feature-image

ချယ်လ်ဆီးအသင်းရဲ့ ရာသီကြိုပြင်ဆင်မှုတွေအပေါ် ‘ဇာဘီ အလွန်ဆို’ ရဲ့ ကောက်ချက်

ရာသီကြို ခရီးစဉ်တွေဆိုတာ အမြဲတမ်း ပင်ပင်ပန်းပန်းရှိလှပါတယ်။ ခရီးတွေသွားရတယ်၊ လေ့ကျင့်ခန်းတွေ ပြုလုပ်ရတယ်၊ ပွဲတစ်ပွဲ ကစားပြီးတာနဲ့ နောက်တစ်နေရာကို ထပ်ပြောင်းကြရတာပေါ့။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ကျနော်တို့အသင်းဟာ အတော်လေး တိုးတက်လာခဲ့သလို ကစားသမားတွေနဲ့ ပတ်သက်ပြီး အရေးပါတဲ့ အကြောင်းအရာတွေကို ပိုပြီးသိလာခဲ့ရတယ်လို့ ခံစားရပါတယ်။

အနည်းဆုံး သူတို့တွေရဲ့ ဘောလုံးနဲ့ပတ်သက်တဲ့အပိုင်းမှာ ပိုပြီးသိလာခဲ့ရတာတော့ သေချာပါတယ်။ ပွဲပေါင်း (၆) ပွဲ ကစားခဲ့ပြီး ကောင်းမွန်တဲ့အချက်တွေ အများကြီးရှိခဲ့ပါတယ်။ အသင်းရဲ့ကစားကွက် စီးဆင်းမှုနဲ့ လုပ်အားနှုန်း စိုက်ထုတ်မှုတွေ အမြဲတမ်းကောင်းမွန်ခဲ့ပြီး အသင်းဟာ ကျနော်တို့လိုချင်တဲ့ ကစားနည်းစနစ်၊ အခြေခံဒဿနတွေကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ကျနော်တို့ အခုထက်ပိုပြီး ကောင်းမွန်လာနိုင်သလို ပိုလည်း ကောင်းလာမှာလည်း သေချာပါတယ်..။ ဒါ့အပြင် ကျွန်တော်တို့ ကျော်ဖြတ်လာခဲ့တဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာလည်း ကျေနပ်ပါတယ်။ ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းတွေ ပြန်လည်စတင်ပြီဆိုရင် ကျနော်တို့ရဲ့ အယူအဆ၊ နည်းစနစ်တွေနဲ့ ပိုပြီးအကျွမ်းတဝင် ဖြစ်လာအောင် ဆက်လက် အကောင်အထည်ဖော်သွားမှာပါ။ ကျနော်တို့ဟာ အသင်းကို ပွဲထွက်ကစားဟန် အမျိုးမျိုး ပြောင်းလဲနိုင်ပြီး ခန့်မှန်းရခက်ခဲတဲ့ အသင်းတစ်သင်း ဖြစ်စေချင်ပါတယ်..။ ရွေးချယ်စရာ နည်းဗျူဟာတွေ.. နည်းစနစ်တွေ ပိုများလာလေလေ၊ ပြိုင်ဘက်တွေကို ခြိမ်းခြောက်နိုင်မယ့် နည်းလမ်းတွေ ပိုများလာလေလေ ကျနော်တို့အသင်းဟာ ပိုပြီးကောင်းမွန်တဲ့အသင်း ဖြစ်လာလေလေပါပဲ။

ဒီလိုဖြစ်လာဖို့ အချိန်ယူရပါတယ်။ ဒါပေမယ့် လာမယ့်အပါတ် ဖူးလ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ.. ရာသီစတင်ချိန်မှာ အသင့်ဖြစ်နေမယ်ဆိုတာတော့ သေချာပါတယ်။ ပရိသတ်တွေကို ကျနော်ကတိပေးပါတယ်။ ဒါပေမယ့် အသင်းတစ်သင်းအဖြစ် တိုးတက်၊ ပြောင်းလဲမှုကတော့ အဲ့ဒီမှာတင် ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဒါဟာလပေါင်းများစွာ ကြာမြင့်ဦးမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ပွဲတိုင်းမှာ အထောက်အကူ ဖြစ်စေမှာပါ။



နောက်တစ်ချက်က ရာသီကြိုပြင်ဆင်မှုခရီးစဉ်ဟာ ကစားသမားတွေနဲ့ တစ်ဦးချင်း သံယောဇဉ်ပိုင်းအတွက်လည်း အရမ်းအရေးပါခဲ့ပါတယ်။ ကျနော်တို့ နေ့စဉ်နေ့တိုင်း အတူတူအချိန်ဖြုန်းခဲ့ကြတာမို့ ကစားသမားတွေနဲ့ရင်းနှီးမှု ပိုပြီးရလာခဲ့သလို အချင်းချင်းချိတ်ဆက်မှုတွေလည်း ပိုပြီးခိုင်မာခဲ့ပါတယ်။ ကစားသမားသစ်တွေကိုလည်း နွေးနွေးထွေးထွေးနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနိုင်ခဲ့တယ်။ မီရှာ လည်း မျှော်လင့်မထားပဲ အသင်းဆီ ပြန်ရောက်လာနိုင်ခဲ့သလို ဒါဟာအသင်းမှာရှိတဲ့ လူတိုင်းအတွက် စိတ်လှုပ်ရှား၊ ရင်ခုန်စရာ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ရပါတယ်။ အခုဆိုရင်သူဟာ ကျနော်တို့နဲ့အတူ ရှိနေပြီဖြစ်တာကြောင့် အရမ်းဝမ်းသာမိပါတယ်။

ကျနော်တို့ဟာ အသင်းလိုက်စိတ်ဓာတ် ကောင်းမွန်တဲ့ အသင်းအဖြစ် တည်ဆောက်ချင်တာပါ။ အဲဒီအရာကပဲ ရာသီတစ်ခုလုံးကို ဖြတ်သန်းနိုင်အောင် မောင်းနှင်ပေးနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ပြိုင်ပွဲတွေ ယှဉ်ပြိုင်တဲ့အခါ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကစားသမားတွေ၊ ကစားသမားတွေနဲ့ နည်းပြအဖွဲ့တွေ ကြားထဲက အတူတကွစည်းလုံးမှုနဲ့ ယုံကြည်မှုတွေကပဲ အဖြေရှာတွေ့နိုင်အောင် ကူညီပေးနိုင်တာပါ။

အသင်းကသာ အရေးအကြီးဆုံးပါပဲ..။ ဒါဟာကျနော်တို့ ပေးချင်တဲ့သတင်းစကား ဖြစ်ပါတယ်..။ ပွဲစဉ်တွေမှာ ကစားသမားတွေဟာ ကွင်းထဲမှာ အချင်းချင်းကူညီ ထောက်ပံ့၊ ပေးနေကြတာကို ကျနော်တို့မြင်တွေ့ခဲ့ရပြီး ရှေ့လျှောက်လည်း ဒီလိုပဲ ဆက်သွားနိုင်ဖို့ လိုအပ်ပါတယ်။



နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ရာသီကြိုခရီးစဉ်နဲ့ ရီးရဲလ် ဆိုဆီဒက်အသင်းနဲ့ မနေ့ကပွဲစဉ်အထိ တခဲနက် လာရောက်၊ အားပေးကြတဲ့ ပရိသတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကမ္ဘာ့အကြီးမားဆုံး ထိပ်တန်းအသင်းတွေထဲက တစ်သင်းဖြစ်ပြီး နိုင်ငံအသီးသီးက လူတွေအတွက် ချယ်လ်ဆီးအသင်းဟာ ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲ.. ကျနော်တို့မြင်တွေ့ခဲ့ရပါတယ်။

ကျနော်တို့ကတော့ ပရိသတ်တွေရဲ့ အားပေးမှု၊ ထောက်ခံပံ့ပိုးပေးမှုတွေကို ‘သာမန်ပါပဲ’ လို့ ဘယ်တော့မှ သဘောမထားပါဘူး။ ဆစ်ဒ်နီ၊ ဟောင်ကောင်၊ ဂျာကာတာ နဲ့ ဂျိုဟိုး တို့မှာ ကျနော်တို့ကို အံ့ဩစရာကောင်းလောက်အောင် သိုက်သိုက်ဝန်းဝန်း ကြိုဆိုခဲ့ကြပြီး၊ လန်ဒန်နဲ့ ဟိုဘက်ကမ္ဘာခြမ်း… အဝေးကြီးမှာ ရှိနေပေမယ့် လူတိုင်းက ကျနော်တို့ကို အိမ်မှာပဲရှိနေသလို ခံစားရအောင် နွေးနွေးထွေးထွေး ဆက်ဆံပေးခဲ့ကြပါတယ်။

ရှေ့လာမယ့်အပါတ်မှာ ကျနော်တို့ဟာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ ရာသီသစ်အတွက် ဆက်လက် ပြင်ဆင်သွားမှာပါ။ အခုဘောလုံးရာသီမှာ ကျွန်တော်တို့ဟာ အရေးပါတဲ့ အောင်မြင်မှုတွေအတွက် တိုက်ပွဲဝင်သွားချင်ပြီး ချယ်လ်ဆီး ပရိသတ်တွေဟာ အဲဒီအောင်မြင်မှုတွေရရှိဖို့ အမြဲတမ်းလိုလို ကူညီပေးတဲ့နေရာမှာ အရေးပါနေမှာပါ။ လာမယ့် စနေ၊ တနင်္ဂနွေတွေမှာ တွေ့ကြတာပေါ့။

(Chelsea FC Official Website မှ ‘Xabi Alonso tour diary: Building connections on and off the pitch’ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆို၊ ရေးသားပါသည်..။)