ချယ်လ်ဆီးအသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် အသင်းကြီး၌ နေရာမရ ဖြစ်နေသော စီနီယာ ကစားသမား (၁၀) ယောက် အပါအဝင် ကစားသမား (၂၂) ဝန်းကျင် အဌားချထားရာ စီနီယာအဆင့် ကစားသမားများထဲတွင် စပိန်လာလီဂါ ပြိုင်ပွဲဝင် မာမာဒူ ဆားရ် မှလွဲ၍ အများစုမှာ သက်ဆိုင်ရာအသင်းများတွင် ပုံမှန်နေရာမရရှိပဲ အခြေအနေမလှ ဖြစ်နေခဲ့သည်..။
အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့သည့် အက်စ်တွန် ဗီလာအသင်းက ဂါလာတာစာရေး ကို ၁- ၀ ဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ အလီဂျန်ဒရို ဂါနာချို သည် အကြီးမားဆုံး သိက္ခာကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ နည်းပြအူနိုင်း အမ်မရီ မှာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် မြို့တော်သို့ အရန်ကစားသမား (၁၂) ဦးအထိ ခေါ်ယူ၊ စာရင်းသွင်းခွင့် ရှိခဲ့သော်လည်း ဂိုးသမား (၂) ဦး အပါအဝင် (၁၁) ဦးကိုသာ ခေါ်ဆောင်သွားခဲ့ပြီး ဂါနာချို ကို ချန်လှပ်ထားခဲ့သည်။ ဘာကြောင့်လဲ? ဟု မေးမြန်းခဲ့ရာ အမ်မရီ က "ဒီကို ပါလာတဲ့ ကစားသမားတွေဟာ ကျွန်တော်တို့နဲ့အတူ ရှိနေဖို့ အကောင်းဆုံး ကစားသမားတွေလို့ ထင်မြင်မိတဲ့သူတွေပါပဲ" ဟု ပြန်လည် ဖြေကြားခဲ့သည်။
အသက် (၂၂) နှစ်အရွယ် ဂါနာချို မှာ ပွဲထွက်ကစားခွင့် အရေအတွက် အတိုင်းအတာတစ်ခု ပြည့်မှီပါက စတာလင်ပေါင် (၄၂.၅) သန်းဖြင့် မဖြစ်မနေ အပြီးသတ် ဝယ်ယူရမည့် သတ်မှတ်ချက် (Conditional obligation) ပါဝင်သော တစ်ရာသီ အငှားစာချုပ်ဖြင့် ဗီလာအသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ အပြီးသတ် ဝယ်ယူရခွင့် အသက်ဝင်စေရန် ပွဲစဉ်အရေအတွက် မည်မျှကစားပေးရမည် ဆိုသည်ကို ထုတ်ဖော်၊ ပြောကြားခြင်း မရှိသေးဘဲ လျှို့ဝှက်ထားဆဲ ဖြစ်သည်။ ချဲလ်ဆီး အတွင်းလူများကမူ အလွယ်တကူ ပြည့်မီနိုင်သည့် ပွဲအရေအတွက် ပမာဏဖြစ်ကြောင်း ယခင်က အခိုင်အမာ ပြောဆိုခဲ့ကြဖူးသည်။
သို့သော် ဂါနာချို သည် ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၄) ပွဲသာ ပါဝင်ကစားခွင့် ရရှိထားသေးပြီး ယင်း (၄) ပွဲအနက် နောက်ဆုံးပွဲစဉ်မှာ အောက်တိုဘာလ (၃၁) ရက်နေ့က ဖူးလ်ဟမ်းနှင့်ပွဲစဉ်တွင် (၃) မိနစ်ကြာ လူစားဝင် ကစားခဲ့ရခြင်းဖြစ်သည်။ အာဂျင်တီးနား တောင်ပံ ကစားသမားမှာ ယခုဘောလုံးရာသီတွင် မည်သည့်ပြိုင်ပွဲတွင်မှ ပွဲထွက်လူစာရင်းတွင် ပါဝင်ခွင့်မရသေးပေ။ စာချုပ်ထဲတွင် အငှားစာချုပ်ကို ကြားဖြတ် ဖျက်သိမ်းခွင့် (Break clause) မပါဝင်သော်လည်း လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့တွင် ဗီလာနှင့် ချဲလ်ဆီး နှစ်သင်းစလုံး၏ သဘောတူညီချက်ဖြင့် အငှားစာချုပ်ဖျက်သိမ်းရန် ဖြစ်နိုင်ခြေရှိနေသည်ဟု သိရှိရသည်။
သို့သော်ချဲလ်ဆီးအသင်းအနေဖြင့် မကြာမီတော့မည့် အနာဂတ်ကာလအတွင်း ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာနိုင်သည့် အငှားချ ကစားသမားများမှာ ဂါနာချို တစ်ဦးတည်းမဟုတ်ပေ။

စပိန်ဂိုးသမား ရောဘတ် ဆန်းချက်ဇ် သည် အပြီးသတ်ဝယ်ယူခွင့် (သို့မဟုတ်) မဖြစ်မနေ ဝယ်ယူရမည့် သတ်မှတ်ချက်များ မပါဝင်သည့် ရိုးရိုးအငှားစာချုပ် ('Dry' loan) ဖြင့် အီတလီ စီးရီးအေပြိုင်ပွဲဝင် ကိုမိုအသင်း၌ ကစားနေသည်။ အသက် (၂၉) နှစ်အရွယ် စပိန်ဂိုးသမားသည် ယခုရာသီ ပြိုင်ပွဲစုံ (၁၇) ပွဲတွင် (၅) ပွဲသာ ပွဲထွက်ခွင့် ရရှိထားသေးသည်။
အခြားဂိုးသမားတစ်ဦးဖြစ်သူ အသက် (၂၄) နှစ်အရွယ် ဖိလစ် ယော်ဂန်ဆန် မှာ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲ တန်းဆင်းဇုန်အနီး၌ ရုန်းကန်နေရပြီး အသင်းအား ပြန်လည်ဆွဲတင်ရန် ဆွမ်ဆီးအသင်းမှ ဗီတာ မားတို့စ် ကို ခေါ်ယူခန့်အပ်ထားသည့် ချဲလ်ဆီး၏ညီနောင်ကလပ် စထရာ့ဘာ့ဂ်အသင်းတွင် အငှားသွားရောက် ကစားလျက်ရှိသည်။ ၎င်း၏စာချုပ်မှာလည်း ရိုးရိုးအငှားစာချုပ်သာ ဖြစ်သည်။
မီဟေးလ်လို မူဒရစ်ခ် သည် တော့တင်ဟမ်အသင်းအတွင် စုစုပေါင်း (၁၆) မိနစ်သာ ပါဝင်ကစားခွင့် ရရှိထားသေးသည်။ ယူကရိန်း တောင်ပံ ကစားသမားသည် လေ့ကျင့်ရေးကွင်းတွင် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး နည်းပြရောဘတ်တို ဒီ ဇာဘီ က ‘မိုက်မဲသော ခြေကျင်းဝတ်ဒဏ်ရာ’ ဟု ရည်ညွှန်းခဲ့သည့် အဆိုပါဒဏ်ရာမှ ပြန်လည်သက်သာလာရန် ကြိုးပမ်းလျက်ရှိသည်။

စပါးအသင်း၏ အဌားစာချုပ်တွင် အသက် (၂၅) နှစ်အရွယ် ယူကရိန်းကစားသမားကို စတာလင်ပေါင် (၇၅) သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့် (Option to buy) ပါဝင်ထားပြီး မူဒရစ် သည် ပြီးခဲ့သည့်သီတင်းပါတ်က တော့တင်ဟမ်နှင့် ချဲလ်ဆီး နှစ်သင်းစလုံး၏ ခွင့်ပြုချက်မပါဝင်ပဲ အင်တာဗျူး တစ်ခုကို မဆင်မခြင် ပြုလုပ်၊ ဖြေကြားခဲ့သေးသည်။
အသက် (၂၈) နှစ်အရွယ် အက်ဆဲလ် ဒီဆာဆီ မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအောက်ဆုံးရှိ ခရစ္စတယ် ပဲလေ့စ်အသင်း၌ ရိုးရိုးအငှားစာချုပ်ဖြင့် ရောက်ရှိနေသည်။ ပဲလေ့စ်အသင်း တန်းဆင်းခဲ့ရပါက ဒီဆာဆီ မှာ ပြီးခဲ့သည့်ရာသီက ဝက်စ်ဟမ်းအသင်း ချန်ပီယံရှစ်သို့ တန်းဆင်းသွားချိန်တွင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသခဲ့ဖူးသည့်အတိုင်း အသင်း၌ အပြီးသတ် ဆက်နေရန် စဉ်းစားဖွယ်မရှိပေ။
အသက် (၂၅) နှစ်အရွယ် ဘီနွိုက် ဘာဒီယာရှီးလ် သည် နာပိုလီအသင်းသို့ ရောက်ရှိနေပြီး နာပိုလီအသင်းမှ စတာလင်ပေါင် (၂၃.၁) သန်းဖြင့် အပြီးသတ် ခေါ်ယူနိုင်မည့် သတ်မှတ်ချက် (Option to sign permanently) ပါဝင်သော်လည်း အသင်းမှာ စီးရီးအေ ရာသီအစတွင် စိတ်ပျက်ဖွယ်ရလဒ်များ ကြုံတွေ့နေရကာ ဇယားထိပ်ဆုံးမှ လာဇီယိုအသင်းနှင့် (၁၄) မှတ်အထိ ကွာဟလျက် အဆင့် (၈) နေရာတွင်သာ ရပ်တည်နေသည်။ ဘာဒီယာရှီးလ် သည် စီးရီးအေပွဲစဉ်များတွင် (၃) ပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားသေးပြီး လက်ရှိတွင်လည်း ဒဏ်ရာရရှိနေသည်။

စပိန်လာလီဂါ ပြိုင်ပွဲဝင် ရီးရဲလ် ဆိုဆီဒက် အသင်းသို့ အဌားရောက်ရှိနေသည့် မာမာဒူး ဆားရ် မှာ သူ၏အဌားစာချုပ်တွင် အပြီးသတ်ဝယ်ယူခွင့် မပါဝင်ဟု ယူဆရသော်လည်း အသက် (၂၁) နှစ်အရွယ် ခံစစ်မှူးသည် လာလီဂါနှင့် ယူရိုပါလိဂ် ပြိုင်ပွဲများတွင် အသင်းအတွက် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိလျက်ရှိသည်။
အခြားအငှားချ ကစားသမားများထဲတွင် ချန်ပီယံရှစ်၌ ရုန်းကန်နေရသည့် ဘန်လေအသင်းနှင့်အတူ အင်္ဂလန် ဘောလုံးလောက၏ ခက်ခဲကြမ်းတမ်းသော ကြိုဆိုမှုကို ရင်ဆိုင်နေရသည့် (လက်ရှိတွင်လည်း ဒဏ်ရာရရှိနေသော) အသက် (၁၈) နှစ်အရွယ် ကာဇက်စ်တန် လူငယ်တိုက်စစ်မှူး ဒတ်စ်တန် ဆတ်ပါယက်ဗ် နှင့် ပရက်စ်တန်အသင်းနှင့် တန်းဆင်းဇုန်အတွင်း ရောက်ရှိနေသည့် အသက် (၂၁) နှစ်အရွယ် အမေရိကန် ညာနောက်ခံလူ ကာလက်ဘ် ဝိုင်လေ တို့လည်း ပါဝင်နေပါသည်။
(Daily Mail သတင်းဌာနမှ ဆောင်းပါးရှင် Kieran Gill ၏ ‘Poor return on Blues loans’ သတင်းဆောင်းပါးကို ပြန်ဆိုပါသည်..။)