feature-image

တည်ကန်ဘောနည်းပြသစ် အော်စတင် မက်ခ်ဖေး နှင့် ဇာဘီ အလွန်ဆို ၏ နည်းပြအဖွဲ့ဝင်များ

ချယ်လ်ဆီးအသင်းမှာ နည်းပြ ဇာဘီ အလွန်ဆို ၏ နည်းပြအဖွဲ့ဝင်များအား ပြန်လည်ဖွဲ့စည်းရာတွင် အက်စ်တွန် ဗီလာအသင်းမှ နည်းပြ အော်စတင် မက်ခ်ဖီး အား အသင်း၏ တည်ကန်ဘော နည်းပြ (Set Piece Coach) အဖြစ် ခန့်အပ်ခဲ့သည်။

ထို့ကြောင့် ယခင် Set Piece နည်းပြဖြစ်သူ ဘာနာဒို ကူးဗား မှာ ရာထူးနေရာ အပြောင်းအလဲ ပြုလုပ်မည်ဖြစ်ပြီး အသင်း၏ နည်းစနစ်ပိုင်းဆိုင်ရာ သုံးသပ်သူ (Technical Analyst) အဖြစ် ဆက်လက် တာဝန်ယူသွားမည် ဖြစ်ပေသည်။

မက်ခ်ဖီး သည် ဗီလာ ပါ့ခ်၌ ဘောလုံးရာသီ (၅) ရာသီကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အသင်း၏ ပထမဆုံးသော တည်ကန်ဘော နည်းပြလည်း ဖြစ်ခဲ့ပေသည်။ မက်ခ်ဖီး သည် ဗီလာအသင်းတွင် တာဝန်ယူစဉ်အတွင်း တည်ကန်ဘောများမှ ဂိုးအများဆုံး သွင်းယူနိုင်သည့် အသင်းများထဲတွင် ဆက်တိုက်ပါဝင်နိုင်ခဲ့သည်..။ ထို့အပြင် အက်စ်တွန် ဗီလာအသင်းမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၇) အတွင်း (၄) ရာသီဆက်တိုက် ရပ်တည်နိုင်ခဲ့ကာ ယူရိုပါလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။



ဗီလာအသင်းသည် ပြီးခဲ့သောရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ တည်ကန်ဘောများမှ (၁၈) ဂိုးအထိ ရရှိခဲ့ပြီး ပူးတွဲစတုတ္ထမြောက် ဂိုးအများဆုံးရရှိသည့် အသင်းဖြစ်ခဲ့ရုံမက ချယ်လ်ဆီးအသင်းထက်လည်း (၅) ဂိုး ပိုမို သွင်းယူနိုင်ခဲ့ပေသည်။ ဗီလာအသင်းမှာ ၂၀၂၄/၂၅ ရာသီတွင် အပြာရောင်တို့ထက် (၄) ဂိုး ပိုမိုသွင်းယူနိုင်ခဲ့သည်။    

မက်ခ်ဖီး သည် ဗီလာအသင်း၌ တာဝန်ထမ်းဆောင်နေရင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပေါ်တူဂီအသင်း၌ နည်းပြရော်ဘတ်တို မာတီနက်ဇ် ၏ လက်ထောက်နည်းပြ တစ်ဦးအဖြစ် ပါဝင်ခဲ့သကဲ့သို့ ကော့ဒန်ဘီးသ်၊ စိန့် မီရင်၊ ဟာ့တ်စ် တို့အပြင် မြောက် အိုင်ယာလန်နှင့် စကော့တလန် အသင်းများတွင်လည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသည်။ ထို့ပြင်ဗီလာ ပါ့ခ်သို့ မပြောင်းရွှေ့မီ ဒိန်းမတ်ကလပ် မစ်ဂျိလန်း ၌လည်း တည်ကန်ဘော နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဇာဘီ အလွန်ဆို ပြန်လည်ဖွဲ့စည်းခဲ့သည့် နည်းပြအဖွဲ့

အလွန်ဆို သည် ဘေယာ လေဗာကူဆင် အား ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ပထမဆုံးအကြိမ် ဆွတ်ခူး၊ ရရှိစေရန် ဦးဆောင်ပေးခဲ့ဖူးသကဲ့သို့ ရီးရဲလ် မက်ဒရစ် ကို ကိုင်တွယ်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းနှင့် (၄) နှစ် သက်တမ်းစာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရသည်။

ဇာဘီ မှာ လီဗာပူးလ်အသင်းတွင် (၅) နှစ်ကြာ ကစားခဲ့ဖူးသဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွေ့အကြုံနှင့် ပြည့်ဝပြီးဖြစ်ပေသည်။

စပိန်နည်းပြမှာ ချယ်လ်ဆီးအသင်းတွင် အသင်းမှလက်ရှိ ဝန်ထမ်းများ အပါအဝင် ဝန်ထမ်းသစ်များနှင့်ပါ ပေါင်းစပ်၍ သူ၏နည်းပြအဖွဲ့အား ပြန်လည်ဖွဲ့စည်းလျက် ရှိပါသည်။



သူ၏နည်းပြအဖွဲ့တွင် ပါဝင်လျှက်ရှိသည့် နည်းပြများမှာ -

• ဝီလီ အီဆာ (ကစားသမားများဆိုင်ရာ ပံ့ပိုးရေးနှင့် ဖွံ့ဖြိုးရေး အရာရှိ) - အလွန်ဆို မရောက်ရှိမီ ကတည်းက အသင်း၌ ရှိနှင့်ပြီးသော ဝန်ထမ်းတစ်ဦး ဖြစ်သည်။ အီဆာ မှာ ရှည်လျားလှသော ရဂ်ဘီ လိဂ် ကစားသမား ဘဝအတွင်း အင်္ဂလန်နိုင်ငံရှိ ကာဆယ်ဖို့ဒ်၊ ဝစ်ဒ်နက်စ် နှင့် ဝီဂန်အသင်းတို့တွင် အများဆုံး ကျင်လည်ခဲ့သည်..။ ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာပြီး ဘောလုံးလောကအတွင်းသို့ ကူးပြောင်း၊ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

• ဆီဘတ်စ် ပါရီလာ (လက်ထောက် နည်းပြ) - ချယ်လ်ဆီး နည်းပြသစ် အလွန်ဆို နည်းပြလောကအတွင်း စတင် ဝင်ရောက်ခဲ့သည့် ၂၀၁၈ ခုနှစ်ကတည်းက ရီးရဲလ် မက်ဒရစ်အသင်း၏ အသက် (၁၄) နှစ်အောက် အသင်းတွင် အတူတကွ စတင်၊ လက်တွဲခဲ့သူ ဖြစ်ပေသည်။ ရီးရဲလ်အသင်း၏ အကယ်ဒမီ၌ (၁၇) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အလွန်ဆို နှင့်အတူ လေဗာကူဆင်သို့ လိုက်ပါခဲ့သကဲ့သို့ ရီးရဲလ် မက်ဒရစ်အသင်းကို ကိုင်တွယ်ချိန်၌ ဘာနေဗျူးသို့ နည်းပြကြီးနှင့်အတူ ပြန်လည် ရောက်ရှိခဲ့သည်။

• ဘင် ရောဘတ်စ် (ကမ္ဘာလုံးဆိုင်ရာ ဂိုးနည်းပြချုပ် နှင့် ဂိုးနည်းပြ) - ယိုးဗီးလ်၊ ချာလ်တန် နှင့် ဘရိုက်တန်အသင်းများတွင် ဂိုးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည်။ ကစားသမား ဘဝတွင် အဌားချကစားသမားအဖြစ် အများဆုံး အချိန်ကုန်ခဲ့ရသော်လည်း မစ်ဒယ်လ်ဘရော့ခ် နှင့် ဘရိုက်တန်အသင်းများတွင် ကစားခွင့်အများဆုံးရခဲ့သည်။

• အစ်စ်မေးလ် ကာမန်ဖောတေး လိုပက်ဇ် (ကြံ့ခိုင်ရေး နည်းပြ) - လေဗာကူဆင် အသင်းတွင် အလွန်ဆို နှင့်အတူ ပထမဆုံး လက်တွဲခဲ့ပြီးနောက် ရီးရဲလ် မက်ဒရစ်သို့ လိုက်ပါ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ နည်းပြအစ်စ်မေးလ် မှာ ဘာစီလိုနာ၊ နယူးယောက် စီးတီး နှင့် ဒိန်းမတ် အမျိုးသားအသင်းများတွင်လည်း ကြံ့ခိုင်ရေးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

• ကယ်လမ် မက်ခ်ဖာလိန်း (လက်ထောက် နည်းပြ) - ပြီးခဲ့သောရာသီက အင်ဇို မာရက်စ်ကာ နှင့် လီယမ် ရိုဆီးနား တို့ အသင်းမှထွက်ခွာသွားချိန်တွင် ယာယီနည်းပြချုပ်အဖြစ် နှစ်ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ချယ်လ်ဆီးအသင်းသို့ လူငယ်အသင်း (အသက် (၂၁) နှစ်အောက်) နည်းပြချုပ်အဖြစ် စတင် ရောက်ရှိလာခဲ့သည်။



• အယ်လ်ဘာတို အန်စီနတ်စ် (လက်ထောက် နည်းပြ) - အလွန်ဆို ၏ နောက်သို့ လေဗာကူဆင် မှ မက်ဒရစ် သို့ လိုက်ပါခဲ့သူ နောက်တစ်ဦးဖြစ်သည်။ ယခင်က ဘာစီလိုနာ အသင်း၌ နည်းပြအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးပေသည်။

• ဘီနတ် လာဘိုင်ယန် (လက်ထောက် နည်းပြ) - မက်ဒရစ်အသင်း၏ လူငယ်လေ့ကျင့်ရေး စနစ်တွင် (၃) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နည်းပြအလွန်ဆို မက်ဒရစ်အသင်းသို့ ရောက်ရှိလာချိန်တွင် စတင် လက်တွဲခဲ့သည်။ လိဒ် ယူနိုက်တက်အသင်းတွင် လက်ထောက်နည်းပြအဖြစ် တစ်ရာသီ တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် အင်္ဂလန်ဘောလုံးလောက အတွေ့အကြုံရှိသူ ဖြစ်သည့်အပြင် စပိန်အသင်းများ ဖြစ်ကြသော ဖူအန်လာဘရာဒါ၊ အယ်လ်ချေး၊ ရီးရဲလ် ဇာရာဂိုဇာ နှင့် ကာတာလိဂ်ပြိုင်ပွဲဝင် အယ်လ်-ဝါကရက် အသင်းများတွင်လည်း လက်ထောက်နည်းပြ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထို့အပြင် ရီးရဲလ် ဆိုစီဒက်အသင်း၌ သုံးသပ်သူ (Analyst) အဖြစ်လည်းကောင်း၊ ဂျပန်နိုင်ငံမှ J လိဂ်ပြိုင်ပွဲဝင် တိုကူရှီးမား ဗောတစ်စ် အသင်း၌ နည်းပြချုပ်အဖြစ်လည်းကောင်း တာဝန်ယူခဲ့ဖူးပေသည်။

• ဘာနာဒို ကူးဗား (နည်းစနစ်ပိုင်းဆိုင်ရာ သုံးသပ်သူ) - ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဘရန့်ဖို့ဒ် အသင်း၏ ပြစ်ဒဏ်ဘော နည်းပြအဖြစ်မှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ဘရန့်ဖို့ဒ်အသင်း၌ တာဝန်ထမ်းဆောင်စဉ်က သူ၏ရာထူးမှာ ဗျူဟာမြောက် သုံးသပ်ရေး မန်နေဂျာ (Strategic Analysis Manager) ဖြစ်ပြီး တည်ကန်ဘောများအား သုံးသပ်ခြင်းနှင့် နည်းပြခြင်းတာဝန်များ ပါဝင်ခဲ့သည်။ မက္ကဆီကိုအသင်း ဒီပိုတီဗို ဂွါဒါလာဟာရာအသင်း၌လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပေသည်။

အလွန်ဆို နှင့် သူ၏နည်းပြအဖွဲ့ဝင်များသည် ဟောင်ကောင်မြို့တွင် ပြုလုပ်လျှက်ရှိသော ရာသီကြို ပြင်ဆင်မှု ခရီးစဉ်အတွင်း ကစားသမားများနှင့်အတူ ပထမဆုံးအကြိမ် စတင်လက်တွဲ လေ့ကျင့်ခွင့် ရရှိခဲ့သည်။ ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့သည့်ရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ အမှတ်ပေးဇယား အဆင့် (၁၀) နေရာ၌ အဆုံးသတ်ခဲ့ရပြီး ရာသီသစ်အဖွင့်ပွဲစဉ်အဖြစ် လာမည့် ဩဂုတ်လ (၂၄) ရက်၊ တနင်္လာနေ့တွင် မြို့ခံပြိုင်ဘက် ဖူဟမ်အသင်းနှင့် စတင်၊ ယှဉ်ပြိုင်သွားရပါမည်။

(Training Guru မှ ဆောင်းပါးရှင် Ian Westbrook ၏ ‘Chelsea confirm MacPhee as Set Piece Coach as Alonso names staff’ ဆောင်းပါးကို ပြန်ဆိုပါသည်။)