၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသည့် ချယ်လ်ဆီးအသင်း ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း ဂျွန် တယ်ရီ မှာ ချယ်လ်ဆီးအသင်း ယာယီနည်းပြရာထူးအတွက် ငြင်းပယ်ခံရခြင်းအပေါ် သူ၏ခံစားချက်များနှင့် အသင်းကိုတာဝန်ယူမည့် နည်းပြသစ် ဇာဘီ အလွန်ဆို၊ အင်ဇို ဖာနန်ဒက်စ် နှင့် ရီးရဲလ် မက်ဒရစ်အသင်းတို့၏ အပြောင်းအရွှေ့ သတင်းများအပေါ် သူ၏ထင်မြင်ချက်များအား talkSPORT သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းတွင် အောက်ပါအတိုင်း ဖွင့်ဟာ၊ ပြောကြားခဲ့ပါသည်..။
ဂျင်မ် ဝှိုက် — ဂျွန် ရေ.. ချယ်လ်ဆီးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောကြရအောင်ဗျာ..။ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ယာယီမန်နေဂျာရာထူးအတွက် ခင်ဗျားကိုနှစ်ကြိမ်တိုင်တိုင် လျစ်လျူရှုခဲ့ကြတဲ့အပေါ် ခင်ဗျားဘက်က အတော်လေး ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုခဲ့တာတွေ ရှိခဲ့တယ်မဟုတ်လား..။ အခုအချိန်မှာလည်း အဲ့ဒီအတိုင်း ဆက်လက် စွဲကိုင်ထားတုန်းပဲလား? စိတ်မပူပါနဲ့ဗျာ.. အခုစကားဝိုင်းမှာ ခင်ဗျားနဲ့ချယ်လ်ဆီးအသင်းကြားမှာ အခြေအနေတွေ တင်းမာအောင် ကျွန်တော်တို့ မလုပ်ပါဘူး။
ဂျွန် တယ်ရီ — ပြတ်ပြတ်သားသား ဝေဖန်ခဲ့တယ်လို့တော့ မပြောချင်ပါဘူး။ ဆိုင်မွန် ဂျော်ဒန် က ကျွန်တော့်ကို သဘောကောင်းကောင်းနဲ့ လာမေးတဲ့အချိန် ကျွန်တော့်ရဲ့အတွေးအမြင်၊ အယူအဆတွေကို ရိုးရိုးသားသားပဲ ထုတ်ဖော်၊ ပြောပြခဲ့တာပါ။
ဂျင်မ် ဝှိုက် — ဟုတ်ပါပြီ..။ အဲဒီတုန်းက ထုတ်လွှင့်ခဲ့တဲ့ "White and Jordan" အစီအစဉ်မှာ ခင်ဗျားဘက်က တော်တော်လေး ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ခဲ့ပါတယ်..။ တခြားနေရာတွေမှာ ပြောခဲ့တာတွေလည်း ရှိနိုင်တာပေါ့။ အသင်းထဲမှာ နည်းပြလိုင်စင် အရည်အချင်းပိုင်းအရဖြစ်ဖြစ်၊ အသင်းအပေါ် အသွေးအသားထဲထိ နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုရှိတဲ့ နေရာမှာဖြစ်ဖြစ် ခင်ဗျားထက်သာတဲ့သူ တစ်ယောက်မှမရှိဘူးလို့ အခိုင်အမာ ပြောခဲ့တယ်။ အဲဒီအတိုင်း ခံယူခဲ့တာဟာ ခင်ဗျားရဲ့ စိတ်ဓာတ်ပဲ..။ အခုအချိန်ထိလည်း အဲဒီအတိုင်းပဲလား ဂျွန်?
ဂျွန် တယ်ရီ — မဟုတ်ဘူး… ဂျင်မ်၊ ကျွန်တော်က "အမှန်တရား".. ဒါမှမဟုတ် မှန်ကန်တဲ့ အချက်အလက် (fact) ကို ပြောခဲ့တာပါ..။ ကျွန်တော့်စိတ်ဓာတ်တင် မဟုတ်ဘူးဗျ..။ ရိုးရိုးသားသားပြောရရင် တစ်နေ့နေ့မှာ ချယ်လ်ဆီးအသင်းကို နည်းပြခွင့်ရဖို့ဆိုတာ ကျွန်တော့်ရဲ့ အိမ်မက်တစ်ခု ဖြစ်ပါတယ်..။ ဒါပေမယ့် တခြားအသင်း တစ်သင်းသင်းမှာသွားပြီး အတွေ့အကြုံတွေမယူဘဲ၊ လိုအပ်တဲ့ အပိုင်းတွေကို မတည်ဆောက်ဘဲနဲ့ တစ်နေ့ကျရင် အဲဒီတာဝန်ကို ထမ်းဆောင်ခွင့် ရလာပါ့မလား? ဆိုရင် — ‘ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။’ လို့ပဲ ဖြေရပါမယ်..။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က လီယမ် ရိုဆီနာ အသင်းကနေ ထွက်ခွာသွားတဲ့ အချိန်တုန်းကလို ယာယီနည်းပြအဖြစ် အခွင့်အရေးတစ်ခု ပေါ်လာတဲ့အချိန်မှာတော့… ကျွန်တော့်ထက် ပိုသင့်တော်တဲ့သူ၊ ကျွန်တော့်ထက် ပိုပြီးအရည်အချင်း ပြည့်ဝတဲ့သူ မရှိခဲ့ပါဘူး။ အခုအချိန်မှာ ဒီအကြောင်းကို ထပ်ပြောနေရတယ် ဆိုတာ ယုံတောင်မယုံနိုင်သေးပါဘူး။ တောင်းပန်ပါတယ်။

ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ ကျွန်တော့်ထက် ပိုပြီးချယ်လ်ဆီးဆန်တဲ့သူ၊ ကျွန်တော့်ထက်ပိုပြီး အပြာရောင်သွေး (blue blood) ရဲတဲ့သူ ဘယ်သူမှမရှိတာ အမှန်ပဲဗျ..။ အသင်းပိုင်ရှင်တွေနဲ့ အားကစားဒါရိုက်တာတွေကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း သွားခဲ့ကြတာပေါ့။ ပရိသတ်တွေကတော့ ကျွန်တော့်ကို ခန့်အပ်ဖို့ ဝိုင်းဝန်းဟစ်ကြွေး.. တောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီပွဲက (၁) ပွဲပဲဖြစ်ဖြစ်၊ (၂) ပွဲပဲဖြစ်ဖြစ် အခွင့်အရေးတစ်ခုတော့ ရသင့်တယ်လို့ ခံစားခဲ့ရတယ်။
အဲ့ဒီတုန်းက တော့တင်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲ ရှိခဲ့သလို၊ လိဒ်စ် ယူနိုက်တက်နဲ့ အကြိုဗိုလ်လုပွဲစဉ်လည်း ရှိခဲ့ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကျွန်တော်ဟာ အဲ့ဒီအသင်းရဲ့ ပတ်ဝန်းကျင်မှာ ရှိနေသင့်တယ်.. ဒါမှမဟုတ် အနည်းဆုံးတော့ အကူအညီပေးဖို့ ကမ်းလှမ်းခံရသင့်တယ်လို့ပဲ တွေးခဲ့မိပါတယ်..။
ကျွန်တော့်ဘက်က ဒီလိုအတွေးမျိုး ရှိခွင့်ရှိတယ်လို့ ထင်ပါတယ်။ အဲဒီအကြောင်းကို အသင်းပိုင်ရှင်တွေ၊ အားကစားဒါရိုက်တာတွေနဲ့ ဖုန်းထဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့က တခြားလမ်းကြောင်းတစ်ခုကို ရွေးချယ်သွားခဲ့ကြပါတယ်..။ အဲ့ဒါက သူတို့ရဲ့ဆုံးဖြတ်ချက်ပေါ့ဗျာ။
ဂျင်မ် ဝှိုက်— အဲ့ဒီတော့ သူတို့တွေနဲ့ ဆွေးနွေးပြီးသွားတဲ့နောက်ပိုင်း အခြေအနေက ဘယ်လိုပုံစံနဲ့ ပြီးဆုံးသွားခဲ့လဲ? ငါ့ကိုတော့ စာရင်းထဲ ထည့်ထားဦးမှာပဲ.. လို့ ခင်ဗျား တွေးမိခဲ့သေးလား?
ဂျွန် တယ်ရီ — မဟုတ်ပါဘူး၊ ဆွေးနွေးမှုတွေဟာ အားလုံး အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ပါပဲ။ ဆုံးဖြတ်ချက်တွေက နောက်ပိုင်းမှ ဖြစ်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက သူတို့ရဲ့ အတွေးအမြင်တွေနဲ့ အသင်းရဲ့အခြေအနေတွေကို သိရှိနားလည်နိုင်ဖို့အတွက် ကျွန်တော့်ဘက်က သူတို့ကို စကားပြောကြည့်ချင်ခဲ့ရုံ သက်သက်ပါပဲ..။

ဂျင်မ် ဝှိုက် — အဲ့ဒါဆို သူတို့က မင်းကိုဘာဖြစ်လို့ ပစ်ပယ်ခဲ့ကြတာလဲ?
ဂျွန် တယ်ရီ — ဒီနေရာမှာ အဲ့ဒီအချက်ကို ထုတ်ပြောဖို့ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်ဟာ အမှန်တကယ် လျစ်လျူရှုခံခဲ့ရတယ်..၊ ပစ်ပယ်ခံရတယ်.. ဆိုတာ ဟုတ်၊ မဟုတ် ကျွန်တော်လည်း သေသေချာချာ မသိပါဘူး.. ဟားဟား.. [ရယ်မောလျက်]။
ဂျင်မ် ဝှိုက် — ခင်ဗျားပြောချင်တာ ကျွန်တော်နားလည်ပါတယ်..။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အခုကျွန်တော်တို့ ဆွေးနွေးနေတဲ့ ခန်းမထဲမှာတင် ခင်ဗျားကို ကိုးကွယ်၊ အားထားနေကြတဲ့ ချယ်လ်ဆီးပရိသတ်၊ အပြာရောင်လူမျိုးတွေ အများကြီးရှိနေပါတယ်။ ခုနက ခင်ဗျားပြောခဲ့တဲ့ အခွင့်အရေး ခင်ဗျားရရှိသွားတာ မြင်ချင်ကြသလို စစ်မှန်တဲ့ ချယ်လ်ဆီးအသင်း အမာခံပရိသတ်အများစုကလည်း JT ဟာ ကစားသမား တစ်ယောက်အနေနဲ့ စွမ်းဆောင်ပြခဲ့ဖူးတဲ့အတိုင်း မန်နေဂျာအဖြစ်နဲ့လည်း အသင်းကို အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်..။ … ဆိုင်မွန်… ခင်ဗျားရော ဘာတွေဖြည့်စွက် ပြောချင်သေးလဲ?
ဆိုင်မွန် ဂျော်ဒန် — ဟုတ်ပါတယ်၊ ဒါပေမယ့် ဂျွန် ရဲ့ အခြေအနေကို စဉ်းစားတဲ့နေရာမှာ သူဟာ ကစားသမား တစ်ယောက်အနေနဲ့ ဘယ်လောက်အထိ အောင်မြင်ခဲ့တယ်.. ဆိုတာနဲ့ မန်နေဂျာတစ်ယောက် ဖြစ်လာမယ့်အရေးကို ညီမျှခြင်းချကြည့်လို့တော့ မရဘူးဗျ..။ နှစ်ဖက်စလုံးမှာ ဖြစ်နိုင်ခြေရှိပါတယ်။ သူကချယ်လ်ဆီးအသင်း မန်နေဂျာရာထူးနဲ့ ထိုက်တန်မှု ရှိခဲ့လား? ဆိုရင် — သိပ်တော့ မဟုတ်သေးပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ ဂျွန် ဆီမှာ မန်နေဂျာတစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့တဲ့ ကြီးကြီးမားမား ရာဇဝင် မရှိသေးလို့ပါ။ ခင်ဗျားဆီမှာ နည်းပြ (Coaching) အတွေ့အကြုံပဲ ရှိပါတယ်..။ အသင်းတစ်သင်းလုံးကို တာဝန်ယူကိုင်တွယ်ရတဲ့ မန်နေဂျာ (Managerial) အတွေ့အကြုံ မရှိသေးပါဘူး။
ဒါပေမယ့် အဲ့ဒီအချိန်တုန်းက အသင်းပိုင်ရှင်တွေ ရွေးချယ်သွားခဲ့တဲ့သူနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ — ဂျွန် တယ်ရီ ကို အသင်းထဲမှာ တစ်နေရာ မပေးနိုင်စရာ အကြောင်းမရှိပါဘူး..။ JT ဟာ အဲ့ဒီအချိန်တုန်းက အသင်းအတွက် တကယ့်ကို လိုအပ်နေတဲ့ အရာဖြစ်တဲ့ ‘အသင်းသားတွေကို စုစည်းပေးဖို့၊ စိတ်ဓာတ်ပိုင်း တက်ကြွလာအောင် လုပ်ပေးဖို့နဲ့ နွေရာသီမှာ ရောက်လာမယ့် မန်နေဂျာသစ်အတွက် အခြေအနေကို ထိန်းသိမ်းထားပေးဖို့’ ဆိုတဲ့ အရာတွေကို စွမ်းဆောင်ပေးနိုင်ဖို့ ဂျွန် တယ်ရီ အတွက် နေရာတစ်ခု မရှိနိုင်စရာ အကြောင်းမရှိဘူး.. ဆိုတဲ့ အချက်က ငြင်းရခက်ပါတယ်။ သူကိုယ်တိုင်လည်း အဲဒီတာဝန်တွေကို ကျေကျေနပ်နပ် လုပ်ပေးမှာပါ။

တစ်ခုရှိတာက ခင်ဗျားတို့..၊ ကျွန်တော်တို့ရဲ့ သူငယ်ချင်း ဖရန့်ခ် (ဖရန့်ခ် လမ်းပတ်) တုန်းကလည်း တွေ့ခဲ့ဖူးတာပဲ။ အသင်းရဲ့ ယိုင်လဲနေတဲ့ အခြေအနေကို ဝင်ထိန်းဖို့ ရောက်လာခဲ့တုန်းက ချယ်လ်ဆီးဂန္ထဝင်တစ်ဦးဖြစ်ခြင်းရဲ့ နောက်ဆက်တွဲ ဂုဏ်ပုဒ်တွေနဲ့အတူ ခြေစွမ်းမပြနိုင်တဲ့ အသင်းတစ်သင်းကို ကိုင်တွယ်ရတဲ့အခါ လမ်းပတ် အတွက် တကယ့်ကို ကပ်ဆိုက်ခဲ့တဲ့ ကာလတစ်ခုလို ဖြစ်သွားခဲ့ရတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒအပေါ်မှာ သတိထားဖို့ လိုပါတယ်။
ဂျွန် တယ်ရီ ဘက်ကရပ်တည်ပြီး ပြောရမယ်ဆိုရင် — ကျွန်တော် သူ့ကိုသဘောကျပါတယ်၊ သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အဲ့ဒီအချက်က သူ့ကိုမန်နေဂျာကောင်း တစ်ယောက်အနေနဲ့ အောင်မြင်မှုရဖို့ ဖော်ဆောင်ပေးနိုင်မလား? ဆိုတာကတော့ ဘယ်သူသိနိုင်မလဲဗျ..။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဒါတွေကို လက်တွေ့လုပ်ဆောင် မပြရသေးလို့ပါပဲ...။
ဂျွန် တယ်ရီ — ကျွန်တော်နဲ့ ပတ်သက်ပြီး ခင်ဗျားပြောဖူးသမျှထဲမှာ အကောင်းဆုံး စကားလုံးတွေ ဖြစ်လိမ့်မယ် ထင်တယ် ဆိုင်မွန်.. ဟားဟား [ရယ်မောလျက်]။
ဂျင်မ် ဝှိုက်— ဒါပေမယ့် ခင်ဗျားကိုယ်တိုင်ကတော့ အဲဒီတာဝန်တွေကို အကောင်းဆုံး စွမ်းဆောင်ပြနိုင်မှာပဲ.. လို့ ရာနှုန်းပြည့် ယုံကြည်နေတယ်.. မလား..?
ဂျွန် တယ်ရီ — မှန်ပါတယ်..။ ဘယ်သူမှ ကြိုမသိနိုင်ဘူး.. ဆိုင်မွန်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်မှ ဒီအလုပ်ကို တာဝန်ယူဖို့ အခွင့်အရေးတစ်ခါမှ မရခဲ့ဖူးတာကြောင့်ပါ။ တကယ်တော့ ဂျွန် တယ်ရီ ချယ်လ်ဆီးအသင်းမန်နေဂျာ ဖြစ်လာဖို့ ဆိုတာထက် အသင်းရဲ့အနာဂတ် ရေရှည်တိုးတက်ဖို့က ပိုပြီးအရေးကြီးပါတယ်။ ကျွန်တော့်မှာ မန်နေဂျာ အတွေ့အကြုံ မရှိသေးသလို ကျွန်တော်တို့အသင်းမှာ ကမ္ဘာ့အဆင့်မှီ မန်နေဂျာတစ်ယောက် လိုအပ်နေပါတယ်။ အခု ရောက်လာတဲ့ ဇာဘီ အလွန်ဆို ဆိုရင် နည်းပြအတွေ့အကြုံတွေ အများကြီးရှိနေတဲ့သူ ဖြစ်ပါတယ်..။ ဒါ့အပြင်သူဟာ အတွေးသစ်၊ အမြင်သစ်တွေ အများကြီးရှိတဲ့ လူငယ်နည်းပြ တစ်ယောက်လည်း ဖြစ်ပါတယ်။

သူ့ကိုစိတ်ကြိုက် ကစားသမားတွေ ခေါ်ယူနိုင်အောင် အသင်းဘက်က အပြည့်အဝ ပံ့ပိုးပေးနိုင်လိမ့်မယ်.. လို့လည်း မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အရာရာကိုခွာချပြီး ‘ယာယီနည်းပြ (Interim)’ အခွင့်အရေး သက်သက်၊ ပွဲစဉ်တစ်ပွဲ ဒါမှမဟုတ် နှစ်ပွဲလောက်အတွက် စဉ်းစားမယ်ဆိုရင်တော့ — ဒီကမ္ဘာပေါ်မှာ ကျွန်တော့်ထက် ပိုပြီးကောင်းတဲ့သူ မရှိပါဘူး။ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာကြီးပဲ သွားခေါ်ခေါ်၊ ပက် ဂွါဒီယိုလာ ကိုပဲ သွားခေါ်ခေါ်၊ သူတို့တွေဟာ ကျွန်တော့်ထက်ပိုပြီး အပြာရောင်တွေအကြောင်း နားလည်နိုင်စရာ မရှိဘူး..၊ ချယ်လ်ဆီး မဆန်နိုင်ပါဘူး။ ဒါဟာ ကျွန်တော်ပြောချင်တဲ့ အဓိကအချက်ပါ။
အခုတစ်ကြိမ် ကျွန်တော်ပြောပြနေတာဟာ ဖြစ်သွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နောက်ဆုံးအကြိမ် ရှင်းပြတာ ဖြစ်ပါတယ်..။ ဒီအခြေအနေကို နောက်ထပ်ပြီး ရှင်းလင်းနေရတာမျိုး မရှိတော့ဖို့လည်း မျှော်လင့်ထားပါတယ်။
ဆိုင်မွန် ဂျော်ဒန် — စိတ်ဝင်စားလို့ မေးချင်တာ ရှိသေးတယ်.. ဂျွန် ရေ..။ တည့်တည့်ပဲမေးလိုက်ပါတော့မယ်..။ ခင်ဗျားဟာ တခြားလုပ်ဖော်ကိုင်ဖက်တွေလို မန်နေဂျာလောကထဲကို တိုက်ရိုက်ဝင်ရောက်ဖို့ ဘာဖြစ်လို့ သတ္တိ (Balls) မရှိခဲ့တာလဲ? ။ ခင်ဗျားကတော့ နည်းပြ (Coaching) လမ်းကြောင်းကိုသွားပြီး အက်စ်တွန် ဗီလာမှာ စတိဗ် ဘရုစ် ၊ ဒင်း စမစ် တို့နဲ့အတူ အောက်ခြေကနေစပြီး အတွေ့အကြုံယူခဲ့ပါတယ်။ ဒါပေမယ့် ဖရန့်ခ် (လမ်းပတ်) နဲ့ တခြားသူတွေကျတော့ "ငါက မန်နေဂျာပဲ၊ ဒါကိုပဲ ဇောက်ချလုပ်မယ်" ဆိုပြီး ရဲရဲဝံ့ဝံ့ လမ်းကြောင်း ရွေးချယ်သွားခဲ့ကြပါတယ်။ အဲ့ဒီတော့ ခင်ဗျားက ဘာဖြစ်လို့ မတူညီတဲ့လမ်းကြောင်းကို ရွေးချယ်ခဲ့တာလဲ?
ဂျွန် တယ်ရီ — နည်းပြပိုင်းနဲ့ ပတ်သက်ပြီး နည်းပြတစ်ယောက်ရဲ့ သဘောသဘာဝကို အရင်ဆုံး နားလည်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ခံစားခဲ့ရလို့ပါ။ ဒီလိုရာထူးနေရာမျိုးတွေကို အလွယ်တကူ လမ်းလျှောက်ဝင်သွားလို့ ရတယ်လို့ ကျွန်တော်မထင်ပါဘူး။ တချို့လူတွေအတွက် ဟုတ်ပါလိမ့်မယ်…၊ ကစားသမားကနေ မန်နေဂျာအဖြစ် တိုက်ရိုက်တက်လှမ်းခဲ့ကြတဲ့သူတွေ ရှိပါတယ်..။ ပြီးတော့ ကျွန်တော့်ရဲ့ နာမည်ကျော်ကြားမှုကြောင့်လည်း ပါလိမ့်မယ်..။ ကျွန်တော့်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော့်အပေါ် သူတို့မြင်တဲ့ အမြင်တစ်ခု (Perception) ရှိပါတယ်။ အဲ့ဒီအမြင်တွေကြောင့် ကျွန်တော်ဟာ မန်နေဂျာရာထူးအတွက် အင်တာဗျူး သုံးကြိမ် ဖြေခဲ့ဖူးပေမယ့် အလုပ်မရခဲ့သလို အနားတောင် မကပ်နိုင်ခဲ့ပါဘူး။ ကျွန်တော့်မှာ နံပါတ်တစ် (နည်းပြချုပ်) လုပ်ဖို့ အတွေ့အကြုံ မရှိဘူးလို့ပဲ အပြောခံခဲ့ရတယ်။

ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကို (၂၂) နှစ်ကြာ ဦးဆောင်ခဲ့ဖူးပါတယ်..။ အဝတ်လဲခန်းတွေကို ထိန်းကျောင်းခဲ့ဖူးတယ်၊ ကစားသမားတွေ တင်မကဘဲ အသင်းတစ်ခုလုံးကလူတွေ ကျွန်တော့်ရဲ့နောက်ကို လိုက်ပါလာအောင် စည်းရုံးပြီး လူတိုင်းကို တစ်သွေးတည်း၊ တစ်သံတည်းဖြစ်လာအောင် ဦးဆောင်ခဲ့ဖူးပါတယ်..။ ဒါပေမယ့် ကျွန်တော့်ကို အခွင့်အရေး မပေးခဲ့ကြပါဘူး။ အခုအချိန်မှာကော ကျွန်တော် မန်နေဂျာလုပ်ဖို့ ရှာဖွေနေသလား? ဆိုရင် — မရှာဖွေတော့ပါဘူး။ လုံးဝကို မရှာဖွေတော့တာပါ။
တကယ်စိတ်ဝင်စားဖို့ ကောင်းတာက ကိုယ်မရှာဖွေတော့တဲ့ အချိန်ကျမှပဲ အခွင့်အလမ်းတွေက ပေါ်လာတတ်တာမျိုးပါ။ လက်ရှိမှာလည်း ကျွန်တော့်ဆီမှာ အခွင့်အလမ်းနှစ်ခု ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် စိတ်မဝင်စားပါဘူး။ ကျွန်တော့်ဆီမှာ မန်နေဂျာတစ်ယောက်အဖြစ် အချိန်ပြည့်ပြန်လုပ်ဖို့ တကယ်ကို စိတ်ကူးမရှိတော့တာပါ။
အက်စတွန် ဗီလာကနေ ထွက်ခွာခဲ့တုန်းကတော့ နံပါတ်တစ် (နည်းပြချုပ်) အလုပ်ကိုပဲ လုပ်ချင်ခဲ့တာ အမှန်ပါပဲ..။ နံပါတ်တစ်ရာထူးနဲ့ ကောင်းကောင်း တာဝန်ထမ်းဆောင် နိုင်လိမ့်မယ်လို့လည်း ထင်ခဲ့ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအလုပ်က အသင်းခေါင်းဆောင်အဖြစ်နဲ့ (၂၂) နှစ်လုံးလုံး ကျွန်တော်လုပ်ခဲ့တဲ့အရာ ဖြစ်နေခဲ့လို့ပါပဲ..။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်ဟာ ဒီလိုလုပ်ခွင့်ရဖို့ မမျှော်လင့်တော့ပါဘူး။ ဒီကိစ္စကို ကျွန်တော်အပြီးသတ် လိုက်ပါပြီ။ အခုတော့ ကျွန်တော်ဟာ ဆိုရှယ်မီဒီယာ လောကထဲ ရောက်နေပြီး TalkSport သတင်းဌာနရဲ့ စတူဒီယို ခန်းမထဲမှာ ခင်ဗျားတို့နဲ့အတူတူ ရှိနေတာပေါ့ဗျာ.. ဟားဟား.. [ရယ်မောလျက်]။

ဂျင်မ် ဝှိုက် — အဲ့ဒီလို ဖြစ်လာတဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ခင်ဗျားဟာ ကိုယ်တွေ့ဖြတ်သန်းခဲ့ရတဲ့ အခြေအနေကို ပြောင်ပြောင်မြောက်မြောက် ရှင်းရှင်းလင်းလင်း ပြောဆိုသွားခဲ့တာပါ။ ဂျွန်… ကျွန်တော်တို့ဆီမှာ နောက်ထပ်စဉ်းစားစရာတစ်ခု ရှိနေပါသေးတယ်။ ‘ဇာဘီ အလွန်ဆို …’ ချယ်လ်ဆီးအသင်းကို တာဝန်ယူမယ့် သူ့ရဲ့ပထမဆုံးရာသီမှာ ဘာလိုအောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပြဖို့ လိုအပ်နိုင်မလဲ?
ဂျွန် တယ်ရီ — ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် မရရှိခဲ့တာဟာ ကျွန်တော်တို့အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ဒီတော့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် ပြန်လည်ရဖို့က အဓိကပါပဲ။ ကျွန်တော်တို့ ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်မလား? ဆိုရင်တော့ — အဲ့ဒီအဆင့်ကိုရောက်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ပဲ ထင်ပါတယ်။ နောက်ထပ် နှစ်အနည်းငယ်လောက် လိုပါသေးတယ်ဗျ..။ ဒါပေမယ့် သူ (အလွန်ဆို) ရောက်လာမယ့် အချက်ကိုတော့ ကျွန်တော်သဘောကျပါတယ်။ သူဟာရှေ့ကို မျှော်ကြည့်တတ်တဲ့ မန်နေဂျာ (Forward-thinking manager) တစ်ယောက် ဖြစ်သလို၊ ဖျော်ဖြေမှု ပေးနိုင်တဲ့ ဘောလုံးကစားဟန်ကို ပုံဖော်တတ်ပြီး ငယ်ရွယ်၊ တက်ကြွသူလည်း ဖြစ်ပါတယ်။ ပြီးတော့ သူကိုယ်တိုင်လည်း ကစားသမားဘဝကနေ အနားယူခဲ့တာ သိပ်မကြာသေးဘူးလေ။
ဒါကြောင့် သူဟာ အခုခေတ်ကစားသမားတွေရဲ့ သဘာဝကို တခြားဘယ်သူ့ထက်မဆို ပိုပြီးနားလည်နိုင်ပါလိမ့်မယ်။ လက်ရှိဘောလုံးလောကမှာ မန်နေဂျာတစ်ယောက်ဟာ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ခေတ်ရဲ့အခြေအနေကို ကောင်းကောင်းနားလည်ပေးနိုင်ခြင်းက အရေးကြီးဆုံးအချက် ဖြစ်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။
ဂျင်မ် ဝှိုက် — အဲ့ဒါဆို အင်ဇို ဖာနန်ဒက်စ် ကရော ကူကူရယ်လာရဲ့ နောက်ကိုလိုက်ပြီး ရီးရဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားလိမ့်မယ်လို့ ခင်ဗျား ထင်နေလား..?
ဂျွန် တယ်ရီ — မပြောင်းသွားဖို့ပဲ မျှော်လင့်ပါတယ်။ မာ့ခ် ကူကူရယ်လာ အသင်းကနေ ထွက်ခွာသွားတဲ့အပေါ် ကျွန်တော် တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ သူဟာ အံ့သြစရာကောင်းတဲ့ ခံစစ်ကစားသမား တစ်ယောက်ဖြစ်ခဲ့သလို၊ အသင်းရဲ့နေ့စဉ် လေ့ကျင့်ရေးခန်း အစီအစဉ်တွေမှာ သူလုပ်ဆောင်ပြလေ့ရှိတဲ့ ပုံစံတွေက အဝတ်လဲခန်းထဲမှာ ကြီးမားတဲ့ခေါင်းဆောင်မှု အရှိန်အဝါကို ရရှိစေပါတယ်။ အင်ဇို ကလည်း ကျွန်တော်တို့အသင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ယောက်ပါပဲ..။ သူဟာ ကျွန်တော်တို့ရဲ့ အဓိက ကစားသမား တစ်ယောက် ဖြစ်တာတဲ့တွက် အသင်းကနေ ထွက်မသွားပါစေနဲ့… လို့ပဲ ဆုတောင်းပါတယ်။