ချယ်လ်ဆီးကို ရောက်လာတာဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်ခဲ့ပြီး အဲဒီလို ဆုံးဖြတ်ခဲ့တာကိုလည်း တကယ်ပဲ ဝမ်းမြောက်မိပါတယ်။ ပရီးမီးယားလိဂ်မှာ လာရောက် ယှဉ်ပြိုင်ဖို့ဆိုတာ ကျွန်တော့်ရဲ့ အိမ်မက်တစ်ခု အမြဲ ဖြစ်ခဲ့သလို၊ ချယ်လ်ဆီးဟာ ကျွန်တော့်အတွက်တော့ ကမ္ဘာ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တာကြောင့် ရွေးချယ်ခဲ့တာပါ။ ဒီမှာရှိနေရတဲ့အတွက် အထူးပျော်ရွှင်မိပြီး ပရီးမီးယားလိဂ်မှာ ကိုယ့်ကိုယ်ကို စိန်ခေါ်ယှဉ်ပြိုင်ခွင့် ရမယ့်အချိန်ကို မစောင့်နိုင်တော့ပါဘူး။ သေချာတာကတော့ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်ပွဲပါပဲ။
အခုရာသီကြိုခရီးစဉ်မှာ ပါဝင်နေရတာဟာ အရမ်းကိုကောင်းမွန်ခဲ့ပြီး ကျွန်တော့်လို အသင်းသစ်ကို ရောက်လာသူ တစ်ယောက်အတွက် အသင်းသစ်နဲ့ ရင်းနှီး၊ ကျွမ်းဝင်အောင် လုပ်ဆောင်ခွင့်ရခဲ့တာကြောင့် အများကြီး အကျိုးရှိခဲ့ပါတယ်။ နည်းပြ၊ နည်းပြအဖွဲ့တွေနဲ့ အတူတူ လက်ခွဲခွင့်ရတာ၊ အသင်းဖော်တွေနဲ့ အမြဲတမ်းအတူတူ ရှိနေရတာတွေဟာ သိပ်ကိုကျေနပ်ဖို့ကောင်းခဲ့သလို ဒီမှာရှိနေရတဲ့အတွက်လည်း အလွန် ပျော်ရွှင်မိပါတယ်။
ကျွန်တော်ဟာ အချိန်အများစုကို အေရွန် အန်ဆယ်လ်မီနို နဲ့ပဲ ကုန်လွန်ခဲ့ပါတယ်.။ ကျွန်တော်တို့ လေ့ကျင့်ရေး သို့မဟုတ် အနားယူချိန်တွေမှာ အတူတူအချိန်ဖြုန်းကြပြီး PlayStation ကစားကြတာ ဒါမှမဟုတ် စားပွဲတင်တင်းနစ် ရိုက်ကြတာမျိုးတွေ ပြုလုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့အချင်းချင်း စကားတွေ ပြောဖြစ်တဲ့အခါ အင်္ဂလိပ်လိုတစ်လှည့်၊ စပိန်လိုတစ်လှည့် ပြောဖြစ်ကြပါတယ်။ ကျွန်တော်ကတော့ နှစ်ဘာသာလုံး ပြောနိုင်ပေမယ့် အများကြီး ပိုတိုးတက်အောင် လုပ်နိုင်သေးတယ်လို့ ခံစားရပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာ တိုးတက်လာဖို့ အရမ်းအလိုရှိနေတာပါ။

ကျွန်တော်ဟာ အေရွန် နဲ့ အများဆုံး အတူရှိနေပေမယ့် ကျန်တဲ့အသင်းဖော် အားလုံးကလည်း အရမ်း ကောင်းမွန်ကြပြီး အားလုံးနဲ့အဆင်ပြေပါတယ်။ အေရွန် တင်မကဘဲ ဒါရီယို အက်ဆူဂို၊ ဂျာအို ပီဒရို၊ အက်စ်တီဗာအို တို့နဲ့လည်း စကားတွေ အများကြီး ပြောဖြစ်ပါတယ်။
ချယ်လ်ဆီးမှာ ထိပ်တန်း ကစားသမားကြီးတွေ အများကြီး ရှိနေသလို၊ အဓိကအားဖြင့် စိတ်သဘောထား ကောင်းမွန်တဲ့သူတွေလည်း ဖြစ်ကြပါတယ်။ ဒါဟာ အသင်းရဲ့ယဉ်ကျေးမှုအတွက် အရမ်းအရေးကြီးပါတယ်..။ အမှန်အတိုင်း ပြောရရင် အဲဒီအချက်တွေဟာ ကျွန်တော့်ကို ဒီအသင်းမှာ မြန်မြန်ဆန်ဆန် အထိုင်ကျသွားစေတဲ့ အကြောင်းအရင်းလည်း ဖြစ်ပါတယ်။ အခုဆိုရင် ဒီမှာ အစစအရာရာ အဆင်ပြေနေပြီလို့ ခံစားနေရပါပြီ။
ချယ်လ်ဆီး အင်္ကျီကို ဝတ်ဆင်ခွင့် ရတာဟာ တကယ်ပဲ အံ့ဩစရာကောင်းတဲ့ ခံစားချက် ရရှိပါတယ်..။ အခုအချိန်ဟာ ရာသီကြို ခြေစမ်းပွဲတွေပဲ ရှိသေးတာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲစတင်ချိန်လောက် အရေးမကြီးသေးဘူးဆိုတာ သိပေမယ့် ဒီအသင်းနဲ့ ဒီအသင်းရဲ့ အပြာရောင်ခြင်္သေ့တံဆိပ်ကို ကိုယ်စားပြုခွင့် ရနေတာဟာ အလွန်ကောင်းမွန်တဲ့ ခံစားချက်ပါပဲ။

ကျွန်တော် အဆင်ပြေပါတယ်။ ကြံ့ခိုင်မှုအပိုင်းမှာလည်း ကောင်းမွန်ပြီး နည်းပြသစ် လက်အောက်မှာ ကျွန်တော်တို့ဟာ အသင်းလိုက် စည်းလုံးညီညွတ်မှုနဲ့ ကစားပုံ တိုးတက်လာအောင် ကြိုးစား၊ လေ့ကျင့်နေကြပါတယ်။ နည်းပြအဖွဲ့ဝင်အားလုံးနဲ့လည်း အဆင်ပြေတယ်လို့ ခံစားရပါတယ်။
နည်းပြအဖွဲ့တွေက ကျွန်တော့်ကို လွတ်လပ်စွာနဲ့ ယုံကြည်မှုရှိရှိ ကစားဖို့၊ ခံစစ်ရော တိုက်စစ်ပါ ကူညီပေးဖို့ မှာကြားထားပါတယ်။ ကျွန်တော်ကတော့ အပြုသဘောဆောင်တဲ့ စွန့်စားမှုတွေကို ပြုလုပ်ရတာ ကြိုက်နှစ်သက်သလို ကွင်းထဲဝင်သွားပြီဆိုရင်လည်း လွတ်လွတ်လပ်လပ် ကစားနိုင်ရမယ်.. ဆိုတဲ့ ယုံကြည်မှုမျိုး ရှိပါတယ်။ အခုဒီမှာ အဲဒီလိုခံစားချက်မျိုးကို ရရှိ၊ ခံစားရပါတယ်။
ကျွန်တော်တို့ဟာ အသင်းဖော်တွေနဲ့ အတူတူအချိန်ကုန်နေရတာကို သဘောကျပြီး ရာသီသစ်ရဲ့ ပထမဆုံး ပွဲစဉ်အတွက် အသင့်ဖြစ်နေစေဖို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်။ ဒါကြောင့်အခုရာသီကြို ခရီးစဉ်ဟာ အသင်းလိုက် ရင်းနှီးမှု တည်ဆောက်ဖို့ တင်မကဘဲ ပထမဆုံးပွဲစဉ်အတွက် ကျွန်တော်တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေ အသင့်ဖြစ်နေစေဖို့အတွက်ပါ အရမ်းအရေးကြီးပါတယ်..။
ကျွန်တော်တို့ဟာ ရာသီကြိုခရီးစဉ်ကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို အရှိန်အဟုန် ကောင်းကောင်းနဲ့ စတင်နိုင်ဖို့ အပြည့်အဝ အာရုံစိုက်ထားကြပါတယ်။