“အခုတစ်ကြိမ် အပြောင်းအရွှေ့ရာသီဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် အရေးအကြီးဆုံး အပြောင်းအရွှေ့ကာလတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်..”
နွေရာသီအပြောင်းအရွှေ့ ကာလရောက်တိုင်း ဒီလိုစကားမျိုးကို နှစ်စဉ်ပြောလေ့ရှိကြသော်လည်း ယခုလာမည့် ၂၀၂၆ ခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ BlueCo အဖွဲ့ အသင်းပိုင်ရှင်များအတွက် သမိုင်းတစ်လျှောက် အရေးအကြီးဆုံး အပြောင်းအရွှေ့ကာလတစ်ခု ဖြစ်လာဖို့ ရှိနေပါသည်။ ချယ်လ်ဆီးအသင်းပိုင်ရှင်များမှာ အသင်းကို စတင်ကိုင်တွယ်တော့မည့် မန်နေဂျာ ဇာဘီ အလွန်ဆို အား သူ့မတိုင်မီကနည်းပြများထက် ပိုမိုသာလွန်သည့် ငွေကြေးပံ့ပိုးမှုများ၊ လုပ်ပိုင်ခွင့်အာဏာများကို အပြည့်အဝ ပေးအပ်သွားရန် ပြင်ဆင်နေပါသည်။ အပြာရောင်တို့သည် အလွန်ဆို အား ယခင်နည်းပြများကို ပေးအပ်ခဲ့သည့် 'Head Coach (နည်းပြချုပ်)’ ရာထူးထက် ပိုမိုကျယ်ပြန့်သော 'Manager' (မန်နေဂျာ)’ ဆိုသည့် ခေါင်းစဉ် ပေးအပ်ခဲ့ပြီး အသင်း၏ အလုံးစုံသော သော့ချက်များကို သူ၏လက်ထဲသို့ ပုံအပ်လိုက်ခြင်းလည်း ဖြစ်သည်။
အလွန်ဆို အနေဖြင့် စတန်းဖို့ဒ် ဘရစ်ချ်တွင် စတင်မည့် သူ၏ပွဲဦးထွက် ရာသီသစ်အတွက် ဆုဖလားများကို စိန်ခေါ်နိုင်ပြီး အင်အားတောင့်တင်းသည့် လူစာရင်းတစ်ခု တည်ဆောက်နိုင်ရန်အတွက် အားကစားဒါရိုက်တာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပေါလ် ဝင်စတန်လေ၊ လော့ရင့်စ် စတီးဝပ်၊ ဒေ့ဗ် ဖားလိုးစ်၊ ဆမ် ဂျူးဝဲလ် နှင့် ဂျိုး ရှီးလ် တို့နှင့် အနီးကပ်ပူးပေါင်း၊ လုပ်ကိုင်သွားပါမည်။ ချယ်လ်ဆီးအသင်း၏ အတွင်းသတင်းများအရ အလွန်ဆို နှင့် အားကစားဒါရိုက်တာ (၅) ဦးတို့သည် ယခုနွေရာသီအတွက် ချမှတ်ထားသည့် အစီအစဉ်များနှင့် ရည်မှန်းချက်များအပေါ် အပြည့်အဝ၊ တသားတည်း ကျနေကြောင်း သိရပါသည်။
အပြာရောင်ခြင်္သေ့များသည် အသင်း၏ရေရှည်စီမံကိန်းတွင် အဓိကကျောရိုးအဖြစ် ဆက်လက်ရှိနေမည့် လီဗိုင်း ကိုဝဲလ် နှင့် တွဲဖက်ကစားရန် အသင်းကြီး ပွဲထွက်အဆင့် ကစားနိုင်မည့် ထိပ်တန်းအဆင့် ဗဟိုနောက်ခံလူ တစ်ဦးကို ဦးစားပေး ခေါ်ယူလိုနေပါသည်။ ထို့အပြင် ယခုအပြောင်းအရွှေ့ ဈေးကွက်မပိတ်သိမ်းမှီ ကွင်းလယ် ကစားသမား တစ်ဦးကိုလည်း ထပ်မံဖြည့်တင်းလိုနေပြီး ခရစ္စတယ် ပဲလေ့စ်အသင်း၏ ကွင်းလယ် ကစားသမား အာဒမ် ဝှာတန် အား ရေရှည်ပစ်မှတ်အဖြစ် ရည်မှန်းထားပါသည်။ သို့သော် အသက် (၂၂) နှစ်အရွယ် အင်္ဂလိပ်လူငယ် ကွင်းလယ် ကစားသမား၏ ပြောင်းရွှေ့ကြေးမှာ စတာလင်ပေါင် သန်း (၁၀၀) ဝန်းကျင်ထိ မြင့်မားနိုင်ဖွယ် ရှိနေသည်။ ပြီးခဲ့သည့်ရာသီကုန်ပိုင်းက ဘုန်းမောက်အသင်းနှင့် ခြေစွမ်းပြခဲ့သည့် ကွင်းလယ် ကစားသမား အဲလက်စ် စကော့တ် ၏ အမည်မှာ အွန်လိုင်းစာမျက်နှာများထက်တွင် ထွက်ပေါ်ခဲ့သော်လည်း၊ အသင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက အဆိုပါသတင်းကို ပယ်ချခဲ့ကြသည်။

ချယ်လ်ဆီးအသင်းသည် လာမည့်လများအတွင်း ဘယ်တောင်ပံ တိုက်စစ်ကစားသမား တစ်ဦးကိုလည်း ထပ်မံဖြည့်တင်းရန် မျှော်လင့်နေပါသည်။ အက်စတွန် ဗီလာနှင့် အင်္ဂလန်အသင်းကြယ်ပွင့် မော်ဂန် ရော်ဂျာစ် သည် အသင်း၏ အဆင့်မြင့်တာဝန်ရှိသူများအကြား အဆင့်သတ်မှတ်ချက် အလွန်မြင့်မားသည့် ကစားသမားတစ်ဦး ဖြစ်သော်လည်း လက်ရှိအချိန်တွင် ၎င်းအနေဖြင့် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန် ပိုမိုနီးစပ်နေပုံရသည်။ ဗဟိုနောက်ခံလူ ရှာဖွေမှုကဲ့သို့ပင် — ယခုအခါ အပြောင်းအရွှေ့ဈေးကွက် တရားဝင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း အသင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များမှာ ပစ်မှတ်ထားသည့် ကစားသမားများ၏ သတ်သတ်မှတ်မှတ် အမည်စာရင်းများကို အလွန်လျှို့ဝှက်ထားကြသည်။ သို့သော် သေချာသည့်အရာတစ်ခုမှာ ချယ်လ်ဆီးအသင်းသည် ၎င်းတို့၏ အပြောင်းအရွှေ့ဗျူဟာကို ယခင်ဈေးကွက်များနှင့်မတူဘဲ အနည်းငယ်ပြုပြင်၊ ပြောင်းလဲလိုက်ပြီ ဆိုသည့်အချက် ဖြစ်ပါသည်။
သတင်းရင်းမြစ်များ ဖော်ပြချက်အရ အပြာရောင်တို့မှာ ယခုနွေရာသီတွင် ဝါရင့်၊ သမ္ဘာရင့် 'အသင့်သုံး (Ready-made)' နိုင်သည့် ကစားသမားများကို ဖြည့်တင်းရန် အဓိကအာရုံစိုက်နေကြပါသည်။ ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်း၏ လူစာရင်းမှာ စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုနှင့် စည်းကမ်းပိုင်း အားနည်းခဲ့သည်ဟု ယူဆချက်များ ရှိနေပြီး ၎င်းကိုပြီးခဲ့သည့်ရာသီ ပြိုင်ပွဲတစ်လျှောက် ပရီးမီးယားလိဂ်တွင် အနီကတ်ဒ် (၈) ကတ်အထိ စံချိန်တင် ပြသခံခဲ့ရသည့်အချက်က ရှင်းလင်းစွာ သက်သေပြနေပါသည်။ မန်နေဂျာ အလွန်ဆို ကလည်း အဆိုပါအချက်ကို သဘောတူညီပြီး သူ့အားမန်နေဂျာအဖြစ် ခန့်အပ်ခဲ့သည့် ပထမဆုံးနေ့ကတည်းကပင် ထိပ်တန်းအဆင့် အတွေ့အကြုံရှိပြီး (Top-level experience) ကစားသမားများကို ဖြည့်တင်းရန် အသင်း၏အစီအစဉ်များနှင့် အပြည့်အဝ ထပ်တူကျနေကြောင်း အသင်းတွင်းသတင်းရင်းမြစ်များက အသိပေးထားပါသည်။
အသင်းမှ ထွက်ခွာမည့်သူများ၏ အခြေအနေမှာ ပိုပြီးရှင်းလင်းနေပါသည်။ ချယ်လ်ဆီးအသင်းမှာ အသင်းကြီး ကစားသမား အမြောက်အမြားကို အပြီးသတ်ရောင်းထုတ်ရန် မျှော်လင့်နေသော်လည်း၊ အလွန်ဆို အနေဖြင့် ကစားသမားအချို့၏ အနာဂတ်အပေါ် နောက်ဆုံးဆုံးဖြတ်ချက်မချမီ ရာသီကြိုကာလတွင် ၎င်းတို့၏ စွမ်းဆောင်ရည်များကို အနီးကပ် စောင့်ကြည့်၊ လေ့လာသွားဦးရန် စီစဉ်ထားပါသည်။
ချယ်လ်ဆီးအသင်းမှာ စပိန်လက်ရွေးစင် ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာ အား ရီးရဲလ် မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၅၁. ၇) သန်း (ပြောင်းရွှေ့ကြေး (၄၇.၄) သန်း + အပိုဆုကြေး (၄.၃) သန်း) ဖြင့် ရောင်းချနိုင်ခဲ့သည်။ ကူကူရယ်လာ မှာ ရီးရဲလ် မက်ဒရစ်၊ အက်သလက်တီကို မက်ဒရစ် နှင့် ဘာစီလိုနာ အသင်းတို့၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီးနောက် ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာလိုကြောင်း ချယ်လ်ဆီးအသင်းထံ အသိပေးခဲ့သည်။ ချယ်လ်ဆီးအသင်းအနေဖြင့် မာ့စ် ကူကူရယ်လာ ကို ရောင်းချရန် တက်တက်ကြွကြွ ကြိုးပမ်းခဲ့ခြင်း မရှိသော်လည်း ရီးရဲလ်အသင်း၏ ကမ်းလှမ်းမှုအပေါ် ကျေနပ်မှုရှိခဲ့သောကြောင့် စပိန်ကစားသမား၏ ရွေးချယ်မှုလမ်းကြောင်းကို ပိတ်ပင်၊ တားဆီးခဲ့ခြင်း မပြုခဲ့ပေ။ ထို့အပြင် အသင်းရှိ ဟော်လန်ဘယ်နောက်ခံလူ ဂျိုရယ်လ် ဟာတို အပေါ် မျှော်မှန်းချက် မြင့်မားစွာ ရှိနေခြင်းကလည်း ကူကူရယ်လာ ကို ရောင်းချရန် ဆုံးဖြတ်ချက်ကို ပိုမိုလွယ်ကူစေခဲ့သည်။

တစ်ဖက်တွင်လည်း ဒိန်းမတ်ဂိုးသမား ဖိလစ် ဂျော်ဂျန်ဆန် မှာ ယခုနွေရာသီတွင် စတန်းဖို့ဒ် ဘရစ်ချ်မှ ထွက်ခွာလိုသည့်ဆန္ဒကို အသိပေးပြောကြားထားကြောင်း Football London ၏ သတင်းရင်းမြစ်များအရ နားလည်ထားပါသည်။ ဂိုးသမားဂျော်ဂျန်ဆန် သည် ပြီးခဲ့သည့်လကုန်ပိုင်းက ချယ်လ်ဆီးအသင်း၏ ကမ္ဘာလုံးဆိုင်ရာ ဂိုးသမားရေးရာအကြီးအကဲ ဘင် ရောဘတ် နှင့် သူ့အနာဂတ်အတွက် တွေ့ဆုံ၊ ဆွေးနွေးခဲ့သည်။ အသက် (၂၄) နှစ်အရွယ် ဂိုးသမားမှာ ဗီလာရီးရဲလ်အသင်းမှ ပြောင်းရွှေ့လာခဲ့ပြီး နှစ်နှစ်အကြာတွင် ပုံမှန်ပွဲထွက်ခွင့် ရရှိရန်အတွက် အနောက်လန်ဒန်အသင်းမှ ထွက်ခွာခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။
ချယ်လ်ဆီးအသင်းမှာ မိတ်ဖက်အသင်းဖြစ်သော စထရာ့ဘာ့ဂ် သို့ အငှားထွက်သွားရောက်ပြီး လက်စွမ်းပြနိုင်ခဲ့သည့် ဘယ်လ်ဂျီယမ် လူငယ်ဂိုးသမား မိုက်ခ် ပန်ဒါစ် အား လာမည့်ရာသီတွင် ရောဘတ် ဆန်းချက်ဇ် နှင့်အတူ နံပါတ်တစ် ဂိုးသမားနေရာအတွက် ယှဉ်ပြိုင်ခွင့်ပေးရန် စီစဉ်နေပါသည်။ ပန်ဒါစ် သည် ယခုနွေရာသီတွင် အသင်း၏ ရာသီကြိုခရီးစဉ်သို့ လိုက်ပါမည်ဖြစ်ပြီး မန်နေဂျာသစ် အလွန်ဆို ၏ မျက်စိကျမှု ရရှိစေရန်အတွက် ကစားခွင့်မိနစ်အချို့ ရရှိမည်ဖြစ်သည်။ အသက် (၂၂) နှစ်အရွယ်ရှိ အမေရိကန်ဂိုးသမား ဂါဘရီရယ်လ် စလိုနီနာ မှာ ပွဲထွက်ကစားခွင့် မိနစ်များစွာ လိုအပ်နေသဖြင့် ယခုအပြောင်းအရွှေ့တွင် ရောင်းချခြင်း ခံရနိုင်ပါသည်။ စလိုနီနာ မှာ လွန်ခဲ့သည့် (၄) နှစ်.. ချီကာဂို ဖိုင်းယားအသင်းမှ ပြောင်းရွှေ့လာကတည်းက ချယ်လ်ဆီးအသင်းကြီးအတွက် တစ်ပွဲမှပါဝင်ကစားခွင့် မရရှိသေးပေ။
ဗဟိုနောက်ခံလူများဖြစ်ကြသည့် တိုစင် အာဒါရာဘိုင်ယိုရို နှင့် ဘင်နွိုက် ဘာဒီယာရှီးလ် တို့၏ အနာဂတ်များမှာ ယခုနွေရာသီတွင် မရေမရာဖြစ်နေခဲ့သည်။ အဆိုပါဗဟိုနောက်ခံလူ နှစ်ဦးစလုံးမှာ ပြီးခဲ့သည့်ရာသီတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်ခဲ့ရပြီး လာမည့်ရာသီသစ်တွင် စတန်းဖို့ဒ် ဘရစ်ချ်သို့ နောက်ခံလူသစ်များ ထပ်မံရောက်ရှိလာရန် ရှိနေခြင်းကြောင့် ၎င်းတို့အတွက် နေရာတစ်နေရာရရှိရန် ပိုမိုခက်ခဲလာမည့် အလားလာ ရှိနေပါသည်။
အာဂျင်တီးနား လူငယ်နောက်ခံလူ အေရွန် အန်ဆယ်လ်မီနို မှာမူ ဘိုရုရှား ဒေါ့မွန်နှင့် စထရာ့ဘာ့ဂ် အသင်းများတွင် ဒဏ်ရာပြဿနာများကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရသည့် ၂၀၂၅/၂၆ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ပြီးနောက် လာမည့်ရာသီတွင် နောက်ထပ်အသင်းတစ်သင်းသို့ ထပ်မံအငှားထွက်ရဖွယ် ရှိနေသည်။ သူ၏တိုးတက်မှုနှုန်းသည် မကြာသေးမီက ရာသီများအတွင်း ဖြစ်ပွားခဲ့သည့် ကြွက်သားဒဏ်ရာများကြောင့် ရပ်တန့်နေခဲ့သော်လည်း အသင်းအတွင်း၌ အရည်အသွေး မြင့်မားသည့် လူငယ်တစ်ဦးအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။

ဆီနီဂေါလက်ရွေးစင် မာမာဒူ ဆားရ် မှာလည်း နောက်ထပ်တစ်ကြိမ် အငှားထွက်ခွာရဖွယ် ရှိနိုင်ပါသည်။ လတ်တလော ကျင်းပနေသည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီနီဂေါအသင်းကို ကိုယ်စားပြု ကစားပေးနေသည့် နောက်ခံလူ ဆားရ် အား ဗဟိုနောက်ခံလူနေရာအတွက် အင်အားဖြည့်တင်းရန် စထရာ့ဘာ့ဂ်အသင်းမှ ပြန်လည်ခေါ်ယူခဲ့သော်လည်း ရာသီနောက်ပိုင်းလများတွင် ပွဲထွက်ခွင့် မိနစ်အနည်းငယ်သာ ကစားခွင့်ရရှိခဲ့သည်။ ပြီးခဲ့သည့် ရာသီဝက်က ဝက်စ်ဟမ်း ယူနိုက်တက်အသင်းတွင် အငှားသွားရောက်၊ ခြေစွမ်းပြနိုင်ခဲ့သည့် ပြင်သစ်နောက်ခံလူ အက်ဆဲလ် ဒီဆာဆီ ကို ခေါ်ယူလိုသည့် ပရီးမီးယားလိဂ်နှင့် ပြည်ပအသင်းများစွာ ရှိနေပြီး ချယ်လ်ဆီးအသင်းအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့တွင် သူ့အား အပြီးသတ်ရောင်းချရန် ကြိုးပမ်းလျှက် ရှိပါသည်။
ဒီဆာဆီ နှင့် နိုင်ငံတူကစားသမားဖြစ်သော မာလို ဂူစ်တို အား မန်ချက်စတာ စီးတီးအသင်း မန်နေဂျာအဖြစ် ခန့်အပ်ခံရတော့မည့် အင်ဇို မာရက်စ်ကာ ၏ အဓိကပစ်မှတ် ဖြစ်နေသည်ဟု ယူဆရသည်။ မန် စီးတီးသို့ ဂူစ်တို ပြောင်းရွှေ့မည်ဆိုသည့် သတင်းများနှင့်ပတ်သက်၍ Football London က မေးမြန်းခဲ့ရာတွင် အသင်းတွင်း သတင်းရင်းမြစ်များက နှုတ်ဆိတ်နေခဲ့ကြသည်..။ သို့သော်မာရက်စ်ကာ အနေဖြင့် အနောက်လန်ဒန်အသင်းတွင် အတူလက်တွဲခဲ့စဉ်က ပြင်သစ်လက်ရွေးစင် ညာနောက်ခံလူအပေါေ ယုံကြည်မှုရှိခဲ့သည့်အချက်အပေါ် မူတည်ပြီး အဆိုပါအပြောင်းအရွှေ့ သတင်းမှာ ယုတ္တိတန်မှုရှိသည်ဟု ယူဆနိုင်ပါသည်။
အသင်းမှ မည်သည့်နေရာမှ ထွက်ခွာရန် လုံးဝမရှိသူမှာ ဂျော့ရှ် အာချန်ပေါင် ဖြစ်သည်။ ကော့ဘ်ဟမ် အကယ်ဒမီထွက် အသက် (၂၀) နှစ်အရွယ်ရှိ အဆိုပါနောက်ခံလူမှာ ပွဲထွက်ခွင့် ပိုမိုရရှိချင်သဖြင့် ယခုနွေရာသီတွင် အသင်းမှထွက်ခွာရန် စဉ်းစားနေကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်နေပါသည်။ သို့သော်ချယ်လ်ဆီးအသင်းနှင့် နီးစပ်သည့်သတင်းရင်းမြစ်များက အဆိုပါဘက်စုံသုံးနောက်ခံလူအား အသင်း၏ 'အထိမခံ ရွှေပန်းကန် (Untouchable)' အဖြစ် ဖော်ပြထားသည်။
ကွင်းလယ် ကစားသမား အင်ဇို ဖာနန်ဒက်စ် မှာ ယခုနွေရာသီတွင် စတန်းဖို့ဒ် ဘရစ်ချ်မှ ထွက်ခွာလိုနေပြီး ရီးရဲလ် မက်ဒရစ်အသင်းက အဆိုပါအာဂျင်တီးနား ကွင်းလယ်လူကို ခေါ်ယူနိုင်ရန် စိတ်ဝင်စားလျက်ရှိသည်။ အသက် (၂၅) နှစ်အရွယ်ရှိ အင်ဇို မှာ ယခုနွေရာသီတွင် အသင်းပြောင်းရွှေ့လိုသည့်ဆန္ဒကို အသိပေး၊ ပြောကြားထားပြီး ဖြစ်ကြောင်းနှင့် ချယ်လ်ဆီးအသင်းအနေဖြင့် စတာလင်ပေါင် (၁၂၀) သန်း တန်ကြေးရှိ ကမ်းလှမ်းမှုရရှိပါက သူ၏အပြောင်းအရွှေ့ကို ပိတ်ပင်၊ တားဆီးမည်မဟုတ်ကြောင်း အသင်းအတွင်း သတင်းရင်းမြစ်များက Football London သို့ ပြီးခဲ့သည့်လအတွင်းက ပြောကြားခဲ့သည်။ လော့စ် ဘလန်ကို့စ် တို့သည် အင်ဇို အား ခေါ်ယူနိုင်ရန် စိတ်ဝင်စားနေသော်လည်း ချယ်လ်ဆီးအသင်းက တောင်းဆိုထားသည့် အလွန်မြင့်မားလှသော ပြောင်းရွှေ့ကြေးကြောင့် ၎င်းတို့အနေဖြင့် လက်တွေ့လှုပ်ရှားလာမလား? ဆိုသည်ကို စောင့်ကြည့်ရပါဦးမည်။

တစ်ဖက်တွင် ဒါရီယို အက်ဆူဂို မှာ ပြီးခဲ့သည့်ရာသီက အသင်းကြီးပွဲထွက်ခွင့် နည်းပါးခဲ့ခြင်းကြောင့် ယခုနွေရာသီတွင် အငှားပြောင်းရွှေ့ခွင့်ရရန် မျှော်လင့်နေနိုင်သည်။ အက်ဆူဂို ၏ စတန်းဖို့ဒ် ဘရစ်ချ် ပွဲဦးထွက်ရာသီမှာ ဒဏ်ရာပြဿနာများကြောင့် အကြီးအကျယ် အနှောင့်အယှက်ဖြစ်ခဲ့ရပြီး ဒဏ်ရာသက်သာ၍ ကြံ့ခိုင်မှုပြည့်ဝချိန်တွင် အသက် (၂၁) နှစ်အရွယ်ရှိ ပေါ်တူဂီကွင်းလယ် ကစားသမားသည် ပရီးမီးယားလိဂ်တွင် (၃) ပွဲသာ ကစားခွင့်ရခဲ့ပြီး စုစုပေါင်း ကစားသမားဘဝ (၂၆) မိနစ်သာ ကစားခွင့်ရရှိခဲ့သေးသည်။ ပြီးခဲ့သည့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်းကလည်း အက်စ်ဆူဂိုအား အငှားဖြင့်ခေါ်ယူရန် အလားအလာကို စပိန်အသင်းများစွာက စုံစမ်းခဲ့ကြကြောင်း Football London က နားလည်ထားပါသည်။
အာဂျင်တီးနား တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချို သည်လည်း ယခုအပြောင်းအရွှေ့ ဈေးကွက်မပိတ်မီ ချယ်လ်ဆီးအသင်းမှ ထွက်ခွာသွားနိုင်ခြေ ရှိနေသည်။ ပြီးခဲ့သည့် နွေရာသီက မန်ချက်စတာ ယူနိုက်တက်အသင်းမှ စတာလင်ပေါင် သန်း (၄၀) ဖြင့် ပြောင်းရွှေ့လာခဲ့ပြီးနောက် ဂါနာချို မှာ စတန်းဖို့ဒ် ဘရစ်ချ် ပွဲဦးထွက်ရာသီတွင် ရုန်းကန်ခဲ့ရသည်။ ထို့အပြင် ချယ်လ်ဆီးအသင်းမှာ ယခုနွေရာသီတွင် ကော့ဘ်ဟမ် အကယ်ဒမီထွက် လူငယ်တောင်ပံ ကစားသမား တိုင်ရစ်ခ် ဂျော့ချ် ကိုလည်း အပြီးသတ်ရောင်းချရန် ကြိုးပမ်းနေကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။ အဲဗာတန်အသင်းက အဆိုပါ လူငယ်တောင်ပံ ကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း သူ၏အငှားစာချုပ်တွင် ထည့်သွင်းထားသည့် စတာလင်ပေါင် (၂၅) သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့် စာပုဒ်ကို အသုံးချရန် ဝေခွဲမရဖြစ်နေပုံရသည်။ ဂျော့ချ် ကိုယ်တိုင်ကမူ ယခုနွေရာသီတွင် အပြာရောင်တို့နှင့် အပြီးသတ်လမ်းခွဲရန် ဆန္ဒရှိနေပါသည်။
အွမ်မ်ရီ ကယ်လီမန် မှာ ပြီးခဲ့သည့်ရာသီက ကာဒစ်ဖ်စီးတီးအသင်းတွင် အငှားသွားရောက်ကစားစဉ် ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် လာမည့်ရာသီသစ်တွင်လည်း နောက်ထပ် အငှားစာချုပ်တစ်ခုဖြင့် ထပ်မံထွက်ခွာရဖွယ် ရှိနေသည်။ အသက် (၂၀) အရွယ်ရှိ အဆိုပါလူငယ်ကစားသမားအား ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဥရောပအသင်းများက စိတ်ဝင်စားနေကြကြောင်း ကစားသမားနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုကြသည်..။ သို့သော်လည်း သူ့အနေဖြင့် လာမည့်ရာသီတွင် အင်္ဂလန်မြေရှိ အသင်းများ၌သာ ဆက်လက်ရှိနိုင်ခြေများကြောင်း ခန့်မှန်းချက်များ ရှိနေသည်။
ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူးအခြေအနေမှာ အလွန်စိတ်ဝင်စားစရာကောင်းပြီး မန်နေဂျာ အလွန်ဆိုအနေဖြင့် ယခုနွေရာသီအတွင်း အချိန်ကိုက်ဖြေရှင်းရန်လိုအပ်သည့် ကြီးမားသော အကျပ်ရိုက်မှုတစ်ခု ဖြစ်နေသည်။ ပွဲဦးထွက်ရာသီတွင် အလွန်တရာ ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သည့် ဘရာဇီးလ်တိုက်စစ်မှူး ဂျာအို ပီဒရို မှာ အပြာရောင်တို့၏ အဓိက ’No. 9’ အဖြစ် သေချာသလောက် ရှိနေပါသည်။ ယခုနွေရာသီအစောပိုင်းက ဘာစီလိုနာအသင်းက အသက် (၂၄) အရွယ်ရှိ တိုက်စစ်မှူးအား စိတ်ဝင်စားခဲ့သော်လည်း အသင်းတာဝန်ရှိသူများက ယခုအပြောင်းအရွှေ့တွင် မည်သည့်နေရာကိုမှ ပြောင်းရွှေ့ခွင့် ပြုမည်မဟုတ်ကြောင်း Football London သို့ လျင်မြန်စွာ အသိပေး တုံ့ပြန်ခဲ့ကြသည်။ ချယ်လ်ဆီးအသင်းမှာ ဂျာအို ပီဒရို အား Untouchable ကစားသမားအဖြစ် အခိုင်အမာ သတ်မှတ်ထားပါသည်။ ထို့ကြောင့်အခြားမည်သည့် တိုက်စစ်မှူးက ဘရာဇီးသားနှင့်အပြိုင် နေရာလုနိုင်မည်နည်း? ဆိုသည်မှာ ချယ်လ်ဆီးအသင်းအတွက် အဖိုးတန်မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။

လီယမ် ဒီလပ် မှာ အပြာရောင်တို့နှင့် ပွဲဦးထွက်ရာသီတွင် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံသွင်းဂိုး (၂) ဂိုးသာ ရရှိခဲ့သည်။ တိုက်စစ်မှူး ဒီလပ် မှာ သူ၏အနာဂတ်အပေါ် မေးခွန်းထုတ်မှုများ ရှိခဲ့သော်လည်း၊ သူ၏အသိုင်းအဝိုင်းဘက်ကမူ အင်္ဂလိပ်လူငယ် တိုက်စစ်မှူးမှာ အနောက်လန်ဒန်တွင် ဆက်လက်ရှိနေပြီး သူ၏ခြေစွမ်းကို သက်သေပြနိုင်ရန် အသင်း၌ နေရာတစ်နေရာအတွက် တိုက်ပွဲဝင်သွားလိုကြောင်း အရိပ်အမြွက် ပြောကြားမှုများ ရှိနေပါသည်။ တစ်ဖက်တွင်လည်း နီကိုလပ်စ် ဂျက်ဆင် သည် ချယ်လ်ဆီးအသင်းဆီသို့ ပြန်လည်ရောက်ရှိ လာတော့မည်ဖြစ်ရာ မန်နေဂျာ အလွန်ဆိုအနေဖြင့် အဆိုပါ ဆီနီဂေါတိုက်စစ်မှူး၏ အခြေအနေကို အနီးကပ် စောင့်ကြည့်သွားရပေဦးမည်။ သတင်းရင်းမြစ်များ၏ အဆိုအရ ဂျက်ဆင် သည် ၎င်း၏ အနာဂတ်အပေါ် အလွန်ဆို က နောက်ဆုံးဖြတ်ချက်မချမီ လာမည့်လတွင် စတင်မည့် အသင်း၏ရာသီကြိုခရီးစဉ်အတွင်း သူ၏အရည်အသွေးကို သက်သေပြခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အီမန်နူရယ် အီမက်ဂါ အား မိတ်ဖက်အသင်း စထရာ့ဘာ့ဂ် မှ ခေါ်ယူထားခဲ့သော်လည်း ဒတ်ချ်တိုက်စစ်မှူးမှာ လာမည့်ရာသီတွင် စတန်းဖို့ဒ် ဘရစ်ချ်၌ ကစားခွင့်ရမည်လား? ဆိုသည်မှာ လက်ရှိအချိန်အထိ မရေရာသေးပေ။ နီကိုလပ်စ် ဂျက်ဆင် ၏ ပြီးခဲ့သည့်နွေရာသီက အသင်းမှ ထွက်ခွာခဲ့ရသည့် အဓိကအကြောင်းရင်းမှာ ယခင်နည်းပြ မာရက်စ်ကာနှင့် ဆက်ဆံရေး ပျက်ပြားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။ ဂျက်ဆင် အနေဖြင့် ချယ်လ်ဆီးအသင်းတွင် နောက်ထပ်တစ်ကြိမ် ပြန်လည်ကြိုးစားရန် ဆန္ဒရှိနေသော်လည်း ၎င်းနှင့်နီးစပ်သူများ၏ အဆိုအရ သူ၏နောက်ထပ်ခြေလှမ်း ဘာဖြစ်လာမည်.. ဆိုသည်ကိုမူ ကစားသမားကိုယ်တိုင်လည်း (၁၀၀ %) ရာခိုင်နှုန်း ရေရေရာရာ မသိသေးကြောင်း သိရသည်။
စပိန်လူငယ်တိုက်စစ်မှူး မာ့ခ် ဂီယူ မှာလည်း စိတ်ပျက်စရာကောင်းသည့် ၂၀၂၅/၂၆ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရပြီးနောက် ယခုနွေရာသီတွင် အခြားအသင်းတစ်သင်းသို့ အငှားချခြင်း ခံရနိုင်ခြေ ရှိနေပါသည်။ ဂီယူသည် ဆန်းဒါးလန်းအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရမည့်သူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော်လည်း တိုက်စစ်မှူး ဂျက်ဆင် အသင်းမှ ရုတ်တရက် ထွက်ခွာသွားခဲ့ခြင်းကြောင့် အလင်းရောင် ကစားကွင်း (Stadium of Light) မှ သူ၏အငှားစာချုပ်မှာ (၂၇) ရက်အကြာတွင် အဆုံးသတ်ခဲ့ရသည်။ စထရာ့ဘာ့ဂ်အသင်းသို့ အဌားထွက်ခွာခဲ့ရသည့် ဒေးဗစ် ဒါထရို ဖိုဖာနာ မှာ ယခုနွေရာသီတွင် အပြီးသတ်အရောင်းစာချုပ်ဖြင့် အသင်းမှ ထွက်ခွာရလိမ့်မည်ဟု မျှော်လင့်ရပါကြောင်း ခန့်မှန်းတင်ဆက်လိုက်ပါသည်။
(Football London မှ ဆောင်းပါးရှင် Bobby Vincent ၏ ‘Xabi Alonso's summer transfer plans with £120m Chelsea stance and Adam Wharton interest revealed’ သတင်းဆောင်းပါးကို ပြန်ဆို၊ ရေးသားပါသည်။)