ချဲလ်ဆီးအသင်းမှာ ဂျာအို ပီဒရို ၏ ဒဏ်ရာရရှိမှုသတင်းအား Fantasy Premier League (FPL) အသင်း ရွေးချယ်မှုများမှတစ်ဆင့် ပေါက်ကြားသွားပြီးနောက် ဝန်ထမ်းများအနေဖြင့် အသင်း၏ဒဏ်ရာနှင့် လူစာရင်း သတင်းများကို မရည်ရွယ်ဘဲ ထုတ်ဖော်မိခြင်း မပြုလုပ်ဖို့ သတိထားကြရန် သတိပေးခဲ့သည်။
Fantasy Premier League သို့မဟုတ် အခြား ဂိမ်းပလက်ဖောင်းများတွင် ပါဝင်ကစားသည့်အခါ အသင်း၏ အတွင်းသတင်းများကို အသုံးပြုခြင်းကြောင့် ဖြစ်လာနိုင်ဖွယ်ရှိသည့် အကျိုးဆက်များကို သတိပေးသည့် အီးမေးလ်တစ်စောင်ကို ဝန်ထမ်းများထံ ပေးပို့ခဲ့ပြီး အဆိုပါပလက်ဖောင်းများရှိ အသင်းရွေးချယ်မှုများသည် မည်သည့်ကစားသမားများ မပါဝင်နိုင် သို့မဟုတ် ပြန်လည် ပါဝင်လာတော့မည် ဆိုသည်ကို ထုတ်ဖော်ပြသရာ ရောက်သွားနိုင်သောကြောင့် ဖြစ်သည်။
ချဲလ်ဆီးအသင်းမှာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ တော့တင်ဟမ်အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မတိုင်မီ ပက်ဒရို သည် ပေါင်ရှေ့ပိုင်းကြွက်သားဒဏ်ရာ (Quad injury) ကြောင့် မျှော်လင့်မထားပဲ လွဲချော်ခဲ့သည့် သတင်းများ ကြိုတင်၊ ပေါက်ကြားခဲ့ခြင်းဖြစ်သည်။
ပီဒရို ၏ ဒဏ်ရာနှင့် ပတ်သက်၍ အသင်းဘက်မှ တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း တိုက်စစ်မှူး မော်ဂန် ရော်ဂျားစ် နှင့် ချဲလ်ဆီးအသင်းမှ ဝန်ထမ်းအများအပြားသည် ပွဲမစမီ ၎င်းတို့၏ Fantasy Premier League အသင်းများမှ ဂျာအို ပီဒရို ကို ဖယ်ရှားခဲ့ကြသည် ဆိုသော သက်သေအထောက်အထားများ တွေ့ရှိခဲ့ရကြောင်း နာမည်ကျော် FPL သုံးသပ်သူ အများအပြားက ပြောကြားခဲ့ကြသည်။

အဆိုပါပွဲအပြီး BBC Sport က ယင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ဇာဘီ အလွန်ဆို က "ကျွန်တော်ဟာ Fantasy အသင်း ကိစ္စတွေကို စိတ်မဝင်စားတဲ့အတွက် ဒါကို မသိခဲ့ပါဘူး။" ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။
ပြီးခဲ့သည့်နွေရာသီတွင် ချဲလ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် အသက် (၄၄) နှစ်အရွယ် အလွန်ဆို သည် သတင်းစာရှင်းလင်းပွဲများ၌ ကစားသမား၏ ဒဏ်ရာရရှိမှုများအကြောင်း ပြောကြားရာတွင် ပုံမှန်အားဖြင့် လျှို့ဝှက်စွာ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုလေ့ရှိသည်။
ချဲလ်ဆီးအသင်းမှာ ယခင်ကလည်း အသင်းလူစာရင်း သတင်းများ ကြိုတင်ပေါက်ကြားသည့် ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။
လွန်ခဲ့သည့်ရာသီက နည်းပြဟောင်း လီယမ် ရိုဆီနာ ၏ (၄) လတာ အသင်းကိုကိုင်တွယ်ခဲ့သည့် ကာလအတွင်း ပီအက်စ်ဂျီအသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ် ပွဲစဉ် (၂) ပွဲလုံး မကစားမှီ အသင်း၏ ပွဲထွက်လူစာရင်းများ ပေါက်ကြားခဲ့ဖူးသည်။
ထို့အပြင် ဘယ်နောက်ခံလူဟောင်း မာ့ခ် ကူကူရယ်လာ ၏ ဆံသဆရာက ပီဒရို နှင့် ကိုးလ် ပါးမား တို့ လွန်ခဲ့သည့်ရာသီက ဘရိုက်တန်အသင်းနှင့် ယှဉ်ပြိုင်မည့် အဝေးကွင်းခရီးစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်တွင် ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

Fantasy Premier League နှင့် ပတ်သက်၍ ချဲလ်ဆီးအသင်းအနေဖြင့် ယခုဖြစ်စဉ်ကို ကစားသမားများနှင့် ဝန်ထမ်းများကြား ပိုမိုအသိပညာပေးခြင်းဖြင့် ထိန်းချုပ်နိုင်မည့် သီးခြားဖြစ်စဉ်တစ်ခုအဖြစ်သာ သတ်မှတ်ထားသောကြောင့် ထပ်မံပိတ်ပင်၊ ကန့်သတ်မှုများ ပြုလုပ်ရန် ရှိလိမ့်မည်မဟုတ်ဟု မျှော်လင့်ရသည်။
လက်ရှိအချိန်တွင် Fantasy Premier League ပြိုင်ပွဲတွင် ပါဝင်နေသည့် လူဦးရေ (၁၁) သန်းကျော် ရှိသည်ဟု ခန့်မှန်းထားကြပြီး အဆိုပါဂိမ်းကစားနည်းမှာ ဘောလုံးအသိုင်းအဝိုင်း၏ အရေးပါသော အစိတ်အပိုင်း တစ်ခုအဖြစ် တဟုန်ထိုး ဖွံ့ဖြိုး၊ တိုးတက်လာခဲ့သည်။
ပရီးမီးယားလိဂ် အဖွဲ့ချုပ်သည် လောင်းကစားပြုလုပ်ခြင်းကို တင်းကျပ်သော စည်းမျဉ်းများဖြင့် တားဆီး၊ ပိတ်ပင်ထားသော်လည်း ဘောလုံးလောက၌ ပါဝင် ပတ်သက်နေသူများ Fantasy Premier League တွင် ပါဝင် ကစားသင့်၊ မကစားသင့် သို့မဟုတ် မည်သို့ ပါဝင် ကစားရမည် ဆိုသည်နှင့် ပတ်သက်၍ ကလပ်အသင်းများထံ သီးသန့် လမ်းညွှန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။