feature-image

‘ဂျာအို ပီဒရို’ ပြောပြတဲ့ ချယ်လ်ဆီးအသင်း အမှတ်တရ အခိုက်အတန့်များ…

၂၀၂၅ ခုနှစ်က အမေရိကန်ပြည်ထောင်စုတွင် ကျင်းပခဲ့သော ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပြီး လာခြင်းကောင်းခဲ့သော ဘရာဇီးလ်တိုက်စစ်မှူး ဂျာအို ပီဒရို မှာ သူ၏ပထမဆုံး ဘောလုံးရာသီတွင် တစ်ဉီးချင်းအောင်မြင်မှုများ ရရှိခဲ့သည်..။ အဆိုပါခြေစွမ်းကြောင့် အသင်းနှင့် ၂၀၃၄ ခုနှစ်ထိ စာချုပ်သက်တမ်းသစ် ချုပ်ဆိုနိုင်ခဲ့သော အသက် (၂၄) နှစ်အရွယ် တိုက်စစ်မှူးမှာ ချယ်လ်ဆီးအသင်းနှင့် ဖြတ်သန်းခဲ့သော ကာလအတွင်း သူ၏အမှတ်တရ အခိုက်အတန့်များကို ယခုလိုပြောပြခဲ့ပါသည်..။

ပါးလ်မီးရက်စ် ၁ - ၂ ချယ်လ်ဆီး၊ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၅) ရက်

ချယ်လ်ဆီးအသင်းနဲ့ ကျွန်တော့်ရဲ့ ပထမဆုံး ပွဲထွက်ခွင့်ကို ပါးလ်မီးရက်စ် အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့ပြီး အရမ်းကိုပျော်ရွှင်တာကို မှတ်မိနေပါသေးတယ်..။ ဩစတြေးလျနဲ့ အာရှတိုက်ခရီးစဉ်မှာ ကျွန်တော်ပြောခဲ့သလိုပါပဲ.. အမေရိကန် ပြည်ထောင်စုမှာလည်း ချယ်လ်ဆီးပရိသတ်တွေ အများကြီးရှိနေတာ အရင်တုန်းက မသိခဲ့ပါဘူး..။

အမေရိကန် ပြည်ထောင်စုမှာ ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းတဲ့အချိန်မှာ အသင်းအပေါ် သူတို့တွေ ဘယ်လောက်တောင် ချစ်မြတ်နိုးကြတယ်.. ဆိုတာ သိလိုက်ရပါတယ်..။ ဒါ့ကြောင့်အသင်းနဲ့အတူ ပွဲထွက်ခွင့်ရတဲ့အချိန်မှာ လူတိုင်းက ‘ဂုဏ်ယူပါတယ်.. ချယ်လ်ဆီးကနေ ကြိုဆိုပါတယ်..’ ဆိုတဲ့ စကားကို ပြောကြပါတယ်..။ ကျွန်တော့်အတွက် သိပ်ကိုအရေးကြီးတဲ့ ပွဲထွက်ဖြစ်ခဲ့ပါတယ်..။



ဖလူမင်နက်စီ ၀ - ၂ ချယ်လ်ဆီး၊ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၈) ရက်

ကျွန်တော့်ရဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ ဖလူမင်နက်စီ အသင်းနဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းနဲ့ ကျွန်တော့်ရဲ့ပထမဂိုး ရရှိခဲ့ပါတယ်..။ အင်္ဂလန်မြေကို ပြောင်းရွှေ့ပြီးတဲ့နောက်ပိုင်း သူတို့တွေနဲ့ ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ပွဲလည်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်ငယ်စဉ်ကတည်းက ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ချို့နဲ့လည်း ပြန်လည်တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်..။ 

တကယ်လို့ အဲဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ရင်တောင်မှ ကျွန်တော့်အတွက် တကယ့်ကိုထူးခြားခဲ့တဲ့ အခိုက်အတန့် ဖြစ်ခဲ့မှာပါ..။ ကျွန်တော်ဟာ ထိပ်တန်းအသင်းကြီး တစ်သင်းကို ဂိုးတွေသွင်းပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်ရှိလာခဲ့တာပါ..။ အဲဒါအပြင် ကျွန်တော့်ကို ဒီလိုအခြေအနေရောက်လာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ အသင်းနဲ့ပွဲစဉ်မှာ အသင်းသစ်အတွက် အဖွင့်ဂိုးရရှိခဲ့တာဟာ သိပ်ကိုထူးခြားတဲ့ အမှတ်တရ အခိုက်အတန့်လို့ ပြောရမှာပါပဲ..။ ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီး ရှိခဲ့ပါတယ်..။

ချယ်လ်ဆီး ၃- ၀ ပီအက်စ်ဂျီ၊ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁၃) ရက်
  
ပီအက်စ်ဂျီအသင်းနဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ဟာလည်း အပြာရောင်တွေနဲ့ ထူးရှယ်အမှတ်တရ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်…။ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဖလားကို ပူပူနွေးနွေး ဆွတ်ခူးထားတာကြောင့် အဲဒီပွဲစဉ်ဟာ ခက်ခဲတဲ့ပွဲ ဖြစ်လာမယ်.. ဆိုတာ သိထားခဲ့ပါတယ်..။ အဲဒီနေ့ကတော့ ကိုးလ် ပါးမား အထူးခြေစွမ်းပြခဲ့တဲ့နေ့လို့ ပြောရမှာပါပဲ..။ ကျွန်တော်လည်း တတိယဂိုး ရရှိခဲ့သလို အသင်းရဲ့ အနိုင်ပွဲအတွက် ကူညီပေးနိုင်ခဲ့တာကြောင့် ကျေနပ်ဖို့ကောင်းတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်..။

အခုအချိန် ပြန်စဉ်းစားကြည့်တဲ့အခါ ကျွန်တော်တို့ရဲ့ ကစားပုံဟာ ကျစ်လျစ်၊ မာကျောခဲ့ပြီး ကျွန်တော်တို့ရဲ့နေ့… ‘Chelsea’s Day’ ဖြစ်ခဲ့တာပေါ့ဗျာ..။ အရာရာဟာ ပြီးပြည့်စုံခဲ့ပြီး လုပ်တိုင်းဖြစ်နေခဲ့တာကြောင့် အနိုင်ရရှိခဲ့တာပါ..။ ကျွန်တော့်အတွက်လည်း အင်မတန်မှ ပျော်ရွှင်၊ ကြည်နူးခဲ့ရတဲ့ အခိုက်အတန့် ဖြစ်ခဲ့သလို ကစားသမားဘဝရဲ့ ပထမဆုံး ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့ ချယ်လ်ဆီးအသင်းနဲ့ အကောင်းဆုံး အခိုက်အတန့်တွေထဲမှာ ဘယ်လိုမှ ချန်ထားလို့မရတဲ့ အမှတ်တရ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်..။



တော့တင်ဟမ် ၀ - ၁ ချယ်လ်ဆီး၊ ပရီးမီးယားလိဂ်၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၁) ရက်

ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ မြို့ခံပြိုင်ဘက်အသင်းကြီးနဲ့ အဝေးကွင်းပွဲစဉ်မှာ အနိုင်ရရှိခဲ့တာဟာ တကယ့်ကို ကြီးမားတဲ့ အနိုင်ပွဲတစ်ပွဲလို့ ပြောရမှာပါ..။ ဒါ့အပြင်အင်မတန်မှ ရန်လိုလှတဲ့ သူတို့ရဲ့အိမ်ကွင်းပရိသတ် ရှေ့မှောက်မှာ ကျွန်တော်ဟာ အနိုင်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်..။ ကျွန်တော်ဟာ ဘရိုက်တန်အသင်းမှာ ရှိစဉ်ကတည်းက သူတို့အသင်းနဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြလေ့ရှိတာကို မှတ်မိနေပါသေးတယ်..။ ဒါ့ကြောင့် တော့တင်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရတာကို နှစ်ခြိုက်မိတယ်လို့ ပြောရမှာပါပဲ..။

အခုဆိုရင် ချယ်လ်ဆီးအသင်းကို ကျွန်တော်ရောက်ရှိလာတဲ့အခါ တော့တင်ဟမ်အသင်းနဲ့ အပြာရောင်တွေကြားမှာ အင်မတန်မှ ပြင်းထန်လှတဲ့ ပြိုင်ဆိုင်မှုရှိနေတယ်.. ဆိုတာ သိလိုက်ရပါတယ်..။ ဒါ့ကြောင့်ဒီလို မြို့ခံဒါဘီပြိုင်ဘက်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းပေးနိုင်ခဲ့အတွက် ‘အချိုပေါ် သကာဆင့်’ သလို ပျော်ရွှင်ကြည်နူးခဲ့ရပါတယ်..။ ပွဲအပြီးမှာ အဝေးကွင်းကို လိုက်ပါအားပေးကြတဲ့ အပြာရောင်ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ရတဲ့ အခိုက်အတန့်ကိုလည်း အမြဲတမ်းအမှတ်ရနေမှာပါ..။

နာပိုလီ ၂ - ၃ ချယ်လ်ဆီး၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၈) ရက်

နာပိုလီအသင်းနဲ့ပွဲစဉ်မှာ ကျွန်တော်ဟာ ချန်ပီယံလိဂ် ဖလားပွဲစဉ်မှာ ပထမဆုံးအကြိမ် နှစ်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်..။ အဲဒီပွဲစဉ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး ရန်လိုလှတဲ့ ပြိုင်ဘက်အသင်း ပရိသတ်ရှေ့မှောက် ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ အဲဒါကြောင့်ပိုပြီး အမှတ်တရ ဖြစ်စေခဲ့ပါတယ်..။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ရတာဟာ အင်မတန်မှ အရေးကြီးပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ ငယ်စဉ်ကတည်းက ထိပ်တန်းအသင်းကြီးတစ်သင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ကို အမြဲတမ်းအိပ်မက်မက်ခဲ့လို့ပါပဲ..။

ဒါ့ကြောင့်ချယ်လ်ဆီးအသင်းအတွက် အနိုင်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ အခိုက်အတန့်ဟာ ကျွန်တော့်အတွက်တင်မကပဲ ချယ်လ်ဆီးအသင်းအတွက်ပါ အင်မတန်မှ အရေးပါခဲ့တဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်..။ အဲဒီပွဲစဉ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး (၁၆) သင်းအဆင့်ကို တက်ရောက်ခွင့်ရဖို့ အရေးပါခဲ့တဲ့ အနိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။