစ်အောက်) အသင်း၌ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးပြီး နောက်ပိုင်းတွင် ပိုလန်လူငယ် (အသက် ၁၇ နှစ်အောက်) အသင်းကို ကိုယ်စားပြုရန် ရွေးချယ်ခေါ်ယူခြင်း ခံခဲ့ရသည်။



ရက်ဂျီ ဝပ်ဆင် (Reggie Watson)
ရက်ဂျီ သည် ခရစ္စတယ် ပဲလေ့စ် ၏ အသက် (၁၅) နှစ်အောက် အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး တည်ငြိမ်မှုရှိသော ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် တိုးတက်လာသည်။ သူသည်ပြီးခဲ့သည့်ရာသီက U- 18 အသင်း၏ ပုံမှန်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး လူငယ်ပရီးမီးယားလိဂ် (တောင်ပိုင်း) ချန်ပီယံဆုနှင့် အမျိုးသားအဆင့် ချန်ပီယံဆု နှစ်ခုစလုံးကို ဆွတ်ခူးနိုင်ခဲ့သည်..။

FA လူငယ်ဖလားပြိုင်ပွဲ၌လည်း ပါဝင်ကစားခဲ့ပြီး ရက်ဒင်းအသင်းဘက်သို့ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထို့အပြင် UEFA လူငယ် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ရှုံးထွက်အဆင့်တွင် ပီအက်စ်ဗီ အိုင်ဟိုဗင်အသင်းနှင့် ပွဲစဉ်၌ ပါဝင်ကစားခွင့်ရခဲ့သည်..။ ကျောင်းသားလူငယ်အရွယ်ဖြင့်ပင် U- 21 အသင်းအတွက် ပါဝင်ကစားခဲ့သည်။ ရက်ဂျီ သည် ကော့ဘ်ဟမ်၌ ကျင်းပခဲ့သော ရီးစ် နှင့် လော်ရန် ဂျိမ်းစ် ဖလားပြိုင်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်၍ ချန်ပီယံဆု ရယူပေးခဲ့ပြီး အင်္ဂလန်လူငယ် (အသက် ၁၆ နှစ်အောက်) လက်ရွေးစင်အသင်း၌လည်း ဆက်လက်ကိုယ်စားပြု၊ ပါဝင်လျှက်ရှိသည်။