feature-image

စွဲချက် (၇၄) ခုအတွက် စတာလင်ပေါင် (၁၀) သန်းဒဏ်ငွေ ပြစ်ဒဏ် ကျခံရတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းမှာ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA) ၏ အေးဂျင့်ဆိုင်ရာ စည်းမျဉ်းများအား ချိုးဖောက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် လွတ်လပ်သော အယူခံဘုတ်အဖွဲ့က စတာလင်ပေါင် (၁၀) သန်း ဒဏ်ရိုက်ခဲ့သလို ဘောလုံးရာသီ (၂) ရာသီ ကစားသမား သစ် ခေါ်ယူခွင့် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း FA က ထုတ်ပြန် ကြေညာခဲ့သည်။ လွတ်လပ်သော ကော်မရှင်တစ်ရပ်က အစောပိုင်တွင် ရမှတ် (၆) မှတ် လျှော့ချ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့သော်လည်း ထိုပြစ်ဒဏ်အားပယ်ဖျက်၍ ကစားသမားသစ် ခေါ်ယူခွင့် (၂) ရာသီ ပိတ်ပင်မည့် ဆိုင်းငံ့ပြစ်ဒဏ် အစားထိုး ချမှတ်ခဲ့ခြင်းဖြစ်သည်။

FA သည် အနောက်လန်ဒန် အသင်းအပေါ် ပြစ်ဒဏ်များ ချမှတ်ကြောင်း သောကြာနေ့၌ အတည်ပြုခဲ့ခြင်းဖြစ်ပြီး အသင်းဘက်က အေးဂျင့်များ၊ ကြားခံပွဲစားများနှင့် ဆောင်ရွက်ခြင်းနှင့် FA က ချမှတ်ထားသော ကစားသမားများအပေါ် တတိယအဖွဲ့အစည်းများမှတဆင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်း (၇၄) ချက်အား ချိုးဖောက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

အသင်းပိုင်ရှင်သစ်များသည် ရုရှားဘီလျံနာသူဌေးကြီး ရိုမန် အဗရာမိုဗစ်ချ် ထံမှ ချယ်လ်ဆီးအသင်းအား လွှဲပြောင်းဝယ်ယူရန် ဆောင်ရွက်နေသည့် ၂၀၂၂ ခုနှစ် မေလအတွင်းက အဆိုပါစည်းမျဉ်း ချိုးဖောက်မှုများအား ဘောလုံး အာဏာပိုင်များထံ ကိုယ်တိုင်အစီရင်ခံ သတင်းပို့ခဲ့ခြင်းဖြစ်သည်။

အသင်းအား လွှဲပြောင်းရယူစဉ် ကာလအတွင်း မေးခွန်းထုတ်စရာ ဖြစ်ပေါ်စေခဲ့သော အပြောင်းအရွှေ့များထဲတွင် အီဒင် ဟာဇက်၊ ဆင်မြူရယ် အက်တိုး နှင့် ဝီလီယံ တို့ကဲ့သို့သော ကစားသမားများ၏ အပြောင်းအရွှေ့ စာချုပ်များ ပါဝင်သည်ဟု ယူဆရပေသည်။ သို့သော်ကစားသမားများ၏ အပိုင်း၌ မဟုတ်မမှန်ပြုလုပ်ခဲ့မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။



၂၀၂၇ ခုနှစ်၊ ဇွန်လ (၃၀) ရက်တိုင်အောင် ဆိုင်းငံ့ထားသော ရမှတ် (၆) မှတ် လျှော့ချပြစ်ဒဏ်အား အမှုအားစတင် စစ်ဆေးကြားနာခဲ့သည့် လွတ်လပ်သော ကော်မရှင်က ချမှတ်ခဲ့ခြင်း ဖြစ်သော်လည်း အသင်းဘက်က ယင်းပြစ်ဒဏ်အပေါ် အယူခံလွှာ တင်သွင်းခဲ့သည်။ အယူခံဘုတ်အဖွဲ့က အဆိုပါ ရမှတ်လျှော့ချ ပြစ်ဒဏ်အစား ကစားသမားသစ် ခေါ်ယူခွင့် (၂) ရာသီ ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် အစားထိုး ပြောင်းလဲ၊ ချမှတ်ခဲ့ပါသည်။

စည်းမျဉ်း ထိန်းသိမ်းရေး ကော်မရှင်က ချမှတ်ခဲ့သည့် စတာလင်ပေါင် (၁၀) သန်း ဒဏ်ကြေးမှာ အယူခံဝင်ခွင့် ပြုသည့် အရာမဟုတ်ဘဲ အဆိုပါပမာဏ အပြည့်အဝအား အခြေခံအားကစားဖွံ့ဖြိုးရေးကဏ္ဍများ (grassroots) ၌ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားရပါမည်။

ချယ်လ်ဆီးအသင်းသည် အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ပရီးမီးယားလိဂ်နှင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) တို့နှင့် လွန်ခဲ့သော ကာလများကပင် ပြစ်ဒဏ်ဆိုင်ရာ ကျေအေးမှု သဘောတူညီချက်များ ရရှိထားပြီး ဖြစ်သည်။



ချယ်လ်ဆီး ဘောလုံးအသင်း၏ ထုတ်ပြန်ချက်၌ - "အသင်းဘက်က ကိုယ်တိုင် လာရောက် အစီရင်ခံ၊ သတင်းပို့ခဲ့သော အတိတ်က စည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA) ၏ တရားစီရင်ရေး အဖွဲ့အစည်းများထံမှ အပြီးသတ် ဆုံးဖြတ်ချက်တစ်ရပ် ရရှိခဲ့ပြီဖြစ်ကြောင်း ချယ်လ်ဆီး ဘောလုံးအသင်းမှ ဝမ်းမြောက်စွာ အတည်ပြု အသိပေးအပ်ပါသည်။

၂၀၂၂ ခုနှစ်အတွင်း၌ ချယ်လ်ဆီးအသင်းဘက်က ဖြစ်ပေါ်နိုင်ဖွယ်ရှိသော အတိတ်က စည်းမျဉ်း ချိုးဖောက်မှုများအား သက်ဆိုင်ရာ စည်းမျဉ်း ထိန်းသိမ်းရေး အဖွဲ့အစည်း အားလုံးထံ ကိုယ်တိုင် သတင်းပို့ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အစီရင်ခံပြီးသည့်နောက် ချယ်လ်ဆီးအသင်းသည် အထောက်အထား စာရွက်စာတမ်း ပေါင်း သောင်းချီအား လိုလိုလားလားဖြင့် ကြိုတင်၊ ထုတ်ဖော် ပြသခဲ့ခြင်း အပါအဝင် စည်းမျဉ်း ထိန်းသိမ်းရေး အဖွဲ့အစည်း အားလုံးနှင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်း ဆောင်ရွက်ခဲ့ပေသည်။

ယခင်က ထုတ်ပြန်ခဲ့သည့်အတိုင်း ကိုင်တွယ် ဖြေရှင်းခဲ့ပြီးဖြစ်သော အဆိုပါကိုယ်တိုင် အစီရင်ခံထားသည့် စည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များ၊ အကြောင်းအရာများနှင့် ပတ်သက်၍ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) နှင့် ပရီးမီးယားလိဂ် တို့နှင့် ကျေအေးမှု သဘောတူညီချက်များ ရရှိထားပြီးဖြစ်သည်။ ယခုအခါ FA ၏ စစ်ဆေး ကြားနာမှု လုပ်ငန်းစဉ်များ ပြီးစီးခဲ့ပြီ ဖြစ်သောကြောင့် အသင်းအပေါ် စည်းမျဉ်း အရေးယူ ဆောင်ရွက်မှုများ အားလုံး ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ချယ်လ်ဆီးအသင်းအနေဖြင့် ဝမ်းမြောက်စွာ အတည်ပြု အသိပေးအပ်ပါသည်။

ဤလုပ်ငန်းစဉ် တစ်လျှောက်လုံး၌ အသင်းနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် UEFA၊ ပရီးမီးယားလိဂ် နှင့် FA တို့အား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။"
ဟု ဖော်ပြထားပေသည်။

ယခုနှစ် အစောပိုင်းက ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်၏ အကြီးမားဆုံးသော ဒဏ်ကြေးငွေနှင့်အတူ (၂) နှစ် ဆိုင်းငံ့ထားသည့် ကစားသမားသစ် ခေါ်ယူခွင့် (၁) နှစ် ပိတ်ပင်ထားသည့် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ ထို့အပြင် ချမှတ်ခံခဲ့ရသည့် စုစုပေါင်း ဒဏ်ကြေး စတာလင်ပေါင် (၁၀.၇၅) သန်းမှာ အသင်းပိုင်ရှင် ရိုမန် အဗရာမိုဗစ်ချ် လက်ထက်ကဖြစ်သည့် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကြား ကာလအတွင်း အေးဂျင့်များသို့ ပေးချေခဲ့သော စတာလင်ပေါင် (၄၇.၅) သန်းတန်ကြေးရှိ လျှို့ဝှက် ငွေပေးချေမှုများနှင့် လူငယ် ကစားသမားများ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှုများနှင့် သက်ဆိုင်ခြင်း ဖြစ်သည်။



အဆိုပါချိုးဖောက်မှုများအတွက် စုစုပေါင်းဒဏ်ကြေးမှာ စတာလင်ပေါင်သန်း (၂၀) ကျခံရမည် ဖြစ်သော်လည်း အသင်းဘက်က ကိုယ်တိုင်လာရောက် အစီရင်ခံခဲ့သကဲ့သို့ စုံစမ်းစစ်ဆေးမှုများ၌ ပူးပေါင်း ဆောင်ရွက်ခဲ့သဖြင့် ထက်ဝက် လျှော့ချပေးခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်၏ အစီရင်ခံစာ၌ အဆိုပါ လျှို့ဝှက် ငွေပေးချေမှုများနှင့် သက်ဆိုင်သည့် အပြောင်းအရွှေ့များအား အမည်တပ်ဖော်ပြခဲ့ရာ ဟာဇက်၊ အီတိုး၊ ဝီလီယံ၊ ရာမီရက်စ်၊ ဒေးဗစ် လုဇ်၊ အန်ဒရေ ရှာယယ်လ် နှင့် နီမန်ဂျာ မက်တစ် တို့ကို ခေါ်ယူခဲ့သည့် စာချုပ်များ ပါဝင်ခဲ့သည်။ ကစားသမား (၄) ဦး၏ အမည်များအား အစီရင်ခံစာ၌ ချန်လှပ် ထိန်းသိမ်းထားခဲ့ပေသည်။

ကလပ်အသင်းများသည် FA နှင့် ပရီးမီးယားလိဂ် တို့ထံ တိကျမှန်ကန်သော ဘဏ္ဍာရေး အချက်အလက်များအား နှစ်စဉ် တင်ပြကြရမည် ဖြစ်ပါသည်။ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) နှင့် ယင်း၏ ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်နေသော ကလပ်အသင်းများအတွက်လည်း ဤနည်းအတိုင်းပင် ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ယခင် ပိုင်ရှင်ဟောင်းများ လက်ထက် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များအတွင်း မပြည့်စုံသော ဘဏ္ဍာရေး အစီရင်ခံစာများ တင်ပြခဲ့မှုများကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ၌ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ၏ စတာလင်ပေါင် (၈.၆၄) သန်း ဒဏ်ရိုက်ခြင်း ခံခဲ့ရသည်။ အပြောင်းအရွှေ့များနှင့် ဆက်စပ်၍ ပင်လယ်ရပ်ခြား (Offshore) ကုမ္ပဏီများသို့ ပေးချေခဲ့သော မသင်္ကာဖွယ် ငွေပေးချေမှု အနည်းဆုံး (၆) ခုကိုလည်း စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။