feature-image

ဇာဘီ အလွန်ဆို ရဲ့ ချယ်လ်ဆီးအသင်း နည်းစနစ်များကို မှန်းဆကြည့်ခြင်း

BlueCo အုပ်စုဟာ ၂၀၂၂ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကို လွှဲပြောင်းတာဝန်ယူခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ အခြေအနေမှာ မတည်မငြိမ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဥရောပပြိုင်ပွဲတွေနဲ့ ဝေးကွာခဲ့ရတဲ့ လန်ဒန်အသင်းကို အမြင့်ဆုံးအဆင့်ဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့.. ဆိုတဲ့ တာဝန်ကို ဘေယာ လေဗာကူဆင် နဲ့ ရီးရဲလ် မက်ဒရစ်အသင်း နည်းပြဟောင်း ဇာဘီ အလွန်ဆို ဆီကို ယုံကြည်စွာနဲ့ အပ်နှံလိုက်ပြီဖြစ်ပါတယ်..။

နည်းပြဟောင်း လီယမ် ရိုဆီနာ ဟာ ချယ်လ်ဆီးအသင်းမှာရှိနေတဲ့ အလားအလာကောင်းတွေကို မျှော်လင့်ထားသလောက် ဖော်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ပဲ သူ့ရဲ့ကျရှုံးမှုမှာ အတွေ့အကြုံ နုနယ်မှုက အဓိက အကြောင်းရင်းတစ်ခု ဖြစ်ခဲ့တယ်လို့ အများကယူဆကြပါတယ်..။ အသက် (၄၄) နှစ်အရွယ်ရှိ အလွန်ဆို ကတော့ ရိုဆီနာ ထက် အသက် (၃) နှစ်သာ ပိုကြီးပါတယ်..။ ဒါပေမယ့် စပိန်ကွင်းလယ် ကစားသမားဟောင်းဟာ နည်းပြဘဝမှာပါ အထင်ကြီး လေးစားစရာ ကောင်းလှတဲ့ စွမ်းဆောင်ရည် မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားပါတယ်..။ သူဟာ လေဗာကူဆင် အသင်းကို တန်းဆင်းဇုန်အနီး အဆင့် (၁၇) နေရာကနေ စတင်ကိုင်တွယ်ခဲ့ပြီး နောက်တစ်ရာသီမှာ ရှုံးပွဲမရှိစံချိန်နဲ့ ဂျာမနီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်..။

သူ့ရဲ့ရီးရဲလ် မက်ဒရစ်အသင်း နည်းပြသက်တမ်းမှာ အသင်းမှာရှိတဲ့ အဓိကကြယ်ပွင့် ကစားသမားအချို့နဲ့ သဘောထားကွဲလွဲမှုတွေ (fallouts) ဖြစ်ပွားခဲ့ပြီး လမ်းခွဲမှုနဲ့ အဆုံးသတ်ခဲ့ရပါတယ်..။ ဒါပေမယ့် ရီးရဲလ်အသင်းရဲ့ ဖိအားအလွန်များပြားတဲ့ ပတ်ဝန်းကျင်က စိန်ခေါ်မှုတွေဟာ သူ့အတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ ရရှိစေခဲ့မှာ အသေအချာပါပဲ..။ နည်းပြရာထူးကနေ ထုတ်ပယ်ခံရချိန် အလွန်ဆို ရဲ့ အနိုင်ပွဲရလဒ် ရာခိုင်နှုန်းဟာ (၇၁.၄%) ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး နောက်ဆုံးဆယ်စုနှစ်အတွင်း ရီးရဲလ် မက်ဒရစ်နည်းပြများအနက် နိုင်ပွဲရာခိုင်နှုန်း အမြင့်မားဆုံး စံချိန်တစ်ခု ဖြစ်ခဲ့ပါတယ်..။



အဲဒီအချက်တွေကို အခြေခံပြီး အလွန်ဆို ကို နည်းပြအဖြစ် ခန့်အပ်ရတဲ့ အကြောင်းရင်းများနဲ့ စတန်းဖို့ဒ် ဘရစ်ချ်ဆီကို သူယူဆောင်လာမယ့် သူ့ရဲ့နည်းစနစ်ပိုင်း ချဉ်းကပ်ပုံတွေကို ဆန်းစစ်၊ တင်ပြသွားပါမယ်..။

အသင်းမှာရှိနေတဲ့ ကစားသမားတွေနဲ့ လိုက်လျောညီထွေရှိမယ့် နည်းစနစ်များကို ချမှတ်နိုင်ခြင်း…

အခုခေတ်သစ် ဘောလုံးလောကမှာ ပုံသေကစားကွက် (Formation) တစ်ခုတည်းအပေါ်မှာ အခြေခံ သုံးစွဲလေ့ရှိတဲ့ နည်းပြအမျိုးအစား တဖြည်းဖြည်း နည်းပါးလာနေပါပြီ..။ ခေတ်သစ်နည်းပြတွေဟာ ကစားသမားတွေကို ပုံသေကစားကွက်ထဲမှာ အသားသေ၊ ခေါက်ရိုးကျိုးနေအောင် လေ့ကျင့်ပေးမယ့်အစား သူတို့ရဲ့ 'အခြေခံမူတွေနဲ့ ယုံကြည်ချက်တွေ (Principles and beliefs)' ကို ကစားသမားတွေရဲ့ စိတ်ထဲမှာ စွဲမြဲနေစေဖို့ကိုပဲ ပိုပြီးအာရုံစိုက်လာကြပါတယ်..။

ချယ်လ်ဆီးအသင်း မန်နေဂျာသစ် ဇာဘီ အလွန်ဆို ဟာ အဲဒီလိုနည်းပြတွေက တစ်ဦးဖြစ်ပါတယ်..။ သူဟာရီးရဲလ် ဆိုဆီဒက် 'ဘီ' အသင်းကို ကိုင်တွယ်စဉ်က ၄- ၂- ၃- ၁ ဒါမှမဟုတ် ၄- ၃- ၃ ကစားကွက်ပုံစံတွေနဲ့ ပွဲထွက်လေ့ ရှိခဲ့ပါတယ်..။ ဒါပေမယ့် ဆိုဆီဒက် 'ဘီ' အသင်းနဲ့ နောက်ဆုံးရာသီမှာ ၃- ၄- ၃ ပုံစံ ပြောင်းလဲ၊ အသုံးပြုခဲ့ပြီး အဲဒီကစားကွက်ဟာ သူ့ကိုလူသိများစေခဲ့တဲ့အပြင် နောက်ပိုင်းမှာ ဘေယာ လေဗာကူဆင် အသင်းနဲ့ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိစေခဲ့တဲ့ အမှတ်အသားတစ်ခု ဖြစ်လာခဲ့ပါတယ်..။

အလွန်ဆို ကတော့ နည်းဗျူဟာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ကိုယ့်အသင်းမှာရှိနေတဲ့ ကစားသမားတွေနဲ့ ပြိုင်ဘက်အသင်း ကစားသမားတွေ — နှစ်ဖက်စလုံးမှာ ရှိနေတဲ့ ကစားသမားတွေရဲ့ အရည်အချင်းတွေအပေါ် မူတည်ပြီး ချဉ်းကပ်၊ တွက်ချက်ခြင်း ဖြစ်ပါတယ်..။

တခါတလေမှာ ပြိုင်ဘက်အသင်းရဲ့ နောက်ခံလူ ငါးယောက်စနစ် (Back Five) ကို အင်အားချင်းတူညီစွာ တုံ့ပြန်၊ ယှဉ်ပြိုင်နိုင်ဖို့အတွက် Back Five စနစ် ရွေးချယ်၊ အသုံးပြုခဲ့တာတွေ ရှိခဲ့ပါတယ်..။ ပြီးခဲ့တဲ့နွေရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်တုန်းက သူ့ရဲ့ ရီးရဲလ် မက်ဒရစ်အသင်းက ဂျူဗင်တပ်စ်အသင်းကို ၁ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်..။

လေဗာကူဆင် အသင်းမှာတုန်းက ဂျယ်ရမီ ဖရင်ပွန်၊ အဲလက်စ် ဂရီမယ်ဒို တို့လို ထူးချွန်၊ ထက်မြက်တဲ့ Wing-backs တွေ ရှိနေတာကြောင့် အလွန်ဆို ဟာ တောင်ပံအစွန်ဘက်တွေနဲ့ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ဇုန်ထဲအထိ နက်နက်ရှိုင်းရှိုင်း တိုက်စစ်လိုက်ပါနိုင်စွမ်းရှိတဲ့ နောက်ခံလူတွေကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်..။ အဲဒီအချက်ကြောင့် Back Five စနစ်နဲ့ ပွဲထွက်ဖို့ လွယ်လွယ်ကူကူ ဆုံးဖြတ်၊ အကောင်အထည် ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်..။



ရီးရဲလ် မက်ဒရစ် မှာတော့ ဖက်ဒရီကို ဗာလ်ဗာဒီ၊ ဂျုဒ် ဘယ်လင်ဂမ်၊ ဖရန်ကို မာစ်တန်တွာနို နဲ့ ဗီနီစီးယပ်စ် ဂျူနီယာ တို့လို ကစားသမားတွေ ရှိနေခြင်းက စပိန်လူမျိုး မန်နေဂျာအတွက် တောင်ပံအစွန်ဘက်တွေအထိ ထိရောက်စွာ တိုက်စစ်ဆင် ကစားနိုင်ဖို့ ရွေးချယ်စရာတွေ အများကြီးရရှိနေခဲ့ပါတယ်..။ ဒါ့ကြောင့် သူဟာ မက်ဒရစ်အသင်းကို 'နောက်ခံလူ လေးယောက်စနစ် (Back Four)' နဲ့သာ အများဆုံး ပွဲထွက်ကစားခဲ့ပါတယ်..။

ကိုယ့်အသင်းရဲ့ခြေထဲ ဘောလုံးမရှိချိန် (Out of possession) ခံစစ်ဆင်ရာမှာ လေဗာကူဆင်အသင်းဟာ အတင်းလိုက် ဖိအားပေး ကစားလေ့ (Aggressive) ရှိတဲ့ ၅- ၂- ၃ ကစားကွက်ပုံစံနဲ့ စတင်ပြီး ခံစစ်ကြောင်းကို ကွင်းလယ်အထိတက်ပြီး ဖိအားပေးစေခြင်း၊ High Line ခံစစ်ကြောင်း အသုံးပြုခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်..။

ဒါပေမယ့် ရီးရဲလ် မက်ဒရစ်အသင်းမှာ ကွင်းလယ်နဲ့ တိုက်စစ်ကစားသမားတွေဆီကနေ ဖိအားပေးမှု အရှိန်အဟုန် (Intensity) လိုအပ်သလောက် မရခဲ့တာကြောင့် သူ့ရဲ့ခံစစ်ပိုင်းအတွေးအခေါ်တွေကို ပုံဖော်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်..။ ဒါ့အပြင် ဘောလုံးခြေထဲမရှိတဲ့အချိန် ခံစစ်ဆင်ရာမှာ ကီလီယန် အမ်ဘတ်ပေ နဲ့ ဗီနီစီးယပ်စ် ဂျူနီယာ တို့နှစ်ယောက်ကို သူ့ရဲ့ကစားကွက်အတွင်းမှာ အံဝင်ခွင်ကျဖြစ်ဖို့ နေရာချထားပေးရတဲ့ အပိုဆောင်း စိန်ခေါ်မှုလည်း ရှိနေခဲ့ပါတယ်..။ အလွန်ဆို ကတော့ အဲဒီပြဿနာကို ၄- ၄- ၂ ကစားကွက်ပုံစံနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်..။

ပွဲချိန်အတွင်း Back Four နဲ့ Back Five ခံစစ်အထိုင် ပြောင်းလဲခြင်း..

အလွန်ဆိုဟာ နောက်ခံလူ လေးယောက်စနစ်နဲ့ပဲ စတင်စတင်၊ နောက်ခံလူ ငါးယောက်စနစ်နဲ့ပဲ စတင်စတင်၊ သူ့ရဲ့ကစားကွက်ပုံစံဟာ အမြဲတမ်း လိုက်လျောညီထွေ၊ ပြောင်းလွယ်ပြင်လွယ် ရှိလှပါတယ်။ (Fluid ဖြစ်ပါတယ်။) ပွဲရဲ့ တစ်ချို့အပိုင်းအခြားတွေမှာ သူမြင်တွေ့လိုတဲ့ ကစားကွက်ပုံသဏ္ဍာန်တွေ ရှိနှင့်ပြီးသားဖြစ်သလို သင့်တော်တဲ့ အရည်အချင်း (Skillset) ရှိတဲ့ ကစားသမားတွေကို အဲဒီပုံသဏ္ဍာန်အတွင်းမှာရှိတဲ့ သတ်မှတ်ထားတဲ့ နေရာတွေဆီ ရွေ့လျားပေးဖို့ ညွှန်ကြားလေ့ရှိပါတယ်။

ဥပမာအားဖြင့် ပြိုင်ဘက်အသင်းရဲ့ ခံစစ်ဇုန်ထဲ ရောက်တဲ့အခါ ပြိုင်ဘက်ရဲ့ နောက်ဆုံးခံစစ်ကြောင်း (Last line of defense) ကို တိုက်စစ်ကစားသမား ငါးယောက်နဲ့ ထိုးဖောက်နိုင်ဖို့ အမြဲတမ်း ကြိုးစားလေ့ရှိပြီး အဲဒီကစားသမား ငါးယောက်ဟာ ဘောလုံးလက်ခံယူနိုင်ဖို့ တစ်ယောက်တစ်လှည့်စီ အောက်ကိုဆင်းပေးကြရပါတယ်။ ဒါ့အပြင်သူဟာ အဲဒီတိုက်စစ် ကစားသမားငါးယောက်ကို ပုံစံအမျိုးမျိုးနဲ့ နေရာချထားလေ့ ရှိပါတယ်။

တကယ်လို့ Wing-backs တွေဟာ တိုက်စစ်လိုက်ပါနိုင်မှု အားကောင်းတယ်ဆိုရင် နောက်ခံလူ ငါးယောက်တန်းစနစ် ကနေတစ်ဆင့် 'Wing-back နှစ်ယောက်' နဲ့ 'တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် ပူးတွဲ၊ ထိုးဖောက်မယ့် တိုက်စစ်ကစားသမား သုံးယောက်' ပေါင်းစပ်၊ ဖွဲ့စည်းနိုင်ပါတယ်။

နောက်ခံလူ လေးယောက်တန်းစနစ်နဲ့ စတင်မယ်ဆိုရင်တော့ တောင်ပံအစွန် တစ်ဖက်စီမှာ 'နောက်ခံအစွန်လူ (Full-back) တစ်ယောက်' နဲ့ 'တောင်ပံတိုက်စစ်မှူး (Winger) တစ်ယောက်' တို့နဲ့ တောင်ပံတစ်လျှောက် ထိုးဖောက်စေပြီး ကျန်တဲ့ကစားသမား သုံးယောက်ကို ကွင်းလယ် ကစားသမား.. ဒါမှမဟုတ် တိုက်စစ်မှူးတွေနဲ့ အလယ်ဗဟိုကနေ ထိုးဖောက်၊ ကစားစေတဲ့ နည်းလမ်းနဲ့လည်း ခင်းကျင်းနိုင်ပါတယ်။



ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ FA ဖလား ဗိုလ်လုပွဲမှာ 'နောက်ခံလူ ငါးယောက်စနစ် (Back Five)' ကို ရွေးချယ်အသုံးပြုခဲ့သလို နည်းပြဟောင်း ရိုဆီနာ ကလည်း တချို့ပွဲတွေမှာ Back Five ပုံစံအသုံးပြုခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ ကစားကွက်ပုံစံ နှစ်မျိုးစလုံး (လေးယောက်တန်း ခံစစ် သို့မဟုတ် ငါးယောက်တန်း ခံစစ်ကြောင်း) ကစားဖူးတဲ့ အတွေ့အကြုံရှိ ကစားသမားတွေကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်..။

ပြင်သစ်လက်ရွေးစင် နောက်ခံအစွန်လူ မာလို ဂူစ်တို ဟာ အင်ဇို မာရက်စ်ကာ နဲ့ ရိုဆီနာ တို့နှစ်ဦးစလုံး လက်အောက်မှာ နောက်ခံလူ (Full-back) ဒါမှမဟုတ် Wing-back နေရာတွေကနေ ကွင်းလယ်ထဲကို ဝင်ရောက်ပြီး တိုက်စစ်ဇုန်တွေထဲအထိ လိုက်ပါလှုပ်ရှား ကစားခဲ့ကြပါတယ်..။ ဒါပေမယ့် ဂျိုရယ်လ် ဟာတို ကတော့ ချယ်လ်ဆီးအသင်းကို ရောက်လာချိန်မှာ Wing-back နေရာကနေ ကစားခဲ့ရတဲ့ပွဲ အရေအတွက် နည်းပြပါသေးတယ်..။ ဒါ့ကြောင့်အလွန်ဆို အနေနဲ့ အဲဒီနည်းစနစ်ပုံစံကို ဆက်လက်ကျင့်သုံးမယ်ဆိုရင် အသင်းရဲ့ဘယ်တောင်ပံ တိုက်စစ်လမ်းကြောင်းကို အထူးဂရုစိုက် ပြင်ဆင်ရမယ့် အလားအလာ ရှိနိုင်ပါတယ်..။

ပီဒရို နက်တို နဲ့ အလီဂျန်ဒရို ဂါနာချို တို့ဟာ တောင်ပံကစားသမားစစ်စစ်တွေ (Natural wingers) ဖြစ်ကြပေမယ့် Wing-backs တွေအနေနဲ့ ကစားခဲ့ကြဖူးသူတွေ ဖြစ်ကြပါတယ်..။ လာမယ့်နွေရာသီမှာ ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းဖို့ သဘောတူညီမှု ရရှိထားတဲ့ စပို့တင်း လစ္စဘွန်းအသင်းက ဂျီယိုဗာနီ ကွမ်ဒါ ဟာ စိတ်လှုပ်ရှားစရာ ကောင်းလှတဲ့ လူငယ်တောင်ပံ ကစားသမားတစ်ဦး ဖြစ်သလို တောင်ပံတိုက်စစ်မှူးရော၊ Wing-back အဖြစ်ပါ ကစားနိုင်စွမ်းရှိသူ ဖြစ်ပါတယ်..။

အလွန်ဆို ဟာ သူ့ကို လေဗာကူဆင် အသင်းမှာတုန်းက ဖရင်ပွန် ကို အသုံးပြုခဲ့တဲ့ ပုံစံအတိုင်း ဘေးစည်းတစ်လျှောက် (Touchline) အတက်အဆင်း ပြုလုပ်ခိုင်းပြီး ပွဲအခြေအနေပေါ် မူတည်လို့ နောက်ခံလူ၊ Wing-back နဲ့ တောင်ပံတိုက်စစ်မှူး နေရာတွေကို အလှည့်ကျ၊ ပြောင်းလဲကစားစေတဲ့ နည်းလမ်းကိုလည်း ရွေးချယ်လာနိုင်ပါတယ်..။



အလွန်ဆို ရဲ့ နည်းစနစ်ပိုင်း အယူအဆ၊ ဒဿနများကို လေ့လာခြင်း..

အလွန်ဆို ဟာ သူ့ရဲ့ အသင်းတွေကို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ပွဲကိုစိုးမိုးစေချင်ပြီး၊ ပြိုင်ဘက်အသင်းရဲ့ ကွင်းဘက်ခြမ်းမှာပဲ ဘောလုံးကိုင်ထားပြီး တိုက်စစ်ဆင်ကစားစေချင်တာ ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်ထားချိန် (In possession) တွေမှာ ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းမှာ အနီးပေးပို့မှု (short passes) တွေနဲ့ ကစားကွက် ဖော်ဆောင်ဖို့ကိုပဲ အဓိကအာရုံစိုက်ပါတယ်။

သူ့ရဲ့အခင်းအကျင်းမှာ အသင်းဖော်တွေကို အချင်းချင်း နီးနီးကပ်ကပ် နေရာယူစေခြင်းအားဖြင့် ဘောလုံးရှိနေတဲ့နေရာ (zone) အနီးတဝိုက်မှာ ကိုယ့်ရဲ့ကစားသမားတွေ အင်အားအသာစီးနဲ့ အစုလိုက် (cluster) တည်ရှိနေစေပါတယ်။ ဒါ့ကြောင့် ဘောလုံးဆုံးရှုံးသွားခဲ့ရင်တောင် လူအင်အား အသာစီးနဲ့ ချက်ချင်း ဝိုင်းပိတ်၊ ဖိအားပေးနိုင်ဖို့ (press in numbers) အထောက်အကူ ဖြစ်စေပါတယ်။ အဲဒီနည်းလမ်းနဲ့ ဘောလုံးကိုအမြန်ဆုံး ပြန်လည်လုယူနိုင်ပြီး တိုက်စစ်ဖိအားကို အရှိန်မပျက် ဆက်လက်၊ လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါတယ်။

နေရာကျဉ်းကျဉ်းလေးအတွင်းမှာ ကစားသမားအချင်းချင်း အပြန်အလှန် ပူးပေါင်းကစားကြတဲ့ (small-space interactions) စနစ်ကြောင့် သူ့ရဲ့ကစားကွက် အခင်းအကျင်းရဲ့ ကွင်းလယ်ဗဟိုပိုင်းဟာ အရမ်းကျပ်ညပ်ပြီး သူ့လူ၊ ကိုယ့်လူတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါပေမယ့် အဲဒီလိုကစားကွက်အကျပ် ကစားစေခြင်းဟာ အလွန်ဆို ရဲ့ ကစားနည်းစနစ်ထဲမှာ တမင်တကာ ဖန်တီးထားတဲ့ 'ဗျူဟာမြောက် ထူးခြားချက်တစ်ခု (deliberate quirk)' သာ ဖြစ်ပါတယ်။

အသင်းတည်ဆောက်မှု (Squad-building) ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ အလွန်ဆိုဟာ နေရာကျဉ်းကျဉ်းလေးထဲမှာ ဘောလုံးကို ထိန်းထားနိုင်စွမ်းရှိပြီး 'နည်းစနစ်ပိုင်း ကျွမ်းကျင်တဲ့ ကစားသမား (technical players)' တွေကို ရှာဖွေသွားဖို့ ရှိနိုင်ပါတယ်။ ဒါမှသာ သူ့ရဲ့အသင်းအနေနဲ့ ပြိုင်ဘက်တွေရဲ့ အခိုင်အမာ ပိတ်ဆို့ထားတဲ့ (stubborn low blocks) ခံစစ်တံတိုင်းကြီးတွေကို အလွယ်တကူ ဖြိုခွဲဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။



အလွန်ဆို ဟာ သူကိုင်တွယ်တဲ့ အသင်းတွေမှာ တိုက်စစ်ကစားကွက် တည်ဆောက်ပုံကို စနစ်တစ်ခုတည်း အသုံးပြုလေ့ရှိပေမယ့် ထူးခြားထက်မြက်တဲ့ ပါရမီရှိတဲ့ ကစားသမားတွေကိုတော့ သူ့ရဲ့ စနစ်အတွင်းမှာပဲ 'လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ခွင့် (creative freedom)' ပေးထားလေ့ရှိတာကို မြင်တွေ့ရပါတယ်။ လေဗာကူဆင် အသင်းမှာတုန်းက ဖလော်ရီယန် ဗာ့တ်ဇ်  ဟာ ကွင်းတစ်ကွင်းလုံးအနှံ့ လွတ်လွတ်လပ်လပ် လှုပ်ရှားကစားခွင့် (roaming) ရရှိခဲ့ပြီး ပြိုင်ဘက်အသင်းတွေရဲ့ ကွင်းလယ်နဲ့ခံစစ်ကြောင်းကြားထဲမှာ (between the lines) ကစားနိုင်စွမ်းရှိတဲ့ အရည်အသွေးတွေကြောင့် သူ့ရဲ့ တိုက်စစ်ချဉ်းကပ်မှု ဗျူဟာအတွက် အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်..။

ကိုးလ် ပါးမား ရဲ့ နေရာကျဉ်းကျဉ်းလေးတွေထဲမှာ ကစားနိုင်စွမ်းဟာ (ဗာ့တ်ဇ်နဲ့ နှိုင်းယှဉ်ရင်) အနည်းငယ် လျော့နည်းနိုင်တယ်လို့ မှန်းဆမိပါတယ်..။ ဒါပေမယ့် စပိန်နည်းပြအနေနဲ့ ပါးမား လို အရည်အသွေးမြင့် ကစားသမားမျိုးကို ပိုမိုလွတ်လပ်တဲ့ အခန်းကဏ္ဍ (free role) တစ်ခုပေးပြီး ယုံကြည်၊ စိတ်ချစွာ အသုံးချလာနိုင်မယ့် အလားအလာ အပြည့်အဝ ရှိနေပါတယ်။



အဲဒီလို နေရာကျဉ်းကျဉ်းလေးထဲမှာ အပြန်အလှန် ပူးပေါင်းကစားစေတဲ့စနစ် (Small-space interactions) တွေဟာ ဇုန်အလိုက် ပိတ်ဆို့ကစားလေ့ရှိတဲ့ ခံစစ်ကြောင်း (Zonal defensive blocks) တွေကို ထိရောက်ပြောင်မြောက်စွာ ထိုးဖောက်နိုင်ခဲ့ပေမယ့် တစ်ဦးချင်းအတင်းလိုက် လူကပ်ကစားတဲ့ ခံစစ်စနစ် (Man-to-man defending) ခေတ်စားလာချိန်မှာ အလွန်ဆို ရဲ့အသင်းဟာ ကစားကွက်ကျပ်ပြီး ထိုးဖောက်ရ ခက်ခဲသွားတတ်ပါတယ်..။

ဗင်းဆင့် ကွန်ပနီ ရဲ့ ဘိုင်ယန် မြူးနစ်၊ ဂျီယန် ပီယာရို ဂတ်စ်ပါရီနီ ရဲ့ အတ္တလန်တာ အသင်းတို့လို တစ်ဦးချင်း အတင်းလိုက် လူကပ်ကစားတဲ့ အသင်းနှစ်သင်းနဲ့ ရင်ဆိုင်ရခဲ့ရတဲ့ ပွဲစဉ်တွေမှာ သူ့ရဲ့အသင်းတွေဟာ အမှန်တကယ် ရုန်းကန်ခဲ့ရပါတယ်..။ ၂၀၂၄ ခုနှစ် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အတ္တလန်တာအသင်းကို ရှုံးနိမ့်ပြီးတဲ့နောက် အလွန်ဆို က "ကျွန်တော်တို့အနေနဲ့ ခံစစ်ကြောင်းကနေ ကစားကွက်တည်ဆောက်ရာမှာ (First phase build up play) မှာ ဘောလုံးပေးပို့မှုတွေ အလွန်အကျွံပြုလုပ်ဖို့ ကြိုးစားခဲ့မိပုံရပါတယ်။ တကယ်တော့ ပြိုင်ဘက်ရဲ့ အသင်းရဲ့ first press မှာ ပါဝင်မယ့် ကစားသမားကို ဆွဲထုတ်ပြီး အဝေးဘောပေးပို့မှုတွေ (Going long)‌ ပိုပြီးလုပ်ဆောင်ခဲ့သင့်ပါတယ်..။" လို့ ဝန်ခံပြောကြားခဲ့ပါတယ်..။

အဲဒီပွဲနောက်ပိုင်း ဘိုင်ယန် မြူးနစ် အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာတော့ လေဗာကူဆင်အသင်းဟာ အဝေးဘော ပေးပို့မှုတွေ ပိုမိုပြုလုပ်ခဲ့ပြီး သူ့ရဲ့ပွဲအခြေအနေပေါ် မူတည်ပြီး ပြောင်းလဲနိုင်စွမ်း (Adaptability) ကို ပေါ်လွင်စေခဲ့ပါတယ်..။ ပြိုင်ဘက်အသင်းရဲ့ အနေအထားပေါ် မူတည်ပြီး ဖြေရှင်းချက်အသစ်တွေကို ရှာဖွေနိုင်တဲ့ အရည်အချင်းကို သက်သေပြသည့်အနေနဲ့ အလွန်ဆို ဟာ လေဗာကူဆင်အသင်းက အဝေးဘောတွေ၊ အမြင့်ဘောတွေ ကန်တင်သည့်အခါ အရပ်အမောင်း မြင့်မားပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းမွန်တဲ့ ဘယ်ဘက် Wing-back ပီယာရို ဟာင်ကာပီယေ (ယခုအာဆင်နယ်)၊  ညာဘက်ဗဟိုနောက်ခံလူ နော်ဒီ မူကီယီလီ (ယခုဆန်းဒါးလန်း) တို့နှစ်ဦးကို ရှေ့တန်းတိုက်စစ်ငါးယောက်တန်း (Attacking five) ထဲအထိ လိုက်ပါ ကစားစေခဲ့ပါတယ်..။



သတိပြုရမယ့်အချက်က အဲဒီပွဲစဉ်နှစ်ပွဲစလုံးမှာ အဝေးဘောပေးပို့မှုတွေ (Going long) အသားပေး ပြုလုပ်ခဲ့ပေမယ့် အပိုင်ဂိုးသွင်းခွင့်တွေ (Big chances) အဖြစ် မပြောင်းလဲနိုင်ခဲ့ခြင်းပါပဲ။ အကြောင်းရင်းကတော့ တိုက်စစ်ဇုန်ကို ရောက်ရှိလာတဲ့ ဘောလုံးတွေကို ကိုယ့်ရဲ့ခြေထဲမှာ မြဲမြံအောင် ထိန်းထားနိုင်ဖို့ (Make the ball stick) ရုန်းကန်ခဲ့ရတာကြောင့် ဖြစ်ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းမှာတော့ Hold-up play ကစားတာ ကောင်းမွန်တဲ့ တိုက်စစ်မှူး ဂျာအို ပီဒရို တို့လို ကစားသမားတွေ ရှိနေတာကြောင့် စပိန်နည်းပြရဲ့ လိုအပ်သလို ကစားကွက်ပြောင်း၊ ထိုးဖောက်တဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

အခုဖော်ပြခဲ့တဲ့ အလွန်ဆို ရဲ့ နည်းစနစ်ပိုင်း အတွေးအခေါ် အယူအဆတွေဟာ သူ့ရဲ့အသင်းတွေသာမကပဲ လက်ရှိဘောလုံးလောကရဲ့ အအောင်မြင်ဆုံး နည်းပြအများအပြားအတွက်ပါ အမှန်တကယ် အလုပ်ဖြစ်ခဲ့တဲ့ နည်းစနစ် အယူအဆ၊ ဒဿနတွေ ဖြစ်ပါတယ်..။ ဒါပေမယ့် သူရင်ဆိုင်ရမယ့် အကြီးမားဆုံးပြဿနာကတော့ အဲဒီနည်းဗျူဟာတွေကို ကွင်းထဲမှာ အကောင်အထည်ဖော် ကစားနိုင်ဖို့ 'ကိုက်ညီမှုရှိတဲ့ ကစားသမား အင်အားစု (Personnel)' ရှိမှသာ လက်တွေ့အသုံးချနိုင်လိမ့်မယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်..။

ပြန်လည်တည်ဆောက်ရဦးမည့် ခရီးလမ်းရှည်…

ထူးခြားချက်အနေနဲ့ ပြောရမယ်ဆိုရင် အလွန်ဆို ဟာ ချယ်လ်ဆီးအသင်းမှာ သူ့ရဲ့ရှေ့ကနည်းပြတွေ တာဝန်ယူခဲ့ကြတဲ့ 'နည်းပြချုပ် (Head Coach)' ရာထူးနေရာနဲ့ မဟုတ်ပဲ လုပ်ပိုင်ခွင့် ပိုမိုကျယ်ပြန့်တဲ့ 'မန်နေဂျာ (Manager)' ရာထူးနဲ့ ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်..။ ဒါဟာအသင်းရဲ့ ကစားသမားခေါ်ယူရေး စီမံချက်အပေါ် ပြင်ပမှတင်မကဘဲ အသင်းတွင်းမှာရှိတဲ့ ကစားသမားတွေဆီကပါ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အသင်းဘက်က တုံ့ပြန်တဲ့အနေနဲ့ ဘုတ်အဖွဲ့အတွင်း ပြုပြင်၊ ပြောင်းလဲမှုတွေ ပြုလုပ်နေပါပြီ.. ဆိုတဲ့ အချက်ပြမှုတစ်ခု ဖြစ်နိုင်ပါတယ်..။

ဒါ့အပြင် အဲဒီလိုခန့်အပ်မှုဟာ အလွန်ဆို ရဲ့ သမ္ဘာ၊ သူ့ရဲ့ကစားသမားဘဝ၊ နည်းပြဘဝ ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းအပေါ် အသင်းဘက်က အလေးအနက် အသိအမှတ်ပြု ရိုသေ၊ လေးစားမှုလည်း ဖြစ်ပါတယ်..။ 
ဒါပေမယ့် စပိန်နည်းပြဟာ အသင်းကို တစ်ကိုယ်တော် အစကနေ ပြန်လည်တည်ဆောက်ရမယ့် အခြေအနေမျိုးတော့ မဟုတ်ပါဘူး..။



ကစားသမားအပြောင်းအရွှေ့ဆိုင်ရာ တာဝန်ဝတ္တရားတွေကို ပူးတွဲတာဝန်ယူကြရမည်ဖြစ်ပြီး အသင်းပိုင်ရှင်တွေဟာ အားကစားဒါရိုက်တာ (၅) ဦးအပေါ် ယုံကြည်မှုတွေ ဆက်လက်ပြီးတော့ ပုံအပ်ထားဆဲ ဖြစ်ပါတယ်..။ အလွန်ဆို ဟာ ချယ်လ်ဆီးအသင်းနဲ့ စတင်ဆွေးနွေးစဉ် အစောပိုင်းကာလတွေကတည်းက အကောင်းမြင်စိတ် ရှိခဲ့ပေမယ့် (သူ့ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး) စိတ်ချ၊ သေချာတဲ့ ကတိကဝတ်၊ အာမခံချက်တွေ (Reassurance) ရရှိဖို့ လိုလားခဲ့ပါတယ်..။ အခုနောက်ဆုံးသိရသလောက် လက်ရှိအချိန်မှာ သူဟာ စတန်းဖို့ဒ် ဘရစ်ချ်ကိုပြောင်းရွှေ့မယ့် အလားအလာအပေါ် အထူးစိတ်လှုပ်ရှား၊ တက်ကြွနေပြီလို့ နားလည်ရပါတယ်..။

ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အင်္ဂလိပ် ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီးသား ဝါရင့်ကစားသမား နှစ်ဦး ဒါမှမဟုတ် သုံးဦးခန့် ခေါ်ယူဖို့ ကြိုတင်ပြင်ဆင်၊ အစီအစဉ် ရေးဆွဲထားပြီးသားလို့ သိရပါတယ်..။ ဒါ့အပြင် အသင်းရဲ့လူစာရင်းကို ပုံစံသစ်ပြန်လည်ဖော်ဆောင်နိုင်ဖို့ (Reshape လုပ်ဖို့) နဲ့ အသစ်ရောက်လာမယ့် ကစားသမားတွေအတွက် နေရာလွတ်တွေ ဖန်တီးပေးနိုင်ဖို့ လိုအပ်နေတာကြောင့် လက်ရှိအသင်းကနေ ကစားသမား အများအပြား ထွက်ခွာဦးမယ်လို့ ခန့်မှန်းရပါတယ်..။

အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲတွေနဲ့ လွဲချော်ခဲ့ပြီ ဖြစ်တာကြောင့် လျော့နည်းသွားမယ့် ပွဲစဉ်ဇယားနဲ့အညီ အသင်းရဲ့လူစာရင်းအင်အား ပမာဏ (Squad size) ကို လျှော့ချရာမှာလည်း အထောက်အကူဖြစ်မှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(BBC Sports မှ ဆောင်းပါးရှင် Umir Irfan ၏ ‘What tactics might Alonso use at Chelsea?’ ဆောင်းပါးကို ဆီလျှော်အောင် ပြန်ဆိုပါသည်။)