စတာလင်ပေါင် (၅) ဘီလီယံတန် ကွင်းသစ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင်တွေကြားမှာ ဖြစ်ပွားနေတဲ့ သဘောထားကွဲလွဲမှုဟာ အသင်းရဲ့ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲကို ပိုမို မြန်ဆန်လာစေပါတယ်။ အပြာရောင်တို့ရဲ့ အသင်းဥက္ကဋ္ဌ တော့ဒ် ဘိုလေး နဲ့ အခြား ဘီလျံနာတစ်ဦးဖြစ်သူ မာခ် ဝေါ်လ်တာ တို့ဟာ သူတို့ရဲ့ အစုရှယ်ယာအနည်းစုကို ရောင်းထုတ်ဖို့ လမ်းဖွင့်ထားကြပြီး လတ်တလောမှာတော့ မာခ် ဝေါ်လ်တာရဲ့ ငွေကြေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမေရိကန် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးလျှက် ရှိပါတယ်။
ဒါပေမယ့် အကြိမ်ကြိမ် ကြန့်ကြာနေခဲ့တဲ့ ကွင်းသစ် ဆောက်လုပ်ရေး စီမံကိန်းဟာ ဘိုလေး နဲ့ အဓိကရှယ်ယာရှင်ဖြစ်တဲ့ Clearlake Capital တို့ရဲ့ BlueCo Consortium အဖွဲ့ ကြားထဲက အကွဲအပြဲကို ပိုမိုကြီးမားသွားအောင် တွန်းအားပေးနေတဲ့ အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ SunSport က စုံစမ်းသိရှိရပါတယ်။ ရှယ်ယာ (၆၁.၈၅ %) ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ Clearlake နဲ့ လက်ရှိအသင်း ဥက္ကဌ တော့ဒ် ဘိုလေး တို့ဟာ အသင်းရဲ့ ရေရှည်အနာဂတ်အပေါ် သဘောထားချင်း မတိုက်ဆိုင်ကြဘဲ သူတို့ရဲ့အာဏာလုပွဲမှာ အဖြေတစ်ခုတော့ အပြီးသတ် ထွက်ပေါ်လာရလိမ့်မယ်လို့ ယုံကြည်ရပါတယ်။
ဟောင်းနွမ်းလာပြီဖြစ်တဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးကို အစားထိုးပြီး ဝင်ငွေပိုမိုရရှိစေမယ့် ကွင်းသစ်တစ်ကွင်း တည်ဆောက်ခြင်းဟာ ကွင်းတွင်း၊ ကွင်းပြင် ရေရှည် အောင်မြင်မှုရရှိဖို့ဆိုတဲ့ BlueCo ရဲ့အိမ်မက်အတွက် အဓိကသော့ချက်ပါပဲ။ ဘိုလေး နဲ့ Clearlake ပူးတွဲ၊ တည်ထောင်သူ ဘာဒက် အဂ်ဘာလီ တို့နှစ်ဦးလုံးကတော့ အပြာရောင်တို့အနေနဲ့ စတန်းဖို့ဒ် ဘရစ်ချ်နဲ့ဝေးရာမှာ ဘက်စုံသုံးနိုင်မယ့် ကွင်းသစ်တစ်ကွင်းဆီ ပြောင်းရွှေ့ဖို့ သေချာပေါက် လိုအပ်တယ်ဆိုတာ သဘောတူထားကြပါတယ်။

ဒါပေမဲ့ အာလ်းကုတ်မှာပဲဖြစ်ဖြစ်၊ တခြားနေရာမှာပဲဖြစ်ဖြစ် ဆောက်လုပ်မယ့် ကွင်းသစ်စီမံကိန်းအပေါ် သူတို့နှစ်ယောက်ရဲ့အမြင်တွေက မတူညီကြပါဘူး။ ပိုပြီးသိသာတာက အခြားတစ်ဖွဲ့ဖွဲ့က အသင်းရဲ့ရေရှည် ဦးတည်ချက်နဲ့ စီမံကိန်းအပေါ် သြဇာလွှမ်းမိုးထားဆဲအချိန်မှာ နောက်တစ်ဖွဲ့က ကွင်းသစ်စီမံကိန်းအတွက် ဖြစ်လာနိုင်ဖွယ်ရှိတဲ့ စတာလင်ပေါင် (၅) ဘီလီယံ ကုန်ကျစရိတ်ထဲမှာ သူတို့ရဲ့ ရှယ်ယာအလိုက် ငွေကြေးထည့်ဝင်ဖို့ ဆန္ဒလုံးဝမရှိကြတာပဲ ဖြစ်ပါတယ်။
မိတ်ဆွေတွေအဖြစ်ရော စီးပွားရေးလက်တွဲဖော်တွေ အဖြစ်ပါ နှစ်ပေါင်းများစွာ လက်တွဲခဲ့ကြတဲ့ ဘိုလေး နဲ့ ဝေါ်လ်တာ တို့ဟာ သူတို့နှစ်ဦး ပူးတွဲပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုကနေတစ်ဆင့် BlueCo ရဲ့ ရှယ်ယာ (၁၂.၈ %) ရာခိုင်နှုန်းစီကို ထိန်းချုပ်ထားတာဖြစ်ပြီး ဆွစ်ဇာလန် စီးပွားရေးလုပ်ငန်းရှင် ဟန်းစ်ယော့ဂ် ဝစ်စ် ကတော့ ရှယ်ယာရာခိုင်နှုန်း အနည်းငယ် ပိုင်ဆိုင်ထားပါတယ်..။ အဂ်ဘာလီ ကတော့ ၂၀၂၃ ခုနှစ် အစောပိုင်း ကာလကတည်းက ချယ်လ်ဆီးအသင်းရဲ့ နေ့စဉ်စီမံခန့်ခွဲရေး လုပ်ငန်းတွေမှာ အဓိကလွှမ်းမိုးသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ဘိုလေး ဘက်မှာရော၊ Clearlake ဘက်မှာပါ အပြောင်းအရွှေ့တွေ၊ ကွင်းသစ် စီမံကိန်းလို ရေရှည်စီမံကိန်းတွေ အပါအဝင် အဓိကဆုံးဖြတ်ချက်တွေကို တစ်ချက်လွှတ် ပယ်ဖျက်နိုင်တဲ့ ဗီတိုအာဏာ ရှိကြပါတယ်။ အခုရာသီကုန်မှာ တော့ဒ် ဘိုလေး ဟာ သူ့ရဲ့ (၅) နှစ်တာ ဥက္ကဋ္ဌ သက်တမ်း ကုန်ဆုံးပြီး Clearlake က ဥက္ကဋ္ဌနေရာကို လွှဲပြောင်းယူမှာ ဖြစ်ပေမယ့် ဘိုလေး ဟာ ဗီတိုအာဏာကို ဆက်လက် ဆုပ်ကိုင်ထားဦးမှာ ဖြစ်ပါတယ်..။ သူတို့နှစ်ဖက်စလုံးဟာ တစ်ယောက်ရဲ့ ရှယ်ယာကို တစ်ယောက်က ပြန်ဝယ်နိုင်ဖို့ ဆွေးနွေးနေခဲ့ကြတာ (၂) နှစ်လောက် ရှိပြီဖြစ်ပြီး သူတို့တွေရဲ့ကြားက ပရော်ဖက်ရှင်နယ် ဆက်ဆံရေးကိုတော့ ဆက်လက် ထိန်းသိမ်းထားကြတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဝေါ်လ်တာ ပတ်သက်ပြီး အမေရိကန် အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှု (ဝေါ်လ်တာ ကတော့ အမှားအယွင်း လုပ်ထားတာ ဘာမှမလုပ်ခဲ့ပါဘူးလို့ ငြင်းဆိုထားပါတယ်) ကတော့ အခြေအနေတွေကို အဖြေတစ်ခုဆီ မြန်မြန်ရောက်သွားစေဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ သူ့ရဲ့ချယ်လ်ဆီးအသင်းက ထွက်ခွာသွားနိုင်ခြေ တစ်ခုတည်းကတင် အသင်းရဲ့အုပ်ချုပ်ရေးပိုင်းမှာ အပြောင်းအလဲကြီးတစ်ခု ဖြစ်သွားစေ နိုင်ပါတယ်..။ အထူးသဖြင့် တော့ဒ် ဘိုလေး ရဲ့ ဥက္ကဋ္ဌသက်တမ်း ကုန်ဆုံးတော့မယ့်အချိန်နဲ့လည်း ကွက်တိကျနေတာကြောင့် အပြောင်းအလဲပြုလုပ်ဖို့ အချိန်အခါကောင်းလည်း ဖြစ်နေပါတယ်။
ချယ်လ်ဆီးနဲ့ မိတ်ဖက်အသင်းဖြစ်တဲ့ စထရာ့ဘာ့ဂ်အသင်းတွေရဲ့ ပိုင်ရှင် ဖြစ်တဲ့ BlueCo ရဲ့ ရှယ်ယာတွေဟာ အခုအချိန်မှာ ဘယ်လောက်အထိ တန်ဖိုးရှိလဲ? ဆိုတာနဲ့ ပတ်သက်ပြီး နှစ်ဖက်လုံးက အငြင်းပွား နေကြတာကြောင့် သဘောတူညီချက်ရဖို့ ခက်ခဲပါလိမ့်မယ်။ ၂၀၂၂ ခုနှစ်တုန်းက ရိုမန် အေဗရာမိုဗစ်ချ် ဆီကနေ ဝယ်ယူခဲ့တဲ့ စတာလင်ပေါင် (၂.၅) ဘီလီယံ ကုန်ကျစရိတ်အပြင် BlueCo ဟာ အသင်း၊ အခြေခံအဆောက်အအုံနဲ့ အမျိုးသမီးအသင်းတို့မှာ နောက်ထပ် စတာလင်ပေါင် (၁.၇၅) ဘီလီယံ ထပ်မံသုံးစွဲသွားမယ်လို့ ကတိပြုထားခဲ့ပါတယ်..။
ဘိုလေး အုပ်စုရော၊ Clearlake ဘက်ကပါ သုံးစွဲမယ့်ငွေကြေးအပေါ် အပြည့်အဝထိန်းချုပ်ခွင့် မရမချင်း ကွင်းသစ်လို စီမံကိန်းကြီးတွေမှာ နောက်ထပ်ငွေကြေး ထပ်မံစိုက်ထုတ်ဖို့ လုံးဝဆန္ဒမရှိကြပါဘူး။ အဲဒီလို နောက်ခံအကြောင်းတွေကြောင့် နည်းပြ ဇာဘီ အလွန်ဆို က ကွင်းအတွင်းမှာ နောက်ထပ်ခေတ်သစ်တစ်ခုကို စတင်နိုင်ဖို့ ဦးဆောင်နေချိန် ကွင်းပြင်ပမှာတော့ ချယ်လ်ဆီးအသင်းဟာ လပေါင်းများစွာ ကြာမြင့်နေဦးမယ့် စိတ်ဝင်စားဖွယ်ရာ အာဏာလုပွဲတွေနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်။
(The Sun Sports မှ ဆောင်းပါးရှင် Dan King ၏ ‘BRIDGE TOO FAR Chelsea’s £5billion new stadium dilemma at centre of Todd Boehly’s decision to sell stake in club’ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆို၊ ရေးသားပါသည်..။)