ချယ်လ်ဆီးအသင်းကို အများဆုံး ပိုင်ဆိုင်ထားသော Clearlake Capital ကုမ္ပဏီလုပ်ငန်းစုသည် ပူးတွဲပိုင်ရှင်များဖြစ်သည့် တော့ဒ် ဘိုလီ နှင့် မာ့ခ် ဝေါလ်တာ တို့၏ ရှယ်ယာများကို ဝယ်ယူနိုင်ရန်အတွက် သဘောတူညီချက်ရရှိရန် နီးစပ်နေပြီဖြစ်ပြီး၊ အဆိုပါသဘောတူညီမှုအရ ပိုင်ရှင်နှစ်ဦးလုံးမှာ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုမှ အမြတ်အစွန်းရရှိမည်ဖြစ်ပြီး အသင်း၏တန်ဖိုးကို စတာလင်ပေါင် (၅) ဘီလီယံဝန်းကျင်အထိ သတ်မှတ်သွားမည်ဟု သိရသည်။
ရှယ်ယာများကို ဝယ်ယူနိုင်ခြေနှင့် ပတ်သက်ပြီး ပိုင်ရှင်အဖွဲ့နှစ်ခုကြား ဆွေးနွေးမှုများကို လွန်ခဲ့သည့် (၂) နှစ်အတွင်း မကြာခဏ ပြုလုပ်ခဲ့သော်လည်း၊ မာ့ခ် ဝေါလ်တာ မှာ အမေရိကန် ပြည်ထောင်စု အစိုးရအဖွဲ့၏ အခွန်လိမ်လည်မှု စွပ်စွဲချက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခံပြီးနောက်ပိုင်းတွင် အာမခံကုမ္ပဏီများကို ပြန်လည်ပေးဆပ်ရန် ရန်ပုံငွေရှာဖွေလာခဲ့ခြင်းကြောင့် လွန်ခဲ့သည့်လမှစတင်ပြီး အရှိန်မြင့်တက်လာခဲ့သည်။
ဝေါလ်တာ၊ ဘိုလီ နှင့် ဆွစ်ဇာလန် ဘီလျံနာ သူဌေးကြီးဟန်းစ်ယော့ဂ် ဗစ်စ် (Hansjörg Wyss) တို့သည် Clearlake နှင့်အတူ ပူးတွဲ၍ ချယ်လ်ဆီးအသင်းကို ရိုမန် အေဗရာမိုဗစ်ချ် ထံမှ လွန်ခဲ့သည့် (၄) နှစ်က စတာလင်ပေါင် (၂.၅) ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် ချယ်လ်ဆီး၏အစုရှယ်ယာ (၁၂.၈ %) ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားကြခြင်းဖြစ်ပြီး အဆိုပါသဘောတူညီချက်တွင် ပိုင်ရှင်သစ်များက အသင်း၌ စတာလင်ပေါင် (၁.၇၅) ဘီလီယံ ထပ်မံသုံးစွဲရန်လည်း ကတိပြုထားခဲ့ကြသည်။
၎င်းတို့၏ပိုင်ဆိုင်မှု သဘောတူညီချက် စည်းကမ်းချက်များအရ ချယ်လ်ဆီးရှယ်ယာရှင် မည်သူမျှ ပါတနာများ၏ သဘောတူညီချက်မပါဘဲ ပြင်ပတတိယအဖွဲ့အစည်းထံသို့ ရောင်းချပိုင်ခွင့်မရှိပဲ ဘာဒက်ဂ် အက်ဂ်ဘာလီ နှင့် ဟိုဆေး ဖယ်လီစီယာနို တို့ စီမံခန့်ခွဲသည့် Clearlake အဖွဲ့ကိုသာ ဘိုလီ နှင့် ဝေါလ်တာ တို့၏ ရှယ်ယာများကို သီးသန့် ဝယ်ယူခွင့် ပေးထားသည်။

Bloomberg သတင်းဌာနသို့ ထုတ်ပြန်ချက်တစ်ခုတွင် ဝေါလ်တာ ၏ ပြောရေးဆိုခွင့်ရှိသူက ရောင်းချရန် ကြိုးပမ်းနေပြီး သဘောတူညီချက် ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဘိုလီ သည်လည်း ဝေါလ်တာ ၏ ကာလရှည် ရင်းနှီးမြှုပ်နှံမှု ပါတနာဖြစ်သောကြောင့် ရောင်းချလိမ့်မည်ဟု မျှော်လင့်ရသည်။ ဗစ်စ် ၏ ရပ်တည်ချက်ကိုမူ အတည်မပြုနိုင်သေးပေ။
"ဖြစ်နိုင်ဖွယ်ရှိတဲ့ အရောင်းအဝယ်ဟာ မာ့ခ် ဝေါလ်တာ ရဲ့ ချယ်လ်ဆီး ဘောလုံးအသင်းမှာရှိတဲ့ ရှယ်ယာတန်ဖိုးကို မူလရင်းနှီးမြှုပ်နှံမှုထက် ပိုမိုမြင့်မားတဲ့ တန်ဖိုးတစ်ခု သတ်မှတ်ပေးတာဖြစ်ပြီး၊ သူ့အတွက် နောက်ထပ် အောင်မြင်တဲ့ အားကစား ရင်းနှီးမြှုပ်နှံမှု တစ်ခုလည်း ဖြစ်ပါတယ်" ဟု ဝေါလ်တာ ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
"အဲဒီပိုင်ဆိုင်မှုမှ ထွက်ခွာပြီးနောက်မှာ မစ္စတာ ဝေါလ်တာ ဟာ အနာဂတ်မှာ အားကစားနဲ့ သက်ဆိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဝေါလ်တာ ဟာ ၎င်းရဲ့ ပိုင်ဆိုင်မှုကို ရောင်းချဖို့ အခု ကမ်းလှမ်းချက်ကို စတင်ခဲ့တာ မဟုတ်တဲ့အပြင် အခုလိုရောင်းချဖို့ ဆွေးနွေးခဲ့တာ ကာလတစ်ခုအထိ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။"
ချယ်လ်ဆီးအသင်း၏ (၆၁.၅ %) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် Clearlake သည် ဘာဒက်ဂ် အက်ဂ်ဘာလီ စီမံခန့်ခွဲသည့် ချယ်လ်ဆီးအသင်း၏ နေ့စဉ်လုပ်ငန်များကို ထိန်းချုပ်ထားပြီး လာမည့် ၂၀၂၇ ခုနှစ်တွင် ဘိုလီ ၏ နေရာ၌ အစားထိုးရန် ၎င်းတို့၏ ကိုယ်ပိုင်ဥက္ကဋ္ဌကို ခန့်အပ်ရန် စီစဉ်ထားသော်လည်း အသင်းကို အပြည့်အဝ ထိန်းချုပ်ခွင့်ရရှိခြင်းက အသင်းပိုင်ရှင်များအတွင်း တင်းမာမှုများကို လျှော့ချပေးမည်ဖြစ်ပြီး ဆုံးဖြတ်ချက် ချမှတ်မှုများကို ပိုမိုချောမွေ့စေသွားစေနိုင်ပါမည်။
အသင်းပိုင်ဆိုင်မှု အပြောင်းအလဲ၏ အကျိုးသက်ရောက်မှုကို ချယ်လ်ဆီးအသင်း၏ ကွင်းသစ်စီမံကိန်းတွင် ချက်ချင်းတွေ့မြင်ရဖွယ်ရှိပါသည်..။ ဘာဒက်ဂ် အက်ဂ်ဘာလီ နှင့် တော့ဒ် ဘိုလီ တို့သည် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းအား ပြန်လည်မွမ်းမံ တည်ဆောက်မည်လား? သို့မဟုတ် အခြားနေရာတစ်ခုတွင် အစားထိုး တည်ဆောက်မည်လား? ဆိုသည့်အပေါ် သဘောထား ကွဲလွဲလျက်ရှိသောကြောင့် ဖြစ်ပါသည်။