ချဲလ်ဆီးအသင်းမှ ကိုးလ် ပါးမား၊ အက်စ်တီဗာအို ဝီလီယံ နှင့် အမျိုးသမီးအသင်းမှ ဟန်နာ ဟမ်ပ်တန် နှင့် မာနာကာ မတ်ဆူကူဘို တို့ (၄) ဦးမှာ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်မှုများအတွက် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတင် (Guinness World Records) အသိအမှတ်ပြုခံခဲ့ရပြီး တစ်ဦးချင်းစီအတွက် တရားဝင် ဂုဏ်ပြုမှတ်တမ်းလွှာများ လက်ခံရရှိခဲ့ကြသည်။
အဆိုပါ ကစားသမား (၄) ဦး၏ တစ်ဦးချင်း စံချိန်တင် သမိုင်းမှတ်တိုင်များသည် ပရီးမီးယားလိဂ်၊ ဘရာဇီးလ် ဘောလုံးလောက၊ အမျိုးသမီး စူပါလိဂ် နှင့် အမေရိကန် ပြည်ထောင်စုမှ အမျိုးသမီး ဘောလုံးလိဂ် (NWSL) ပြိုင်ပွဲများတွင် စိုက်ထူနိုင်ခဲ့သည့် စွမ်းဆောင်ရည်များအပေါ် ဂုဏ်ပြု၊ ဖော်ပြထားခြင်း ဖြစ်သည်။
ကစားသမား (၄) ဦးစလုံးကို နာမည်ကျော်ကြယ်ပွင့်များ၊ သမိုင်းသစ်ရေးထိုးသူများနှင့် ထွန်းတောက်စ လူငယ်ပါရမီရှင် (၃၀)ကို စုစည်းထားသည့် 'Class of '27' ၏ တစ်စိတ်တစ်ပိုင်းအဖြစ် 'Guinness World Records Football Edition 2027' စာအုပ်တွင်လည်း ထည့်သွင်း ဖော်ပြထားသည်။
Perfect hat-trick အမြန်ဆုံး ရရှိခဲ့သည့် စံချိန်ရှင် ကိုးလ် ပါးမား
ကိုးလ် ပါးမား သည် ၂၀၂၄ ခုနှစ် ဧပြီလအတွင်း အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ပွဲစတင်ချိန်မှ (၂၉) မိနစ်အတွင်း (၃) ဂိုးကို အမြန်ဆုံးသွင်းယူနိုင်ခဲ့ခြင်းဖြင့် ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲ၏ ပွဲစချိန်မှ အမြန်ဆုံး ပြီးပြည့်စုံသော ဟက်ထရစ် (Fastest perfect hat-trick) သွင်းယူနိုင်သူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။

ပါးမား မှာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ ပွဲအစ နာရီဝက်အတွင်း ဘယ်ခြေ၊ ညာခြေ နှင့် ခေါင်းတိုက်ချက်တို့ဖြင့် ဂိုးများသွင်းယူခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ် သုံးခုနီးပါး ရပ်တည်နိုင်ခဲ့သည့် ယခင် (၃၈) မိနစ် စံချိန်ဟောင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အပြာရောင်တို့က ၆ဂိုး- ဂိုးမရှိဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ပါးမား သည် စုစုပေါင်း (၄) ဂိုးသွင်းယူခဲ့ပြီး သူ၏သုံးကြိမ်မြောက် ဟက်ထရစ် ရယူနိုင်ခဲ့သည်..။
ဘရာဇီးလ် ဘောလုံးလောကရဲ့ စံချိန်သစ်တစ်ခု စိုက်ထူခဲ့သူ အက်စ်တီဗာအို
အက်စ်တီဗာအို ၏ စံချိန်မှာ စတန်းဖို့ဒ် ဘရစ်ချ်သို့ မပြောင်းရွှေ့မီရရှိခဲ့ခြင်းဖြစ်ပြီး ထိုဘရာဇီးလ်သားသည် အသက် (၁၇) နှစ်၊ (၂၂၉) ရက်အရွယ်ဖြင့် ဘိုလာ ဒီ အော်ရို (Bola de Ouro) ဆုကို ရရှိသည့် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သည်။ ဘရာဇီးလ် မဂ္ဂဇင်း Placar က ချီးမြှင့်သည့် အဆိုပါဆုသည် နိုင်ငံ၏ပြည်တွင်း ချန်ပီယံရှစ်ပြိုင်ပွဲတွင် အကောင်းဆုံး ကစားသမားကို အသိအမှတ်ပြု ချီးမြှင့်ခြင်းဖြစ်သည်။
အက်စ်တီဗာအိုသည် ပါးလ်မီးရပ်စ်အသင်းနှင့် ထူးထူးကဲကဲ ခြေစွမ်းပြနိုင်ခဲ့သည့် ရာသီတစ်ခုအပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပါဂုဏ်ပြုဆုကို လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ချဲလ်ဆီးသို့ ရောက်ရှိလာစေမည့် ထူးခြားပြောင်မြောက်သော ပင်ကိုယ်ပါရမီစွမ်းရည်ကို မီးမောင်းထိုးပြခဲ့သည်။

အမျိုးသမီး စူပါလိဂ်၏ အသက်အငယ်ဆုံး ပွဲ (၁၀၀) ပြည့်မြောက်ခဲ့သည့် ဟန်နာ ဟမ်ပ်တန်
ဟန်နာ ဟမ်ပ်တန် သည် အမျိုးသမီး စူပါလိဂ်ပြိုင်ပွဲတွင် ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့သည့် အသက်အငယ်ဆုံး ဂိုးသမားအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ အင်္ဂလန် လက်ရွေးစင် ဂိုးသမားသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့၊ ချဲလ်ဆီးက အဲဗာတန်အသင်းအား ၅ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အမျိုးသမီး စူပါလိဂ် (WSL) ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့ပြီး အသက် (၂၃) နှစ်၊ ၃၅၃ ရက်၌ အဆိုပါ သမိုင်းမှတ်တိုင် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

NWSL ပြိုင်ပွဲတွင် အသက်အငယ်ဆုံး hat-trick ပိုင်ရှင် မာနာကာ မတ်ဆူကူဘို
မာနာကာ မတ်ဆူကူဘို မှာ အမေရိကန်ပြည်ထောင်စုတွင် ရှိနေစဉ်က ရေးထိုးခဲ့သော သမိုင်းသစ်စံချိန်ဖြင့် ချဲလ်ဆီး ကစားသမား (၄) ဦးစာရင်းကို ပြည့်စုံစေခဲ့သည်။ ဂျပန်လက်ရွေးစင် ကစားသမားသည် အသက် (၂၁) နှစ်၊ (၈၁) ရက်အရွယ်ဖြင့် National Women's Soccer League (NWSL) ပြိုင်ပွဲတွင် ဟက်ထရစ် သွင်းယူနိုင်သည့် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ချဲလ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည့် မတ်ဆူကူဘို သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့က Bay FC အသင်းနှင့် ပွဲစဉ်တွင် မြောက်ကာရိုလိုင်းနား ကာရေ့ဂျ် အသင်းအတွက် (၃) ဂိုး သွင်းယူကာ စံချိန်သစ် တင်ရှိခဲ့ခြင်းဖြစ်သည်။