feature-image

တားမြစ်ဆေး ပြစ်ဒဏ်မှ ကွင်းလုံးကျွတ် လွတ်ကင်းသွားသည့် ‘မီဟေးလို မူဒရစ်ခ်’

ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမား မီဟေးလို မူဒရစ်ခ် သည် တားမြစ်ဆေးဝါး တွေ့ရှိမှုကြောင့် ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရသည့် အငြင်းပွားမှုအား ဖြေရှင်း၊ ပြီးစီးခဲ့ပြီးနောက် မြက်ခင်းစိမ်းပေါ်သို့ ပြန်လည် ခြေချခွင့် ရရှိသွားခဲ့ပြီဖြစ်သည်။

အသက် (၂၅) နှစ်အရွယ် ကစားသမားမှာ လွန်ခဲ့သည့်နှစ်နှစ်က ယူကရိန်းလက်ရွေးစင်အသင်းနှင့် သွားရောက်စဉ် ပြုလုပ်ခဲ့သော ရှောင်တခင် ဆီးစစ်ဆေးမှုတစ်ခု၌ တားမြစ်ဆေးဝါး စာရင်းဝင် မဲလ်ဒိုနီယမ် (meldonium) ပမာဏအနည်းငယ် စစ်ဆေးတွေ့ရှိခဲ့သည်..။ ထို့ကြောင့် ဘောလုံးအဖွဲ့ချုပ် (FA) က (၄) နှစ် ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ပြိုင်ပွဲများ၌ ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိသေးပေ။

မူဒရစ်ခ် သည် အဆိုပါပြစ်ဒဏ်အပေါ် အားကစား ခုံသမာဓိတရားရုံး (CAS) သို့ အယူခံလွှာ တင်သွင်းခဲ့သည်..။ သူ၏အယူခံအား ကြားနာမှုပြုလုပ်နေစဉ် ကာလအတွင်း ကမ္ဘာ့တားမြစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (WADA) ၏ လုပ်ထုံးလုပ်နည်း ပြောင်းလဲမှုများကြောင့် အကယ်၍ ယခုအခါ၌ သူ၏ဆေးစစ်ချက်မှာ အဆိုပါရလဒ်အတိုင်း ထွက်ပေါ်ခဲ့ပါက တရားစွဲဆို စွပ်စွဲမှုများ ပြုလုပ်တော့မည် မဟုတ်ပေ။ (အဓိပ္ပါယ်မှာ တရားစွဲဆို ပြစ်ဒဏ်ကျခံရန် လုံလောက်သည့် တားမြစ်ဆေးပမာဏ တွေ့ရှိခဲ့ခြင်း မရှိခဲ့ပေ..။)



အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA) က - ‘အဆိုပါ လုပ်ထုံးလုပ်နည်း အပြောင်းအလဲများမှာ နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိသေးသော်လည်း အကယ်၍ မစ္စတာ မူဒရစ်ခ်  ၏ ဆီးနမူနာစစ်ဆေးချက်မှာ ယနေ့တွင်မှ ရယူခဲ့ခြင်းဖြစ်ပါက ၎င်း၏နမူနာအတွင်း တွေ့ရှိရသည့် မဲလ်ဒိုနီယမ်ပမာဏမှာ ထုတ်ပြန် အစီရင်ခံရမည့် ပမာဏ မဟုတ်သကဲ့သို့ တားမြစ်ဆေးဝါးဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှုများလည်း ဖြစ်ပေါ်လာမည် မဟုတ်တော့ပေ။

ထိုသို့ဖြစ်ပေါ် တိုးတက်မှုများနှင့် အမှု၏အခြားသော အခြေအနေများအရ FA နှင့် မစ္စတာ မူဒရစ်ခ်  တို့သည် - WADA ၏ သဘောတူညီချက်ဖြင့် - အယူခံမှု ခေါ်ယူ၊ ဆောင်ရွက်မှုများအား ယခုအခါ ဖြေရှင်း ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။

အဆိုပါသဘောတူညီချက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မစ္စတာ မူဒရစ်ခ်  သည် စွပ်စွဲခံထားရသော တားမြစ်ဆေးဝါးဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှုများ (ADRVs) အား ပြုလုပ်ခဲ့ကြောင်း လက်ခံခဲ့ပြီး ကျခံခဲ့ပြီးသော ပြစ်ဒဏ်ကာလအား ယှဉ်ပြိုင်ခွင့်မရှိသည့် ကာလအဖြစ် သဘောတူ၊ အသိအမှတ်ပြုခဲ့ခြင်း ဖြစ်ပေသည်။

မစ္စတာ မူဒရစ်ခ်  သည် ယခုအခါ၌ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်မရှိသူ မဟုတ်တော့ဘဲ ကွင်းအတွင်းသို့ ချက်ချင်း ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။”
ဟု ထုတ်ပြန် ကြေညာခဲ့သည်။

ချယ်လ်ဆီးအသင်းမှာ မူဒရစ်ခ်  အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ရှက်ခ်တာ ဒိုးနက်ချ် အသင်းထံမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၈) သန်းဖြင့် ခေါ်ယူခဲ့ပြီး ပြစ်ဒဏ်မကျမီ ကာလအထိ အသင်းနှင့် (၇၃) ပွဲ ကစား၊ (၉) ဂိုး သွင်းယူပေးခဲ့သည်။



ချယ်လ်ဆီးအသင်းသည် အဆိုပါဆုံးဖြတ်ချက်အား ကြိုဆိုခဲ့ပြီး ၎င်း၏ "အသင်းအတွင်းသို့ ပြန်လည်ခြေချလာနိုင်မှု" ကို ကူညီပံ့ပိုးပေးမည်ဖြစ်သကဲ့သို့ "သူ၏ကစားသမားဘဝ ပြန်လည် စတင်နိုင်ရေးအတွက်လည်း အစွမ်းကုန် ကူညီပေးသွားမည်" ဖြစ်ကြောင်း ပြောကြားခဲ့ပေသည်။

ချယ်လ်ဆီးအသင်း၏ ထုတ်ပြန်ချက်၌ - "ပိုမို စိတ်ချ၊ အားထားရသော စစ်ဆေးမှုများအတွက် သိပ္ပံဆိုင်ရာ အစီရင်ခံစာ စံနှုန်းများ တိုးတက်လာမှုအရ အကယ်၍ မီရှာ ၏ နမူနာအား ယနေ့ခေတ် နည်းပညာဆိုင်ရာ လိုအပ်ချက်များအတိုင်း စစ်ဆေးခဲ့ပါက ဆေးစစ်ချက် အောင်မြင်မှုမရှိဟူသော အစီရင်ခံစာ ထုတ်ပြန်ခံရမည် မဟုတ်သလို တားမြစ်ဆေးဝါးဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှုလည်း ဖြစ်ပေါ်လာမည် မဟုတ်ဆိုသည့် အချက်အား အသိအမှတ်ပြုလိုက်ခြင်းကို ချယ်လ်ဆီးအသင်းမှ ကြိုဆိုပါသည်။ အဆိုပါအချက်မှာ ရရှိခဲ့သော သဘောတူညီချက်၏ အရေးပါသော အကြောင်းအရင်းတစ်ရပ်ဖြစ်ပြီး ပါဝင်သူ အားလုံး၏ အနာဂတ်အတွင် ဆက်လက် လျှောက်လှမ်းနိုင်ရေးကို အထောက်အကူပြုပေလိမ့်မည်။" ဟု ဖော်ပြထားပါသည်။

ယူကရိန်း တောင်ပံ ကစားသမားကလည်း ဘောလုံးကမ္ဘာနှင့် (၂) နှစ်ကြာ ဝေးကွာခဲ့ရသည့် ကာလအား "၎င်း၏ ကစားသမားဘဝ၌ အခက်ခဲဆုံးသော ကာလတစ်ရပ် ဖြစ်ခဲ့သည်" ဟုလည်းကောင်း၊ ယခုအခါ ပြန်လည် ပါဝင်ခွင့်ရသည့်အတွက် "ကျေးဇူးတင်ဝမ်းမြောက်မိသည်" ဟုလည်းကောင်း ထုတ်ဖော် ပြောကြားခဲ့သည်..။

Welcome Back Misha